တစ်ယောက်တည်း ရှေ့သို့တက်လှမ်းခြင်း
Vol. 138 Ch. 2065
ဝုန်း.. ဝုန်း..
နောက်ထပ် ရှေးဟောင်းမြို့တော်တစ်မြို့က ဆူဇီမို၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
ခရမ်းရောင်တိမ်စိုင်များက ကောင်းကင်ထက်မှာ ပြည့်နှက်နေပြီး လျှပ်စီးများက တဖျပ်ဖျပ်လက်ကာ မိုးခြိမ်းသံက တဝုန်းဝုန်းမြည်နေ၏။ ခရမ်းရောင် မိုးကြိုးစွမ်းအားစီးကြောင်းများက ဆင်းသက်လာခဲ့ပြီး နတ်ဘုရားမြို့တော်မှ ဧကရာဇ်များနှင့် ဘိုးဘေးအဆင့် နတ်ဘုရားများကို ပြာကျသွားစေလေသည်။
အဲဒါက သာမန်မိုးကြိုးစွမ်းအား မဟုတ်ပေ။
ခရမ်းရောင်မိုးကြိုးတွင် ကောင်းကင်ဘုံကပ်ဘေးအပေါ် သိုင်းတာအိုပင်မခန္ဓာ၏ နားလည်ဆင်ခြင်မှု ပါဝင်နေ၏။
ခရမ်းရောင် ကောင်းကင်ဘုံကပ်ဘေး၏ လွှမ်းခြုံမှုအောက်မှာ နတ်ဘုရားမြို့တော်က အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွား၏။
အဲဒါသည် ဆူဇီမို ဖျက်ဆီးခဲ့သော ဆယ်ခုမြောက် နတ်ဘုရားမြို့တော် ဖြစ်နေလေပြီ။
မီးတောက်များ၊ ရေလွှမ်းမိုးခြင်းများ၊ ကမ္ဘာမြေ အက်ကွဲကြောင်းများ၊ ကောင်းကင်ဘုံ ပြိုကျခြင်း၊ ရေခဲပြင်များ… စသဖြင့် ကြောက်စရာကောင်းသော ကပ်ဘေးများက နတ်ဘုရားကုန်းမြေတိုက်ပေါ်သို့ ဆင်းသက်လာခဲ့၏။ ထိုစွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားများသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ချောင်းထိပ်ဖျားကနေ ပေါ်ထွက်လာခဲ့၏။
သာမန်ဖြစ်သော ဓမ္မပညာရပ်တစ်ခုပင်လျှင် အဲဒါကို သူ ထုတ်ဖော်လိုက်ပါက နတ်ဘုရားမျိုးနွယ်အပေါ် ဖွတ်ဖွတ်ညက်ညက်ကြေစေပေလိမ့်မည်။
ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို ဦးဆောင်ပြီး သူ့ကို တားဆီးရဲသည့် မည်သည့် နတ်ဘုရားမျိုးနွယ်သက်ရှိကိုမဆို သူ၏ လက်ချောင်းကို ဝှေ့ယမ်းပြီး သတ်ဖြတ်ပစ်လိုက်၏။
အစကနေ ယခုအချိန်ထိ ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းသည် တိုက်ခိုက်ရခြင်း မရှိဘဲ သူ့နောက်ကနေ လိုက်ပါလာ၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းသည် ယခုအခါ ဤမြင်ကွင်းနှင့် အသားကျလာခဲ့လေပြီ။
နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ စစချင်း ခုခံမှု၊ တိုက်ခိုက်မှုနှင့် မာန်မာနကြီးသော အထင်အမြင်သေးမှုတို့က ပျောက်ကွယ်သွားပြီး ယခုအခါ သူတို့မှာ အကြောက်တရားတစ်ခုသာလျှင် ကျန်ရစ်တော့ကာ အဘက်ဘက်သို့ လှည့်ထွက်ပြေးကုန်ကြ၏။
ပကတိစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ဆိုးဆိုးဝါးဝါး အခြေအနေသို့ ကျရောက်သွားပြီး သူတို့သည်လည်းပဲ အခြားသော သက်ရှိများနှင့် မကွာခြားတော့ပေ။
နတ်ဘုရားမျိုးနွယ်၏ မြင့်မြတ်သော မာန်မာနက ဆူဇီမို၏ နင်းချေဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
“အဲဒါကို ငါ လက်မခံနိုင်ဘူး”
နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်က ဖုန်လုံးများ ကြားထဲကနေ ဖရိုဖရဲဖြင့် ထွက်လာပြီး လေထဲသို့ ပျံတက်ကာ ဆူဇီမိုကို အော်ပြောလိုက်၏။
“မင်းက အားနည်းတဲ့ မျိုးဆက်သွေးနဲ့ ကမြောက်ကခြောက် လူသားတစ်ယောက်ပဲ.. မင်းက နတ်ဘုရားမျိုးနွယ်ကို ဘယ်လိုယှဉ်နိုင်မှာလဲ”
တကယ်ဆို ဆူဇီမိုသည် တိုက်ခိုက်ခြင်း မရှိဘဲ ထိုလူကို မှင်သေသေဖြင့်သာ တစ်ချက်ကြည့်လိုက်၏။
နတ်ဘုရားမျိုးနွယ်သက်ရှိ၏ မျိုးဆက်သွေးက ဘာမှ မကျန်အောင် အငွေ့ပျံသွား၏။
“ဘယ်သူက ငရဲဂိတ်တံခါးကို ဖွင့်ပြီး အရှေ့အရပ်က အဲဒီ မိစ္ဆာတွေကို လွှတ်ပေးလိုက်တာလဲ… လူတိုင်းပဲ အသက်လုပြီး ထွက်ပြေးကြ.. အမှောင်ထုက ဆင်းသက်လာခဲ့ပြီ”
နတ်ဘုရားမျိုးနွယ်သက်ရှိတချို့က ငေးငိုင်စွာဖြင့် ဖုန်လုံးများကြားမှာ လဲကျသွား၏။
ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို ဦးဆောင်ပြီး နတ်ဘုရားမျိုးနွယ်သက်ရှိများကို လျစ်လျူရှုထား၏။
သူသည် သူ့ကို စိန်ခေါ်မလာသည့် နတ်ဘုရားမျိုးနွယ်သက်ရှိတချို့ကို လွှတ်ပေးထားလေသည်။
မဟုတ်ပါက သူသည် သူ ဖြတ်သန်းလာရာ မြို့တိုင်းမှာ ဘိုးဘေးအဆင့် နတ်ဘုရားများနှင့် ဧကရာဇ်များကိုသာ သတ်ဖြတ်ခဲ့လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် နတ်ဘုရားကုန်းမြေတိုက်၏ ဘိုးဘေးအဆင့် နတ်ဘုရားများနှင့် ဧကရာဇ်များ အားလုံးကို သတ်ဖြတ်လို၏။
“အဲဒီ ငရဲမိစ္ဆာတွေက အနောက်ဘက်ကို ဦးတည်သွားပြီ.. အားလုံးပဲ ဗဟိုနတ်ဘုရားမြို့တော်ကို သွားရောက်ကြ.. မြင့်မြတ်ပရောဟိတ်နဲ့ ငါတို့ရဲ့ နတ်ဘုရားဧကရာဇ်က အဲဒီမှာ စစ်တပ်တစ်တပ်ကို စုစည်းပြီး အဲဒီမိစ္ဆာတွေနဲ့ အသေအကြေ တိုက်ခိုက်ဖို့ ပြင်ထားတယ်”
“မြင့်မြတ်ပရောဟိတ်က မှာတမ်းတစ်ခုကို ပို့လိုက်တယ်.. အားလုံးပဲ ဗဟိုနတ်ဘုရားမြို့တော်ကို မြန်မြန်သွားပြီး စုစည်းကြ”
“မြင့်မြတ်ပရောဟိတ်နဲ့ နတ်ဘုရားဧကရာဇ်က ဗဟိုနတ်ဘုရားမြို့တော်မှာ ရှိနေကြတယ်.. သူတို့က အမှောင်ထုကို ဖယ်ရှားဖို့အတွက် ထျန်ဟွမ်ကုန်းမြေတိုက်က အဲဒီ မိစ္ဆာဧကရာဇ်ကို သတ်ဖြတ်ဖို့ ပြင်နေပြီ”
သတင်းက နတ်ဘုရားကုန်းမြေတိုက်တစ်ခုလုံးသို့ တစ်ဆင့်ပြီးတစ်ဆင့် ပျံ့နှံ့သွား၏။
သူတို့၏ မြို့များကို စွန့်လွှတ်ပြီး ထွက်ပြေးသွားကြသည့် နတ်ဘုရားမျိုးနွယ်သက်ရှိများက ပို၍ ပို၍ များပြားလာခဲ့၏။
နောက်ဆုံးမှာတော့ ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို ဦးဆောင်ပြီး မည်သည့် အဟန့်အတားမှ မရှိတော့ဘဲ နတ်ဘုရားကုန်းမြေတိုက်၏ အတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့၏။ သူတို့သည် အနောက်ဘက်သို့ ဦးတည်သွားပြီး ဗဟိုနတ်ဘုရားမြို့တော်နှင့် နီးကပ်သည်ထက် နီးကပ်လာခဲ့၏။
“သိုင်းဧကရာဇ်.. နတ်ဘုရားကုန်းမြေတိုက်က နေရာတိုင်းမှာ စစ်ခင်းနေတာဆိုတော့ သူတို့မှာ သန်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု ရှိလောက်တယ်”
အတန်ကြာအောင် စဉ်းစားတွေးတောပြီးနောက် ပုံပြောသူက ရှေ့သို့ ထွက်လာကာ တည်ငြိမ်စွာ ဆန်းစစ်ပြလိုက်၏။
“အခု ကျုပ်တို့က သူတို့ ကုန်းမြေတိုက်ရဲ့ အနက်ပိုင်းထဲကို ရောက်နေပြီ.. နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားဧကရာဇ်က နတ်ဘုရားကုန်းမြေတိုက်ရဲ့ အင်အားအကုန်လုံးကို အတူတကွ စုစည်းထားမယ်ဆိုရင် အဲဒါက ဒုက္ခများလိမ့်မယ်”
“ဒီတစ်ခေါက် ကျုပ်တို့ ရောက်လာတာက နည်းနည်း ရုတ်တရက်ဆန်သွားတော့ ကျုပ်တို့က ကောင်းကောင်းမပြင်ဆင်ခဲ့ရဘူး… ကြီးမားတဲ့ တိုက်ပွဲတစ်ခု စတင်မယ်ဆိုရင် ထျန်ဟွမ်ကုန်းမြေတိုက်ကလည်း သေကြေပျက်စီး ထိခိုက်ရလိမ့်မယ်”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“မင်းတို့တွေ တိုက်ခိုက်စရာ မလိုဘူး.. ဘေးကနေသာ စောင့်ကြည့်နေကြ”
“ဒါက…”
ပုံပြောသူ၏ မျက်နှာက ရှုံ့မဲ့သွားပြီး ပင့်သက်ကို ရှိုက်လိုက်၏။
တစ်နည်းအားဖြင့်ဆိုလျှင် သိုင်းဧကရာဇ်သည် နတ်ဘုရားကုန်းမြေတိုက်တစ်ခုလုံးကို သူတစ်ယောက်တည်းနှင့် ဆန့်ကျင်တိုက်ခိုက်ပြီး ဖိနှိမ်မည်ဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းက ရှေ့သို့ တက်လှမ်းလာကြ၏။
နောက်ဆုံးမှာတော့ လူတိုင်းသည် အလွန်တရာ ခမ်းနားထည်ဝါသည့် ရှေးဟောင်းမြို့တော်တစ်မြို့ကို တွေ့မြင်လိုက်ရ၏။
ပြောရမည်ဆိုလျှင် အဲဒါကို မြို့တော်တစ်ခုဟုပင် ဆက်လက်၍ မသတ်မှတ်နိုင်တော့ပေ။
ရှေးကျသော မြို့ရိုးများက အလွန်တရာ မြင့်မားပြီး ဘေးတစ်ဖက်တစ်ချက်စီသို့ အဆုံးမရှိဘဲ ဆန့်တန်းသွားလေသည်။ မြို့ရိုးက ကုန်းမြေတိုက်ကို နှစ်ပိုင်းလှီးဖြတ်ထားသည့်အလား သူတို့၏ ရှေ့မှာ ကန့်လန့်ဖြတ် ရပ်တည်နေ၏။
မြို့ရိုးများပေါ်မှာ နတ်ဘုရားမျိုးနွယ်သက်ရှိများက သိပ်သည်းများပြားစွာဖြင့် မတ်တတ်ရပ်နေကြ၏။
နတ်ဘုရားမျိုးနွယ်သက်ရှိအချို့သည် လှံများ၊ ဓားများ၊ ဒူးလေးများနှင့် တောင်ဝှေးများကို ကိုင်စွဲထားကြ၏။
နတ်ဘုရားမျိုးနွယ်သက်ရှိတိုင်းသည် သူတို့၏ ရွှေရောင်သွေးချီကို ထုတ်ဖော်ပြီး တဖျတ်ဖျတ်တလက်လက် အရောင်အဝါတစ်ခုဖြင့် တောက်ပနေစေ၏။ သူတို့၏ တိုက်ပွဲဝင်စိတ်က တလိပ်လိပ်ထိုးတက်လာပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို ရန်လိုခက်ထန်စွာဖြင့် စိုက်ကြည့်နေကြ၏။
နတ်ဘုရားကုန်းမြေတိုက်မှ ထိပ်သီးပညာရှင်များ အားလုံးနီးပါးသည် ဤနေရာမှာ စုစည်းနေကြပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို သတ်ဖြတ်ဖို့ ပြင်ထားကြ၏။
ဗဟိုနတ်ဘုရားမြို့တော်မှာ စုဝေးလာသော နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ အရေအတွက်က ဘီလီယံနှင့်ချီလာခဲ့ပြီဖြစ်၏။
တကယ်ဆို ဘယ်ပေါင်းစုံမှ နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ဗဟိုနတ်ဘုရားမြို့တော်သို့ လာရောက်စုဝေးနေကြဆဲဖြစ်၏။
“သတ်.. သတ်.. သတ်”
ဗဟိုနတ်ဘုရားမြို့တော်မှ နတ်ဘုရားမျိုးနွယ်သက်ရှိများက အော်ဟစ်လိုက်ကြ၏။
ဘီလီယံနှင့်ချီသော နတ်ဘုရားမျိုးနွယ်သက်ရှိများက စုစည်း၍ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်သောအခါ သူတို့၏ တောက်လောင်ပြင်းပြမှုနှင့် စိတ်အားမာန်တက်ကြွမှုကို စဉ်းစားကြည့်နိုင်၏။ အဲဒါက မည်သို့သော အော်ရာတစ်ခု ဖြစ်လာမလဲ။
လောကတစ်ခုလုံးက တုန်ခါလာခဲ့၏။
ထျန်ဟွမ်ကုန်းမြေတိုက်ဘက်ခြမ်းမှ သာမန်ကျင့်ကြံသူများကို မပြောနှင့်… ပုံပြောသူ၊ တိမ်စိုင်နဂါးဧကရာဇ်နှင့် အခြားသော ဧကရာဇ်များပင်လျှင် တုန်လှုပ်နေကြ၏။
နတ်ဘုရားမျိုးနွယ်က ပင်ကိုယ်အားဖြင့် သန်မာလေသည်။
ဘီလီယံနှင့်ချီသော နတ်ဘုရားမျိုးနွယ်သက်ရှိများက ဘိုးဘေးအဆင့် နတ်ဘုရားများနှင့် ဧကရာဇ်များနှင့်အတူ အတူတကွ ရှေ့သို့ ချီတက်လာမည်ဆိုလျှင် သူတို့က ချက်ချင်းပင် နစ်မြုပ်သွားရပေလိမ့်မည်။
နတ်ဘုရားကုန်းမြေတိုက်သည် အခြားသော ကမ္ဘာငယ်များကို အဆက်မပြတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အချက်သည် သူတို့မှာ အခြားသော ကမ္ဘာများ မယှဉ်နိုင်သည့် အခြေခံအုတ်မြစ်တစ်ခု ရှိနေသည်ဟု ဆိုလိုလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက နတ်ဘုရားမျိုးနွယ်သက်ရှိများသည် အရေအတွက် သောင်းဂဏန်းသာ ရှိခဲ့သော်လည်း သူတို့သည် ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲမှာ တစ်စုနှင့် ထျန်ဟွမ်ကုန်းမြေတိုက်၏ ကြောက်စရာကောင်းသော အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်လာခဲ့၏။
ယခု ဘီလီယံနှင့်ချီသော နတ်ဘုရားမျိုးနွယ်သက်ရှိများက ဗဟိုနတ်ဘုရားမြို့တော်မှာ စုဝေးနေပြီး အဲဒါက စဉ်းစားကြည့်၍ပင် မရနိုင်သော ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းက သိုင်းဧကရာဇ်အပေါ် ပကတိယုံကြည်မှုရှိသော်လည်း သူတို့သည် ထိုအခိုက်အတန့်မှာ လှုပ်ရှားယိမ်းယိုင်လာကြ၏။ သူတို့၏ အစုအဖွဲ့မှာ ကွာဟချက်က အရမ်းကို ကြီးမားနေ၏။
ထျန်ဟွမ်ကုန်းမြေတိုက်ဘက်ခြမ်းတွင် လူတိုင်းသည် တားဆီး၍ မရနိုင်သော ရေလှိုင်းတစ်လှိုင်းကဲ့သို့ အားမာန်တက်ကြွစွာဖြင့် အနောက်ဘက်သို့ ဦးတည်လာခဲ့ကြ၏။
သို့သော်လည်း သူတို့က ဗဟိုနတ်ဘုရားမြို့တော်သို့ ရောက်ရှိလာသည့်အခါ သူတို့သည် အဆုံးမဲ့ ရွှေရောင် သမုဒ္ဒရာတစ်စင်းနှင့် တွေ့ဆုံလိုက်ရ၏။
ရွှေရောင် သမုဒ္ဒရာက ဒေါသူပုန်ထနေပြီဖြစ်ပြီး သူတို့ကို အချိန်မရွေး ဖုံးလွှမ်းသွားနိုင်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်း၏ အမူအရာက ဖြူဖျော့လာခဲ့၏။
ဗဟိုနတ်ဘုရားမြို့တော်၏ ကြောက်စရာကောင်းသော အစုအဖွဲ့နှင့် ရင်ဆိုင်ရချိန်မှာ လူများစွာသည် ထိတ်လန့်တကြားဖြစ်လာပြီး ရှေ့သို့ ဆက်မတိုးရဲတော့ပေ။
“မင်းတို့တွေ ဒီမှာပဲ နေခဲ့ကြ”
ဆူဇီမိုက ဘေးသို့ တစ်ချက်ကြည့်ပြီး သူ့နောက်ဘက်တွင် ရှိသော ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို ပြောလိုက်၏။
“သိုင်းဧကရာဇ်.. ကျုပ်တို့ ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်”
ပုံပြောသူ၊ တိမ်စိုင်နဂါးဧကရာဇ်နှင့် အခြားသူများက အလောတကြီးပြောလိုက်၏။
“မလိုတော့ဘူး”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“မင်းတို့တွေက ငါ့ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး.. ဒီကနေပဲ စောင့်ကြည့်နေကြ”
ထိုသို့ပြောရင်း ဆူဇီမိုသည် ဂရုမစိုက်သော အမူအရာတစ်ခုနှင့်အတူ နတ်ဘုရားမြို့တော် ရှိရာဘက်သို့ တစ်ယောက်တည်း လျှောက်လှမ်းသွား၏။
နတ်ဘုရားမျိုးနွယ်၏ ကြီးမားသော အစုအဖွဲ့နှင့် ရင်ဆိုင်ရချိန်မှာတောင် ဆူဇီမို၏ မျက်လုံးများက တည်ငြိမ်နေပြီး ရှေ့သို့ ဖြည်းဖြည်းချင်း တက်လှမ်းသွား၏။
ဘီလီယံနှင့်ချီသော နတ်ဘုရားမျိုးနွယ်သက်ရှိများက အရာရာတိုင်းကို နင်းချေဖျက်ဆီးနိုင်သည့် အော်ရာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
သို့သော်လည်း ထိုအော်ရာက တလိပ်လိပ်တိုးဝင်လာပြီး ဆူဇီမိုအပေါ်သို့ ဆင်းသက်လာသောအခါ အဲဒါက တိတ်တဆိတ် ပျောက်ကွယ်သွားပြီး သူ၏ ခရမ်းရောင်ဝတ်ရုံအပေါ်မှာ အတွန့်ကြောင်းတစ်ခုကိုပင် မဖြစ်ပေါ်စေပေ။
ဆူဇီမို ချဉ်းကပ်လာစဉ် သူ၏ အော်ရာက အလျင်အမြန် မြင့်တက်လာခဲ့၏။ သူ၏ အနက်ရောင်ဆံပင်များက လေမတိုက်ဘဲ တဖျပ်ဖျပ်လွင့်လာပြီး သူ၏ မျက်လုံးများက မီးတောက်များဖြင့် လောင်ကျွမ်းလာသည်ဟု ထင်ရ၏။
ဆူဇီမို၏ ခြေလှမ်းများက မနှေးလွန်း မမြန်လွန်းပေ။
သို့သော်လည်း သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် လေထဲမှာ ကြီးမားသော တုန်ခါမှုတစ်ခုကို ဖြစ်စေလေသည်။
သူ့ခြေဖဝါးအောက်ရှိ လေဟာနယ်မှာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
ကောင်းကင်က ပြောင်းလဲသွားပြီး မြေပြင်က လှုပ်ခါလာခဲ့၏။