← Chapters

အတွေးတစ်ချက်

Vol. 138 Ch. 2060

အတွေးတစ်ချက်

Vol. 138 Ch. 2060

“ယောင်ရွှယ်ရဲ့လက်ကို ဒဏ်ရာရအောင်လုပ်လိုက်တာမင်းလား”

ဆူဇီမိုက တည်ငြိမ်နေသောအမူအရာဖြင့် ညင်သာစွာမေးလိုက်၏။

“ကျုပ်...ကျုပ်...”

လောအောင်၏ ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ တုန်ယင်နေပြီး သူက တစ်စုံတစ်ရာကို ရှင်းပြချင်သည့်အလား သူ၏ နှုတ်ခမ်းက အနည်းငယ်ပွင့်ဟလာ၏။

“ဟုတ်လား... မဟုတ်ဘူးလား ပြော”

ဆူဇီမိုက တောက်လောင်နေသောအကြည့်ဖြင့် လောအောင်ကိုကြည့်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။

စကားတစ်လုံးချင်းစီမှာ လောအောင်၏ ရင်ဘတ်ကို တဒိန်းဒိန်းခုန်စေသည့် သိပ်သည်းပြင်းထန်သောဖိအားတစ်ခုပါဝင်နေပုံရ၏။

လောအောင်သည် တစ်စုံတစ်ရာကို ရှင်းပြ၍လိမ်ညာချင်လေသည်။

သို့သော်လည်း ဆူဇီမို၏ အကြည့်အောက်မှာ သူက သူ့ကိုယ့်ကို ရှင်းပြနိုင်မည့်နည်းလမ်းရှာမတွေ့ပေ။

အထိန်းအကွပ်မဲ့စွာပင် သူက သူ၏ ပါးစပ်ကို အနည်းငယ်ဟပြီး ပြောလိုက်၏။

“ဟုတ်ပါတယ်”

“အဲ့ဒါဆိုရင် မင်းသေလို့ရပြီ”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် လောအောင်၏ ခန္ဓာကိုယ်ပေါ်မှာ နီရဲနေသော အလင်းစီးကြောင်းများက ပေါ်ထွက်လာပြီး ပေါက်ကွဲထွက်သွား၏။

“ဟမ်...”

နတ်ဘုရားဧကရာဇ်က ရင်တစ်ချက်ထိတ်သွား၏။

သူသည် စောစောက အပြည့်အဝ အာရုံစိုက်နေခဲ့ပြီး လောအောင်ကို အချိန်မရွေးကယ်ထုတ်ဖို့ ပြင်ထားလေသည်။

သို့သော်လည်း ဆူဇီမိုလှုပ်ရှားတိုက်ခိုက်လာသည်ကို သူမတွေ့မြင်ရခင်မှာပင် လောအောင်က သေအံ့ဆဲဆဲအခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။

အဲ့ဒါက မည်သို့သောနည်းလမ်းမျိုးပါလိမ့်။

အဲ့ဒီမှာ ဓမ္မပညာရပ်များ၊ စိတ်ဝိညာဥ်အသိစိတ်အတက်အကျများ၊ နတ်ဘုရားစွမ်းအားများ၊ စက္ခုနည်းစနစ်များ သို့မဟုတ် လျှို့ဝှက်အတတ်များ တစ်ခုမှ ရှိမနေပေ။

သိုင်းဧကရာဇ်သည် စကားတစ်ခွန်းကိုသာပြောလိုက်ခြင်းဖြစ်ပြီး ကြောက်စရာကောင်းသောမြင်ကွင်းတစ်ခုက လောအောင်ထံမှာ ပေါ်ထွက်လာ၏။

“အား...”

နာကျင်နေသောအမူအရာတစ်ခုနှင့်အတူ လောအောင်က စူးစူးဝါးဝါး အော်ဟစ်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အရူးအမူးလှည့်ပတ်ကာ အန္တိမ နတ်ဘုရားစွမ်းအားများကို တစ်ခုပြီးတစ်ခုထုတ်ဖော်လိုက်၏။

“ခေါင်းသုံးလုံး လက်ခြောက်ဖက်”

“ထာဝရအသက်ဓာတ်”

“နတ်ဘုရားတိုင်းပြည်”

ထိုအခိုက်အတန့်မှာ အန္တိမနတ်ဘုရားစွမ်းအားသုံးခုကို ထုတ်ဖော်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်က သိပ်သည်းပြင်းထန်သော ဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်မရှိတော့ဘဲ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

သို့သော်လည်း လောအောင်က ဂရုမစိုက်နိုင်ပေ။

သူ့အမြုတေစိတ်ဝိညာဥ်၏ နာကျင်မှုသည် သူ့ခန္ဓာကိုယ်မှနာကျင်မှု၏ ဆယ်ပုံတစ်ပုံပင်မရှိပေ။

လူတိုင်း၏ ရှေ့မှောက်မှာ လောအောင်၏ ခန္ဓာကိုယ်က အနီရောင်အလင်းစီးကြောင်းများဖြင့် ပြည့်နှက်လာခဲ့၏။

သို့သော်လည်း အန္တိမနတ်ဘုရားစွမ်းအားသုံးခုကို ထုတ်ဖော်လိုက်ပြီးနောက် အနီရောင်အလင်းက အားဖြည့်ခံလိုက်ရသည့်အလား ပို၍သိပ်သည်းအားကောင်းလာခဲ့၏။

အနီရောင်အလင်းသည် သွေးနီရောင်မီးတောက်တစ်ခုအဖြစ် အလျင်အမြန်ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

အဲ့ဒါက ကံကြမ္မာမီးတောက်ဖြစ်၏။

ကံကြမ္မာမီးတောက်များသည် နတ်ဘုရားစွမ်းအားများမဟုတ်ဘဲ အကုသိုလ်ကံကနေ မွေးဖွားလာခဲ့၏။

သို့သော်လည်း သူတို့က နတ်ဘုရားစွမ်းအားများကို လောင်ကျွမ်းစေနိုင်၏။

အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် ခွန်လွင်အပျက်အစီးဒေသမှာ အနီရောင်ကြာပန်းကံကြမ္မာမီးကို နားလည်ဆင်ခြင်ခဲ့ပြီး သူ၏ ကျင့်ကြံမှုကို မြှင့်တင်ဖို့အတွက် မရေမတွက်နိုင်သော နတ်ဘုရားစွမ်းအားများကို အရည်ဖျော်ချနိုင်ခဲ့၏။

လောအောင်သည် သူ၏ ဘဝမှာ အကုသိုလ်ကံများဖြင့် ရစ်ပတ်ခံထားရ၏။ ဆူဇီမိုထံမှ အတွေးတစ်ချက်နှင့်အတူ သူ၏ ခန္ဓာကိုယ်က အဆုံးမဲ့ကံကြမ္မာမီးတောက်များဖြင့် လောင်ကျွမ်းလာပေလိမ့်မည်။

လောအောင်သည် အချိန်မီမတုံ့ပြန်နိုင်ဘဲ နတ်ဘုရားဧကရာဇ်ကလည်း အဲ့ဒါကို သတိမထားမိလိုက်ပေ။

ဆူဇီမိုသည် ဓမ္မပညာရပ်တစ်စုံတစ်ရာကို ဆင့်ခေါ်ခြင်း၊ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုလှည့်ပတ်ခြင်း သို့မဟုတ် လျှို့ဝှက်အတတ်တစ်ခုခုကိုထုတ်ဖော်ခြင်း မရှိသောကြောင့်ဖြစ်၏။

သူက အတွေးတစ်ချက်ကိုသာ ဖန်တီးလိုက်ခြင်းဖြစ်၏။

ထိုအတွေးတစ်ချက်နှင့်အတူ ကံကြမ္မာမီးတောက်များက လောအောင်ကိုလောင်ကျွမ်းလာခဲ့၏။

လောအောင်သည် သူ၏ နတ်ဘုရားစွမ်းအားများကို အသက်မသွင်းခဲ့ဘူးဆိုလျှင် သူသည် ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော ကံကြမ္မာမီးတောက်များကို ဆွဲဆောင်မိချင်မိမှ ဆွဲဆောင်မိပေလိမ့်မည်။

နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ကံကြမ္မာမီးတောက်များကို လုံးဝမဖိနှိမ်နိုင်ဘဲ သူတို့ကို ပို၍ပင်တောက်ပစွာလောင်ကျွမ်းလာစေ၏။

ထာဝရအသက်ဓာတ်၏ ပေါကြွယ်ဝသောအသက်ဓာတ်အားနှင့်ပင်လျှင် ကံကြမ္မာမီးတောက်များကို ငြှိမ်းသတ်ဖို့က ခက်ခဲနေ၏။

ထာဝရအသက်ဓာတ်ကလည်း နတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။

နတ်ဘုရားစွမ်းအားများက ကံကြမ္မာမီးတောက်ကို အနိုင်မယူနိုင်ပေ။

လောအောင်၏ ပါးစပ်က အနည်းငယ်ပွင့်ဟလာပြီး သူ၏ သွင်ပြင်များက ကြောက်မက်ဖွယ်ရာကောင်းသော အမူအရာတစ်ခုနှင့်အတူ တွန့်လိမ်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ လောင်ကျွမ်းနေသော ကံကြမ္မာမီးတောက်များက သူ၏ ဆံပင်၊ အရေပြား၊ အသား၊ အရိုးများ၊ ကိုယ်တွင်းအင်္ဂါများနှင့် အမြုတေချီတို့ကို နီရဲကြည်လင်လာအောင် လောင်ကျွမ်းလာခဲ့၏။

လူတိုင်း၏ ရှေ့မှောက်မှာပင် လောအောင်၏ ခန္ဓာကိုယ်က ကံကြမ္မာမီးတောက်များဖြင့် လုံးဝလွှမ်းခြုံခံလိုက်ရ၏။

သိပ်မကြာခင် ကံကြမ္မာမီးတောက်များက တဖြည်းဖြည်းငြိမ်းသေသွား၏။

လောအောင်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး မြေပြင်ပေါ်မှာ နတ်ဆိုးဆန်ဆန်ဧရာမအနီရောင်ကြာပန်းတစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။

ဖြစ်စဥ်တစ်ခုလုံးက နှေးကွေးသည်ဟုထင်ရသော်လည်း အသက်ဆယ်ရှိုက်စာမပြည့်ခင်မှာပင် ဖြစ်ပွားခဲ့လေသည်။

လောအောင်သည် ကံကြမ္မာမီးတောက်များဖြင့် လောင်ကျွမ်းပြာကျသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကလည်း မလွတ်မြောက်နိုင်ခဲ့ပေ။ သူ၏ အသားနှင့်သွေးတို့က မြေပြင်ပေါ်မှာ အနီရောင်ကြာပန်း အမှတ်အသားတစ်ခုအဖြစ်သာကျန်ရစ်ခဲ့၏။

ထိုသည်ကိုတွေ့မြင်သောအခါ ထျန်ဟွမ်ကုန်းမြေတိုက်မှလူများက သူတို့၏ မကျေမချမ်းမှုများကို နောက်ဆုံးမှာဖွင့်ထုတ်နိုင်ခဲ့၏။

နတ်ဘုရားမျိုးနွယ်အုပ်စုဘက်ကတော့ အသံတိတ်နေ၏။

အစကတော့... သူတို့သည် သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ တစ်ကျော့ပြန်လာခဲ့ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို တစ်ခါတည်း နင်း​ချေဖျက်ဆီးဖို့ ပြင်ဆင်ထားကြ၏။ သူတို့၏ မြင်းတပ်များက ဒုန်းဆိုင်းပြေးဝင်လာခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့ကြလေသည်။

သို့သော်ယခု... ဤကဲ့သို့သောနည်းလမ်းများကို တွေ့မြင်လိုက်ရပြီး နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်ချင်းစီက မသက်မသာနှင့်ကြောက်ရွံ့မှုကိုခံစားနေရ၏။

​ဖြောင်း... ဖြောင်း... ဖြောင်း...

ရုတ်တရက် နတ်ဘုရားဧကရာဇ်က ညင်သာစွာလက်ခုပ်တီးပြီး အပြုံးတစ်ခုနှင့်အတူ ချီးကျူးလိုက်၏။

“တော်တော်မိုက်တဲ့နည်းလမ်းပဲ”

ထိုအသံကိုကြားသောအခါ နတ်ဘုရားမျိုးနွယ်သက်ရှိများက စိတ်အားမာန်တက်ကြွာလာခဲ့၏။

ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားဧကရာဇ်က သူတို့၏ ရှေ့ကနေ အရာရာတိုင်းကို ဦးဆောင်ပေးနေ၏။

ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး ခွန်လွင်အပျက်အစီးဒေသမှ ယခုအချိန်ထိ မအေးစက်သေးသော အလောင်းများကို ကြည့်လိုက်၏။ သူက နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာ ပူနွေးနေဆဲဖြစ်သော အနီရောင်သွေးမြစ်နှင့် နတ်ဘုရားဧကရာဇ်သတ်ဖြတ်ခဲ့သောသန်းနှင့်ချီသည့် သက်ရှိများကိုကြည့်နေ၏။

တစ်ရက်မပြည့်ခင်မှာပင် သက်ရှိပေါင်းဆယ်သန်းနီးပါးက ခွန်လွင်အပျက်အစီးဒေသမှာ ထာဝရမြှုပ်နှံခံလိုက်ရလေသည်။

သူသာအချိန်မီရောက်မလာဘူးဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပို၍များပြားသော သက်ရှိများက သေကြေပျက်စီးရပေလိမ့်မည်။

နာကျင်နေသောအကြည့်တစ်ခုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက ဆူဇီမို၏ မျက်လုံးများ၏ အနက်ပိုင်းထဲမှာ ဖျတ်ခနဲပေါ်ထွက်လာ၏။

သူက အနည်းငယ်လှည့်ပြီး ပထမဆုံးအကြိမ်အဖြစ် နတ်ဘုရားဧကရာဇ်ကို ကြည့်လိုက်၏။

ထိုအကြည့်မှာ မည်သည့်ခြိမ်းခြောက်မှုမှ မပါရှိပေ။ ရေပြင်ကဲ့သို့ တည်ငြိမ်ပြီးကြည်လင်နေ၏။

သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ ထိုအကြည့်ဆင်းသက်လာသည့်ခဏမှာပင် နတ်ဘုရားဧကရာဇ်သည် ရုတ်တရက် သူ၏ ခေါင်းမွေးများထောင်ထ၍ ခေါင်းနားပန်းကြီးလာသည်ဟုခံစားလိုက်ရ၏။

ဆူဇီမိုနှင့်ရင်ဆိုင်ရချိန်မှာ လောအောင်တွေ့ကြုံခဲ့စားခဲ့ရသည့် ဖော်မပြတတ်သောအကြောက်တရားနှင့် မခုခံနိုင်သောဖိအားကို သူက နောက်ဆုံးမှာနားလည်သဘောပေါက်သွား၏။

“ထျန်ဟွမ်ကုန်းမြေတိုက်က သက်ရှိပေါင်းဆယ်သန်းရဲ့သွေးကြွေးက မင်းဆီမှာရှိနေတာပဲ”

ဆူဇီမိုက နတ်ဘုရားဧကရာဇ်ကို မှင်သေသေဖြင့် တစ်ချက်ကြည့်ပြီးပြောလိုက်၏။

“မင်းလည်းသေလို့ရပြီ”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် နီရဲနေသာမီးတောက်များက နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်ကနေ တလိပ်လိပ် တိုးထွက်လာ၏။

“အား...”

နတ်ဘုရားဧကရာဇ်က ပျက်ယွင်သွားသောအမူအရာနှင့်အတူ နာကျင်စွာအော်ဟစ်လိုက်၏။

သူသည် လောအောင်သေဆုံးခဲ့ရသည့်နာကျင်မှုကို နောင်ဆုံးမှာ ခံစားမိလိုက်၏။ သန်းပေါင်းများစွာသော ပုရွက်ဆိတ်များက သူ၏ အသား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါတို့ကို ကိုက်ခဲနေသည့်အလားပင်။

ချက်ချင်းပင် နတ်ဘုရားဧကရာဇ်သည် ရူးသွပ်ဖောက်ပြန်သွားပြီး သူ၏ ခန္ဓာကိုယ်ကို အသည်းအသန်ကုတ်ခြစ်နေ၏။

သူ၏ လက်ချောင်းထိပ်ဖျားဖြတ်သွားသည့်နေရာတိုင်းမှာ သွေးသံရဲရဲဒဏ်ချက်များက ပေါ်ထွက်လာပြီး နတ်ဘုရားသွေးက စိမ့်ထွက်လာခဲ့၏။

ရွှေရောင်နတ်ဘုရားသွေးက မနှိုင်းယှဥ်သာအောင် စွမ်းအားကြီးမားသော်လည်း အဲ့ဒါက ကံကြမ္မာမီးတောက်များကို ငြှိမ်းသတ်နိုင်ခြင်းမရှိဘဲ သူတို့ကိုအနည်းငယ် လျှော့ချနိုင်ရုံသာဖြစ်၏။

နတ်ဘုရားဧကရာဇ်သည် သူ၏ ကြည်လင်ရှင်းလင်းမှုကို ယာယီအားဖြင့် ပြန်လည်ရရှိလာခဲ့၏။

သူက သူ၏ နတ်ဘုရားစွမ်းအားများကို အသုံးပြုခဲ့ခြင်းမရှိဘဲ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို သူ၏ ဦးခေါင်းထက်ရှိ ရွှေရောင်သရဖူထဲသို့ ပို့လွှတ်လိုက်၏။

ရွှစ်...

ရွှေရောင်သရဖူ၏ ဘေးပတ်လည်မှာ တဖျတ်ဖျတ်တလက်လက်တောက်ပနေသော ကျောက်မျက်ရတနာ ၈ ခုကို နှစ်မြှုပ်ထားလေသည်။

ထိုအခိုက်အတန့်မှာ နို့နှစ်ဖြူရောင် ရောင်ဝါများက ကျောက်မျက်ရတနာများထဲကနေ တလိပ်လိပ်တိုးထွက်လာခဲ့၏။ အဲ့ဒါက ဂမ္ဘီရဆန်ပြီး ပြီးပြည့်စုံနေကာ သူ၏ ဦးခေါင်းထက်ကနေ ပြန့်ကျဲကျဆင်းသွားပြီး နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်ကို ရေတံခွန်တစ်ခုကဲ့သို့ ဆေးကြောပေးနေ၏။

ဇီ... ဇီ...

နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှာ ကံကြမ္မာမီးတောက်များက အသံတစ်ခုထွက်ပေါ်လာပြီး နို့နှစ်ဖြူရောင် အလင်း၏ လွှမ်းခြုံမှုအောက်မှာ တဖြည်းဖြည်းငြိမ်းသေသွား၏။

နတ်ဘုရားဧကရာဇ်က သေခြင်းတရားကနေလွတ်မြောက်လာခဲ့ပြီး သည်းထန်စွာမောဟိုက်နေ၏။

ကံကြမ္မာမီးတောက်များက ငြိမ်းသေသွားသော်လည်း သူ၏ အသား၊ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးတို့က ထိခိုက်ဒဏ်ရာ ရရှိသွားဆဲဖြစ်ပြီး တောက်ပစွာနီရဲလာအောင် လောင်ကျွမ်းခံထားရ၏။

နတ်ဘုရားဧကရာဇ်၏ အရေပြားက ကွဲထွက်သွားခဲ့ပြီဖြစ်ပြီး နတ်ဆိုးဆန်ဆန်အနီရောင်ကြာပန်းများက ဖူးပွင့်လာခဲ့၏။

ကံကောင်းထောက်မစွာဖြင့် သူ့မှာ နတ်ဘုရားသရဖူရှိနေ၏။ မဟုတ်ပါက သူသည်လည်းပဲ သေရပေလိမ့်မည်။

“အို”

ဆူဇီမိုက သူ၏ မျက်ခုံးကို အနည်းငယ်ပင့်လိုက်၏။

သိုင်းတာအိုမီးဖိုသည် ဓမ္မနတ်ဘုရားစွမ်းအားများအားလုံးကို အရည်ဖျော်ချနိုင်ခဲ့ပြီး နတ်ဘုရားသရဖူကနေ တလိပ်လိပ်တိုးထွက်လာသည့် နို့နှစ်ဖြူရောင် အလင်းက သူတစ်ခါမှမတွေ့မြင်ဖူးသည့် စွမ်းအားတစ်ခုဖြစ်လေသည်။

ထိုစွမ်းအားသည် ကံကြမ္မာမီးတောက်များကိုပင် ငြှိမ်းသတ်နိုင်၏။

နတ်ဘုရားဧကရာဇ်၏ နတ်ဘုရားသွေးက တလိပ်လိပ်တက်လာပြီး နတ်ဘုရားသရဖူ၏ အကူအညီနှင့်အတူ သူ၏ ဒဏ်ရာများက တစ်ခဏချင်းမှာပင် ပျောက်ကင်းသွား၏။

“ဟီးဟီးဟီးဟီး..”

နတ်ဘုရားသရဖူက ကံကြမ္မာမီးတောက်များကို ဖိနှိမ်နိုင်သည်ကို တွေ့မြင်လိုက်ရသောအခါ နတ်ဘုရားဧကရာဇ်က ဟားတိုက်ရယ်မောလိုက်၏။ သူ၏ ယုံကြည်မှုကို ပြန်လည်ရရှိလာပြီး အော်ပြောလိုက်လေသည်။

“ထာဝရလူသားဧကရာဇ်မှာရှိတာ ဒါအကုန်ပဲလား”

“ဘယ်ဟုတ်ပါ့မလဲ”

ဆူဇီမိုမှာ ပမာမခန့်အမူအရာတစ်ခုရှိနေပြီး သူက ကျိယောင်ရွှယ်၏ လက်ကိုဆုပ်ကိုင်ကာ နတ်ဘုရားဧကရာဇ်ထံသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွား၏။

“သတိထားဦး... ငါ့ကိုထားခဲ့”

ကျိယောင်ရွှယ်က ညင်သာစွာပြောလိုက်၏။

သူမသည် ဆူဇီမိုကို စိုးရိမ်ပူပန်နေပြီး သူမကိုထားခဲ့ကာ သူ၏ အစွမ်းကုန်နှင့် ထုတ်ဖော်တိုက်ခိုက်စေချင်၏။

“ရတယ်... ဘာမှမဖြစ်ဘူး”

ဆူဇီမိုက ညင်သာစွာ ပြုံး၍ သူ၏ ခေါင်းကို ခါပြကာ ကျိယောင်ရွှယ်၏ လက်ကို ကိုင်ထားဆဲဖြစ်၏။

“သူက ငါ့ဆီကနေ ထိုးချက်တစ်ချက်ကို ခံနိုင်ရည်ရှိမယ်ဆိုရင်တောင် တော်တော်ဟုတ်နေပြီ”

All Chapters