တကယ်သစ္စာဖောက်တဲ့သူက…
Vol. 1 Ch. 7
ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့သည် ရှောင်လင်းယွီအတွက် ယောက်ျားတစ်ယောက်စီစဉ်ပေးခဲ့သော်လည်း အနမ်းမှတ်ကိုတွေ့လိုက်ရချိန်တွင်တော့ ချန်းယန်သည် အမှန်တကယ်သစ္စာဖောက်ခံရသလို ခံစားလိုက်ရသည်။ ဒါကြောင့်ပဲ သူအလွန်ဒေါသထွက်သွားကာ ရှောင်လင်းယွီကို ပါးရိုက်ဖို့လုပ်လိုက်ခြင်းပင်။
သူ့ဒေါသက သူ့ရဲ့ချင့်ချိန်နိုင်စွမ်းကိုပါ ဖုံးလွှမ်းသွားပြီး ရှောင်လင်းယွီကိုရိုက်ရန် လက်ကိုယမ်းချလိုက်သည်။
သို့သော်လည်း…
“မင်းဘယ်သူလဲ?” ယောက်ျားတစ်ယောက်ဆီက အတားခံလိုက်ရတာကြောင့် ချန်းယန်ဒေါသတကြီးမေးလိုက်လေသည်။ ထိုယောက်ျားကို သူအရင်ကမမြင်ဖူးတာကြောင့် လုပ်ဖော်ကိုင်ဖက်ထဲကတော့မဟုတ်ပေ။ ယန်စစ်မင်လို အလွန်တရာချောမောခန့်ညားသည့်ရုပ်ရည်ကိုမြင်ဖူးသူတိုင်း သေချာပေါက် မှတ်မိကြပေမည်။
‘ဒါဆို ကုမ္ပဏီရဲ့ဖောက်သည်များလား။’ ထိုအမျိုးသားရဲ့နောက်ခံကိုမသိတာကြောင့် ချန်းယန်ဒေါသကို ပြန်ထိန်းချုပ်လိုက်သည်။
ယန်စစ်မင်က ချန်းယန်၏လက်ကောက်ဝတ်ကို ဆွဲကာ နှာခေါင်းရှုံ့လိုက်သည်။ “အရွယ်ရောက်ပြီးသားယောက်ျားတစ်ဘောက်က မိန်းကလေးတစ်ယောက်ကိုရိုက်ချင်နေတယ်ပေါ့။ မင်း ဒီနေ့တော့ ငါ့စည်းကိုကျော်မိသွားပြီပဲ၊ ခွေးကောင်!”
ချန်းယန်၏အမူအရာမှာ အရုပ်ဆိုးသွားတော့သည်။
သူနှင့်ရှောင်လင်းယွီသည် ချစ်သူများဖြစ်သည်။ ရှောင်လင်းယွီက သူ့ကိုသစ္စဖောက်ပြီး ဓာတ်ပုံသက်သေပင်ကျန်ခဲ့သူဖြစ်သည်။ ချန်းယန်မှာသစ္စာဖောက်ခံခဲ့ရတာကြောင့် သူမကိုပါးရိုက်ချင်ခဲ့သည်။ လူတိုင်းကလည်း သူမှန်သည်ဟုတွေးကြကာ ဒီလိုသစ္စာမဲ့တဲ့ခွေးမကို အမှုန့်ကြိတ်ပစ်သင့်သည်ဟု တွေးကြလေသည်။
ချန်းယန်သည် နစ်နာသူတစ်ဦးနေရာက အပီအပြင်သရုပ်ဆောင်နေကာ လူတိုင်းကလည်း သူရဲ့ဇာတ်ကွက်ကို ဝယ်နေကြသည်။ သို့သော်လည်း အကြောင်းအရင်းမရှိ မကောင်းတဲ့ကောင်လို့ရော ခွေးကောင်လို့ပါ အခေါ်ခံလိုက်ရတာကြောင့် ချန်းယန်အမှန်ကို ဒေါသထွက်လာတော့သည်။
သူက အံတင်းတင်းကြိတ်ကာ “ဒါက ငါတို့ကြားကကိစ္စပါ။ အပြင်လူတစ်ယောက်နဲ့ဘာမှမဆိုင်ဘူးလို့မထင်ဘူးလား?”
သူက တမင် အပြင်လူဆိုသည့်စကားလုံးကို ဖိကာပြောလိုက်သည်။
ယန်စစ်မင်၏မျက်နှာထက်တွင် ထူးဆန်းသည့်အပြုံးတစ်ခုပေါ်လာကာ သူ့အင်္ကျီလက်ကိုအသာညှိလိုက်ပြီး “အိုး၊ ဒါက ငါနဲ့ဆိုင်တာပေါ့။ ဘာလို့ဆို ငါက ဒီအမျိုးသမီးရဲ့…. မနေ့ညတုန်းကအဖော်လေ။”
သူကအလုပ်ကိုလက်ခံထားပြီးမှတော့ ကစားပွဲကိုသေချာလေးပါဝင်ကစားပေးရမည်ပင်။
ယန်စစ်မင်သည် ကိစ္စတစ်ခုလုံးက မရိုးရှင်းမှန်းခန့်မှန်းထားပြီးဖြစ်သည်။ သာမာန်ကုမ္ပဏီဝန်ထမ်းငယ်လေးတစ်ဦးရဲ့ကိုယ်ပိုင်ဘဝကဟာ ကုမ္ပဏီတစ်ခုလုံးအာရုံစိုက်ခံရဖို့အထိ ဆွဲထုတ်မခံရသင့်ပေ။ မဟုတ်ရင် ဒီကဝန်ထမ်းတွေက တစ်နေ့လုံးအတင်းအဖျင်းတွေပြောပြီးပဲ အချိန်ဖြုန်းနေကြတာမို့လို့လား?
“ဘာ?!” ယန်စစ်မင်၏စကားကြောင့် လူတိုင်းထိတ်လန့်သွားကြလေသည်။
လင်းရှန်းယွီကတော့ အအံ့ဩဆုံးလူဖြစ်ကာ ထုတ်ပင်ပြောမိလေသည်။ “မဖြစ်နိုင်တာ! ပုံထဲမှာရှီနေတာက ရုပ်ဆိုးဆိုးသက်လတ်ပိုင်းအရွယ်လူကြီးပါ!”
သူတို့ရှေ့ရှိအမျိုးသားမှာ အလွန်ချောမောလှကာ ချန်းယန်ပင်မယှဉ်နိုင်ပေ။ သူ့နှုတ်ခမ်းထပ်ရှိ ခပ်ဆိုးဆိုးအပြုံးကာ ပိုလို့တောင်ဆွဲဆောင်မှုရှိသွားစေသည်။ ထိုအမျိုးသားသည် ကြည့်လိုက်ရုံဖြင့် အမျိုးသမီးများကိုဆွဲဆောင်သွားကာ ရင်တလှပ်လှပ်ဖြစ်လာစေနိုင်စွမ်းရှိသည်။
တခြားလူတွေထက်စာရင် ဒီလိုယောက်ျားမျိုးနဲ့သာအိပ်ရမယ်ဆို အမျိုးသမီးတော်တော်များများမှာ ကိုယ့်ဘက်ကတောင် ငွေပြန်ပေးလိုက်ကြမည်ပင်။ ဒါကြောင့် ရှောင်လင်းယွီ ထိုမျှကံကောင်းနိုင်လိမ့်မည်ဟု လင်းရှန်းယွီ လက်မခံနိုင်ခြင်းဖြစ်သည်။ သူမစိတ်ထဲတွင်တော့ ရှောင်လင်းယွီသည် ကမ္ဘာပေါ်မှရုပ်အဆိုးဆုံးယောက်ျားဖြင့်သာထိုက်တန်သည်ပင်။
“ဘာလို့မဖြစ်နိုင်ရမှာလဲ?” ပြန်ဖြေလာသူကတော့ ရှောင်လင်းယွီပင်။ သူမက လင်းရှန်းယွီ၏အံ့ဩနေသည့်အမူအရာကိုကြည့်ကာ ခပ်ထေ့ထေ့ပြုံးလိုက်ပြီး၊ “ငါသာ ယောက်ျားတစ်ယောက်ရှာနေတာဆိုရင် ဘာလို့ရုပ်ဆိုးဆိုး၊ အသက်ကြီးကြီးလူကိုရှာရမှာလဲ? ဒါပေါ့၊ ငါလည်း ချောမောပြီးချေငံတဲ့ယောက်ျားကိုရှာလိုက်တယ်လေ။” ထို့နောက် ရှောင်လင်းယွီက ယန်စစ်မင်နားသွားပြီး လက်ကိုချိတ်လိုက်ကာ ချိုသာသည့်အပြုံးလေးဖြင့်၊ “ငါ ချန်းယန်ကိုသစ္စာဖောက်သွားတယ်လို့နင်တို့ပြောကြတယ်မလား၊ နင်တို့မှန်ပါတယ်။ ငါသူနဲ့အတူရှိနေခဲ့တာလေ! ဘယ်လို သူချောတယ်မလား?”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ကျသွားကာ ထိတ်လန့်အံ့ဩနေကြလေသည်။
ရှောင်လင်းယွီက မန်နေဂျာချန်းကိုသစ္စာဖောက်ရုံတင်မကသေး လူသစ်ကိုပါ ကုမ္ပဏီဆီခေါ်လာလိမ့်မည်ဟု ဘယ်သူမှမထင်ထားခဲ့ပေ။ သူမဘာတွေတွေးနေတာလဲ? မန်နေဂျာချန်းကို အနာဆားသိပ်ဖို့ပါကြံနေတာလား?
လက်ရှိတွင် ဘယ်သူမှ ရှောင်လင်းယွီ၏အမေးကိုဘယ်လိုဖြေရမှန်းမသိကြပေ။ သို့သော်လည်း အားလုံးသည် ချန်းယန်ကိုသာ သနားသည့်အကြည့်များဖြင့် လှည့်ကြည့်လိုက်ကြသည်။
“ရှောင်လင်းယွီ၊ မင်းတကယ်ပဲ ငါတို့ဆက်ဆံရေးကိုလွှင့်ပစ်တော့မလို့လား?” ချန်းယန်ဒေါသရောထိတ်လန့်မှုများပါရော၍ မေးလိုက်သည်။ သို့ပေမယ့်တချိန်တည်းမှာပဲ သူ့အတွေးထဲတွင်၊ “ကိစ္စတွေက ဘာလို့စီစဉ်ထားတဲ့အတိုင်းမဖြစ်ရတာလဲ? သူက ဓာတ်ပုံထဲကသက်လတ်ပိုင်းလူကြီးရဲ့မဒိမ်းကျင်ခံရမှာလေ၊ ဒီယောက်ျားနဲ့မဟုတ်ဘူး။”
ထိုသက်လတ်ပိုင်းလူကြီးကို ကျောက်ဝမ်မန့်အထူးတလည်ရွေးချယ်ထားခြင်းဖြစ်သည်။ သူက ကုမ္ပဏီအတွက် ဆက်ဆံရခက်ခဲသည့်ဖောက်သည် လီယွမ်ဖာပင်ဖြစ်သည်။
လီယွမ်ဖာသည် မိန်းမလိုက်စားသည့်နှာဘူးတစ်ယောက်ပင်။ သူက အိပ်ရာထဲတွင်ဆော့ကစားရသည်ကိုသဘောကျကာ တစ်ခါက မတော်တဆ မိန်းမတစ်ယောက်ကိုတောင် သတ်လိုက်မိသေးသည်။ ကံကောင်းစွာဖြင့် ထိုအမျိုးသမီး၏နောက်ခံကဘာမှမဟုတ်တာကြောင့် သူမ၏သေဆုံးမှုကို အလွယ်တကူဖုံးကွယ်နိုင်ခဲ့သည်။
လီယွမ်ဖာသည်၏ကုမ္ပဏီ၊ ဟုန်ဖာကုမ္ပဏီက ဟွေ့ချင်အုပ်စုနှင့်ပူးပေါင်းရန်ရှိကာ လီယွမ်ဖာက မိန်းမတစ်ယောက်တောင်းဆိုခဲ့သည်။
ရှောင်လင်းယွီသည် လီယွမ်ဖာ၏မြင်ကွင်းထဲဝင်သွားခဲ့သည်။ ဒါ့အပြင် ရှောင်လင်းယွီသည် ဟွေ့ချင်အုပ်စုလက်ထောက်မန်နေဂျာ၏ချစ်သူဖြစ်ကြောင်းပါသိသွားချိန်မှာတော့ သူပိုလို့တောင်ပျော်ရွှင်သွားခဲ့လေသည်။
အစီအစဉ်အရ ကုမ္ပဏီက စာချုပ်ချုပ်ဖို့အတွက် ရှောင်လင်းယွီကို Marriottဟိုတယ်ကိုသွားခိုင်းမည်ဖြစ်သည်။ ထို့နောက် သူတို့ဘက်က သူမကိုဆေးခပ်ဖို့ တစ်ယောက်ယောက်လွှတ်ပေးလိမ့်မည်။ သို့ပေမယ့် ကြားထဲမှာဘာဖြစ်သွားလို့ လီယွမ်ဖာနဲ့တခြားတစ်ယောက်ပြောင်းသွားရတာလဲ?
ချန်းယန် စိတ်ရှုပ်နေသော်လည်း အဓိကကတော့ သူအရမ်းဒေါသထွက်နေခြင်းပင်။ သူ့ဒေါသတွေက ရှောင်လင်းယွီသည် သူ့ကိုတကယ်သစ္စာဖောက်သွားသည့်အပြင် နည်းနည်းလေးမှအပြစ်ရှိစိတ်ပင်မပေါ်နေသောကြောင့်ဖြစ်သည်။
ရှောင်လင်းယွီက ယန်စစ်မင်၏လက်မောင်းကိုပါချိတ်လိုက်သည်ကို ချန်းယန်မြင်သည်နှင့် ပိုလို့တောင်ဒေါသဖြစ်သွားတော့သည်။
“ရှောင်လင်းယွီ၊ ငါဘာတွေများလုပ်မိလို့ မင်းငါ့အပေါ်ဒီလိုလုပ်နိုင်ရတာလဲ? မင်းဘယ်လိုလုပ် ငါ့ကိုနာကျင်စေပြီး ငါတို့ရဲ့ဆယ်စုနှစ်ချီတဲ့အချစ်ကိုသစ္စာဖောက်ရတာလဲ?”
ထိုမြင်ကွင်းက ချန်းယန်အတွက် ပိုလို့တောင် သနားဂရုနာသက်မိသွားစေသည်။ ချက်ချင်းဆိုသလိုပင် ဂရုဏာကြီးလှသည့်အမျိုးသမီးထုကြီးက အုံကြွလာကာ ထိပ်ဆုံးကတော့ လင်းရှန်းယွီပင်။
“ရှောင်လင်းယွီ၊ နင် ဒီခွေးမ…” သူမဆုံးအောင်မပြောနိုင်သေးခင်မှာပဲ ရှောင်လင်းယွီက သူမကိုပါးရိုက်လိုက်ပြန်သည်။
“ငါနင့်ကိုသည်းခံနေတာတော်တော်ကြာပြီ။ ငါ့ကိစ္စကိုအကုန်လိုက်ဝင်ပါနေရအောင် နင်ကဘယ်သူမလို့လဲ? နင့်ပါးစပ်က ထပ်ပြီးအသံထွက်ရဲထွက်ကြည့် နင့်သွားတွေကျွတ်ထွက်တဲ့အထိ ရိုက်ပစ်မယ်!”
လင်းရှန်းယွီမှာ ကြောင်အသွားကာ ရှောင်လင်းယွီကိုကြည့်နေမိပြီးနောက် ပါးစပ်ပိတ်သွားတော့သည်။
ရှောင်လင်းယွီက ချန်းယန်ဘက်ကိုပြန်လှည့်သွားကာ လှောင်ပြောသည့်အပြုံးဖြင့်၊ “ချန်းယန်.. ဒါက … သေချာပေါက် နင်လိုချင်တဲ့အခြေအနေမဟုတ်ဘူးလား? ဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲ?” သူမက ကျောက်ဝမ်မန့်ကိုပါ တစ်ချက်စောင်းကြည့်လိုက်သည်။
ထို့နောက် လက်ဖျောက်တစ်ချက်တီးလိုက်ကာ၊ “အိုး…ငါမှားသွားတာ။ ကိစ္စတွေက တကယ်ကိုနင်စီစဉ်ထားတဲ့အတိုင်းဖြစ်မသွားဘူးပဲ။ အဆုံးမှာတော့ ငါကရုပ်ဆိုးဆိုးလူကြီးနဲ့အိပ်ခဲ့မိဘူးလေ။ ဒါကြောင့် နင်ဒေါသထွက်နေတာပဲ၊ ဟုတ်တယ်ဟုတ်?”
လူတိုင်း “….”
ဘာတွေဖြစ်ကုန်တာလဲ?
ယန်စစ်မင် “….”
ငါသိသားပဲ!
***