သစ်သီးသစ်ရွက် ဆေးကြောခြင်း
Vol. 100 Ch. 1535
စကားသံက ပျံ့လွင့်သွားသည်နှင့် ကြည်လင်သော ပင်လယ်ပြင်ပေါ်ရှိ ခရမ်းနီရောင်အသားပိုထဲမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
မုန်တိုင်းက ပင်လယ်ပြင်တစ်ခုလုံးမှာ ထွက်ပေါ်လာပြီး ဆူနာမီလှိုင်းလုံးအဖြစ် ပြောင်းလဲသွားသည်။
ကမ္ဘာတုန်ဟီးစေနိုင်သော ဝုန်းခနဲ မြည်သံနှင့်အတူ ဧရာမလှိုင်းလုံးတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ လှိုင်းလုံးက လောကကို ပြောင်းပြန်လုပ်ပစ်ချင်နေသည့်အလားပင်။
အသွေးအသားများမှ ဖွဲ့စည်းထားသော ကောင်းကင်က လူးလွန့်သွားသည်။ ယင်းပေါ်မှ မရေမတွက်နိုင်သော အသွေးအသားလက်တံများကလည်း လှုပ်ခါသွားကြသည်။ လူတိုင်းဝင်ရောက်လာကြသော အက်ကွဲကြောင်းသည်တော့ ဤအခိုက်အတန့်မှာ ချက်ချင်း ပြန်ပိတ်သွားသည်။ ယင်းက ဤနေရာကို အန္တရာယ်ကုန်းမြေအဖြစ် ပြောင်းလဲသွားစေသည်။
အန္တရာယ်ကုန်းမြေထဲမှ သရော်လှောင်ပြောင်သံသည်သာ အချိန်အတော်ကြာအောင် ပဲ့တင်ထပ်သွားသည်။
ယင်းကို အုပ်ချုပ်သူအသီးသီးကြားသောအခါ သူတို့၏ အမူအရာက မည်းမှောင်သွားပြီး နောင်တက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
သူတို့က ဤနေရာသို့ မဝင်လာခဲ့သင့်ပေ။
လောဘသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းကို အတားအဆီး မဖြစ်စေပေ။ အရာအားလုံးက ထိုက်တန်ခြင်းရှိမရှိပေါ်မှာသာ မူတည်သည်။
ထိုအုပ်ချုပ်သူများသည် သွေးကြောင်သူများ မဟုတ်ကြပေ။ သို့မဟုတ်လျှင် သူတို့က မည်သို့ကြောင့် ဤအဆင့်ထိ ရောက်လာနိုင်ကြမည်နည်း။
သို့ဖြစ်၍ သူတို့မှာ အခွင့်အရေးတစ်ခုရှိကြောင်း စဉ်းစားမိသဖြင့် ဤနေရာဆီသို့ ရောက်လာခဲ့ကြသည်မှာ သာမန်သာ ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူတို့အားလုံးက ချက်ချင်း အနောက်ဆုတ်သွားကြပြီး အစွမ်းထက် အကာအကွယ်အလွှာများကို အသက်သွင်းလိုက်ကြသည်။ သူတို့က လက်ရှိအခြေအနေမှ ရုန်းထွက်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေနေကြစဉ် သူတို့၏ မျှော်လင့်ချက်ကို မဟာဧကရာဇ်မိစ္ဆာငှက်မွှေးဆီမှာ ပုံအပ်လိုက်ကြသည်။
သူတို့ထဲတွင် လင်းခွန်းအသွင် ပြောင်းလဲထားသော ပဉ္စမအုပ်ချုပ်သူမှလွဲ၍ ကျန်လူများက မဟာဧကရာဇ်မိစ္ဆာငှက်မွှေး၏ သွေးဆောင်မှုနှင့် တာအိုကျမ်းကျိန်မှု၏ ကတိကြောင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။ ပဉ္စမအုပ်ချုပ်သူသာလျှင် ကိုယ်ပိုင်သဘောဆန္ဒဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။
ထို့ပြင် သူတို့၏ မျှော်လင့်ချက်က အကျိုးမဲ့ခြင်း မဟုတ်ပေ။
အထူးသဖြင့် မဟာဧကရာဇ်မိစ္ဆာငှက်မွှေးနှင့် ဧကရီက အင်အားပူးပေါင်းလိုက်သည့်အခါ ဖြစ်သည်။
သူတို့က ငရဲမီးတောက်၏ အခွင့်အာဏာများ၊ အမွေအနှစ်များနှင့် မဟာဧကရာဇ်ရတနာများကို လုံးဝမရနိုင်ခြင်း မဟုတ်ပေ။
ရွှီချင်းနှင့် အားညိုသည်တော့…
သူတို့မှာလည်း ကိုယ်စီ ရည်ရွယ်ချက်များ ရှိကြသည်။
ရွှီချင်း၏ ရည်ရွယ်ချက်က အလွန်ရိုးရှင်းသည်။ သူက ကျင့်ကြံခြင်းအတားအဆီးကို ချိုးဖြတ်ချင်သည်။ ဤနေရာရှိ ကြည်လင်သော ပင်လယ်မှ ထုတ်လွှတ်နေသော စွမ်းအားက ဝိညာဉ်စွမ်းအင်မဟုတ်သလို နတ်ဘုရားအရင်းအမြစ်လည်း မဟုတ်ပေ။ သို့သော်လည်း ထိုထဲမှာ ကိန်းအောင်းနေသော အသက်စွမ်းအင်က သူ့အား မျှော်လင့်ချက်ကို မြင်တွေ့စေသည်။
‘ ဒီနေရာက ငါ့ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ အထူးသင့်တော်တယ် ’
အားညိုသည်တော့ သူက အသားပိုကို ကြည့်နေသည်။
အသားပိုထဲမှ ပုံရိပ်ကို ကြည့်နေရင်း သူက နှုတ်ခမ်းမသပ်ဘဲ မနေနိုင်ပေ။ ဤနေရာသို့ ရောက်လာသည့် သူ၏ မူလရည်ရွယ်ချက်က မဟာဧကရာဇ်၏ အလောင်းကို ထိန်းချုပ်ရန် ဖြစ်သည်။
ထိုရည်ရွယ်ချက်ကို ရရှိရန် အလွန်ခဲယဉ်းကြောင်း ထင်ရှားသည်။
သို့သော်လည်း သူ့မှာ ဒုတိယရည်ရွယ်ချက်ရှိသေးသည်။ ယင်းက သူ၏ အတိတ်ဘဝမှ အရိုးဆေးမီးဖိုကို အသက်သွင်းပြီး သူ၏ ဒုတိယမြောက်ဘဝမှ မှတ်ဉာဏ်များကို ရှာဖွေရန် ဖြစ်သည်။
သူ့မှာ ပထမဘဝနှင့် ဒုတိယမြောက်ဘဝ၏ မှတ်ဉာဏ်များ မရှိသေးပေ။
အကယ်၍ သူသာ ဒုတိယမြောက်ဘဝ၏ မှတ်ဉာဏ်များကို ဖမ်းဆုပ်နိုင်မည်ဆိုလျှင် ပထမဘဝ၏ ဇစ်မြစ်ကို ရှာဖွေနိုင်လိမ့်မည်ဟု သူခံစားမိသည်။
လူတိုင်းက သူတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်ဖြင့် အနောက်ဆုတ်သွားကြစဉ် ဧကရီနှင့် မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက အသားပိုဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
ကြည်လင်သော ပင်လယ်ပေါ်ရှိ ဧရာမအသားပိုထဲတွင် တင်ပျဉ်ခွေထိုင်နေသော မဟာဧကရာဇ်ငရဲမီးတောက်က ညာလက်ကို မြှောက်လိုက်သည်။
ကောင်ကင်က တုန်ယင်သွားပြီး ပြုတ်ကျလာသည်။
ထိုမြင်ကွင်းက ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေသည်။
ဤသည်မှာ ကောင်းကင်က ကျဆင်းလာပြီး မြေပြင်ကို ဖျက်ဆီးချင်နေသည့်အလားပင်။
၎င်းက အရာအားလုံးကို ချေမွဖျက်ဆီးလိုက်သည်။
၎င်း၏ အရှိန်အဝါက ကမ္တာတုန်ဟီးစေရန် လုံလောက်သည်။
တစ်ချိန်တည်းမှာ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က တစ်ပြိုင်နက် လှုပ်ခတ်သွားသည်။ ဤသည်မှာ ဟင်းလင်းပြင်က ဒြပ်ထည်ရှိလာပြီး ကြီးမားသော စွမ်းအားနှင့်အတူ အလယ်ဗဟိုမှာ စုဝေးသွားဟန် ရ၏။
အောက်ဘက်မှ ပင်လယ်သည်လည်း ထို့အတူပင်။ ပင်လယ်က လေထဲသို့ မြှောက်တတ်သွားပြီး အပေါ်မှ ကျဆင်းလာနေသော ကောင်းကင်နှင့် ဘေးပတ်ဝန်းကျင်၌ ကျုံ့သွားနေသော ဟင်းလင်းပြင်ကို ကြိုဆိုလိုက်သည်။
လောကတစ်ခုလုံးက မြန်ဆန်စွာ ကျုံ့သွားပြီး ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းသွားသည်။
ရွှီချင်း၏ စိတ်အာရုံထဲတွင် လောကကြီးက ဝေဝါးနေပြီး ဖိအားက အဆုံးမဲ့ကြောင်းကိုသာ သူခံစားမိသည်။ ဘေးပတ်ဝန်းကျင်က တွန်းထုတ်ခံနေရသော်လည်း သူ၏ အသိစိတ်က တုန်ယင်သွားပြီးနောက် သူမြင်နေရသော အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
ကောင်းကင်က အသွေးအသားကောင်ကင် ဖြစ်နေဆဲပင်။
မြေပြင်က ကြည်လင်သော ပင်လယ်ဖြစ်နေဆဲပင်။
ဘေးပတ်ဝန်းကျင်တွင် ကြီးမားသော အပြောင်းအလဲများ မရှိပေ။
ဧကရီနှင့် မဟာဧကရာဇ်မိစ္ဆာငှက်မွှေးသည်သာ ခရမ်းနီရောင်အသွေးအသားစက်လုံးဖြင့် လွှမ်းခြုံခံလိုက်ရသည်။
ယင်းကို ကောင်းကင်၊ မြေပြင်၊ ဟင်းလင်းပြင်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဤအခိုက်အတန့်မှာ ကျုံ့သွားသော လောက၏ အလယ်အမှတ်နှင့် ဘေးပတ်ဝန်းကျင်မှာ ဧကရီနှင့် မဟာဧကရာဇ်မိစ္ဆာငှက်မွှေးသာ ရှိကြတော့သည်။
ထိုမြင်ကွင်းကို စကားဖြင့် ဖော်ပြရန် ရွှီချင်းအတွက် အတော်လေး ခက်ခဲသည်။
ဤလောကက သစ်သီးတစ်လုံးနှင့် ဆင်တူသည်ဟု သူခံစားမိသည်။
လူတိုင်းက ထိုသစ်သီး၏ အလယ်အူတိုင်မှာ တည်ရှိနေကြစဉ် စောစောက မဟာဧကရာဇ်ငရဲမီးတောက်သည် မယုံကြည်နိုင်စရာကောင်းသော စွမ်းအားကို အသုံးပြု၍ ဟောင်းလောင်းပေါက်တစ်ခုကို ဖန်တီးလိုက်သည်။
ထို့နောက် သစ်သီးထဲမှ ဖယ်ရှားခံလိုက်ရသော အစိတ်အပိုင်းက စက်လုံးတစ်လုံးအဖြစ် ဖိသိပ်ခံလိုက်ရသည်။
ဧကရီနှင့် မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက ထိုစက်လုံးထဲမှာ ချိပ်ပိတ်ခံထားရသည်။ ရွှီချင်း၏ စိတ်အာရုံက မကြည်လင်လာခင် တူညီသော မြင်ကွင်းက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ယင်းက နှစ်ဆယ့်သုံးကြိမ်တိုင်အောင် ဆက်တိုက် ဖြစ်ပျက်ပြီးနောက် အရာအားလုံးက အဆုံးသတ်သွားဟန် ရ၏။
ဤလောကနှင့် ဘေးပတ်ဝန်းကျင်က ပုံမှန်ပြန်ဖြစ်သွားသည်။
သို့သော်လည်း သူတို့အာရုံခံမိသည်မှာ ရေခဲတုံး၏ အစွန်အဖျားမျှသာ ဖြစ်၏။
လူတိုင်းက တုန်လှုပ်ချောက်ချားသွားကြသည်။
ငရဲမီးတောက်က ဆက်ပြီး ပြောသည်။
“ ဒီထောင်ချောက်ကို နှစ်တစ်ထောင်ကြာအောင် ငါပြင်ဆင်ထားခဲ့တာ… အရေးကြီးအချိန်မှာ မိစ္ဆာငှက်မွှေးရောက်လာမှာကို ငါစောင့်နေရုံပဲ… ဒါမှ သူ့ကို သိမ်းပိုက်ပြီး ခန္ဓာကိုယ်အသစ်ကို ငါပိုင်ဆိုင်နိုင်မှာ ”
ဧရာမအသားပိုထဲတွင် မဟာဧကရာဇ်ငရဲမီးတောက်က တည်ငြိမ်စွာ ပြောသည်။
“ ပြီးတော့ မင်းတို့ကောင်တွေက ငါ့ရဲ့ ဘဝအသစ်အတွက် အာဟာရဓာတ်တွေ ဖြစ်လာကြလိမ့်မယ် ”
“ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါး ထွက်ပေါ်လာတာက ငါမမျှော်လင့်ထားတဲ့အရာပဲ… ဒါပေမဲ့ အဲ့ဒါက ချိုမြိန်တဲ့ အံ့ဩစရာပါ ”
ငရဲမီးတောက်က စကားပြောပြီးသည်နှင့် ဧကရီနှင့် မိစ္ဆာငှက်မွှေးအား ချုပ်နှောင်ထားသော အသားပိုကို ကြည့်လိုက်သည်။ ယင်းကို စစ်ဆေးကြည့်ပြီးနောက် သူက အမူအရာပျက်ယွင်းနေကြသော အဝေးမှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။
“ ငါ့ရဲ့ လောကမှာ အလွှာ(၃၃)လွှာရှိတယ်… အဲ့ဒီထဲက (၂၃)လွှာကို ခွဲထုတ်လိုက်ပြီး ချိပ်တံဆိပ်တွေအဖြစ် ပြောင်းလဲခဲ့တယ် ”
“ ကျန်တဲ့ ဆယ်လွှာက မင်းတို့အတွက် လုံလောက်ပါတယ် ”
ငရဲမီးတောက်က စကားဆုံးအောင် ပြောပြီးနောက် သူ၏ ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
နောက်အခိုက်အတန့်မှာ လူတိုင်းက မည်မျှရုန်းကန်ပါစေ သို့မဟုတ် မည်မျှခုခံပါစေ အချည်းနှီးသာ ဖြစ်၏။ လျှပ်တစ်ပြက်အတွင်းမှာ လောကက ဝုန်းခနဲ မြည်ဟိန်းသွားသည်။
အလွှာတစ်ခုက အသွေးအသားအဖြစ် ပြောင်းလဲသွားပြီး နန်းတွင်းအဝတ်အစားဝတ် အမျိုးသမီးကို လွှမ်းခြုံသွားသည်။
နောက်ထပ်အလွှာတစ်ခုက လှောင်ချိုင့်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပဉ္စမအုပ်ချုပ်သူကို ချုပ်နှောင်လိုက်သည်။
လူငယ်၊ ကျောင်းတော်သားနှင့် သေခြင်းစွမ်းအားကို အသုံးပြုသော အဖိုးအိုသည်လည်း ထို့အတူပင်။ သူတို့က သူတို့၏ ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြဘဲ ဤလောကမှ ခွဲထွက်သွားသော အလွှာများဖြင့် ဖုံးလွှမ်းခံလိုက်ကြရသည်။
သူတို့က အသားပိုများအဖြစ် ပြောင်းလဲသွားကြပြီး လေထဲမှာ လွင့်မျောသွားကြသည်။
ရွှီချင်းနှင့် အားညိုသည်လည်း အသားပိုတစ်ခုတည်းမှာ ချိပ်ပိတ်ခံလိုက်ရသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ငရဲမီးတောက်က မျက်လုံးမှိတ်လိုက်သည်။ သူက ဖြည်းညင်းစွာ အသက်ရှူသွင်းရှူထုတ်လိုက်သည့်အခါ သူ၏ ရင်ဘက်က နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားသည်။
သူက အသက်ရှူသွင်းလိုက်သည့်အခါတိုင်း လေထဲမှ အသားပိုအားလုံးက တုန်ယင်သွားကြပြီး စတင်ကျုံ့သွားကြသည်။
သူက အသက်ရှူထုတ်လိုက်သည့်အခါတိုင်း အသားပိုအားလုံးက ထပ်မံ တုန်ယင်သွားကြပြီး ဖောင်းကားသွားကြသည်။
သူက အသက်ရှူသွင်းရှူထုတ်လိုက်သည့်အခါတိုင်း အသားပိုထဲမှ လူတိုင်း၏ ကျင့်ကြံခြင်းနှင့် အသက်ဓာတ်က လွင့်ပြယ်သွားကြသည်။
ပြင်းထန်သော အန္တရာယ်က ဆင်းသက်လာသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ဤလောက၏ အလွှာ(၂၃)လွှာဖြင့် ဖွဲ့စည်းထားသော၊ ဧကရီနှင့် မိစ္ဆာငှက်မွှေးတည်ရှိကြသော အသားပိုက ရုတ်တရက် အပြင်းအထန် တုန်ခါသွားသည်။ ကျယ်လောင်သော မြည်သံက အသားပိုထဲမှ ပဲ့တင်ထပ်လာပြီး ၎င်းက မူလအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
ငရဲမီးတောက်က အသက်ရှူသွင်းလိုက်သည့်အခါ အသားပိုက ၎င်း၏ ကျုံ့သွားမည့်အဖြစ်ကို အတင်းအဓမ္မ တားဆီးလိုက်သည်။ ယင်းအစား ၎င်းက အင်အားအပြည့်ဖြင့် ဖောင်းကားလာသည်။
ငရဲမီးတောက်က အသက်ရှူထုတ်လိုက်သည့်အခါ ၎င်းက ကျုံ့သွားသည်။ အသားပိုက ငရဲမီးတောက်၏ ကိုယ်ပိုင်စွမ်းအားကို ငှားယူ၍ သူ့ကို ဆန့်ကျင်သော အင်အားကို ဖန်တီးလိုက်သည်။ သို့ဖြစ်၍ မကြာမီ ဧကရီနှင့် မိစ္ဆာငှက်မွှေးတည်ရှိကြသော အသားပိုပေါ်မှာ အက်ကွဲရာများက တဖြည်းဖြည်း ထွက်ပေါ်လာကြသည်။
ငရဲမီးတောက်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
နောက်အခိုက်အတန့်မှာ ပိုမိုများပြားသော အက်ကွဲရာများက ဧကရီနှင့် မိစ္ဆာငှက်မွှေးကို ချုပ်နှောင်ထားသော အသားပိုပေါ်မှာ ထွက်ပေါ်လာကြသည်။ ထို့နောက် နတ်ဘုရားအလင်းတန်းများက အသားပိုထဲမှ ပျံ့လွင့်ထွက်လာကြပြီး မိစ္ဆာငှက်မွှေး၏ အခွင့်အာဏာစွမ်းအားက ယင်း၏ အနောက်မှ လိုက်ပါလာသည်။
အသက်သုံးခါရှူချိန်အတွင်းမှာ ဤလောက၏ အလွှာ(၂၃)လွှာဖြင့် ဖွဲ့စည်းထားသော ချိပ်တံဆိပ်က ရုတ်တရက် ပေါက်ကွဲသွားသည်။
ဧကရီ၏ ပုံရိပ်က အသားပိုထဲမှ ထွက်ပေါ်လာပြီး ငရဲမီးတောက်ရှိနေသော အသားပိုဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
သူဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်က အက်ကွဲသွားသည်။
သူတို့က အတူတကွ တိုက်ခိုက်လိုက်သည်နှင့် မဟာဧကရာဇ်မိစ္ဆာငှက်မွှေး၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
သူတို့၏ အရှိန်အဟုန်က မရပ်တန့်နိုင်လုနီးပါး အံ့ဖွယ်ကောင်းသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူတို့နှစ်ယောက်က ငရဲမီးတောက်ရှိနေသော အသားပိုထဲသို့ ချိုးဖြတ်ဝင်ရောက်သွားကြသည်။
အသားပိုတစ်ခုလုံးက ချက်ချင်း ဖောင်းကားလာပြီး အတွင်းဘက်က အတော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည်။
အပြင်လူများက အသားပိုထဲမှ တိုက်ပွဲကို မမြင်နိုင်ကြပေ။
ထို့ပြင် ယခုအချိန်မှာ ထိုကိစ္စကို အာရုံစိုက်ရန် သူတို့မှာ အချိန်မရှိကြပေ။ ယခုအချိန်မှာ အုပ်ချုပ်သူအားလုံးက ဤအခွင့်အရေးကို အသုံးပြု၍ ဤနေရာမှ ရုန်းထွက်ရန် သူတို့၏ ဝှက်ဖဲကတ်များကို ထုတ်သုံးလိုက်ကြသည်။
သူတို့၏ နည်းလမ်းများက ကွဲပြားခြားနားကြသည်။ တချို့က လျှို့ဝှက်အတတ်ပညာများကို အသုံးပြုလိုက်ကြပြီး တချို့က ဖုံးကွယ်ထားသော မဟာဧကရာဇ်ရတနာများကို ထုတ်သုံးလိုက်ကြသည်။
သူတို့က ထိုအတွက် တန်ကြေးကို လျစ်လျူရှုထားပြီး အသုံးပြုလိုက်ကြသည်။
ရွှီချင်းနှင့် အားညိုသည်တော့ သူတို့နှစ်ယောက်သည်လည်း အစွမ်းကုန် ထုတ်သုံး၍ တိုက်ခိုက်နေကြသည်။
ဧကရီ၏ တုံကင်ကို အသုံးပြု၍ ဖိအားကို တောင့်ခံနေစဉ် ရွှီချင်းက ကံကြမ္မာဖန်တီးခြင်းဓားမြှောင်ဖြင့် အသားပိုကို ပိုင်းဖြတ်လိုက်သည်။
သို့သော်လည်း ဤအသားပိုက ထူးခြားသည်။ ဤသည်မှာ ယင်းက ကံတရားအက်ကွဲကြောင်းများထဲ၌ တည်ရှိနေသည့်အလားပင်။
အလွှာတစ်လွှာကို ပိုင်းဖြတ်လိုက်သည့်အခါ နောက်ထပ်တစ်လွှာက ထွက်ပေါ်လာလိမ့်မည်။ ဤသည်မှာ ယင်းက အဆုံးမရှိသည့်အလားပင်။
အားညိုက ပါးစပ်ကျယ်ကျယ် ဟလိုက်ပြီး အသားပိုကို ဝါးမျိုရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူ၏ ကြိုးစားမှုက အချည်းနှီးသာ ဖြစ်၏။
တခြားအင်အားစုများသည်လည်း ထို့အတူပင်။ မည်သည့်နည်းလမ်းကို သူတို့အသုံးပြုပါစေ အသားပိုကို လုံးဝမချိုးဖြတ်နိုင်ကြပေ။ အကယ်၍ သူတို့က ယင်းကို ချိုးဖြတ်နိုင်လျှင်ပင် နောက်ထပ်အလွှာများက ရှိနေသေးကြောင်း ရှာတွေ့သွားလိမ့်မည်။
ထိုမြင်ကွင်းက လူတိုင်း၏ စိတ်ထဲမှာ မှားယွင်းသော အမြင်များကို ဖြစ်ပေါ်စေသည်။
“ ဒီချိပ်တံဆိပ်က အလွှာတစ်ခုတည်းကနေ ဖွဲ့စည်းထားတာ တကယ်သေချာလို့လား… ငါတို့က အဲ့ဒါကို မဖွင့်နိုင်ဘူးဆိုတာ ဖြစ်သင့်ပါတယ်… ဒါပေမဲ့ အဲ့ဒီအုပ်ချုပ်သူတွေက သူတို့ရဲ့ ဝှက်ဖဲကတ်တွေကို ထုတ်သုံးနေကြတာ ငါအာရုံခံနိုင်တယ်… တချို့ဆိုရင် မဟာဧကရာဇ်ရတနာတွေကိုတောင် အသုံးပြုကြတယ်… ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ မအောင်မြင်ဘူး ”
အားညိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။
“ ဒါပေမဲ့ ငရဲမီးတောက်က ဘာလို့ အဲ့ဒီလိုပြောခဲ့တာလဲ… ဒီချိပ်တံဆိပ်တွေက အလွှာတစ်ခုတည်းကနေ ဖွဲ့စည်းသွားတာ မဟုတ်ဘူးထင်တယ် ”
ယင်းကို အားညိုကြားသောအခါ သူက တုံ့ဆိုင်းသွားသည်။
“ အဲ့ဒီလိုဆိုရင် ငရဲမီးတောက်က ဘာလို့ လိမ်ပြောခဲ့တာလဲ ငါနားမလည်နိုင်ဘူး… သူက ငါတို့ကို လိမ်ပြောလို့ ဘာအကျိုးရှိမှာလဲ… ပြီးတော့ ငါတို့အပေါ်မှာ အလွှာတွေအများကြီး အသုံးပြုတာက ဧကရီနဲ့ မိစ္ဆာငှက်မွှေးအပေါ်မှာ အသုံးပြုတာလောက် ထိရောက်မှုမရှိဘူးဆိုတာ ရှင်းနေတာပဲ ”
“ ဘာပဲပြောပြော သူ့ကို ခြိမ်းခြောက်နိုင်တဲ့လူတွေက ငါတို့မဟုတ်ဘူးလေ ”
တူညီသော သံသယများက ရွှီချင်းနှင့် အားညို၏ စိတ်ထဲမှာသာ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ တခြားအုပ်ချုပ်သူများသည်လည်း ထိုသို့တွေးမိကြသည်။
အားညိုက စကားပြောနေစဉ် ကြီးမားသော အပြောင်းအလဲတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
အသားပိုအားလုံးနီးပါးက ပြန်မဖောင်းကားလာခင် ရုတ်တရက် ကြီးမားစွာ ကျုံ့သွားကြသည်။ ထိုသို့ကျုံ့သွားနေစဉ် ဖိအားတစ်ခုက အသားပိုများထဲမှ အုပ်ချုပ်သူများပေါ်သို့ ကျဆင်းလာသည်။
ထိုဖိအား၏ စွမ်းအားသည် အုပ်ချုပ်သူတစ်ပါး တောင့်ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည်။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ အော်ဟစ်ညည်းညူသံများက အုပ်ချုပ်သူအသီးသီး၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။
သူတို့၏ ခန္ဓာကိုယ်များက ပြိုကွဲသွားပြီး သန့်စင်ခံလိုက်ရသည်။ သူတို့၏ အသက်ဓာတ်သည်လည်း အတင်းအကျပ် စုပ်ယူခံနေရသည်။
သူတို့၏ ကျင့်ကြံခြင်းစွမ်းအားသည်လည်း ထို့အတူပင်။ ဖိအား၏ စုပ်ယူမှုအောက်မှာ သူတို့ထံမှ အရာအားလုံးက ရက်စက်ကြမ်းကြုတ်စွာ ဆွဲထုတ်ခံနေရသည်။
ထိုထဲမှာ သူတို့၏ ဝိညာဉ်များနှင့် အခွင့်အာဏာများလည်း ပါဝင်ကြသည်။
ဓမ္မရတနာများသည်ပင် စုပ်ယူခံနေရခြင်းမှ မလွတ်မြောက်နိုင်ကြပေ။
ထိုဖိအားအောက်မှာ သူတို့က ဆက်လက် ပြိုကွဲသွားပြီး စုပ်ယူခံနေရသည်။ ဤသည်မှာ သူတို့က ဝိညာဉ်ကျောက်တုံးများအဖြစ် ပြောင်းလဲသွားသည့်အလားပင်။
အကြွင်းမဲ့စွမ်းအားဖြင့် ရင်ဆိုင်ရသည့်အခါ သူတို့က မခုခံနိုင်ကြပေ။ သူတို့က နာကျင်မှုကြောင့် အော်ဟစ်ညည်းညူလိုက်ကြသည်။ စိတ်ပျက်အားငယ်မှုနှင့် အကူအညီမဲ့မှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
အသားပိုအားလုံးနီးပါးဟု ပြောရခြင်းမှာ အသားပိုများထဲတွင် ရွှီချင်းနှင့် အားညိုရှိနေသော အသားပိုက တခြားအသားပိုများနှင့် ကွဲပြားခြားနားသည်။
သူတို့ရှိနေသော အသားပိုက မကျုံ့သွားပေ။ ယင်းအစား ဖောင်းကားသွားသည်။ ယင်းက အသားပိုထဲမှ အတွင်းပိုင်းကို အဆပေါင်းများစွာ ကျယ်ပြောသွားစေသည်။
ထိုသို့အပြောင်းအလဲက အားညို၏ အသက်ရှူသံကို မြန်ဆန်သွားစေသည်။ ရွှီချင်းသည်လည်း အဆုံးမဲ့သော အန္တရာယ်ကို ခံစားမိသွားသည်။
နောက်အခိုက်အတန့်မှာ အဆုံးမဲ့သော အသက်ဓာတ်က အရပ်မျက်နှာအဘက်ဘက်မှ စုဝေးရောက်ရှိလာပြီး ရွှီချင်းနှင့် အားညိုရှိနေသော အသားပိုထဲသို့ ဒလဟော တိုးဝင်သွားသည်။
ထိုအသက်ဓာတ်ကို အုပ်ချုပ်သူများထံမှ ဆွဲထုတ်ခဲ့ခြင်း ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်သော လက်တစ်ဖက်၏ ထိန်းချုပ်မှုအောက်မှာ ယင်းတို့အားလုံးက ရွှီချင်းနှင့် အားညိုရှိနေသော အသားပိုထဲသို့ ပို့လွှတ်ခံလိုက်ရသည်။
ယခု အဆပေါင်းစွာ ဖောင်းကားသွားသော အသားပိုက ယင်းတို့အားလုံးကို လက်ခံနိုင်ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အုပ်ချုပ်သူများထံမှ ဆွဲထုတ်ထားသော အသက်ဓာတ်များက အရည်အဖြစ် ဖွဲ့စည်းသွားပြီး ရွှီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းသွားကာ သူ့ကို အာဟာရဖြည့်ပေးလိုက်သည်။
အာဟာရဖြည့်ပေးမှု၏ အဓိကအပိုင်းက သူ၏ ရုပ်ခန္ဓာကိုယ် ဖြစ်သည်။
ထိုမြင်ကွင်းက အားညိုကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
ရွှီချင်းသည်တော့ တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်အလား သူ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။
ဖန်းတီးရှင်ကောင်းကင်ဘုံမျိုးနွယ်က ဖန်တီးခဲ့သော အပြာရောင်ရေကန်တည်ရှိသည့် မှတ်ဉာဏ်လောကကို သူပြန်အမှတ်ရသွားသည်။
“ တစ်စုံတစ်ယောက်က ငါ့ရဲ့ ခန္ဓာကိုယ်ကို အမြန်ကြီးထွားဖို့ တွန်းအားပေးနေတယ် ”
ရွှီချင်းက နှလုံးတုန်သွားသည်။ ဖန်တီးရှင်ကောင်းကင်ဘုံမျိုးနွယ်၏ ရေကန်က သူ့အတွက် ကံကြမ္မာကောင်းတစ်ခုဖြစ်သော်လည်း ဤအခိုက်အတန့်မှာ သူက ယင်းကို တခြားတစ်မျိုး တွေးမိသွားသည်။
‘ အဲ့ဒါက သစ်သီးသစ်ရွက်တွေကို ဆေးကြောတာပဲ ’
ထုံးစံအားဖြင့် သစ်သီးသစ်ရွက်များကို လတ်ဆတ်စွာ စားသုံးမည်ဆိုလျှင် ယင်းတို့ကို အရင်ဆုံး ရေဖြင့် ဆေးကြောပေးရသည်။