ကုန်းထျန်းဟောက်
Vol. 1 Ch. 11
Marriott ဟိုတယ် Presidential Suite ၈၈၈ တွင် အနက်ရောင်မျက်မှန်တစ်လက်နှင့် ဝတ်စုံပြည့်ဝတ်ထားသည့်လူငယ်တစ်ယောက်သည် ရွှေရောင်ထိုင်ခုံကြီးထက်တွင်ထိုင်နေသည့် နောက်ထပ်အမျိုးသားတစ်ယောက်ကို အစီရင်ခံလို့နေသည်။
ထိုအမျိုးသားတွင် ပြီးပြည့်စုံသည့်ခန္ဓာကိုယ်အချိုးအစားရှိကာ အလွန်လည်းချောမောလှသည်။ သူ၏မျက်နှာအစိတ်အပိုင်းများမှာ ပြေပြစ်လှပပြီး လွှမ်းမိုးချယ်လှယ်လိုသည့်အရှိန်အဝါတို့ဖြင့် လိုက်ဖက်ညီစွာပေါင်းစပ်နေခဲ့သည်။ သူ၏မျက်လုံးများကတော့ အလွန်နက်ရှိုင်းကာ ခက်ခဲနက်နဲမှုများဖြင့်ပြည့်နှက်နေသည်။
လက်ရှိတွင်တော့ ထိုသူက ရေချိုးတဘက်အဖြူတစ်ထည်ဖြင့် သူ့ကိုယ်သူပတ်ထားကာ နောက်တဘက်တစ်ထည်ဖြင့် သူ၏နက်မှောင်သည့်ဆံပင်များကို သုတ်နေခဲ့သည်။ အတွင်းရေးမှူးလီက သူတင်ပြစရာရှိသည်များကိုတင်ပြပြီးနောက် ထိုအမျိုးသားကို တုံ့ဆိုင်းဆိုင်းဖြင့်ကြည့်လိုက်လေသည်။
ကုန်းထျန်းဟောက်က သူ့ကိုပြန်ကြည့်လိုက်ပြီးနောက် အလွန်အမင်းအေးစက်လှသောလေသံဖြင့်၊ “မင်းမှာပြောစရာရှိရင်ပြော! မင်းပုံစံက ငါကပဲမင်းကိုအနိုင်ကျင့်နေသလိုပဲ။”
လီယွမ်ဟန်လည်းပြုံးလိုက်ကာ၊ “ထျန်းဟောက်၊ ငါဟိုတယ်ဧည့်ကြိုစားပွဲကိုဖြတ်လာတုန်းက ဧည့်ကြိုက ငါ့ကိုမှတ်စုတစ်ခုပေးလိုက်တယ်။ ပြောတာတော့ အမျိုးသမီးတစ်ယောက်က မင်းအတွက်ချန်သွားခဲ့တာတဲ့။”
လီယွမ်ဟန်သည် ကုန်းထျန်းဟောက်၏အတွင်းရေးမှူးဖြစ်ရုံသာမက အကောင်းဆုံးသူငယ်ချင်းလည်းဖြစ်သည်။ သူတို့နှစ်ယောက်သည် ကျောင်းတက်ကတည်းကအတူတူရှိခဲ့ကြကာ ကုန်းထျန်းဟောက်က ကုကုန်းလုပ်ငန်းစုတွင် သူ့အတွင်းအရေးမှူးအဖြစ်အလုပ်လုပ်ရန်အတွက် လီယွမ်ဟန်ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ကုန်းထျန်းဟောက်က လီယွမ်ဟန်၏မြင့်တက်နေသောမျက်ခုံးများကိုကြည့်လိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ၊ “အမျိုးသမီးတစ်ယောက်?”
လီယွမ်ဟန်က သူ့အမူအရာကိုပြန်ထိန်းလိုက်ပြီး ပိုပြီးလေးနက်သည့်ပုံစံဖြင့်ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ အဲ့ဒီအမျိုးသမီးက မနေ့ညက သူဒီအခိန်းမှာအချိန်ကုန်ခဲ့တာလို့ ဧည့်ကြိုကောင်တာကိုပြောခဲ့တယ်တဲ့။” လီယွမ်ဟန်က စပ်စုလိုဟန်ဖြင့်၊ “ထျန်းဟောက်၊ မင်းတကယ်ပဲ မနေ့ညက အမျိုးသမီးတစ်ယောက်နဲ့တစ်ညလုံးအတူရှိခဲ့တာလား?”
လွန်ခဲ့သည့်၈နှစ်က ဖြစ်ရပ်ကို လီယွမ်ဟန်မှတ်မိနေသေးသည်။ ထိုဖြစ်ရပ်ပြီးကတည်းက ကုန်းထျန်းဟောက်သည် အမျိုးသမီးများကို ငြင်းဆန်လာခဲ့ခြင်းပင်။ မရေမတွက်နိုင်သည့်အမျိုးသမီးများက ကုန်းထျန်းဟောက်၏ရင်ခွင်ထဲ ပစ်ဝင်ဖို့ကြိုးစားခဲ့ကြပေမယ့် အောင်မြင်သူဟူ၍မရှိခဲ့ပေ။ ထို့ကြောင့် မနေ့ညက ကုန်းထျန်းဟောက်၏အခန်းထဲတွင် အမျိုးသမီးတစ်ယောက်ရှိနေခဲ့ကြောင်း လီယွမ်ဟန်ကြားလိုက်ရသည်နှင့် သူ အလွန်စိတ်ဝင်စားသွားတော့သည်။ ကုန်းထျန်းဟောက်ကို သူ၏စည်းမျဉ်းကိုပါချိုးဖောက်စေခဲ့သည့်အမျိုးသမီး ဘယ်သူများဖြစ်မလဲ သူမြင်ချင်လှသည်။
ကုန်းထျန်းဟောက်၏မျက်နှာမှာ မဲမှောင်သွားကာ အံကြိတ်လိုက်ပြီး၊ “လီယွမ်ဟန်၊ ငါမင်းကိုပေးထားတဲ့အလုပ်တွေက အတော်တော်နည်းနေတယ်ထင်တယ်။ မင်းက ရပ်ကွက်ထဲကအဒေါ်ကြီးတွေလို အတင်းအဖျင်းတွေပြောပြီး မင်းဘော့စ်ရဲ့ကိစ္စထဲဝင်ပါချင်နေတယ်ပေါ့! ဒီလိုဆိုမှတော့ ကျန်တဲ့တစ်နှစ်လုံး မင်းနားရက်ယူဖို့စိတ်မကူးနဲ့တော့!”
လီယွမ်ဟန်သည် ကုန်းထျန်းဟောက်၏စိတ်ထဲမှမေးခွန်းကို အတိအကျဖော်ထုတ်ခဲ့ခြင်းပင်။ သူလည်း မနေ့ညကဘာဖြစ်သွားခဲ့မှန်း နားမလည်နိုင်ပေ။ သူ့အိပ်ရာထဲတွင်အမျိုးသမီးတစ်ယောက်ကိုတွေ့ခဲ့သော်လည်း သူမကိုမောင်းထုတ်ရမည့်အစား သူမနှင့်အတူနေခဲ့မိလေသည်။
သို့ပေမည့် ထိုဆန်းကြယ်သည့်အမျိုးသမီး၏သွင်ပြင်ကို ရုတ်တရက်ပြန်အမှတ်ရသွားသည်နှင့် သူ့အမူအရာက ပြန်ပြီးမဲမှောင်သွားခဲ့ပြန်သည်။
သူက အေးစက်လှသည့်အသံဖြင့်၊ “မနေ့ကအမျိုးသမီးကို ဘယ်သူပို့လို့တာလဲ?”
သူ Zမြို့ကိုလာသည့်ခရီးစဉ်ကို လျှို့ဝှက်ထားခဲ့သော်လည်း လူတချို့ကရှာတွေ့သွားခဲ့သည်။ သူတို့က သူ့ဆီကမျက်နှာသာပေးမှုရဖို့အတွက် ဘာမဆိုလုပ်ကြမည်ပင်။ သူက ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် သူတို့က သူ့ဆီသို့အမျိုးသမီးများကို မကြာခဏပို့တတ်ကြသည်။
ထို့ကြောင့် မနေ့ညကအမျိုးသမီးသည်လည်း နောက်ထပ်သူ့အတွက်လက်ဆောင်တစ်ခုသာဖြစ်မည်ဟု ကုန်းထျန်းဟောက် ကောက်ချက်ချလိုက်ခြင်းပင်။
လီယွမ်ဟန်အံ့အားသင့်သွားသည်။ ထို့နောက် သူကမျက်မှောင်ကြုတ်လိုက်ကာ သံသယတချို့ဖြင့်၊ “ထျန်းဟောက်၊ အဲ့အမျိုးသမီးကို မင်းကိုယ်တိုင်အခန်းထဲလာဖို့ ဖိတ်ခေါ်ခဲ့တာမဟုတ်ဘူးပေါ့? မင်းဆီ အမျိုးသမီးတွေပို့ပေးချင်နေတဲ့ကုမ္ပဏီဆိုတာ အနည်းအကျဉ်းပဲရှိတယ်။ ဒါပေမယ့် ငါအဲ့ကုမ္ပဏီအားလုံးကို ငြင်းထားပြီးသားလေ။” ကုန်းထျန်းဟောက်သည် ထိုကဲ့သို့လိင်မှုကိစ္စပိုင်းဆိုင်ရာလာဘ်ထိုးမှုများကို မနှစ်သက်ကြောင်း လီယွမ်ဟန်သိတာကြောင့် သူ့သူငယ်ချင်းအားကူညီကာ အားလုံးကိုငြင်းဆိုထားပေးခဲ့သည်။
ကုန်းထျန်းဟောက်က လီယွမ်ဟန်၏မျက်နှာကို သေချာကြည့်လိုက်ပြီးနောက် သူ၏အေးစက်စက်မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။ သူက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။ “ဒါဆို အဲ့ဒီအမျိုးသမီးက ဘယ်ကရောက်လာတာလဲ?”
လီယွမ်ဟန်လည်း မသိပေ။ သူက တစ်ခုခုကိုတွေးမိသွားကာ အိတ်ကပ်ထဲက မှတ်စုတိုကိုထုတ်ပြီး ကုန်းထျန်းဟောက်ကို ကမ်းပေးလိုက်သည်။ “ထျန်းဟောက်၊ အဲ့ဒီအမျိုးသမီးက မင်းနာမည်ကိုသုံးပြီး မန်နေဂျာကျူးဆီက စောင့်ကြည့်ကင်မရာမှတ်တမ်းယူသွားတယ်။ ပြီးတော့ မင်းအတွက်မှတ်စုတိုလည်းချန်းသွားခဲ့သေးတယ်။”
ကုန်းထျန်းဟောက်၏အမူအရာမှာ စက်ဆုပ်သည့်ဘက်သို့ပြောင်းလဲသွားကာ၊ “လွှင့်ပစ်လိုက်တော့၊ ငါစိတ်မဝင်စားဘူး။ သူက အခုထွက်သွားပြီး ငါချန်ပေးထားတဲ့ချက်လက်မှတ်ကိုပါ ယူသွားမှတော့ သူနဲ့ဘာမှထပ်ပြီးပတ်သတ်စရာအကြောင်းမရှိတော့ဘူး။”
လီယွမ်ဟန်တစ်ခုခုပြောတော့မည့်အချိန်မှာပဲ ကုန်းထျန်းဟောက်၏ဖုန်းက အသံမြည်လာခဲ့သည်။
ဖုန်းခေါ်ဆိုသည့်နံပါတ်ကိုမြင်လိုက်သည်နှင့် ကုန်းထျန်းဟောက်၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားကာ အမြန်ကိုင်ပြီး မေးလိုက်သည်။ “ဒေါက်တာဟွမ်း၊ ကျွန်တော့်အဖိုးတစ်ခုခုဖြစ်လို့လား? ဟုတ်ပြီ၊ ကျွန်တော်အခုပဲပြန်လာခဲ့မယ်!”
ဖုန်းချပြီးသည်နှင့် သူ့အမူအရာကလေးနက်သွားသည်။ “ယွမ်ဟန်၊ အထုပ်ပြင်တော့။ ငါတို့မြို့တော်ကိုပြန်မှဖြစ်တော့မယ်။ အဖိုးနေမကောင်းဘူး!”
လီယွမ်ဟန်လည်း စိုးရိမ်သွားကာ၊ “အကြီးအကဲအဆင်ပြေရဲ့လား?”
ကုန်းထျန်းဟောက်က ခေါင်းအသာယမ်းလိုက်သည်။ “ပြောရခက်တယ်! ဒေါက်တာဟွမ်းပြောတာတော့ ဒီတစ်ခေါက်အဖိုးရဲ့အခြေအနေက သိပ်မကောင်းဘူးတဲ့!”
“ကောင်းပြီ၊ ငါအခုပဲသွားထုပ်ပိုးလိုက်တော့မယ်။ ငါတို့ မြို့ကိုတော်ချက်ချင်းပြန်ကြတာပေါ့!” လီယွမ်ဟန်လည်း မှတ်စုတိုကို အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။ လေထုကိုဖြတ်သန်းပြီးနောက် အောက်သွားကျသွားချိန် မှတ်စုလေးသည် ပွင့်လာကာ စာရွက်ပေါ်တွင် စကားလုံးနှစ်လုံးသာရှိနေခဲ့သည်။ “ကျေးဇူး!”
ထိုစကားလုံးများကို ဘယ်သူကမှမမြင်ခဲ့သလို ဂရုလည်းမစိုက်ကြပေ။
ဆယ်မိနစ်ကြာပြီးနောက်၊ Marriottဟိုတယ်၏ခေါင်မိုးထပ်တွင် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးဆင်းသက်လာကာ ထိုအမျိုးသားနှစ်ယောက်ကို ခေါ်ဆောင်သွားတော့သည်။
……
ဟွေ့ချင်လုပ်ငန်းစုဆီသို့ပြန်သွားရရင်ဖြင့်၊ ယန်စစ်မင်၏စကားများကိုကြားလိုက်သည်နှင့် ချန်းယန်၏မျက်နှာမှာ မည်းမှောင်သွားလေသည်။ သူက အလွန်စိတ်တိုသွားကာ ဒေါသတကြီးအော်ဟစ်တော့သည်။ “မင်းကဘာကောင်တုန်း? ဘာတွေလာဟောင်နေတာလဲ?”
ချန်းယန်က အံကြိတ်တင်းတင်းကြိတ်ကာ မလုံမလဲဖြင့်အော်ဟစ်နေတော့သည်။ “ငါတို့နှစ်ယောက်က ဖြူစင်တယ်ကွ!”
ယန်စစ်မင်၏ခန့်ညားသည့်မျက်နှာထက်တွင် ဆန်းကြယ်သည့်အပြုံးတစ်ခုပေါ်ထွက်လာကာ၊ “အိုး၊ ဖြူစင်တယ်ပေါ့? ဒီတော့ မင်းနဲ့မမလေးကျောက်ကြားမှာ ဘာလျှို့ဝှက်ဆက်ဆံရေးမှမရှိဘူးလို့ပြောချင်တာလား?”
ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့နှစ်ယောက်လုံး၏မျက်နှာမှာ ဒေါသကြောင့်နီရဲသွားကြတော့သည်။
ချန်းယန်က သေချာနေသည့်လေသံဖြင့်၊ “ ဒါပေါ့၊ ငါနဲ့မမလေးကျောက်ကြားမှာ ဘာကိစ္စမှမရှိဘူး!”
ချန်းယန်က သူနှင့်ကျောက်ဝမ်မန့်တို့၏ဆက်ဆံရေးကို ဝန်မခံခဲ့ပေ။ မဟုတ်ရင် သူတို့ဂုဏ်သတင်းပျက်စီးသွားပေလိမ့်မည်။ ထို့အပြင် ကုမ္ပဏီ၏ပုံရိပ်အတွက်လည်းမကောင်းပြန်ပေ။ ကျောက်ဝမ်မန့်အတွက်အဆင်ပြေနေရင်တောင် ချန်းယန်သည်တော့ စီးပွားရေးအသိုင်းအဝိုင်းမှ အမည်ပျက်စာရင်းအသွင်းခံရနိုင်သည်။
ချန်းယန်၏အဖြေကိုကြားပြီးနောက် ကျောက်ဝမ်မန့်မျက်မှောင်ကြုတ်လိုက်သည်။ သူမထိုအဖြေကို ကျေနပ်မနေပေ။ သို့သော်လည်း ဘာမှမပြောခဲ့ဘဲ ရှောင်လင်းယွီနှင့်ယန်စစ်မင်တို့ကို ကြည့်လိုက်သည်။
သို့သော်လည်း ယန်စစ်မင်ကို သူမပိုပြီးသေသေချာချာကြည့်လိုက်ပြီးသည်နှင့် ကျောက်ဝမ်မန့်၏သူငယ်အိမ်တို့ကျဉ်းမြောင်းလာကာ ထိတ်လန့်လာခဲ့သည်။
သူမက တစ်ခုခုကိုတွေးမိကာ မရေရာစွာဖြင့်မေးလိုက်သည်။ “သ-သခင်လေးယန်၊ ရှင်က သခင်လေးယန်လား?”
ဒါပေမယ့်မဖြစ်နိုင်ဘူး၊ ရှောင်လင်းယွီဆီမှာ ဒီလောက်ကောင်းတဲ့ကံမျိုးရောက်လာမှ သူမခွင့်မပြုပေးနိုင်ဘူး!
“ရှောင်လင်းယွီ၊ နင်သူနဲ့ဝေးဝေးနေစမ်း! သူဘယ်သူလဲ နင်သိရဲ့လား?!” ထို့နောက် ကျောက်ဝမ်မန့်က ယန်စစ်မင်ဆီသို့ အလျင်စလိုချဉ်းကပ်သွားတော့သည်။
***