မေးခွန်းထုတ်ခြင်း
Vol. 1 Ch. 8
သူမဘာကိုဆိုလိုချင်တာလဲ?
ရှောင်လင်းယွီကို တခြားယောက်ျားတစ်ယောက်နဲ့အိပ်မိဖို့စီစဉ်ခဲ့တာ ချန်းယန်လား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ချန်းယန်သည်လည်း ထိတ်လန့်သွားကာ သူ့စိတ်ထဲတွင် ထိတ်လန့်ဖွယ်အကြောင်းအရာတစ်ခုကိုတွေးမိသွားသည်။
သူ့အမူအရာကချက်ချင်းပင်ပြောင်းလဲသွားကာ တုန်လှုပ်နေသည့်အမူအရာဖြင့် မေးလိုက်သည်။ “ယွီအာ၊ မင်းဘာ-ဘာအဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေတာလဲ?”
ထို့နောက် တစ်စုံတစ်ခုက သူ့ဘက်မြှားဦးလှည့်လာတော့မည်ကိုရှောင်ဖို့အရေး၊ “မင်း ကိုယ့်ကိုဒေါသထွက်နေလို့ ဒီလိုတွေရမ်းပြောနေတာမဟုတ်လား?”
ရှောင်လင်းယွီကတော့ ချန်းယန်၏အရှက်မဲ့လှသည့်အသုံးအနှုန်းများကြောင့် ဒေါသထွက်ရမည့်အစား လှောင်သာရယ်လိုက်သည်။ “ချန်းယန်၊ နင်နဲ့ မစ္စကျောက်ကတော့ ငါအဓိပ္ပါယ်မရှိတာတွေပြောနေလား မပြောနေလား သေချာပေါက်သိသင့်တယ်!”
ချန်းယန်၏တုံ့ပြန်မှုကိုပင် ရှောင်လင်းယွီမစောင့်ခဲ့ဘဲ ကျောက်ဝမ်မန့်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ချန်းယန်ယန်ကို မျက်နှာသေဖြင့်ပြန်ကြည့်လိုက်ပြန်ကာ၊ “မနေ့ညက၊ မာကတ်တင်းဌာနရဲ့မန်နေဂျာလီဆီကနေ ငါဖုန်းတစ်ကောလ်ရခဲ့တယ်။ သူက ဖောက်သည်ကိုဧည့်ခံပေးဖို့ သူနဲ့အတူ Marriottဟိုတယ်ကိုလိုက်ပေးဖို့ပြောလာတယ်လေ။ ကုမ္ပဏီက အဲ့ဒီဖောက်သည်ကိုအရမ်းရချင်နေတာကြောင့် ငါ့ကို သူ့ကိုကောင်းကောင်းဧည့်ခံပေးဖို့ပြောတယ်။”
ထိုအချိန်မှာပဲ လူအုပ်ထဲကတစ်ယောက် နားမလည်စွာဖြင့်မေးလာသည်။ “ဒါပေမယ့် မင်းက HRဌာနကလေ၊ ဘယ်လို့ မန်နေဂျာလီက မင်းကိုအကူအညီတောင်းရတာလဲ?”
ဒါကသိပ်တော့မမှန်ပေ။ ဤသည်မှာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ အကြီးမားဆုံးတားမြစ်ချက်မှာ မတူညီသည့်ဌာနတစ်ခုနှင့်တစ်ခုကြား ဝင်ရောက်စွက်ဖက်ခြင်းပင်။ ဒါကို ဘာကြောင့် မန်နေဂျာလီက HRဌာနက ဝန်ထမ်းတစ်ယောက်ကို ဘာလို့ သူတို့ဖောက်သည်ကိုဧည့်ခံဖို့ပြောရတာလဲ? သူတို့ မာကတ်တင်းဌာနမှာ ဝန်ထမ်းကောင်းတွေမရှိတော့လို့လား?
ထိုအခိုက်မှာပဲ မာကတ်တင်းဌာနမန်နေဂျာ လီခွေ့ကို ဝန်ထမ်းတော်တော်များများက သံသယအကြည့်များဖြင့်ကြည့်လာကြသည်။
လီခွေ့သည်လည်း မီးတောက်က သူ့ဆီကူးစက်လာလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ဘာပဲဖြစ်ဖြစ် သူမှားတယ်လို့တော့ ဘယ်ဟာကိုမှ ဝန်ခံမည်မဟုတ်ပေ။
သူ ကျောက်ဝမ်မန့်နှင့်အကြည့်ချင်းဆုံသွားသည်နှင့် အသာခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်ဒေါသထွက်နေသာအမူအရာဖြင့်၊ “ရှောင်လင်းယွီ ငါ့ကိုလာမစွပ်စွဲနဲ့။ မင်းကသာ အဲ့ဒီဖောက်သည်နဲ့တွေ့ချင်ပါတယ်ဆိုပြီး တောင်းဆိုခဲ့တဲ့လူလေ။ မင်းပဲ သူချမ်းသာတာသိလို့ သူနဲ့သိကျွမ်းချင်တာပါဆို။ ကဲ အားလုံးလဲ၊ ဒီလောက်ဆိုဘာကိုဆိုလိုတာလဲ နားလည်ကြရောပေါ့!”
လီခွေ့တစ်ပတ်ဝေ့ကြည့်လိုက်ရာ တော်တော်များများ၏အကြည့်ကာ ရှောင်လင်းယွီထံသို့ ပြန်ဦးတည်သွားသည်ကို တွေ့လိုက်ရသည်။
ထိုတော့မှ တိတ်တခိုးသက်ပြင်းချရင်း ရလဒ်ကိုကျေနပ်နေတော့သည်။
လီခွေ့ကဆက်လက်ပြီး၊ “ငါနဲ့အဲ့ဒီဧည့်သည်အစည်းအဝေးလုပ်ဖို့ရှိတာကို မင်းဘယ်လိုကနေဘယ်လိုသိသွားလဲတော့မသိပေမယ့် မင်းပဲ ငါ့ကိုမင်းနဲ့အတူခေါ်သွားပေးဖို့ အတင်းတောင်းဆိုတာလေ။ မင်းပဲ မန်နေဂျာချန်းကိုကူညီဖို့လုပ်ချင်တာပါဆို။ မန်နေဂျာချန်းရဲ့မျက်နှာကြောင့် မင်းတောင်းဆိုချက်ကိုလိုက်လျောပြီး မနေ့က ဖောက်သည်နဲ့မတွေ့ခင် မင်းကိုဖုန်းဆက်ပေးခဲ့တာမဟုတ်ဘူးလား။”
လီခွေ့သည် စွပ်စွဲခံရ၍ မခံမရပ်နိုင်ဖြစ်နေသည့်ဇာတ်ကောင်စရိုက်ကိုသရုပ်ဆောင်နေကာ ရှောင်လင်းယွီကိုလက်ညှိုးထိုးပြီး ကျယ်ကျယ်လောင်လောင်အော်ဟစ်တော့သည်။ “မင်းဘယ်လိုလုပ် ငါ့ကိုလွှဲချချင်နေရတာလဲ!”
သူက ဘေးကလူအုပ်ကြီးကိုလည်းကြည့်လိုက်ပြန်ကာ၊ “မင်းတို့အမှန်တရားကိုသိချင်ကြတယ်ဆိုရင်လည်းပြောပြရတာပေါ့။ ရှောင်လင်းယွီက ဖောက်သည်နဲ့လည်းတွေ့ပြီးရော တစ်ဖက်လူက လုပ်ငန်းစုကြီးတစ်ခုရဲ့အထွေထွေမန်နေဂျာဖြစ်မှန်းသိသွားတာ ချက်ချင်းဖျားယောင်းဖို့လုပ်တော့တာပဲ။ သူက ဖောက်သည်ကိုသူလိုချင်လို့ ငါ့ကိုတောင်ထွက်သွားပေးဖို့ပြောလိုက်သေးတယ်။ ငါလည်း မန်နေဂျာချန်းကိုယုံတာဆိုတော့ လက်လွှဲပေးလိုက်တယ်လေ။”
ထို့နောက် ရှောင်လင်းယွီကို ထေ့ငေါ့သည့်အကြည့်ဖြင့်ကြည့်လိုက်ကာ စကားကိုဆက်လိုက်သည်။ “ဒါပေမယ့် မမျှော်လင့်ထားဘဲ သူက ဖောက်သည်ကိုဆေးခပ်ပြီး ဟိုတယ်တောင်အတူသွားလိုက်သေးတယ်! နောက်ဘာဆက်ဖြစ်လဲဆိုတာ ငါရှင်းပြဖို့မလိုတော့ဘူးထင်တယ်။”
ဇာတ်လမ်းနောက်ဆက်တွဲကတော့ ကုမ္ပဏီအုပ်စုဖွဲ့စကားပြောခန်းထဲတွင်ပျံ့နေသည့် ဓာတ်ပုံများက ရှင်းပြပြီးသားပင်။ လီခွေ့၏ရှင်းပြချက်များကိုကြားပြီးနောက် လူများက သူ့ဘက်ပါသွားကာ သူ့ဇာတ်လမ်းကို မှန်မမှန်ပင်စစ်ဆေးခြင်းမရှိကြတော့ပေ။
“ရှောင်လင်းယွီ၊ နင်တော်တော်အရှက်မရှိတာပဲ။ ဒီလိုအရာမျိုးကိုလုပ်ပြီး ဘယ်လိုလုပ်အမြင့်တက်ဖို့ကြံရတာလဲ? ကိုယ့်ဘာသာလုပ်ခဲ့တာကိုတောင် တခြားလူကိုပြန်ချောက်ချချင်လိုက်သေးတယ်။ တော်တော်ရွံစရာကောင်းတာပဲ!”
“ရှောင်လင်းယွီ၊ နင်ကတော့ ကမ္ဘာပေါ်မှာအရှက်မဲ့ဆုံးလူပဲ! အခုတော့ ငါတို့မှာ ပစ္စည်းသက်သေရော မျက်မြင်သက်သေပါရှိနေပြီလေ။ နင်ဘာများပြောချင်သေးလဲ?”
“ဟုတ်တယ်၊ ဓာတ်ပုံနဲ့တင်နင့်အမှားဆိုတာ သေချာနေပြီ။ ဒါကိုတောင် ဘယ်လိုလုပ် မန်နေဂျာလီနဲ့မန်နေဂျာချန်းကို စွပ်စွဲဖို့တွေးနိုင်ရသေးတာလဲ?”
……
ရှောင်လင်းယွီ ထိုအခိုက်အတန့်တွင် သူမ၏အတိတ်ဘဝအခြေအနေထဲ ပြန်လည်ကျရောက်သွားသလိုခံစားလိုက်ရသည်။ အတိတ်အချိန်တုန်းကလည်း ဤသို့သောစကားလုံးများဖြင့် သူမတိုက်ခိုက်ခံခဲ့ရကာ အကြီးအကျယ်စိတ်ထိခိုက်ခဲ့ရသည်။ သူမကိုယ်သူမဘယ်လိုခုခံကာကွယ်ပြောဆိုရမလဲဆိုသည်ကိုလည်း မတွေးနိုင်ခဲ့ပေ။
ဒါပေမယ့် ဒီတစ်ခေါက်တော့…
ရှောင်လင်းယွီတစ်ယောက် သူမဘေးမှ အရုပ်ဆိုးလှသည့်မျက်နှာများကို တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်ကာ၊ “နင်တို့တွေအားလုံး ကန်းကုန်ကြတာလား? ငါက အဲ့ဒီဝက်ခေါင်းကို ဆေးခပ်ခဲ့တယ်ပေါ့? ပုံတွေကိုလည်း ပြန်ကြည့်စမ်းပါဦး။ သူက ဆေးခပ်ခံထားရတဲ့ပုံပေါ်နေလို့လား? ငါကသာ သူ့လက်ထဲမှာအသယ်ခံနေရတဲ့လူလေ! အဲ့တော့ ဘယ်သူကမှဆေးခပ်ခံထားရတာလဲ? ငါ့မှာ အဲ့ရွံစရာကောင်းတဲ့လူလက်ထဲ ပါသွားတော့မလိုပဲ။ တော်သေးလို့ ငါလွတ်သွားတာ မဟုတ်ရင် သူတို့အကြံအစည်တွေအောင်မြင်သွားတော့မလို့။ မန်နေဂျာချန်း ရှင် ကျွန်မဘက်ကရပ်တည်ပေးမယ်မလား။”
ချန်းယန်၏အမူအရာမှာ အလွန်ရုပ်ဆိုးသွားကာ ဒေါသတကြီးအော်ဟစ်တော့သည်။ “တော်လောက်ပြီ ရှောင်လင်းယွီ။ မင်းတော်တော်ကြောက်စရာကောင်းတာပဲ။ ဒါက မင်းရဲ့အသက်မွေးဝမ်းကြောင်းကိုမြှင့်တင်ဖို့ တစ်ခုတည်းသောနည်းလမ်းမဟုတ်ဘူး။ မင်းက မင်းကိုယ်မင်းအရူးလုပ်ရုံမက ငါ့ကိုပါ မင်းဘက်က ရပ်တည်ပေးစေချင်နေသေးတာလား? ရှောင်လင်းယွီ မင်းငါ့ကိုအရမ်းစိတ်ပျက်စေတယ်။ မင်းငါ့ကိုဒီလိုမျိုးပြန်ဆက်ဆံစေအောင် ငါဘာတွေများလုပ်ခဲ့မိလို့လဲ? မင်းငါ့ကိုမချစ်တော့ဘူးဆိုရင်လည်း ပုံမှန်အတိုင်း ငါနဲ့လမ်းခွဲလိုက်လို့ရတာပဲ။ ဘာလို့ ငါ့ကိုအရှက်ခွဲဖို့ပါလုပ်ရတာလဲ?”
“ကျွန်မ ရှင့်ရဲ့သရုပ်ဆောင်စွမ်းရည်ကို တကယ်ပဲချီးကျူးပါတယ်။ ဒါက ရှင့်ဆီက ကျွန်မပြန်သင်ယူရမယ့်ပညာပဲ။ ချန်းယန်၊ ကျွန်မတို့သိလာတာ ဆယ်နှစ်ရှိပြီ။ ရှင်ဒီလောက် အကြင်နာမဲ့တာ ကျွန်မတကယ်ကိုမသိခဲ့ဘူး။ ကျွန်မတို့ရဲ့ ဆယ်နှစ်တာဆက်ဆံရေးကို ရှင့်ရဲ့အကျိုးအမြတ်အတွက် အသာလေးလွှင့်ပစ်နိုင်တယ်။ စိတ်ပျက်စေတာနဲ့အရှက်ကွဲတဲ့အကြောင်းပြောရမယ်ဆို ငါကမှ တကယ့်နစ်နာသူပဲ!” ရှောင်လင်းယွီ နောက်ဆုံးစကားလုံးများအရောက်တွင် ခံစားချက်ကိုမထိန်းချုပ်နိုင်စွာ ဖွင့်ထုတ်ပစ်တော့သည်။
‘ဒီမကောင်းတဲ့ကောင်ကို ဆယ်နှစ်တာလုံးချစ်ခဲ့မိတာ ငါတော်တော်ကန်းနေလို့ပဲ’
သူမသားနှင့်သူမဘဝကိုဆုံးရှုံးအောင်လုပ်ခဲ့သည့် ချန်းယန်ကိုကျေးဇူးတင်ရမည်။ ဤတစ်ခေါက် ပြန်လည်ရရှိသည့်အခွင့်အရေးတွင်တော့ သူမထပ်တူညီသည့်အမှားမျိုးပြုလုပ်တော့မည်မဟုတ်ပေ။
လူအုပ်ကြီးက နားမလည်နိုင်မှုများဖြင့် ရှောင်လင်းယွီကိုကြည့်နေလေသည်။ သူတို့က ချန်းယန်ဘက်တွင်သာရှိနေကြသေးကာ ရှောင်လင်းယွီတစ်ယောက် ရူးသွားလို့ ဒီလိုအဓိပ္ပါယ်မရှိသည့် စွပ်စွဲချက်များလုပ်နေသည်ဟု တွေးနေကြလေသည်။
ချန်းယန်က အခြေအနေမယိမ်းယိုင်သွားစေရန် ဝင်ပြောဖို့ပြင်လိုက်သော်လည်း ရှောင်လင်းယွီက အခွင့်မပေးပေ။ “ချန်းယန်၊ နင်မစ္စကျောက်နဲ့အတူရှိနေတာဘယ်လောက်ကြာပြီလဲ? နင်တို့နှစ်ယောက် တရားဝင်စေ့စပ်ပွဲမလုပ်ခင်ကလည်းက အားလုံးလုပ်ပြီးသွားတာတော့ သေချာတယ်။”
ချန်းယန် အသက်ရှူရပ်လိုက်မိသည်။ သူ့ဦးရေပြားတို့ကျဉ်တက်လာကာ အမူအရာမှာ အမျိုးမျိုးပြောင်းလဲနေတော့သည်။
ဘေးမှာထိုင်ကာ အေးအေးဆေးဆေးပွဲကြည့်နေခဲ့သော ကျောက်ဝမ်မန့်ပင်လျှင် ထိတ်လန့်သွားကာ သူမအမူအရာလည်း ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ရှောင်လင်းယွီ ထိုအကြောင်းသိနေလိမ့်မယ်လို့ နှစ်ယောက်လုံးမထင်ထားကြပေ။
‘သူဘယ်တုန်းကသိသွားတာလဲ? ဘယ်လောက်အထိသိထားပြီးပြီလဲ?’ သဘာဝကျစွာပဲ ထိုမေးခွန်းများကို ပါးစပ်ကတော့ ထုတ်မမေးနိုင်ကြပေ။
ချန်းယန်တစ်ယောက် ရှောင်လင်းယွီကိုပြန်အော်ဖို့ကြံနေတုန်းမှာပဲ ရှောင်လင်းယွီကအရင်ပင်၊ “နင် သူနဲ့စေ့စပ်ချင်ပေမယ့် ငါက ကြားခံနေတယ်လေ။ ငါနဲ့လမ်းခွဲပြီး ကျောက်ဝမ်မန့်နဲ့စေ့စပ်ပြန်ရင်လည်း လူတွေရဲ့အတင်းအဖျင်းတွေကပေါ်လာတော့မယ်။ သူတို့က အရူးတွေမှမဟုတ်တာ။ ချန်းယန်က ငွေအတွက်နဲ့ သူ့ချစ်သူကောင်မလေးကို စွန့်ပစ်လိုက်တယ်လို့ သူတို့ပြောလာကြလိမ့်မယ်။ ဒီတော့ နင်ရဲ့ဂုဏ်သတင်းကိုကာကွယ်ဖို့အရေး ငါ့ကိုဖျက်ဆီးဖို့ပဲ မတုံ့မဆိုင်းဆုံးဖြတ်လိုက်တယ်လေ။ ဒါပေမယ့် နင်လုပ်တာ ငါ့အသက်ကိုပါထိခိုက်လုနီးနီးပဲ!”
ရှောင်လင်းယွီ၏ဒေါသက ပိုပိုပင်ကြီးလာခဲ့သည်။ “ချန်းယန်၊ ငါနင့်ကိုဘာများလုပ်ခဲ့မိလို့လဲ? ဘာလို့ ဒီလောက်တောင် အကြင်နာမဲ့ရတာလဲ? ဘာလို့ နင့်အကျိုးအမြတ်အတွက်နဲ့ ငါ့ကိုချနင်းဖို့လုပ်ရတာလဲ?”
လူတိုင်းမှာ မထင်မှတ်ထားသည့်ဇာတ်ကြောင်းအပြောင်းအလဲကြောင့် ကြောင်အနေကြလေသည်။
သို့သော်လည်း ပါဝင်လာသူက ဥက္ကဌ၏သမီးဖြစ်နေတာကြောင့် ဘာကိုမှဝင်မပြောရဲကြပေ။
***