ပကတိဖိနှိမ်ခြင်း
Vol. 138 Ch. 2068
အခြားတစ်ဘက်မှာ...။
နဂါးစီးသူရဲကောင်းသည် သူ၏ ဆိုးယုတ်နဂါးကို စီးနင်းပြီး စီရင်ချက်လှံနှင့်အတူ ရောက်ရှိလာခဲ့၏။
စီရင်ချက်လှံက တဖျတ်ဖျတ်တလက်လက် အလင်းရောင်တစ်ခုဖြင့် တောက်ပနေ၏။
လှံပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာလုံးများစွာကို ခတ်နှိပ်ထားပြီး နတ်ဘုရားမျိုးနွယ်၏ ရှေးကျသောစွမ်းအားတစ်ခု တရားစီရင်ခြင်းစွမ်းအားပါဝင်နေ၏။
တရားစီရင်ခြင်းစွမ်းအားသည် အချိန်အများစုမှာ တစ်ဘက်လူကိုပင် သတ်ဖြတ်နိုင်ခဲ့၏။
သူတို့က စီရင်ချက်လှံ၏ ထက်ရှမှုကို ခုခံနိုင်သည်ဆိုလျှင်တောင် သူတို့သည် တရားစီရင်ခြင်းစွမ်းအားဖြင့် အလွယ်တကူသတ်ဖြတ်ခံရပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဆိုးယုတ်နဂါးက ၎င်း၏ ဧရာမအသားပြားတောင်ပံများကို တဖျတ်ဖျတ်ခတ်ပြီး နက်မှောင်နေသော မီးတောက်များကို ထွေးထုတ်ကာ ဆူဇီမို၏ ခြေထောက်ကို ဖမ်းကိုက်လာခဲ့၏။
ဆူဇီမို၏ သွေးချီက တလိပ်လိပ်တက်လာပြီး ဧရာမပုံရိပ်ယောင်တစ်ခုက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာခဲ့၏။
အဲ့ဒါက နဂါးတစ်ကောင်၏ ဦးခေါင်းနှင့် ဖီးနစ်အမြီးပါရှိပြီး နဂါးဖီးနစ်တစ်ကောင်နှင့် ဆင်တူနေ၏။ ၎င်း၏ ကျော်ပေါ်မှာ ဧရာမတောင်ပံတစ်စုံရှိနေပြီး အဲ့ဒါသည် သူ၏ ခန္ဓာကိုယ်ထဲမှာ ဆူပွက်နေသောချော်ရည်များ တလိပ်လိပ်စီးဆင်းနေသည့်အလား မီးတောက်များကဲ့သို့ နီရဲနေ၏။
ပုံရိပ်ယောင်က အလျင်အမြန်စုဖွဲ့လာပြီး လောကသို့ ဆင်းသက်လာခဲ့၏။
ရှေ့သို့ပြေးဝင်လာသော နတ်ဘုရားမျိုးနွယ် သက်ရှိများစွာသည် ရုတ်တရက် ချောက်ချားစရာကောင်းသောအော်ရာတစ်ခုကို ခံစားမိလိုက်ကြ၏။ သူတို့၏ မျိုးဆက်သွေးအနက်ပိုင်းထဲကနေလာသော ထိန်းချုပ်မရသည့် အကြောက်တရားတစ်ခုက သူတို့၏ နှလုံးသားများထဲသို့ တလိပ်လိပ်လှိုက်တက်လာခဲ့၏။
အိုး...
နတ်ဘုရားမျိုးနွယ်သက်ရှိများက သူတို့၏ ခေါင်းများကိုမော့ပြီး ပင့်သက်ကိုရှိုက်လိုက်ကြ၏။
“တဗူး...နဂါး... နဂါး..ဖီးနစ်”
ဆူဇီမိုဆင့်ခေါ်ထားသော ပုံရိပ်ယောင်က နဂါးဖီးနစ်တစ်ကောင်ဖြစ်လေသည်။
နဂါးစီးသူရဲကောင်း၏ အောက်ဘက်မှာရှိသော ဆိုးယုတ်နဂါးပင်လျှင် သက်ရောက်ခံလိုက်ရ၏။ သူက လေထဲမှာရှိသော နဂါးဖီးနစ်ကို ကြောင်တိကြောင်တောင်မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
“မင်းကဘာကိုကြောက်နေတာလဲ... အဲ့ဒါက အတုပဲ”
နဂါးစီးသူရဲကောင်းက သူ၏ အောက်ဘက်မှာရှိသော ဆိုးယုတ်နဂါးကို ပစ်ရိုက်ပြီး အော်ငေါက်လိုက်၏။
“အဲ့ဒါက... မျိုးဆက်သွေးနယ်မြေတစ်ခုပဲ”
ရုတ်တရက်ဆိုသလို...။
လေထဲမှာရှိသော နဂါးဖီးနစ်ပုံရိပ်ယောင်က ၎င်း၏ မျက်လုံးများကိုဖွင့်လိုက်၏။
ချက်ချင်းပင် နဂါးဖီးနစ်က အသက်ဝင်လာပုံရ၏။ ၎င်း၏ အကြည့်က ရွေ့လျားသွားပြီး အောက်ဘက်မှာရှိသော ဆိုးယုတ်နဂါးပေါ်ကို ဆင်းသက်သွား၏။ ၎င်းက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး နီရဲနေသော နဂါးတံတွေးရည်များက စီးကျလာ၏။
“ဂါး...”
နဂါးဖီးနစ်၏ လည်ချောင်းအနက်ပိုင်းထဲကနေ ချောက်ချားစရာကောင်းသော ဟိန်းဟောက်သံက ပေါက်ကွဲထွက်ပေါ်လာ၏။
ဆိုးယုတ်နဂါးက ထိုဟိန်းဟောက်သံမှာ ကြောက်ရွံ့မှုဖြင့် ဆတ်ခနဲတုန်ယင်သွား၏။
“တိုက်တော့”
နဂါးစီးသူရဲကောင်းက နောက်တစ်ဖန်ဟိန်းဟောက်ပြီး ဆိုးယုတ်နဂါးကို စီရင်ချက်လှံဖြင့် ထိုးလိုက်လေသည်။
ဆိုးယုတ်နဂါးက နာကျင်စွာဖြင့် ဆူဇီမိုထံသို့ ပြေးဝင်သွားရ၏။
ဒေါသထွက်နေသော နဂါးဖီးနစ်သည် လေထဲကနေထိုးဆင်းလာပြီး ၎င်း၏ ကြီးမား၍ကြောက်စရာကောင်းသော နဂါးလက်သည်းများဖြင့် ဆိုးယုတ်နဂါး၏ ကျောကို ကုတ်ဆွဲလိုက်၏။ နဂါးဦးခေါင်းက ငုံ့သွားပြီး ၎င်း၏ ပါးစပ်ကိုဖွင့်ဟကာ ဆိုးယုတ်နဂါး၏ လည်ပင်းကို ကိုက်ချလိုက်၏။
ဖျောက်...
ဆိုးယုတ်နဂါး၏ ဦးခေါင်းက နဂါးဖီးနစ်၏ ကိုက်ချက်တစ်ချက်တည်းဖြင့် ကျိုးပဲ့သွား၏။
ဆိုးယုတ်နဂါး၏ ခန္ဓာကိုယ်ကလည်း နဂါးဖီးနစ်၏ လက်သည်းချက်များဖြင့် နှစ်ပိုင်းဆုတ်ဖြဲခံလိုက်ရ၏။ ၎င်း၏ ညှီစို့စို့ ကိုယ်တွင်းအင်္ဂါများက လေထဲကနေ ကျဆင်းလာပြီး သိပ်မကြာခင်မှာပင် နဂါးဖီးနစ်မီးတောက်များဖြင့် ပြာကျသည်အထိလောင်ကျွမ်းခံလိုက်ရ၏။
တကယ်တော့... နဂါးစီးသူရဲကောင်းပြောသည်မှာ မမှားပေ။
ဤနဂါးဖီးနစ်သည် ဆူဇီမိုဆင့်ခေါ်ထားသည့်မျိုးဆက်သွေးနယ်မြေတစ်ခုမျှသာဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းခဲ့ပြီးနောက် သူသည် ထိုမျိုးဆက်သွေးကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းကာ မျိုးဆက်သွေးနယ်မြေတစ်ခုကို ဆက်ခံရရှိခဲ့၏။
သို့သော်လည်း အဲ့ဒါက ပုံရိပ်ယောင်တစ်ခုဆိုလျှင်တောင် အဲ့ဒါက စိန်ခေါ်၍မရနိုင်သော တဗူးတစ်ကောင်ဖြစ်၏။
နဂါးဖီးနစ်ပုံရိပ်ယောင်က ဧကရာဇ်အဆင့် ဆိုးယုတ်နဂါးကို နေရာမှာပင် သတ်ဖြတ်ပစ်လိုက်၏။
နဂါးဖီးနစ်က ဆိုးယုတ်နဂါးကိုသတ်ဖြတ်လိုက်စဥ် နဂါးစီးနင်းသူက လေထဲသို့ရောက်ရှိလာခဲ့ပြီဖြစ်၏။
သူက လေထဲကနေ ဆင်းသက်လာပြီး သူ၏ လှံကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ဆူဇီမို၏ ခေါင်းကို ပစ်ထိုးလိုက်၏။
ဆူဇီမိုက မော့ကြည့်ခြင်းပင်မရှိဘဲ သူ၏ လက်ဖဝါးကိုမြှောက်ကာ စီရင်ချက်လှံကို လက်ဗလာဖြင့်ပင် ဖမ်းဆွဲလိုက်၏။
ဖောက်...
စီရင်ချက်လှံက ဆူဇီမို၏ လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်ခြင်းခံလိုက်ရပြီး တုတ်တုတ်မျှမလှုပ်နိုင်တော့ပေ။
စီရင်ချက်လှံ၏ ဘေးပတ်လည်ရှိ တရားစီရင်ခြင်းစွမ်းအားကလည်း ဆူဇီမို၏ နောက်ဘက်မှာရှိသော ကံကြမ္မာစက်ကွင်းသုံးခုကြောင့် ကြေမွပျက်စီးသွားပြီး သူ့ပေါ်ကို လုံဝသက်ရောက်မလာနိုင်ပေ။
ရွှစ်...
ရုတ်တရက် ဆူဇီမိုသည် သူ၏ ခွန်အားကို စိုက်ထုတ်ပြီး စီရင်ချက်လှံကို ဖမ်းဆုပ်ကာဆောင့်ဆွဲလိုက်၏။
“အား...”
နဂါးစီးသူရဲကောင်းက နာကျင်စွာအော်ဟစ်လိုက်ပြီး သူက အဲ့ဒါကိုလုံးဝတောင့်မခံနိုင်တော့ပေ။ စီရင်ချက်လှံက ဆူဇီမို၏ လက်တစ်ဖက်တည်းဖြင့် လုယူခြင်းခံလိုက်ရပြီး သူ၏ လက်ဖဝါးနှစ်ဖက်ကနေ သွေးများက ပန်းထွက်လာ၏။
ထိုအခိုက်အတန့်မှာ တစ်ဘက်မှာရှိသော နတ်ဘုရားဧကရာဇ်သည် နတ်ဘုရားသရဖူ၏ အကူအညီနှင့်အတူ သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်လိုက်နိုင်ခါစဖြစ်ပြီး မတ်တတ်ထရပ်လိုက်၏။
ဆူဇီမိုက စီရင်ချက်လှံကို ကိုင်ဆွဲပြီး သူ့ကိုမှင်သေသေဖြင့် တစ်ချက်ကြည့်ကာ လက်ပြန်ပစ်ထိုးလိုက်၏။
ရွှစ်...
ရွှေရောင်အလင်းတစ်ခုက လေထုကို ဆုတ်ဖြဲလာခဲ့၏။
ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်၏ လျှို့ဝှက်အတတ်များကိုမသိရှိသလို စီရင်ချက်လှံကို ဘယ်လိုထိန်းချုပ်ရမလဲ မသိပေ။
သူလုပ်စရာရှိသည်မှာ သူ့ခန္ဓာကိုယ်နှင့်မျိုးဆက်သွေး၏ စွမ်းအားကို စီရင်ချက်လှံပေါ်သို့ ပို့လွှတ်ပြီး အဲ့ဒါကိုလွှတ်ပေးလိုက်ခြင်းဖြစ်၏။
အဲ့ဒါကပင် အရာရာတိုင်းကို ဖျက်ဆီးပစ်ဖို့အတွက် လုံလောက်နေ၏။
နတ်ဘုရားဧကရာဇ်က သူ့ကိုယ်သူမထိန်းနိုင်ခင်မှာပင် သူ၏ မျက်ဝန်းထောင့်ကနေ ရွှေရောင်အလင်းကို တွေ့မြင်လိုက်ရ၏။
နတ်ဘုရားဧကရာဇ်က တုန်လှုပ်သွားပြီး အချိန်မီမရှောင်တိမ်းနိုင်တော့ပေ။ သူသည် သူ၏ လက်နှစ်ဖက်ဖြင့် ကပ်ဘေးဒိုင်းကာကိုကိုင်ဆွဲပြီး ခုခံလိုက်ရ၏။
အဲ့ဒါသည် ဒိုင်းကာတစ်ခုနှင့် လှံတစ်ခုကြား အစစ်အမှန်တိုက်ပွဲတစ်ခုဖြစ်၏။
ဒိုင်းကာနှင့်လှံက နတ်ဘုရားကုန်းမြေတိုက်၏ နတ်ဘုရားလက်နက်များဖြစ်လေသည်။
ဘုန်း....
စီရင်ချက်လှံက ကပ်ဘေးဒိုင်းကာနှင့်ထိတွေ့သောအခါ လောကက လှုပ်ခါသွားသည်ဟုထင်ရ၏။
ဧရာမလေစီးကြောင်းတစ်ခုက နတ်ဘုရားလက်နက်နှစ်ခု ရိုက်ခတ်ရာနေရာကနေ ပေါက်ကွဲထွက်ပေါ်လာပြီး အဘက်ဘက်သို့ ရူးသွပ်စွာဖြန့်ကြက်ကာ နေရာတိုင်းမှာ ဖုန်လုံးများကိုထသွားစေ၏။
နတ်ဘုရားလက်နက်နှစ်ခု၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများပေါ်ထွက်လာ၏။
လှံနှင့်ဒိုင်းကာအကြားတိုက်ပွဲမှာ မည်သည့်ဘက်ကမှ အနိုင်မရပေ။
တစ်ခဏချင်းမှာပင် နတ်ဘုရားတရားစီရင်ခြင်း လက်နက်လေးခုထဲမှ သုံးခုသည် ဆူဇီမို၏ ဖျက်ဆီးခြင်းကိုခံလိုက်ရ၏။
စီရင်ချက်လှံက ကြေမွသွားသော်လည်း နတ်ဘုရားဧကရာဇ်သည် ၎င်းမှာပါဝင်သည့် ရုန်းကန်ပေါက်ကွဲအားကို မခုခံနိုင်ဘဲ သူ၏ ခန္ဓာကိုယ်က နောက်တစ်ဖန်လဲပြိုကျသွား၏။
ဤတစ်ခေါက်မှာတော့ နတ်ဘုရားဧကရာဇ်က တိုက်ပွဲနယ်မြေမှာ ဆက်လက်၍ကြန့်ကြာမနေတော့ပေ။
နတ်ဘုရားသရဖူက ခန္ဓာကိုယ်တစ်ခုကို ပြန်လည်တည်ဆောက်မပေးနိုင်ခင်မှာပင် သူ၏အမြုတေစိတ်ဝိညာဥ်က အထဲမှာပုန်းကွယ်ပြီး အဝေးတစ်နေရာသို့ ပြေးထွက်သွား၏။
နတ်ဘုရားမျိုးနွယ်၏ ထိပ်သီးပညာရှင်သုံးဦးထဲမှာ နဂါးစီးသူရဲကောင်းတစ်ယောက်သာလျှင် လေထဲမှာ ကျန်ရစ်ခဲ့ပြီး ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေ၏။
သူက သိပ်ကြာကြာမတိုက်ခိုက်ရသေးပေ။
သူက စိတ်အာရုံပျက်ယွင်းသွားသည့်ခဏမှာပင် ဆူဇီမို၏ ပုံရိပ်က သူ့ရှေ့မှာ ပေါ်ထွက်လာခဲ့ပြီဖြစ်၏။ မည်သည့်အပိုအလိုလှုပ်ရှားမှုမှမရှိဘဲ သူ၏ နောက်ဘက်မှာ ကံကြမ္မာစက်ကွင်းသုံးခုကို စုဖွဲ့ပြီး ရှေ့သို့ပစ်ထိုးလိုက်၏။
နဂါးစီးသူရဲကောင်းအနေဖြင့် နောက်သို့ဆုတ်ခွာဖို့က နောက်ကျသွားခဲ့လေပြီ။
သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။
ရုတ်တရက် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာက ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းလာခဲ့၏။
ထိုအရာများက ရွှေရောင်မီးတောက်များဖြစ်၏။
နဂါးစီးသူရဲကောင်းသည် မီးတောက်များကြားကနေ မွေးဖွားလာသည့်အလား သူ့ကိုမီးတောက်များက လွှမ်းခြုံထား၏။
“နတ်ဘုရားမျိုးနွယ်ရဲ့ အထွတ်အမြတ်မီးတောက်က ဘာလဲဆိုတာ မင်းကိုငါပြပေးမယ်”
နဂါးစီးသူရဲကောင်းက ဟိန်းဟောက်လိုက်၏။
သူသည် ထိုမီးတောက်ကိုထုတ်ဖော်ဖို့အတွက် သူ၏ နတ်ဘုရားသွေးနှင့် စိတ်ဝိညာဥ်ကို လောင်ကျွမ်းစေလိုက်ရ၏။
အဲ့ဒါသည် နတ်ဘုရားမျိုးနွယ်၏ ရှေးအကျဆုံးလျှို့ဝှက်အတတ်ဖြစ်၏။
သူ၏ နတ်ဘုရားသွေးနှင့် ဝိညာဥ်ကို စွန့်လွှတ်စတေးခြင်းဖြင့် မည်သည့်ရလဒ်ပဲထွက်လာသည်ဖြစ်စေ သူကသေချာပေါက် သေရပေတော့မည်။
“ငါ့ရှေ့မှာမီးနဲ့လာပြီးကစားချင်တာလား”
သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုက ရုတ်တရက် သူ၏ ပါးစပ်ကိုဖွင့်ဟပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။
ဝှစ်..
အစက နဂါးစီးသူရဲကောင်း၏ ခန္ဓာကိုယ်ပေါ်မှာ လောင်ကျွမ်းနေသော ရွှေရောင်မီးတောက်များသည် ရွှေရောင်အလင်းစီးကြောင်းတစ်ခုအသွင်ပြောင်းလဲကာ ဆူဇီမို၏ ဝါးမျိုခြင်းကိုခံလိုက်ရ၏။
“မင်းဘယ်လိုတောင်...”
နဂါးစီးသူရဲကောင်း၏ မျက်လုံးများက ပြူးကျယ်သွား၏။
တစ်စုံတစ်ယောက်က နတ်ဘုရားမျိုးနွယ်၏ အထွတ်အမြတ်မီးတောက်များကို ဝါးမျိုရဲလိမ့်မည်ဟု သူစဥ်းစားမကြည့်ဖူးပေ။
ဤလူက သေချင်နေတာဖြစ်ရပေမည်။
သို့သော်လည်းသူက စကားကိုဆုံးအောင် မပြောနိုင်တော့ပေ။
ဆူဇီမိုနှင့်ပတ်သက်၍ ထူးခြားနေသည့်အရာဘာမှဆက်မရှိနိုင်တော့ပေ။
သူသည် မည်သည့်နာကျင်မှုမှမရှိဘဲ တည်ငြိမ်နေသောအမူအရာတစ်ခုဖြင့် ရွှေရောင်မီးတောက်များကို မျိုချလိုက်၏။ သူသည် မီးတောက်များကို အရသာခံနေသည့်အလား သူ၏နှုတ်ခမ်းကိုပင် လျှာဖြင့်သပ်လိုက်၏။
ဆူဇီမို၏ နောက်ဘက်မှာရှိသော ကံကြမ္မာစက်ကွင်းသုံးခုက ပို၍ပင်လျှို့ဝှက်ဆန်းကြယ်လာသည်ဟု ထင်ရ၏။
ဘန်း...
ဆူဇီမိုသည် နဂါးစီးသူရဲကောင်း၏ မျက်နှာကိုပစ်ထိုးလိုက်ပြီး သူ၏ ဦးခေါင်းကို ကြေမွသွားစေ၏။
နဂါးစီးသူရဲကောင်း၏ အမြုတေစိတ်ဝိညာဥ်ကလည်း ချမ်းသာရာမရပေ။ ၎င်းက ဆူဇီမို၏ ထိုးချက်ဖြင့် ကြေမွပျက်စီးသွားပြီး သူ၏ ဦးခေါင်းမဲ့အလောင်းက လဲကျလာခဲ့၏။
နတ်ဘုရားမျိုးနွယ်၏ ထိပ်သီးပညာရှင်သုံးဦးသည် ရှေ့သို့ပြေးဝင်လာခဲ့ပြီး အသက်ဆယ်ရှိုက်စာ မပြည့်ခင်မှာပင် ဆူဇီမို၏ ဖိနှိမ်ခြင်းကို ခံလိုက်ရ၏။
သူတို့ကြားမှာ နဂါးစီးသူရဲကောင်းနှင့် သူ၏ ဆိုးယုတ်နဂါးသည် တိုက်ပွဲနယ်မြေမှာပင် သေဆုံးသွားရ၏။
ကျန်ရှိနေသော မြင့်မြတ်ပုရောဟိတ်သည် သူ၏ လမ်းဆုံးသို့ ရောက်ရှိနေပြီး မြို့ရိုးပေါ်မှာ မတ်တတ်ရပ်ကာ ထိုမြင်ကွင်းကိုကြည့်ပြီး သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးနေ၏။
နတ်ဘုရားဧကရာဇ်ကလည်း ရှုံးနိမ့်စွာဖြင့် ထွက်ပြေးသွားခဲ့ပြီဖြစ်၏။