← Chapters

အနမ်းမှတ်

Vol. 1 Ch. 6

အနမ်းမှတ်

Vol. 1 Ch. 6

မကောင်းတဲ့ကောင်? ရှောင်လင်းယွီသုံးနှုန်းလိုက်သည့်စကားလုံးကြောင့် လူတိုင်းမှင်သက်သွားကြလေသည်။

ရှောင်လင်းယွီနှင့်မန်နေဂျာချန်းသည် အတွဲများဖြစ်ကြောင်း လူတိုင်းသိထားပြီးဖြစ်သည်။ ချန်းယန်သည် နောက်ကွယ်တွင်တော့ ကောင်းသည့်လူမဟုတ်သော်လည်း ရှောင်လင်းယွီအပေါ်အလွန်ကောင်းပေသည်။ ဒါကပဲ ကုမ္ပဏီမှမိန်းကလေးများကို မနာလိုဝန်တိုစိတ်များတိုးပွားလာစေခြင်းဖြစ်သည်။ ချန်းယန်သည် ရှောင်လင်းယွီကို ဂရုစိုက်ရာတွင် အလွန်အသေးစိတ်ကျလှသည်။

အလုပ်မှာဆိုလျှင် ချန်းယန်သည် ရှောင်လင်းယွီဘက်တွင် မရပ်တည်ပေးနိုင်သော်လည်း သူ့သူငယ်ချင်းများကိုတော့ ရှောင်လင်းယွီကို ဂရုစိုက်ပေးဖို့တောင်းဆိုထားခဲ့သည်။ သူမနားမလည်တာတစ်ခုခုရှိလျှင်လည်း စိတ်ရှည်ရှည်နှင့်သင်ပြပေးပေသည်။

အလုပ်ပြင်ပတွင်တော့ ချန်းယန်သည် ရှောင်လင်းယွီအပေါ်တွင်သာ အပြည့်အဝအာရုံစိုက်ထားကာ လိုက်လျောပေးလေသည်။ ရှောင်လင်းယွီအလုပ်ဂျပိုးတစ်ယောက်ဖြစ်ကာ တစ်ခါတစ်လေဆိုလျှင် စားဖို့ပင်မေ့တတ်သည်။ ဒါကြောင့် ချန်းယန်သည် နေ့တိုင်းစားသောက်ရမည့်အချိန်ဆိုလျှင် ရှောင်လင်းယွီကိုဖုန်းဆက်ကာ သူမကို စားဖို့သတိပေးတတ်သည်။

ဒါကြောင့်ပဲ ကုမ္ပဏီမှမိန်းကလေးအားလုံးက ရှောင်လင်းယွီကို မနာလိုဖြစ်ကြခြင်းပင်။ သူတို့တွင်လည်း ချန်းယန်လိုချစ်သူကောင်လေးမျိုးရှိစေချင်ကြသည်။ ထို့ကြောင့် ချန်းယန်သည် ဝန်ထမ်းအမျိုးသမီးများအတွက် အိပ်မက်ထဲကချစ်သူကောင်လေးဖြစ်လာခဲ့သည်။

မိန်းကလေးတော်တော်များများက ချန်းယန်ကိုဖွင့်ပြောခဲ့ကြသော်လည်း အားလုံးအငြင်းခံခဲ့ကြရသည်။ ဒါကြောင့် သူတို့၏ခါးသီးမှုများကို ရှောင်လင်းယွီအပေါ်ပုံချကြကာ အခွင့်အရေးရသည်နှင့် အမိအရဆုပ်ကိုင်ဖို့ကြိုးစားကြတော့သည်။

ရှောင်လင်းယွီနှင့်ချန်းယန်တို့သည် စံတင်လောက်သည့်အချစ်ငှက်စုံတွဲဖြစ်ကာ ဘယ်သူကမှ သူတို့၏ဆက်ဆံရေးကိုကိုင်လှုပ်နိုင်မည်မဟုတ်ပေ။ ဒါကြောင့်ပဲ ရှောင်လင်းယွီသည် တစ်ကုမ္ပဏီလုံးမှမိန်းကလေးများ၏ပစ်မှတ်ဖြစ်လာတော့သည်။

ထို့ကြောင့် ရှောင်လင်းယွီက တခြားယောက်ျားတစ်ယောက်နှင့်အိပ်ခဲ့ပြီး ဒီလောက်ကောင်းသည့် ချန်းယန်လိုယောကျ်ားကို သစ္စာဖောက်ခဲ့ကြောင်းသိသွားနှင့် စိတ်ထဲတွင် အလွန်ပျော်မြူးသွားကြတော့သည်။ သူတို့က ချက်ချင်းပင် ချန်းယန်ဘက်မှ ရပ်တည်ကာ ရှောင်လင်းယွီကို ပြစ်တင်ရှုံ့ချကြတော့သည်။

သို့သော်လည်း သူတို့မြတ်နိုးရသော ပြီးပြည့်စုံသည့်အမျိုးသားကို ရှောင်လင်းယွီက မကောင်းတဲ့ကောင်လို့ ခေါ်လိုက်သည်တဲ့လား! သူတို့ကို နားမလည်နိုင်ဖြစ်သွားစေခဲ့သည်။

ပြီးခဲ့သည့်ရက်ပင် ရှောင်လင်းယွီသည် ချန်းယန်အပေါ်တန်းတန်းစွဲဖြစ်နေသေးကာ အခုကျ ဘာလို့ပြောင်းလဲသွားရတာလဲ?

ချန်းယန်တစ်ယောက် ဓာတ်လှေကားမှထွက်ထွက်ချင်းတွင်ပဲ ရှောင်လင်းယွီ သူ့ကိုမကောင်းတဲ့ကောင်ဟုခေါ်နေတာကိုကြားလိုက်ရတာကြောင့် အမူအရာမှာပြောင်းလဲဿွားတော့သည်။ သူ့ဘေးကကျောက်ဝမ်မန့်သည်လည်း နှာခေါင်းရှုံ့လိုက်ကာ ခန္ဓာကိုယ်ကိုယို့ပြီး ချန်းယန်၏နားအတွင်းသို့ တီးတိုးပြောလိုက်သည်။ “ကြည့်ရတာ ရှင်က သူ့အတွက်အဲ့လောက်လဲ အရေးမပါဘူးထင်တယ်။ ဒီနှစ်တွေအတွင်း ရှင်သူ့အပေါ်ကောင်းခဲ့တာတွေက ဘာမှမဟုတ်ဘူးပဲ!” သူမ၏စကားများထဲတွင် ထေ့ငေါ့လိုဟန်များအပြည့်ပင်။

ချန်းယန်၏မျက်နှာသည်လည်း ဒေါသကြောင့် ပြာနှမ်းသွားတော့သည်။ သူချက်ချင်းပင် ရှောင်လင်းယွီထံသွားကာ ဆွဲခါပစ်ချင်သော်လည်း သူ့အစီအစဉ်နှင့်အနာဂါတ်တို့အတွက် စိတ်ကိုအတတ်နိုင်ဆုံးပြန်ထိန်းချုပ်လိုက်သည်။

သူက ရှောင်လင်းယွီထံအမြန်လျှောက်သွားကာ စိုးရိမ်ပူပန်နေသည့်အသံဖြင့်၊ “ယွီအာ၊ ဘာဖြစ်တာလဲ? မင်းကိုဘယ်သူအနိုင်ကျင့်လို့လဲ!” သူက စူးရှသည့်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကိုလည်း တစ်ချက်ဝေ့ကြည့်လိုက်သေးသည်။ “ကိုယ် မင်းကိုကာကွယ်ပေးမယ်ပေါ့! ဒါပေမယ့် ဒေါသအလျောက် ဒီလိုစကားမျိုးတော့မပြောသင့်ဘူးလေ။”

သူက ဒုတိယစကားနှင့်အခြေအနေကိုထိန်းညှိလိုက်သည်။ ပြောရလျှင် သူမယခုအချိန်ပြောလိုက်သမျှစကားတိုင်းမှာ ဒေါသထွက်နေခြင်းကြောင့်ပြောမိခြင်းသာဖြစ်ကြောင်း ဖော်ပြလိုခြင်းပင်။

သို့သော်လည်း ရှောင်လင်းယွီသည်လည်း သူက သူ့လမ်းကြောင်းအတိုင်း သူမကိုထိန်းချုပ်ချင်နေကြောင်းသတိထားမိပေသည်။ ရှောင်လင်းယွီ၏ဘဝကို သူကအမြဲတမ်းလမ်းကြောင်းပေးကာ သူမအနေနှင့် သူခင်းပေးသည့်လမ်းအတိုင်းသာလိုက်ဖို့လိုခဲ့သည်။ ပြောရလျှင် ရှောင်လင်းယွီက သူ့ရဲ့ရုပ်သေးရုပ်တစ်ရုပ်လိုပင်။ ထိုရုပ်သေးရုပ်လေးက သူမကိုယ်ပိုင်လမ်းကြောင်းအတိုင်းသွားချင်တိုင်း ချန်းယန်က စိတ်ရှည်ရှည်နှင့် သူမကို သူ့ထိန်းချုပ်မှုအောက်ဆီ ပြန်လည်ပဲ့ထိန်းပေးခဲံသည်။

ချန်းယန်က သူ့စကားလုံးများအတိုင်း ရှောင်လင်းယွီပြန်လိုက်လာပြီး သူမအမှားကိုယ်သူမဝန်ခံစေချင်ကာ သူ့ပုံရိပ်ကိုပြန်လည်ပြင်ဆင်လိုခဲ့သည်။

သို့သော်လည်း ဤတစ်ခေါက်တွင်တော့ ရှောင်လင်းယွီက သူ့ကိုအေးစက်စက်သာ ကြည့်လာခဲ့သည်။ သူမက စိမ်းကားသည့်အပြုံးတစ်ပွင့်ဖြင့် ချန်းယန်ကိုမေးလိုက်သည်။ “ရှင် ဓာတ်ပုံတွေမမြင်ရသေးဘူးလား?”

ထို့နောက် သူမအကြည့်က ချန်းယန်နှင့်အတူရောက်လာသည့် ကျောက်ဝမ်မန့်ထံကျရောက်သွားကာ အမုန်းတရားများပြည့်နှက်လာတော့သည်။

ချန်းယန်၏အမူအရာမှာအေးခဲသွားကာ တောင့်တင်းစွာဖြင့် ပြန်မေးလိုက်သည်။ “ဓာတ်ပုံ? ဘာပုံလဲ?” သူကအနည်းငယ်လည်း အံ့ဩသွားမိသည်။ ‘သူတစ်ခုခုရှာတွေ့သွားတာလား?’

ကိစ္စများက သူမျှော်လင့်ထားသည့်လမ်းကြောင်းအတိုင်းမသွားခဲ့ပေ။ ဒါကြောင့် ရှောင်လင်းယွီတစ်ခုခုပြောင်းလဲနေသည်ဟု သူခံစားမိသော်လည်း ဘာကပြောင်းလဲသွားမှန်းကိုတော့ အတိအကျမသိပေ။ သို့သော်လည်း သူ့ဇာတ်ကောင်အတိုင်း နစ်နာသူနေရာကဆက်ပြီး သရုပ်ဆောင်ဖို့လိုအပ်သေးသည်။

ရှောင်လင်းယွီသည် ချန်းယန်နှင့် ထိုကစကားပွဲကိုမကစားချင်တော့ပေ။ စိတ်လည်းမဝင်စားပေ။

“ချန်းယန်၊ ရှင့်ဖုန်းဒါမှမဟုတ် ကွန်ပျူတာထဲမှ ကျွန်မယောက်ျားတစ်ယောက်နဲ့ ဟိုတယ်သွားတဲ့ပုံတွေမတွေ့ခဲ့ဘူးလား? ရှင့်ကောင်မလေးတွေက ရှင့်ကိုမပြောကြဘူးလား?”

ရှောင်လင်းယွီ ထိုကောင်မလေးတွေလို့ပြောသည့်အချိန် လင်းရှန်းယွီနှင့်ကျောက်ဝမ်မန့်ကို စောင်းကြည့်လိုက်သည်။

ကျောက်ဝမ်မန့် မျက်မှောင်ကြုတ်သွားကာ မျက်လုံးများမှေးကျဉ်းလိုက်သော်လည်း ဘာကိုမှဝင်မပြောခဲ့ပေ။

ချန်းယန်မှာထိတ်လန့်သွားကာ စိတ်ရှုပ်ထွေးသွားခဲ့သည်။ ရှောင်လင်းယွီ၏အမေးကို ဘယ်လိုပြန်ဖြေရမလဲ သူမသိတော့ပေ။

သူရုံးခန်းကဆင်းမလာခင်တုန်းက သူ့စိတ်ထဲတွင် ဖြစ်လာမည့်ဖြစ်ရပ်များကို ပုံဖော်ထားပြီးဖြစ်သည်။ ရှောင်းလင်းယွီသည် တစ်ကုမ္ပဏီလုံးထံမှ ပြစ်တင်ရှုံ့ချမှုကို ခံနေရမည်ပင်။ လူတိုင်းက သူမကိုအထင်သေးကာ သူမသည်လည်း စိတ်အခြေအနေပြိုလဲနေပေလိမ့်မည်။

ထို့နောက် သူရောက်လာပြီး သူမ၏သစ္စာဖောက်မှုအပေါ်မေးခွန်းထုတ်ရမည်။ သူက နစ်နာသူအဖြစ်သရုပ်ဖော်ကာ လူတိုင်းကလည်း သူ့အတွက် စာနာသနားပေးကြလိမ့်မည်။

ထိုသို့ဖြစ်ပြီးနောက်တွင်တော့ သူကျောက်ဝမ်မန့်နှင့်စေ့စပ်သည့်သတင်းမှာ မေးခွန်းထုတ်စရာမဖြစ်တော့ဘဲ အားလုံး၏ကောင်းချီးပေးမှုကိုပါ လက်ခံရရှိလိမ့်မည်။

သို့ပေမယ့် သူရောက်ရှိလာချိန်တွင်တော့ အရာအားလုံးက သူမျှော်လင့်ထားသည်များနှင့် ကွဲလွဲနေကြောင်း ချန်းယန်သိလိုက်ရပေသည်။

ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့သည် အပေါ်ထပ်တွင် ဘာသတင်းမှမကြားရတာကြောင့် လူကိုယ်တိုင်အောက်ဆင်းလာခဲ့ခြင်းဖြစ်သည်။ သို့ပေမယ့် သူတို့အောက်ရောက်လို့ ဓာတ်လှေကားထဲမှထွက်လိုက်သည်နှင့် ရှောင်လင်းယွီက သူ့ကို မကောင်းတဲ့ကောင်လို့ခေါ်ကာ တစ်ခြားတစ်ယောက်ထံ ထိုးပေးနေသံကိုကြားလိုက်ရလေသည်။

သူအလွန်ဒေါသထွက်သွားခဲ့သည်။

သို့ပေမယ့် ထိုမှားယွင်းနေသည့်အခြေအနေက ပြန်လည်ပြင်ဆင်နိုင်သေးသည်ဟု သူယုံကြည်ခဲ့သည်။ ရှောင်လင်းယွီသည် စိတ်နှလုံးသားနူးညံ့ကာ အလွယ်ကတူအနိုင်ကျင့်၍ရသူဖြစ်သည်။ သူနည်းနည်းလောက်တွန်းလိုက်တာနဲ့ သူမအမှားကို အမြဲတမ်းဝန်ခံသွားမြဲပင်။ ဒါဆို ဒီတစ်ခေါက်ကျ ဘာလို့အလုပ်မဖြစ်သွားတာလဲ?

ချန်းယန်တွင် မေးခွန်းများစွာရှိနေသော်လည်း လုပ်နိုင်တာတော့ ဘာမှမရှိပေ။

ချန်းယန်က ခေါင်းအသာယမ်းလိုက်ကာ၊ “ယွီအာ၊ မင်းကမှ ကိုယ့်ရဲ့တစ်ဦးတည်းသောကောင်မလေးလေကွာ။” ထို့နောက် တစ်စုံတစ်ခုက သူ့ကိုသတိဝင်သွားစေသလိုမျိုး အလွန်ထိတ်လန့်သွားသည့်အမူအရာပြောင်းသွားကာ၊ “ဒါနဲ့ မင်းအစောကဘာပြောလိုက်တယ်? မင်း တခြားယောက်ျားတစ်ယောက်နဲ့ဟိုတယ်သွားခဲ့တယ်တဲ့လား?” ချန်းယန် မယုံကြည်နိုင်ဟန်ဖြင့်မေးလိုက်သည်။

သူ့အတွင်းစိတ်ထဲတွင်တော့ သက်ပြင်းချလိုက်လေသည်။ ‘ကိစ္စတွေလမ်းကြောင်းပေါ်ပြန်ရောက်လာပြီပဲ’

ရှောင်လင်းယွီက အားလုံးကိုဝန်ခံလိုက်တာကြောင့် ချန်းယန်လည်း ဆက်ပြီး နစ်နာသူလိုသရုပ်ဆောင်လို့ရပေပြီ။

ချန်းယန်၏အမူအရာကိုမြင်လိုက်သည်နှင့် လင်းရှန်းယွီ စိုးရိမ်သွားကာ ထပ်ပေါင်းပြောလိုက်သည်။ “ဟုတ်တယ်၊ မန်နေဂျာချန်း။ ရှောင်လင်းယွီ မနေ့ညတုန်းက ဟိုတယ်မှာသူ့ကိုယ်သူရောင်းစားခဲ့တာ။ ကြည့်၊ ကျွန်မမှာသက်သေတောင်ရှိသေးတယ်!” သူက ဓာတ်ပုံကိုပါ ပြလိုက်သည်။ “မန်နေဂျာချန်း၊ ရှောင်လင်းယွီ ဗိုက်ပူပူလူကြီးတစ်ယောက်နဲ့ ဟိုတယ်ခန်းထဲဝင်သွားတာ ကျွန်မမျက်လုံးနဲ့ကိုယ်တိုင်ကိုမြင်ခဲ့တာ။ အဲ့လူက ရုပ်ကလည်းဆိုးသေးတယ်။ ဘယ်လိုစိတ်ကူးနဲ့များ အဲ့လိုလူကိုသူရွေးလိုက်လဲ နားမလည်နိုင်ဘူး။ အဲ့လူက ချမ်းသာတာကြောင့်ပဲဖြစ်မယ်။” လင်းရှန်းယွီ၏မျက်လုံးများထဲတွင် အထင်သေးဟန်များပေါ်ထွက်လာပြန်သည်။

ချန်းယန်၏ငေးငိုင်သွားခဲ့ကာ သူ့ချစ်သူက သူ့အပေါ်သစ္စာဖောက်ခဲ့သည်ကို မယုံကြည်နိုင်ဖြစ်နေသလိုပင်။

သူက ချက်ချင်းပင် ရှောင်လင်းယွီ၏သေးသွယ်သောလက်မောင်းလေးကို ခပ်တင်းတင်းလှမ်းဆွဲလိုက်လေသည်။ ထိုအချိန်တွင်ပဲ သူမ၏ရှပ်အင်္ကျီကြယ်သီးကပြုတ်ထွက်သွားပြီး ကော်လံမှာပွင့်သွားကာ သူမလည်ပင်းတွင်း အနမ်းမှတ်တစ်ခုပေါ်ထွက်လာတော့သည်။

ထိုအမှတ်မှာ ယောက်ျားတစ်ယောက်နမ်းထားခြင်းကြောင့်ဖြစ်လာသည့် အနမ်းမှတ်ပင်။

ချန်းယန်မှာ ထိုအရာကိုမြင်သည်နှင့် မျက်ဝန်းအိမ်များတုန်ခါနေတော့သည်။ ၎င်းမှာ သူမြင်တွေ့နေရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေသလိုပင်။ ထို့နောက် သူက လက်ကိုမြှောက်ကာ ရှောင်လင်းယွီကိုပါးကို လွှဲရိုက်လိုက်တော့သည်။

***

All Chapters