ခြေလှမ်းတိုင်းမှာ ကြာပန်း
Vol. 138 Ch. 2062
နတ်ဘုရားဧကရာဇ်သည် နတ်ဘုရားကုန်းမြေတိုက်၏ ဧကရာဇ်ဖြစ်လာပြီးကတည်းက သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ကောင်းကင်ကိုဖီဆန်ပြီး အောက်ဘုံလောကမှာ ပြိုင်ဘက်ကင်းခဲ့၏။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်နေထိုင်လာခဲ့သည့် နတ်ဘုရားကုန်းမြေတိုက်၏ ဗဟိုနတ်ဘုရားမြို့တော်မှ မြင့်မြတ်ပုရောဟိတ်ကြီးပင်လျှင် ဒီဘက်မျိုးဆက်၏ နတ်ဘုရားမျိုးနွယ်သည် နတ်ဘုရားမျိုးနွယ်၏ သမိုင်းတစ်လျှောက်မှာ အသန်မာဆုံး နတ်ဘုရားဧကရာဇ်ဟု ထုတ်ဖော်ပြောဆိုခဲ့၏။
သို့သော်ယခု... နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်က ထျန်ဟွမ်ကုန်းမြေတိုက်မှ သိုင်းဧကရာဇ်၏ ထိုးချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွားပြီး သွေးတစ်စက်ပင်မကျန်ရစ်ခဲ့ပေ။
သိုင်းဧကရာဇ်၏ ထိုးချက်သည် နတ်ဘုရားဧကရာဇ်အပေါ်ပြင်းထန်စွာ ကျင်ဆင်းသွားခဲ့ရုံသာမက အဲ့ဒါသည် နတ်ဘုရားမျိုးနွယ် စစ်တပ်၏ ယုံကြည်မှုနှင့် မာန်မာနကိုပါ ရိုက်ချိုးပစ်လိုက်၏။
တကယ်တော့... နတ်ဘုရားဧကရာဇ်ပြောခဲ့သည်မှာ မမှားပေ။
သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုအဆင့်က အထက်ဘုံမှာရှိသော ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့် ယှဥ်နိုင်နေပြီဖြစ်သော်လည်း အောက်ဘုံလောကမှာရှိနေစဥ် သူက သူ၏ အင်အားကို မထုတ်ဖော်ရဲပေ။
သူက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ စွမ်းအားကို ထုတ်ဖော်လိုက်မည်ဆိုလျှင် သူသည် တိုက်ခိုက်ရခြင်းပင်မရှိဘဲ အကြည့်တစ်ချက်ဖြင့် နတ်ဘုရားဧကရာဇ်ကိုသတ်ဖြတ်နိုင်မည်ဖြစ်၏။
သို့သော်လည်း တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်နှင့်မြေကြီးနိယာမများ၏ တန်ပြန်ရိုက်ခတ်မှုကို တွေ့ကြုံခံစားရပေလိမ့်မည်။
ထို့ကြောင့် စောစောက သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုသည် အောက်ဘုံလောကများ၏ အထက်စည်းကို ကျော်လွန်နေခြင်းမရှိခဲ့ပေ။
ထိုသို့ဆိုလျှင်တောင် နတ်ဘုရားဧကရာဇ်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိပေ။
ရွှစ်...
ရုတ်တရက်ဆိုသလို...။
လေထဲမှာလွင့်မျောနေသော နတ်ဘုရားသရဖူသည် ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး အနောက်အရပ်သို့ ပြေးထွက်သွား၏။
“ဟမ့်...”
ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုဆင်းသက်လာကာ နတ်ဘုရားသရဖူကို ဖိနှိမ်လိုက်၏။
နတ်ဘုရားသရဖူ၏ ဘေးပတ်လည်မှာရှိသောလေဟာနယ်က မမြင်ရသောအင်အားတစ်ရပ်ဖြင့် ချုပ်နှောင်ခံလိုက်ရသည့်ပုံပင်။
ဝေါ...
နတ်ဘုရားသရဖူပေါ်ရှိ ကျောက်မျက်ရတနာရှစ်ခုက နို့နှစ်ဖြူရောင် အရောင်အဝါတစ်ခုဖြင့် နောက်တစ်ဖန်တောက်ပလာခဲ့၏။
နတ်ဘုရားသရဖူက ဆတ်ခနဲတုန်ယင်သွားပြီး ဆူဇီမို၏ စိတ်ဝိညာ်အသိစိတ်ဖိအားအောက်ကနေ ရုန်းထွက်သွား၏။
ချက်ချင်းပင် အဲ့ဒါက ကီလိုမီတာ ထောင်ချီကိုပြေးထွက်သွားပြီး နတ်ဘုရားကုန်းမြေတိုက်နှင့် ချိတ်ဆက်ထားသော သက်တံရောင်လိုဏ်ဂူရှိရာ ခွန်လွင်အပျက်အစီးဒေသ၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွား၏။
“သူက သေမမသွားဘူးလား”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
နောက်ဆုံးအခိုက်အတန့်မှာ နတ်ဘုရားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်သည် နတ်ဘုရားသရဖူထဲသို့ ဝင်ရောက်ပုန်းကွယ်ပြီး ဤကပ်ဘေးကိုရှောင်လွှဲဖို့ရွေးချယ်ခဲ့၏။
ထိုအခိုက်အတန့်မှာ နတ်ဘုရားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်သည် နတ်ဘုရားသရဖူ၏ အကူအညီနှင့်အတူ အဝေးသို့ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်၏။
သူက နတ်ဘုရားကုန်းမြေတိုက်သို့ ပြန်လည်ထွက်ပြေးချင်သည်မှာသိသာနေ၏။
နတ်ဘုရားသရဖူမှာပါဝင်သောစွမ်းအားက အတော်လေးထူးဆန်းလေသည်။
အဲ့ဒါသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖိအားအောက်ကနေ ရုန်းထွက်နိုင်သည့်အတွက် ဆူဇီမိုက အနည်းငယ်အံ့အားသင့်သွားခဲ့၏။
“ရှင်သူ့နောက်ကို လိုက်မဖမ်းတော့ဘူးလား”
နတ်ဘုရားဧကရာဇ် ထွက်ပြေးလွတ်မြောက်သွားသည်ကို တွေ့မြင်သောအခါ ကျိယောင်ရွှယ်က စိုးရိမ်ပူပန်နေ၏။
ဤကဲ့သို့ သန်မာသောရန်သူတစ်ယောက်ကို အပြီးသတ်မချေမှုန်းနိုင်ဘူးဆိုလျှင် ထိုသူသည် နောင်အနာဂတ်မှာ ထိန်ဟွမ်ကုန်းမြေတိုက်အတွက် ကပ်ဘေးတစ်ခု သေချာပေါက်ဖြစ်လာပေလိမ့်မည်။
“ရတယ်”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“နတ်ဘုရားသွေးမကျန်ဘဲ သူက သူ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ဖို့ခက်ခဲနေဦးမှာပဲ”
ခဏမျှ ရပ်တန့်ပြီးနောက် ဆူဇီမိုက အနောက်အရပ်ကိုကြည့်ကာ မှင်သေသေဖြင့်ပြောလိုက်၏။
“နောက်ပြီး... သူကထွက်မပြေးနိုင်ခဲ့ဘူးဆိုရင်တောင် ငါက နတ်ဘုရားကုန်းမြေတိုက်ကို တစ်ချက်သွားကြည့်ရဦးမှာ”
“ထျန်ဟွမ်ကုန်းမြေတိုက်က သက်ရှိဆယ်သန်းရဲ့သွေးကြွေးကို နတ်ဘုရားသွေးနဲ့ ပြန်ပေးဆပ်ခိုင်းရမယ်”
ဆူဇီမိုက ဤတစ်ခေါက်မှာ အမှန်တကယ်ပင် ဒေါသထွက်နေ၏။
နန်းကြည်ကြောင့် သူသည် နတ်ဘုရားမျိုးနွယ်အပေါ် သတိကိုလျှော့ချထားခဲ့၏။
ယခု... နတ်ဘုရားမျိုးနွယ်က ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ထျန်ဟွမ်ကုန်းမြေတိုက်က ဤကဲ့သို့ ကြီးမားသည့် ပျက်စီးထိခိုက်မှုကို ကြုံတွေ့ခဲ့ရလေသည်။
ဒါ့အပြင် ကျိယောင်ရွှယ်က ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှ သူ၏ မိတ်ဆွေဟောင်းတချို့က သေလုနီးပါးဖြစ်ခဲ့ရ၏။
သူပြန်ရောက်လာတာ အနည်းငယ်နောက်ကျသွားလျှင် နောက်ပိုင်းအကျိုးဆက်များက စဥ်းစားကြည့်၍မရနိုင်အောင် ဖြစ်လာပေလိမ့်မည်။
အရင်တုန်းက နန်းကြည်သည် ဧကရီဘွဲ့ကိုခံယူခဲ့ပြီး သူမ၏ အပြစ်များကို ပြေရာပြေကြောင်း ရှိစေဖို့အတွက် ဂမ္ဘီရဟို့ကို ရှိခိုးဦးချကာ တောင်းပန်ခဲ့၏။
နန်းကြည်ကြောင့်မဟုတ်လျှင် လွန်ခဲ့သည့်နှစ်နှစ်ထောင်က သွေးမိစ္ဆာကပ်ဘေးကို ဖြေရှင်းပြီးနောက် ဆူဇီမိုသည် နတ်ဘုရားကုန်းမြေတိုက်သို့ တစ်ယောက်တည်းသွားရောက်ကာ အကုန်လုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့ပေလိမ့်မည်။
ဆူဇီမိုသည် တိမ်စိုင်နဂါးဧကရာဇ်နှင့် ထျန်ဟွမ်ကုန်းမြေတိုက်ဘက်မှ အခြားလူတိုင်းကိုကြည့်ပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။
သူ၏ လက်ဖဝါးကနေ အလွန်တရာကြွယ်ဝသော အသက်ဓာတ်အားတစ်ခုက စုဖွဲ့လာပြီး နတ်ဘုရားစွမ်းအားများက တလိပ်လိပ်ထိုးတက်လာ၏။
ထာဝရအသက်ဓာတ်...
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး သူ၏ လက်ဖဝါးကို လေထဲမှာညင်သာစွာဝေ့ယမ်းကာ တီးတိုးရေရွတ်လိုက်၏။
“လေနဲ့မိုး”
ဝှစ်...
ညင်သာသောလေပြေတစ်ချက်က တိုက်ခတ်သွားပြီး မိုးဖွားများက ကျဆင်းလာ၏။
လေထဲမှာ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားတစ်ခုပါဝင်နေပြီး နွေဦးလေပြေတစ်ခုကဲ့သို့ တိုက်ခတ်လာခဲ့၏။
မြေပြင်ပေါ်ရှိ သွေးများထဲမှာ နှစ်မြုပ်နေသော ညှိုးခြောက်နေသည့် သစ်ပင်ဝါးပင်များက လေပြေ၏ တိုက်ခတ်မှုအောက်မှာ ပြန်လည်ကြီးထွားလာခဲ့၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်း၏ ထိခိုက်ဒဏ်ရာများကလည်း သိသိသာသာ သက်သာပျောက်ကင်းလာခဲ့၏။
ကျောက်စိမ်းရောင်မိုးရေစက်များက ကောင်းကင်ထက်ကနေ တဖွဲ့ဖွဲ့ကျဆင်းလာ၏။
မိုးစက်များသည် ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းပေါ် ဆင်းသက်လာသောအခါ သူတို့၏ ဒဏ်ရာများက မြင်နိုင်သောနှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေ၏။
နတ်ဘုရားဧကရာဇ်၏ ရွှေရောင်အလင်းဖြင့် ထိုးဖောက်ခံထားရသော ဧကရာဇ်များ၏ ဒဏ်ရာများပင်လျှင် သက်သာပျောက်ကင်းလာနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုဖြစ်သော ထာဝရအသက်ဓာတ်နှင့် လေနှင့်မိုးကို ပေါင်းစည်းပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကိုကုသပေးနေ၏။
ဤကဲ့သို့သောနည်းလမ်းများကို တကယ့်ထူးခြားအံ့မခန်းဟု သတ်မှတ်နိုင်၏။
ဆုဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းကိုကြည့်ပြီး မေးလိုက်၏။
“မင်းတို့တွေ... ငါ့နောက်ကိုလိုက်ပြီး နတ်ဘုရားကုန်းမြေတိုက်ဘက်ကို တစ်ချက်လောက်လိုက်ကြည့်ချင်ကြလား”
ထိုစကားကိုကြားသောအခါ မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
တစ်နည်းအားဖြင့်ဆိုလျှင် သိုင်းဧကရာဇ်သည် သူတို့ကို နတ်ဘုရားကုန်းမြေတိုက်သို့ ဦးဆောင်ကာခေါ်သွားချင်နေ၏။
“ဒါပေါ့ ကြည့်ရမှာပေါ့”
ဖက်တီးလေးကရယ်မော၍ အရင်ဆုံးရှေ့သို့ထွက်လာခဲ့၏။
“ငါ့ရဲ့ဒီအသက်အရွယ်မှာတောင် ငါက နတ်ဘုရားကုန်းမြေတိုက်က ဘယ်လိုပုံစံရှိလဲ မတွေ့ဖူးသေးဘူး”
“နတ်ဘုရားကုန်းမြေတိုက်ကိုသွားပြီး သူတို့အားလုံးကို သတ်ဖြတ်ကြစို့”
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းက အော်ဟစ်လိုက်ကြ၏။
“ဘာမဟုတ်တဲ့မျိုးနွယ်... မင်းတို့တွေ နတ်ဘုရားကုန်းမြေတိုက်ကို ကျူးကျော်ဖို့ဘယ်လိုတောင် စဥ်းစားရဲတာလဲ... မင်းတို့တွေက နတ်ဘုရားတရားစီရင်ခြင်းကို သေချာပေါက်ခံရလိမ့်မယ်”
နတ်ဘုရားမျိုးနွယ်၏ ခေါင်းတောင်တပ်မှူးတစ်ယောက်က ရှေ့သို့ထွက်လာပြီး အော်ပြောလိုက်၏။
နောက်ထပ်အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ်သက်ရှိကလည်း အေးစက်စွာပြောလိုက်၏။
“နတ်ဘုရားကုန်းမြေတိုက်ကနေ ဘယ်အပြင်လူမှ အသက်ရှင်လျက်ပြန်မထွက်နိုင်ဘူး”
“သိုင်းဧကရာဇ်... ခင်ဗျားဒီကိစ္စကို သေသေချာချာစဥ်းစားသင့်တယ်”
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်တပ်မှူးတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ခင်ဗျားက... အခုချိန်မှာ နတ်ဘုရားကုန်းမြေတိုက်ကို ခင်ဗျားရဲ့လူတွေကိုခေါ်သွားမယ်ဆိုရင် အဲ့ဒါက နတ်ဘုရားမျိုးနွယ်ကို စစ်ကြေညာလိုက်တာနဲ့တူသွားလိမ့်မယ်”
“ခင်ဗျား ဒီကိစ္စကို သေသေချာချာစဥ်းစားသင့်တယ်... နတ်ဘုရားမျိုးနွယ်ကိုစစ်ကြေညာတာက ခင်ဗျားနဲ့ ထျန်ဟွမ်ကုန်းမြေတိုက်အတွက် ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မယ်”
အပြာရောင်နဂါးဧကရာဇ်က ဒေါသတကြီးဝင်ရောက်ပြောဆိုလိုက်၏။
“ငါတို့က... စစ်ကြေညာတယ်ဆိုတော့ရော... ဘာဖြစ်လဲ ထျန်ဟွမ်ကုန်းမြေတိုက်ကို မင်းတို့နတ်ဘုရားမျိုးနွယ်ကအရင်စပြီး စစ်ကြေညာခဲ့တာ မဟုတ်ဘူးလား”
ဆူဇီမိုက ကြီးမားသော နတ်ဘုရားမျိုးနွယ် စစ်တပ်ဘက်ကို ဖြည်းဖြည်းချင်းလှည့်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။
“မင်းပြောတဲ့အရာနဲ့ပတ်သက်ပြီး ငါသိပ်မသေချာဘူး... ဒါပေမဲ့ ငါသိထားတာတစ်ခုတော့ရှိတယ်... ငါက မင်းတို့တွေအတွက် ကပ်ဘေးပဲ”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက ကျိယောင်ရွှယ်၏ လက်ကိုဆုပ်ကိုင်ပြီး လေထဲသို့ပျံတက်ကာ သူ၏အောက်ဘက်မှာရှိသော နတ်ဘုရားမျိုးနွယ် စစ်တပ်ကို ထပ်မကြည့်တော့ဘဲ အနောက်ဘက်အရပ်သို့ ဦးတည်လိုက်၏။
နတ်ဘုရားမျိုးနွယ်စစ်တပ်က အနည်းငယ်မှင်တက်သွား၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ သိုင်းဧကရာဇ်က သူတို့ကို ဤကဲ့သို့ပင်လွှတ်ပေးလိုက်ပြီလား။
ထိုစဥ်မှာပင် လေထဲမှာ.. ဆူဇီမိုသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူ၏ ခြေဖဝါးအောက်မှာ ဧရာမအစိမ်းရောင်ကြာပန်းတစ်ခုပေါ်ထွက်လာခဲ့၏။
အစိမ်းရောင် ကြာပန်းက နတ်ဘုရားဆန်သော ပြိုးပြိုးပြက်ပြက်အလင်းရောင်ခြည်များကို ဖြာထုတ်ပေးနေ၏။
အစိမ်းရောင်ကြာပန်းဖြင့် လွှမ်းခြုံခံရသော နတ်ဘုရားမျိုးနွယ်သက်ရှိများသည် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲထွက်သွားပြီး သွေးမြူများအဖြစ် ပြောင်းလဲကာ အစိမ်းရောင်ကြာပန်းကနေ ထုတ်လွှတ်လိုက်သော အစိမ်းရောင်အလင်းဖြင့် ဖယ်ရှားရှင်းလင်းခံလိုက်ရ၏။
နတ်ဘုရားမျိုးနွယ်မှဧကရာဇ်များပင်လျှင် ချမ်းသာရာမရဘဲ နေရာမှာပင်သေဆုံးသွား၏။
ဆူဇီမိုက ဒုတိယမြောက်ခြေလှမ်းကို လှမ်းလိုက်ပြီး သူ၏ ခြေဖဝါးအောက်မှာ နောက်ထပ်ဧရာမအစိမ်းရောင်ကြာပန်းတစ်ပွင့်က ပေါ်ထွက်လာ၏။
နတ်ဘုရားမျိုးနွယ်သက်ရှိများသည် အစုလိုက်အပြုံလိုက်ဖြင့် တစ်သုတ်ပြီးတစ်သုတ် ဖယ်ရှားရှင်းလင်းခံလိုက်ရ၏။
ဆူဇီမိုခြေတစ်လှမ်းလှမ်းတိုင်း သူ၏ ခြေဖဝါးအောက်မှာ အစိမ်းရောင်ကြာပန်းတစ်ခု ပေါ်ထွက်လာတတ်၏။
ကောင်းကင်ဘုံပန်းကြွေကျခြင်းနှင့် ကမ္ဘာမြေရွှန်းရွှန်းဝေ အစိမ်းရောင်ကြာပန်း....။ ထိုအရာများသည်ဗုဒ္ဓကျောင်းတော်များ၏ အဆင့်မြင့်နတ်ဘုရားစွမ်းအားနှစ်ခုဖြစ်ပြီး အလွန်တရာစွမ်းအားကြီးမားလေသည်။
ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားနှစ်ခုကို အဆုံးစွန်ထိ နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူတို့သည် ဗုဒ္ဓကျောင်းတော်များ၏ အန္တိမနတ်ဘုရားစွမ်းအား ခြေလှမ်းတိုင်းမှကြာပန်းအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပေလိမ့်မည်။
ခြေလှမ်းတစ်လှမ်းတိုင်းမှာ သန့်စင်ကုန်းမြေတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်၏။
ထိုခြေလှမ်းမှာ ပြင်ပမျိုးနွယ်သက်ရှိများအားလုံးသည် သုတ်သင်ဖယ်ရှားခံရပေလိမ့်မည်။
ဆူဇီမိုသည် ခွန်လွင်အပျက်အစီးဒေသ၏ အနက်ပိုင်းထဲသို့ ကျိယောင်ရွှယ်ကို ခေါ်ဆောင်သွားပြီး သက်တံရောင်လိုဏ်ဂူအနားသို့ ချဥ်းကပ်လာသည့်အချိန်မှာ သူ၏ အောက်ဘက်မှာရှိသော နတ်ဘုရားမျိုးနွယ်စစ်တပ်သည် အစိမ်းရောင်ကြာပန်းများဖြင့် ရှင်းလင်းသုတ်သင်ခံလိုက်ရပြီး ခွန်လွင်အပျက်အစီးဒေသမှာ ထာဝရမြှုပ်နှံခံလိုက်ရလေသည်။