← Chapters

မဟာပညာရှင် သုံးဦး

Vol. 138 Ch. 2066

မဟာပညာရှင် သုံးဦး

Vol. 138 Ch. 2066

ဆူဇီမို ချဉ်းကပ်လာစဉ် သူ၏ အော်ရာကလည်း မြင့်တက်လာ၏။

နောက်ဆုံးမှာတော့ အဲဒါသည် ဘီလီယံနှင့်ချီသော နတ်ဘုရားမျိုးနွယ်သက်ရှိများနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်သော အမှတ်တစ်ခုအထိ ရောက်ရှိလာခဲ့၏။

နတ်ဘုရားမျိုးနွယ်သက်ရှိများက သတ်ဖြတ်လိုစိတ်ဖြင့် ဟိန်းဟောက်နေသော်လည်း သူတို့၏ မျက်လုံးများ အနက်ပိုင်းထဲမှ အကြောက်တရားကို ဆူဇီမိုက အာရုံခံမိနေပြီဖြစ်၏။

သူတို့က ကြောက်ရွံ့နေကြလေသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် နတ်ဘုရားမျိုးနွယ်သည် နေရာတိုင်းမှာ အမဲလိုက်ခဲ့ကြပြီး မရေမတွက်နိုင်သော သက်ရှိများကို သူတို့၏ ခြေဖဝါးအောက်မှာ နင်းချေခဲ့ကြ၏။ သူတို့သည် လူသားမျိုးနွယ်ကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ပေ။

သို့သော် ယခု သူတို့ရှေ့မှ လူသားက စဉ်းစားကြည့်၍ မရနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေ၏။

ထိုစဉ်မှာပင် နတ်ဘုရားမြို့တော်၏ မြို့ရိုးပေါ်မှာ ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။ သူက ကျယ်ပြန့်သော အနီရောင် ဓမ္မဝတ်ရုံကို ဝတ်ဆင်ထားပြီး အဖြူရောင် တောင်ဝှေးတစ်လက်ကို ကိုင်စွဲထား၏။ သူ၏ မုတ်ဆိတ်များက ဖြူဖွေးနေပြီး သူ၏ မျက်နှာက ပါးရေနားရေများ တွန့်နေ၏။

အဘိုးအို၏ မျက်လုံးများက နက်ရှိုင်းနေ၏။ သူက သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်နေပြီဖြစ်လျှင်တောင် သူ၏ အပြာရင့်ရောင် မျက်လုံးများက ကြည်လင်၍ ဉာဏ်ပညာ အမြော်အမြင်ဖြင့် တောက်ပနေဆဲဖြစ်၏။

“သိုင်းဧကရာဇ်”

အဘိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါက နတ်ဘုရားမျိုးနွယ်ရဲ့ မြင့်မြတ်ပရောဟိတ်ပဲ.. မင်းက ကပ်ဘေးအဆင့် စစ်ပွဲတစ်ခုကို ရှောင်လွှဲဖို့အတွက် သဘောထားကြီးစွာနဲ့ ထျန်ဟွမ်ကုန်းမြေတိုက်က လူတွေနဲ့အတူ မင်းတို့ရဲ့ ကမ္ဘာကို ပြန်လည်ဆုတ်ခွာသွားဖို့ ငါမျှော်လင့်တယ်”

“နတ်ဘုရားမျိုးနွယ်က ထျန်ဟွမ်ကုန်းမြေတိုက်ကို ထပ်ခါတလဲလဲ ရန်စတိုက်ခိုက်ခဲ့တယ်.. ငါ ဒီတစ်ခေါက် ရောက်လာတာက အကြွေးတစ်ခုကို ပြန်ယူဖို့ပဲ”

ဆူဇီမိုက ပြောလိုက်၏။

“အရင်တုန်းက ဖြစ်ခဲ့တဲ့အရာတွေက အတိတ်မှာ ကျန်ခဲ့ပြီပဲ”

မြင့်မြတ်ပရောဟိတ်က ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်က ငါတို့မျိုးနွယ်က နတ်ဘုရားဧကရီ နန်းကြည်က သူမရဲ့ အပြစ်တွေကို ဖြေဖျောက်ဖို့အတွက် နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာ ဒူးထောက်ပြီး ဂမ္ဘီရဟို့တို့ရဲ့ အလောင်းတွေကို ရှိခိုးဦးချတောင်းပန်ခဲ့တယ်”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

“အဲ့တုန်းက ဖြစ်ခဲ့တာတွေကို ငါ ခဝါချပေးနိုင်တယ်.. ဒါပေမဲ့ ဒီတစ်ခေါက်မှာ နတ်ဘုရားမျိုးနွယ်က ထျန်ဟွမ်ကုန်းမြေတိုက်ကို နောက်တစ်ဖန် ကျူးကျော်ပြီး သက်ရှိပေါင်း ဆယ်သန်းနီးပါးကို သတ်ဖြတ်ခဲ့တယ်.. မင်းတို့တွေက အဲဒီသွေးကြွေးကို ဘယ်လိုပြန်ပေးဆပ်ဖို့ ပြင်ထားလဲ”

“သိုင်းဧကရာဇ်.. မင်းလာရာ လမ်းတစ်လျှောက်မှာ နတ်ဘုရားကုန်းမြေတိုက်က ရှေးဟောင်းမြို့တော်တွေ အများကြီးကို ဖျက်ဆီးခဲ့ပြီးပြီ.. မင်းလက်ထဲမှာ စွန်းထင်းနေတဲ့ နတ်ဘုရာမျိုးနွယ်သွေးက ဆယ်သန်းလောက် ရှိနေပြီ.. နှစ်ဖက်စလုံးက အဲဒီသွေးကြွေးအတွက် ပြန်ပေးဆပ်ခဲ့ကြပြီးပြီပဲ”

မြင့်မြတ်ပရောဟိတ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အဲဒါက မလုံလောက်ဘူး”

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာ ခါလိုက်၏။

“မင်းက ဘယ်လိုဖြစ်စေချင်လို့လဲ”

မြင့်မြတ်ပရောဟိတ်က မေးလိုက်၏။

ဆူဇီမို၏ အမူအရာက အေးစက်နေပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါက အဲဒီသွေးကြွေးအတွက် နတ်ဘုရားမျိုးနွယ်ကို ဆယ်ဆ ပြန်ပေးဆပ်ခိုင်းမယ်”

“မင်း ဘယ်လိုတောင် ပြောရဲတာလဲ”

ထိုစဉ်မှာပင် ဒေါသတကြီး ဟိန်းဟောက်သံတစ်သံက နတ်ဘုရားမြို့တော်ကနေ ထွက်ပေါ်လာ၏။

“ဂါး…”

ထို့နောက် ချက်ချင်းပင် နဂါးဟိန်းဟောက်သံနှင့် ဆင်တူသော အသံတစ်သံက ခန့်ညား၍ ဒေါသတကြီးဖြစ်နေသော ပုံစံဖြင့် ထွက်ပေါ်လာ၏။

ဗဟိုနတ်ဘုရားမြို့တော်ကနေ ဧရာမ သားရဲတောကောင်တစ်ကောင်က ဖြည်းဖြည်းချင်း ကြွတက်လာခဲ့၏။ ၎င်းမှာ နဂါးတစ်ကောင်၏ ဦးခေါင်း ရှိသော်လည်း ၎င်း၏ ခန္ဓာကိုယ်က ကျောဘက်မှာ တောင်ပံတစ်စုံပါသော ပုတ်သင်တစ်ကောင်နှင့် တူနေ၏။ ၎င်း၏ ပါးစပ်ကနေ မီးတောက်များကို ထွေးထုတ်ပြီး ကြမ်းကြုတ်ခက်ထန်သော အကြည့်နှင့်အတူ ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ မာန်ဖီဟိန်းဟောက်နေ၏။

သားရဲတောကောင်၏ ကျောပေါ်မှာ ဧရာမ လှံတစ်လက်ကို ကိုင်စွဲထားသည့် အမျိုးသားတစ်ယောက်က မတ်တတ်ရပ်နေ၏။ သူက ရွှေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခု ရှိနေ၏။

“ဘုရားရေ.. အဲဒါက ဘုရားကျောင်းရဲ့ နဂါးစီးသူရဲကောင်းပဲ”

“ငါတို့ရဲ့ နဂါးစီးသူရဲကောင်းက ပေါ်လာပြီ”

“သိုင်းဧကရာဇ်က သေပြီပဲ”

နတ်ဘုရားမြို့တော်မှာ အော်ဟစ်အားပေးသံများက ပေါက်ကွဲထွက်ပေါ်လာ၏။

နတ်ဘုရားမျိုးနွယ်သက်ရှိများစွာသည် ထိုလူကို တွေ့မြင်သောအခါ စိတ်အားမာန်တက်ကြွလာ၏။

နတ်ဘုရားမျိုးနွယ်၏ ဒဏ္ဍာရီများမှာ အသန်မာဆုံး နတ်ဘုရားမျိုးနွယ် စီးနင်းသူများသည် နဂါးစီးသူရဲကောင်းများ ဖြစ်လေသည်။

နတ်ဘုရားမျိုးနွယ်၏ နတ်နဂါးများကို ဖိနှိမ်နိုင်သော ထိုသူများကသာလျှင် နဂါးစီးသူရဲကောင်းများ ဖြစ်လာဖို့ အဆင့်မီလေသည်။

နတ်ဘုရားမျိုးနွယ်၏ နတ်နဂါးများကတော့ သူတို့ အားလုံးနီးပါးသည် ကမ္ဘာဦးခေတ်စစ်ပွဲမှာ နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားတွင် မြုပ်နှံခံခဲ့ရပြီး ဂမ္ဘီရဟို့တို့၏ လက်ထဲမှာ သေဆုံးခဲ့ရ၏။

ထိုအချိန်မှစပြီး နတ်ဘုရားမျိုးနွယ်၏ နတ်နဂါးများက နတ်ဘုရားကုန်းမြေတိုက်မှာ ဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့၏။

နတ်ဘုရားမြို့တော်၏ ခံတပ်ကို စောင့်ကြပ်နေသော ဒဏ္ဍာရီလာ နဂါးစီးသူရဲကောင်းတစ်ယောက် ရှိနေဦးမည်ဟု နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက ထင်မှတ်မထားကြပေ။

“သိုင်းဧကရာဇ်”

မြင့်မြတ်ပရောဟိတ်၏ အကြည့်က ပို၍ နက်ရှိုင်းလာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်း တတ်နိုင်သမျှ မြန်မြန် ပြန်ပြီး ဆုတ်ခွာသွားဖို့ ငါအကြံပေးမယ်.. နတ်ဘုရားမျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်က မင်း စဉ်းစားကြည့်နိုင်တဲ့ တစ်စုံတစ်ရာ မဟုတ်ဘူး”

မြင့်မြတ်ပရောဟိတ်၏ စကားလုံးများက ပိုမိုလေးနက်သော အဓိပ္ပာယ်တစ်ခုကို ဆောင်နေပုံရ၏။

“အဲဒီအပြင်လူနဲ့ အပိုစကားတွေ ပြောမနေနဲ့”

နဂါးစီးသူရဲကောင်းက အေးစက်စွာ ပြောလိုက်၏။

“အပြင်လူတွေက နတ်ဘုရားမျိုးနွယ်ရဲ့ ပိုင်နက်ထဲကို ခြေချရဲတယ်ဆိုမှတော့ နတ်ဘုရား အပြစ်ဒဏ်ကို သေချာပေါက် ခံစားရလိမ့်မယ်”

ဘုန်း…

ထိုစဉ်မှာပင် နတ်ဘုရားမြို့တော်၏ အလယ်ကနေ နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။

“သိုင်းဧကရာဇ်.. ဒီနေ့က မင်းသေရမယ့်နေ့ပဲ”

ခန့်ညားသော အသံတစ်သံက ထွက်ပေါ်လာ၏။

ထို့နောက် ရွှေရောင်သရဖူကို ဆောင်းထားသည့် ရွှေရောင်ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း မြင့်တက်လာပြီး မြို့ရိုးပေါ်ကို ဆင်းသက်လိုက်၏။

အဲဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ အသက်လုထွက်ပြေးခဲ့သော နတ်ဘုရားဧကရာဇ်ဖြစ်၏။

နတ်ဘုရားဧကရာဇ်သည် သူ၏ ညာဘက်လက်မှာ နက်မှောင်နေသော အင်းကွက်များဖြင့် ပြည့်နှက်နေသည့် ဧရာမ ဓားတစ်လက်ကို ကိုင်စွဲထား၏။ သူ၏ ဘယ်ဘက်လက်မှာ မင်ကဲ့သို့ မြူခိုးများ တလိပ်လိပ်ထိုးတက်နေသည့် နက်မှောင်နေသော ဒိုင်းကာတစ်လက်ကို ကိုင်စွဲထား၏။

နတ်ဘုရားဧကရာဇ်သည် နတ်ဘုရားလက်နက် လေးခုထဲမှာ ကြမ္မာဆိုးဓားနှင့် ကပ်ဘေးဒိုင်းကာကို ကိုင်စွဲထား၏။

ဆူဇီမိုက အနည်းငယ် အံ့အားသင့်သွား၏။

သူက နတ်ဘုရားဧကရာဇ်၏ နတ်ဘုရားသွေးကို သန့်စင်ခဲ့ပြီးပြီဖြစ်၏။ ယခု နတ်ဘုရားဧကရာဇ်သည် ရက်အနည်းငယ်အတွင်းမှာ နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို တည်ဆောက်လိုက်နိုင်လေသည်။

အဲဒါသည် နတ်ဘုရား သရဖူကြောင့် ဖြစ်ဖို့များလေသည်။

“နတ်ဘုရားဧကရာဇ်က အနိုင်မခံ၊ အရှုံးမပေးဘူး”

“နတ်ဘုရားဧကရာဇ်က အထွတ်အထိပ်မှာ ရပ်တည်ပြီး ပြိုင်ဘက်ကင်းတယ်”

နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက နတ်ဘုရားဧကရာဇ် ပေါ်ထွက်လာသည်ကို​ တွေ့မြင်သောအခါ နောက်တစ်ဖန် အော်ဟစ်လိုက်ကြ၏။

ယခု နတ်ဘုရားဧကရာဇ်၊ နဂါးစီးနင်းသူနှင့် မြင့်မြတ်ပရောဟိတ်တို့က စုစည်းမိနေပြီး နတ်ဘုရားမျိုးနွယ်၏ အော်ရာက ၎င်း၏ အထွတ်အထိပ်အထိ မြင့်တက်လာခဲ့၏။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

နတ်ဘုရားမျိုးနွယ် သက်ရှိသုံးယောက် ကျင့်ကြံထားသော စွမ်းအားသည် အောက်ဘုံလောကများ၏ အကန့်အသတ်သို့ ရောက်ရှိလုနီးပါးဖြစ်နေပြီဟု ဆိုရပေမည်။

အတိတ်ကာလတုန်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် သူတို့သုံးယောက်နှင့် ရင်ဆိုင်ရချိန်မှာ အနိုင်ရရှိဖို့ ယုံကြည်မှု ရှိချင်မှ ရှိပေလိမ့်မည်။

ကံဆိုးစွာနှင့်ပင် သူတို့က သိုင်းတာအိုပင်မခန္ဓာနှင့် ရင်ဆိုင်နေရ၏။

အဲဒါက မဟာသုံးထောင်လောကမှာ အပြောင်းအလဲတစ်ရပ်ဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် သုံးဘုံလောကနှင့် ဓာတ်ကြီးငါးပါးကနေ လွန်မြောက်နေ၏။ နတ်ဘုရားမျိုးနွယ်၏ မဟာဂမ္ဘီရနည်းစနစ်ပင်လျှင် သူ့ကို ထောက်လှမ်းနိုင်ခြင်း မရှိပေ။

“သိုင်းဧကရာဇ်.. မင်း ဘယ်လောက်ပဲ သန်မာ သန်မာ.. အောက်ဘုံလောကမှာ မင်းထုတ်ဖော်နိုင်တဲ့ ခွန်အားက အကန့်အသတ်ရှိတယ်”

နတ်ဘုရားဧကရာဇ်က အော်ပြောလိုက်၏။

“မင်းရဲ့ ခွန်အားကို ငါကောင်းကောင်းနားလည်နေပြီ.. မင်းက ငါတစ်ယောက်တည်းကိုဆိုရင် အနိုင်ရနိုင်တယ်.. ဒါပေမဲ့ မင်းက ငါတို့ သုံးယောက်ပေါင်းကိုတော့ ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး”

“နတ်ဘုရားမျိုးနွယ် သက်ရှိတွေ ငါ့အမိန့်ကို နာခံကြ”

ထိုစဉ်မှာပင် နတ်ဘုရားဧကရာဇ်က သူ၏လက်ထဲရှိ ကြမ္မာဆိုးဓားကို မြှောက်ပြီး ခဏမျှ ရပ်တန့်လိုက်၏။ သူက ဆူဇီမိုကို ထိုးညွှန်ပြီး ဟိန်းဟောက်လိုက်လေသည်။

“သတ်”

“သတ်”

ထိုဟိန်းဟောက်သံနှင့်အတူ နတ်ဘုရားမြို့တော်ထဲကနေ ကျယ်လောင်သော ဟိန်းဟောက်သံများ ပေါက်ကွဲထွက်ပေါ်လာ၏။

ဘီလီယံနှင့်ချီသော နတ်ဘုရားမျိုးနွယ် သက်ရှိများက ရွှေရောင် ဆူနာမီလှိုင်းတစ်ခုကဲ့သို့ ဆူဇီမိုထံသို့ ပြေးဝင်လာကြပြီး လောကကို တုန်ခါသွားစေ၏။

ထိုစွမ်းအားက လူတစ်ယောက်တည်း၏ အကန့်အသတ် မဟုတ်ပေ။

ကမ္ဘာလောကတစ်ခုပင်လျှင် အဲဒါကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။

“ဂါး…”

တစ်ချိန်တည်းမှာပင် နဂါးစီးသူရဲကောင်းက သူ၏ နတ်နဂါးကို စီးနင်းပြီး နတ်ဘုရားလက်နက် လေးခုထဲမှ စီရင်ချက်လှံကို ကိုင်စွဲကာ ဆူဇီမိုထံသို့ ပြေးဝင်လာ၏။

တစ်ခဏချင်းမှာပင် နဂါးစီးသူရဲကောင်းက ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

တစ်ဖက်မှာတော့ နတ်ဘုရားဧကရာဇ်သည် သူ၏ ဦးခေါင်းထက်မှာ နတ်ဘုရား သရဖူကို ဆောင်းပြီး နတ်ဘုရားလက်နက်နှစ်ခုဖြစ်သော ကြမ္မာဆိုးဓားနှင့် ကပ်ဘေးဒိုင်းကာကို ကိုင်စွဲကာ ဆူဇီမို၏ အခြားတစ်ဖက်ကနေ ပေါ်ထွက်လာခဲ့ပြီဖြစ်၏။

မြို့ရိုးထက်မှာ မြင့်မြတ်ပရောဟိတ်၏ ပုံရိပ်က လေထဲသို့ ဖြည်းဖြည်းချင်း မြင့်တက်လာပြီး နတ်ဘုရားလက်နက်လေးခုထဲမှ တစ်ခုဖြစ်သော မိုးသောက်တောင်ဝှေးကို ဝှေ့ယမ်းလိုက်၏။ သူက ရိုသေကိုင်းရှိုင်းသော အမူအရာတစ်ခုနှင့်အတူ ကောင်းကင်ထက်သို့ အနည်းငယ်​​ မော့ကြည့်ပြီး တစ်စုံတစ်ရာကို ရွတ်ဆိုလိုက်၏။

မိုးသောက်တောင်ဝှေးကနေ အဆုံးမဲ့ အလင်းများက ဖိတ်စင်လျှံထွက်လာ၏။

နတ်ဘုရားမျိုးနွယ်၏ အထွတ်အထိပ်ပညာရှင် သုံးဦးက တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြ၏။

နတ်ဘုရားမျိုးနွယ် ပညာရှင်သုံးဦး၏ နောက်ဘက်မှာ ဘီလီယံနှင့်ချီသော စစ်တပ်တစ်တပ်က စွမ်းပကား ကြီးမားစွာဖြင့် ချီတက်လာကြ၏။

တကယ်တော့ နတ်ဘုရားဧကရာဇ် ပြောသည်မှာ မမှားပေ။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ နတ်ဘုရားဧကရာဇ်ကို ပစ်ထိုးခဲ့စဉ်က ဆူဇီမို ထုတ်ဖော်ခဲ့သော စွမ်းအားသည် သူဖော်ပြသည့် အဆင့်မှာသာ ရှိနေခဲ့၏။

သူ့အနေဖြင့် ထိုစွမ်းအားနှင့်ဆိုပါက လက်ရှိအခြေအနေကို ကိုင်တွယ်ဖို့ တကယ်ပင် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း တကယ်တမ်းမှာတော့ ထိုထိုးချက်သည် အောက်ဘုံလောကမှာ သိုင်းတာအိုပင်မခန္ဓာ ထုတ်ဖော်နိုင်သော စွမ်းအား၏ အထွတ်အထိပ် မဟုတ်သေးပေ။

“မင်းတို့တွေက ငါ့ရဲ့ ခွန်အားကို တကယ် ဘာမှမသိသေးဘူးပဲ”

ဆူဇီမိုက ညင်သာစွာ သက်ပြင်းချလိုက်၏။

All Chapters