နောက်ထပ်ဖြတ်ရိုက်ပြန်ပြီ!
Vol. 1 Ch. 10
ကျောက်ဝမ်မန့်သည် သူမကိုစစ်ဆေးမေးမြန်းသလိုပြောလာတာကြောင့် အလွန်ဒေါသထွက်သွားပြီး အော်ဟစ်တော့သည်။ “ရှောင်လင်းယွီ၊ ငါ့ကိုစွပ်စွဲတဲ့အတွက် နင့်ကို တရားစွဲပစ်မယ်”
အခြေအနေတွေက ဤကဲ့သို့ပြောင်းလဲသွားမည်မှန်း ကျောက်ဝမ်မန့်မမျှော်လင့်ထားခဲ့ပေ။ ကိစ္စတွေက သူတို့ထိန်းချုပ်မှုအောက်မှ လုံးဝလွတ်ထွက်သွားနေပေပြီ။
ချန်းယန်ကလည်း၊ “ယွီအာ၊ အဲ့ဒါလုံးဝအမှန်မဟုတ်ဘူး။ မင်းနားလည်မှုအကြီးကြီးလွဲနေပြီ!” သူနှင့်ကျောက်ဝမ်မန့်တို့ စေ့စပ်တော့မည့်အကြောင်းမပြောနှင့် တွဲနေကြောင်းကိုတောင် ဘယ်သူမှသိမနေသင့်ပေ။ ကျောက်ဝမ်မန့်နှင့်ချန်းယန်တို့၏ဂုဏ်သတင်းကိုထိခိုက်မည်စိုးတာကြောင့် ရှောင်လင်းယွီနှင့်တရားဝင်မပြတ်စဲမပြီးမချင်း သူတို့ဆက်ဆံရေးကိုထုတ်ဖော်လိမ့်မည်မဟုတ်ပေ။
ချန်းယန်သည် သူ၏ပြီးပြည့်စုံသည့်အမျိုးသားဟူသောဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းလိုသည်။ ဒါကြောင့် ဤကိစ္စက သူ့နာမည်ကိုအစွန်းအထင်းဖြစ်သွားစေမည်အား မလိုလားပေ။
ရှောင်လင်းယွီသည်တော့ ထိုနှစ်ယောက်၏အငြင်းစကားများကိုကြားပြီး အသာပြုံးလိုက်သည်။ “ဒီလိုဆို ဘာလို့ ငါ့ကိုဆေးခပ်ကိုအမိန့်ပေးရတာလဲ? ဒါ့အပြင် ငါ့ကိုဖျက်ဆီးဖို့ ရုပ်ဆိုးဆိုးလူတစ်ယောက်ကိုတောင်မှ တကူးတကစီစဉ်လိုက်သေးတယ်။ ငါ့နာမည်နဲ့ဘဝကိုဖျက်ဆီးလိုက်လို့ နင့်အတွက်ဘာရမှာမို့လို့လဲ?” ရှောင်လင်းယွီ၏မျက်လုံးများက လီခွေ့ထံပြန်ရောက်သွားကာ၊ “မမလေးကျောက်၊ မန်နေဂျာလီကိုယ်တိုင်ပြောတာလေ။ သူက ရှင့်အမိန့်အတိုင်း ကျွန်မကိုဆေးခပ်တာတဲ့။ ဒီတော့ မန်နေဂျာလီကလည်း ရှင့်ကိုစွပ်စွဲနေတာလို့ ရှင်ဆိုလိုတာလား၊ မမလေးကျောက်?”
ကျောက်ဝမ်မန့်၏မျက်နှာက ချက်ချင်းဖြူဖျော့သွားကာ သူမလက်ကိုမြှောက်ပြီး လီခွေ့၏ပါးထက်သို့ လက်ဝါးနှစ်ချက်ဆုချလိုက်တော့သည်။ “လီခွေ့၊ ကုမ္ပဏီက နင့်ကိုဒီလောက်ကောင်းပေးခဲ့တယ်လေ။ ရှောင်လင်းယွီကို ဆေးခပ်ဖို့ ငါဘယ်တုန်းကအမိန့်ပေးခဲ့လို့လဲ? ဘာလို့ငါ့ကိုလာစွပ်စွဲနေတာလဲ?” ကျောက်ဝမ်မန့်တစ်ယောက် လီခွေ့ကိုရိုက်ပြီးပြောနေသည့်တစ်လျှောက် လီခွေ့မျက်နှာကနေ အကြည့်မလွှဲခဲ့ပေ။ သူမက သူ့စကားတွေကို ပြန်ရုတ်သိမ်းစေချင်နေခြင်းဖြစ်ကာ တိုးတိုးတိတ်တိတ်ဖြင့် သူ့ကိုထောင်မကျအောင်လုပ်ပေးမည်ဟုပါ ကတိပေးနေသည်။
လီခွေ့လည်း အစောက သူ့စိတ်တွေကယောက်ကယက်ဖြစ်ပြီး ဘာတွေပြောထွက်မိသွားမှန်း သတိထားမိသည်။ သူသည် ဌာနတစ်ခု၏မန်နေဂျာတစ်ယောက်ဖြစ်တာကြောင့် ငတုံးတစ်ယောက်တော့မဟုတ်ပေ။ ဘာမှသာမဖြစ်ခဲ့ရင် လီခွေ့သည် ဉာဏ်ကောင်းကာ ကလိမ်ကျစ်ဉာဏ်များသူဖြစ်သည်။ သူအဖမ်းခံရတော့မည့်အချိန်ရောက်သွားမှသာ ဘာကိုမှမစဉ်းစားနိုင်ပဲပြောချမိခြင်းဖြစ်သည်။
သို့ပေမယ့် အခုတော့ သူ့စိတ်ငြိမ်သွားပြီဖြစ်ကာ ကျောက်ဝမ်မန့်၏သတင်းစကားကိုလည်း ရရှိသွားတာကြောင့် အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်သည်။ “မမလေး၊ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်ကြောက်အားလန့်အားနဲ့ ပြောချင်ရာလျှောက်ပြောမိသွားတာပါ။ မင်းငါ့ကိုဘာအမိန့်မှမပေးခဲ့ဖူးပါဘူး။ ဖောက်သည်က ရှောင်လင်းယွီကို စိတ်ဝင်စားနေတာမြင့်လို့ ကိုယ့်သဘောနဲ့ကိုယ် သူ့ကိုဆေးခပ်လိုက်တာပါ။”
ကျောက်ဝမ်မန့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ရှောင်လင်းယွီကို ဝံ့ကြွားနေသည့်အမူအရာဖြင့်ကြည့်လိုက်ပြီး၊ “ရှောင်လင်းယွီ၊ နင်ကြားပြီလား? ငါနင့်ကိုဘာမှမလုပ်ထားဘူး၊ ဒီတော့ ငါ့ကိုထပ်ပြီးမစွပ်စွဲတာကောင်းမယ်။ မဟုတ်ရင် နင့်ကိုတရားစွဲရလိမ့်မယ်!”
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်ကာ အဓိပ္ပါယ်ဖော်မရသည့်အပြုံးတစ်ပွင့်ဖြင့်၊ “ငါကနားပင်းနေတာမှမဟုတ်ဘဲ၊ သူပြောတာကြားတာပေါ့။ ဒါပေမယ့်… စကားထက် သက်သေတွေကပိုတိကျတယ်လေ။ သူသံတိုင်တွေကြားကိုရောက်သွားရင်လည်း ဒီလိုတစ်ပုံစံတည်းပြောဦးမလား ကြည့်ရသေးတာပေါ့!”
ထိုစကားက ကျောက်ဝမ်မန့်ကို နည်းနည်းလေးမှခြိမ်းခြောက်မှုမဖြစ်စေပေ။ သူမ၏မိသားစုနောက်ခံကိုသုံးပြီး လီခွေ့ကိုကာကွယ်ဖို့ဆိုတာ အလွယ်လေးပင်။
“အို…ဒါနဲ့၊ ငါ ဗီဒီယိုကို ရဲအရာရှိတွေဆီအပ်ပြီးသွားပြီနော်။” ရှောင်လင်းယွီက ထပ်ပြောလိုက်သည်။
ထိုစကားကြားချိန်တွင်တော့ လီခွေ့နှင့်ကျောက်ဝမ်မန့်တို့၏နှလုံးသားမှ တုန်ခါသွားလေသည်။ ကျောက်ဝမ်မန့်က၊ “ဗီဒီယို? ဘာဗီဒီယိုလဲ?” ဘာနောက်ခံမှမရှိသည့် ဝန်ထမ်းငယ်လေးတစ်ယောက်က သူမကိုခြိမ်းခြောက်နိုင်လောက်မည့် ဗီဒီယိုတစ်ခုကို ထုတ်ပြနိုင်လောက်မည်ဟု သူမ,မထင်ပေ။
“မနေ့ညက Marriottဟိုတယ်မှာ မန်နေဂျာလီနဲ့ဟိုဝက်ခေါင်းတို့ ငါ့ကိုဘယ်လိုဆေးခပ်မယ့်အကြောင်းဆွေးနွေးနေတဲ့ဗီဒီယိုလေ။”
ကျောက်ဝမ်မန့်စိတ်ရှုပ်သွားသလို လီခွေ့၏မျက်နှာသည်လည်း ပိုလို့ဖြူဖျော့သွားကာ ထိတ်လန့်စွာဖြင့်မေးလိုက်သည်။ “မင်းအဲ့ဗီဒီယိုဘယ်လိုလုပ်ရလာတာလဲ?”
Marriottဟိုတယ်သည် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်ကာ သူတို့ဧည့်သည်များ၏ကိုယ်ရေးကိုယ်တာကို ဂရုအစိုက်ဆုံးဖြစ်သည်။ ဘယ်လိုလုပ် သူတို့ရဲ့စောင့်ကြည့်ကင်မရာကဗီဒီယိုကို ရှောင်လင်းယွီလိုလူမျိုးကိုပေးလိုက်ရတာလဲ?
မနေ့ညက ရှောင်လင်းယွီ သန့်စင်ခန်းသွားနေတုန်း လီခွေ့နှင့်ဝက်ခေါင်းတို့က သူမသောက်နေသည့်သောက်စရာထဲတွင် ဆေးခပ်ခဲ့ခြင်းဖြစ်သည်။ သူတို့က ဆေးအကြောင်းကိုဆွေးနွေးနေကြသလို လီခွေ့က ရှောင်လင်းယွီသည် ကျောက်ဝမ်မန့်ထံမှလက်ဆောင်ဖြစ်ကြောင်းကိုပါ ဝက်ခေါင်းကိုပြောပြခဲ့သည်။ ထိုဗီဒီယိုသာထုတ်ဖော်ခံလိုက်ရလျှင် သူကျောက်ဝမ်မန့်အမိန့်အတိုင်းလုပ်နေခြင်းဖြစ်ကြောင်း လီခွေ့ငြင်းနိုင်တော့မည်မဟုတ်ပေ။
ရှောင်လင်းယွီကပြုံးလိုက်ပြီး၊ “မန်နေဂျာလီ ဒီအတွက်စိတ်ပူဖို့မလိုပါဘူး။”
အမှန်တကယ်တွင်တော့ ရှောင်လင်းယွီသည် ထိုအကြောင်းတွေးရင်း အတော်လေးခါးသက်နေသည်။ ဗီဒီယိုကိုရရှိဖို့ ထို‘အမျိုးသား’နောက်ခံကိုသုံးခဲ့ခြင်းဖြစ်သည်။ သူမအထူးခန်းထဲတွင်နိုးလာသည်နှင့် သူမနှင့်အိပ်ခဲ့သည့်အမျိုးသားတွင် အင်အားကြီးသည့်နောက်ခံရှိလောက်မည်ဖြစ်ကြောင်း ရှောင်လင်းယွီခန့်မှန်းမိခဲ့သည်။ ထို့ကြောင့် ဟိုတယ်တာဝန်ခံကို ဗီဒီယိုတောင်းရာတွင် အခန်း ၈၈၈မှ တည်းခိုသူ၏အမျိုးသမီးအဖော်အဖြစ် ဟန်ဆောင်ခဲ့သည်။
ထိုသို့ဟန်ဆောင်ခြင်းက အလုပ်ဖြစ်သွား၍ ရှောင်လင်းယွီပင် အံ့ဩခဲ့ရသည်။ တာဝန်ခံက ချက်ချင်းမဆိုင်း သူမကို ဗီဒီယိုအားပေးလာခဲ့သည်။
ထိုအခိုက်အတန့်တွင် သူမနှလုံးသားထဲ၌ ခါးသည်းမှုရော ပျော်ရွှင်မှုကိုပါ ခံစားလိုက်ရသည်။ ထိုအမျိုးသားသည် ကမ္ဘာပေါ်က ဘုရင်တစ်ယောက်ဖြစ်နိုင်သော်လည်း သူမရှောင်လင်းယွီအတွက်ကတော့ ဒါဟာ ထိုသူနှင့်နောက်ဆုံးဆက်သွယ်ရခြင်းဖြစ်လေသည်။ ဗီဒီယိုကိုရပြီးသည်နှင့် ဟိုတယ်ဧည့်ကြိုစားပွဲတွင် မှတ်စုတိုတစ်ခုချန်ခဲ့ကာ သူမထွက်လာခဲ့တောသည်။ သူမက ဧည့်ကြိုကိုလည်း ထိုမှတ်စုကို အခန်း ၈၈၈ သို့ပို့ပေးရန်ပြောခဲ့သည်။
ရဲအရာရှိနှစ်ဦးမှာ စိတ်မရှည်ကြတော့ပေ။ “လီခွေ့၊ ငါတို့နဲ့လိုက်ခဲ့တော့!” ထို့နောက် သူတို့က လီခွေ့ကိုဆွဲခေါ်သွားကြတော့သည်။
လီခွေ့ဆွဲခေါ်သွားခံရသည်နှင့် လူတိုင်း၏အမူအရာများက သိချင်စိတ်များပိုလို့ပင်နိုးကြွလာတော့သည်။
သူတို့က ရှောင်လင်းယွီသည် မိန်းမပျက်တစ်ယောက် အပျော်မယ်တစ်ယောက်ဟု တွေးခဲ့ကြသော်လည်း တကယ်တမ်းတော့ သူမက နစ်နာသူဖြစ်နေလေသည်။ ဇာတ်ကြောင်းအပြောင်းအလဲက အတော်လေးအံ့ဩဖို့ကောင်းလှသည်။ လီခွေ့ကတော့ ထိုကိစ္စမှာ ကျောက်ဝမ်မန့်ခိုင်းသည်ဟု ပြောခဲ့ပြန်သည်။ သူမရည်ရွယ်ချက်ကလည်း ရှောင်လင်းယွီ၏ချစ်သူကိုခိုးယူဖို့ပင်။ သူတို့နှစ်ယောက်အတူရှိနိုင်ဖို့အတွက် ရှောင်လင်းယွီအပေါ် ဤမျှရက်စက်သည့်အကွက်ကိုချက်ခဲ့ခြင်းဖြစ်နေသည်။
ချန်းယန်သည်တော့ အတော်လေးတုန်လှုပ်နေခဲ့သည်။ ရှောင်လင်းယွီလို ဖြူစင်သည့်ပန်းပွင့်လေးတစ်ပွင့်က ဒီလိုပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပုံမှန်ဆိုလျှင် သူမသည် တိတ်ဆိတ်ငြိမ်သက်စွာနေတတ်သူဖြစ်သော်လည်း တစ်ခါပေါက်ကွဲလိုက်သည်နှင့် တစ်လောကလုံးကိုထိတ်လန့်သွားစေလေသည်။ သူမက အရာအားလုံးကိုထုတ်ဖော်ခဲ့ပြီး သူတို့အားလုံးကို ဆွဲထုတ်နိုင်ဖို့ အသေအချာကိုစီစဉ်နိုင်ခဲ့လေသည်။
ဒါက ရှောင်လင်းယွီထံမှာ ဖြစ်လာလိမ့်မည်ဟု ချန်းယန်မမျှော်လင့်ထားသည့်ကိစ္စမျိုးပင်။
‘ဒါနဲ့မဟုတ်သေးပါဘူး။ တစ်ခုခုတော့မှားနေသလိုပဲ။’ ချန်းယန် ရုတ်တရက်သတိထားမိသွားသည်။ ‘ရှောင်လင်းယွီက ငါနဲ့ကျောက်ဝမ်မန့်ရဲ့ဆက်ဆံရေးကိုဘယ်လိုလုပ်သိသွားတာလဲ? ဘယ်အချိန်ကတည်းကသိနေတာလဲ?’
ချန်းယန်က ရှောင်လင်းယွီကို ရန်လိုစွာစိုက်ကြည့်လိုက်သည်။ ထို့နောက် နူးညံ့လှသောအသံဖြင့်မေးလိုက်လေသည်။ “ယွီအာ၊ မင်းအထင်လွဲနေတာပဲ။ မမလေးကျောက်က ဘယ်လိုလုပ် ကိုယ့်လိုလူမျိုးကိုချစ်မိမှာလဲ? ဒီလိုအဓိပ္ပါယ်မရှိတဲ့အတွေးတွေ မင်းကိုဘယ်သူစပေးလိုက်တာလဲ? ဒီပေါက်ကရအတွေးတွေကြောင့် ကိုယ့်ကိုဒီလိုလုပ်တာလဲ?”
ချန်းယန်၏မျက်နှာထက်တွင် ခေါင်းခဲကာစိတ်ပျက်သည့်အမူအရာများဖြင့်ပြည့်နေကာ၊ “ယွီအာ၊ မင်းက ဒီလိုကြမ်းတမ်းတဲ့မိန်းကလေးတစ်ယောက်မဟုတ်မှန်း ကိုယ်သိပါတယ်။ ဒါပေမယ့် မင်းဒီလိုမမလေးကျောက်ကို ချောက်ချဖို့လုပ်နေမယ်ဆိုရင် ထောင်ထဲရောက်သွားမယ်ဆိုတာသိရဲ့လား? မင်းဘယ်တုန်းကတည်းက ဒီလိုကျိုးကြောင်းဆင်ခြင်မှုမရှိဘဲ မနာလိုဝန်တိုတတ်တဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲသွားတာလဲ? နောက်မကျခင် မြန်မြန်ရပ်လိုက်ပါတော့လား? ကိုယ်နဲ့မမလေးကြားမှာ ဘာကိစ္စမှမရှိဘူး၊ မင်းလည်း ကိစ္စတွေကိုအဆုံးသတ်သင့်ပြီ။”
ချန်းယန်က ယခုကိစ္စအားလုံးမှာ ရှောင်လင်းယွီ သဝန်တိုခြင်းကြောင့်လုပ်နေခြင်းဟု လမ်းကြောင်းပေးသွားသည်။ တခါတည်းနှင့် ရှောင်လင်းယွီက ရူးနေပြီး၊ ကျောက်ဝမ်မန့်ကတော့ အပြစ်ကင်းစင်သူတစ်ယောက်အဖြစ် ပုံဖော်သွားပေသည်။
“ကျွတ်၊ မင်းက ဘယ်လိုယောက်ျားမျိုးလဲ? မင်းရဲ့ချစ်သူကောင်မလေးဆီမှာ ဒီလိုအဖြစ်အပျက်ဖြစ်ထားတာကို မင်းက သူ့ကိုနှစ်သိမ့်ပေးမယ့်အစား တခြားမိန်းမတစ်ယောက်ကိုကာကွယ်ပေးနေတယ်ပေါ့? ဘယ်တစ်ယောက်ကမှ မင်းချစ်သူအမှန်လဲ?” ယန်စစ်မင်က သရော်ဟန်ဖြင့်ပြောလိုက်သည်။ “ပြီးတော့ ဒီအမျိုးသမီးနဲ့မင်းကြားမှာ ဘာအကန့်မှမရှိဘူးလို့တောင်ပြောလိုက်သေးတယ်။ ငါတို့အားလုံးကို ငတုံးတွေများမှတ်နေလား?”
***