← Chapters

သေခြင်းရှင်ခြင်းကို စွဲလန်းခြင်း… လက်လွှတ်ရန် ခဲယဉ်းခြင်း

Vol. 100 Ch. 1542

သေခြင်းရှင်ခြင်းကို စွဲလန်းခြင်း… လက်လွှတ်ရန် ခဲယဉ်းခြင်း

Vol. 100 Ch. 1542

အရှေ့မိစ္ဆာငှက်မွှေးမှ တာအိုယဇ်ပလ္လင်၏ ဘေးပတ်ဝန်းကျင်တွင် ဆူပူအုံကြွမှုတစ်ခု ဖြစ်ပေါ်လာသည်။

ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော မိစ္ဆာငှက်မွှေးကျင့်ကြံသူများက သူတို့၏ အထွတ်အမြတ်ပစ္စည်းဖြစ်သော တာအိုယဇ်ပလ္လင်၏ ပြိုကျပျက်စီးမှုကို မျက်မြင်တွေ့သွားကြသည်။ ကောင်းကင်ပေါ်သို့ ထိုးတတ်နေသော သစ်ကိုင်းခြောက်တစ်ခုနှင့် ယင်းပေါ်မှ သစ်သီးကိုလည်း မြင်တွေ့သွားကြသည်။

လူတိုင်းက နှလုံးတုန်သွားကြသည်။

အထူးသဖြင့် တာအိုယဇ်ပလ္လင်၏ အပေါ်မှ လေထဲမှာ တင်ပျဉ်ခွေထိုင်နေသော မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက ဝေဝါးသွားပြီး ပျောက်ကွယ်သွားသည့်အခါ ဖြစ်သည်။

သူက ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။

သူ၏ မဟာဧကရာဇ်အဆင့်ကြောင့် မည်သူမှ ထိုပုံရိပ်ယောင်ကို ထွင်းဖောက်မမြင်နိုင်ကြပေ။

ယခု တာအိုယဇ်ပလ္လင်က ပျက်စီးသွားပြီး တာအိုသစ်သီး၏ အရှိန်အဝါက ထွက်ပေါ်လာသည့်အခါ တခြားလူများက ထိုပုံရိပ်ယောင်ကို ထွင်းဖောက်မြင်နိုင်သွားကြသည်။

ယင်းတို့အားလုံးက သဏ္ဍာန်မဲ့သော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ရိုက်ခတ်သွားသည်။ တစ်ချိန်တည်းမှာ စိတ်မသက်မသာဖြစ်သော ခံစားမှုက သူတို့၏ ပင်ကိုယ်ဗီဇတုံ့ပြန်မှုမှ ထွက်ပေါ်လာသည်။

ထိုသို့ဖြစ်ရခြင်းမှာ ဤနေရာမှ အပြောင်းအလဲများက အလွန်ကြီးမားသောကြောင့် ဖြစ်သည်။ တခြားအကြောင်းအရင်းမှာ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတစ်ခုလုံးကို ပဲ့တင်ထပ်သွားမည့် ခေါင်းလောင်းမြည်သံက ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရှေးဟောင်းခေါင်းလောင်းမြည်သံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

ယင်းက စစ်ပွဲခေါင်းလောင်းမြည်သံ ဖြစ်သည်။

တာအိုယဇ်ပလ္လင်၏ ပြိုကျပျက်စီးမှုက အချက်ပေးမှုတစ်ခု ဖြစ်ဟန် ရ၏။

လူသားမျိုးနွယ်နှင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည် လေထဲသို့ ပျံတတ်သွားကြပြီး ကောင်းကင်ပေါ်မှာ လွင့်မျောနေကြသော သူတော်စင်ကုန်းမြေနှစ်ခုဖြင့် စစ်ပွဲဆင်နွှဲလိုက်ကြသည်။

ချက်ချင်းဆိုသလို အရှေ့ပိုင်းဝမ်ကူးကုန်းမြေက ဖရိုဖရဲဖြစ်သွားသည်။

အပြင်လောကက ဖရိုဖရဲဖြစ်နေစဉ် တာအိုသစ်သီးထဲမှ လောကသည်လည်း ဖရိုဖရဲဖြစ်နေသည်။

အရိုးဆေးမီးဖိုထဲမှ ငရဲမီးတောက်က အော်ပြောလိုက်သည့်အခါ ဆေးမီးဖိုက အပြင်းအထန် တုန်ယင်သွားသည်။ အရိုးဆေးမီးဖို၏ အပြင်ဘက်မှ အားညို၏ ပိုးကောင်များသည်တော့ တစ်ကောင်ပြီးတစ်ကောင် ပြိုကွဲပျက်စီးသွားကြသည်။

အရိုးဆေးမီးဖိုထဲတွင် ငရဲမီးတောက်က တာအိုသစ်သီး၏ အစွမ်းကို ရွှေ့ပြောင်းလိုက်သည့်အခါ ဟန်ချက်ညီမှုကို ပြန်ရရှိသွားသည်။ ထို့နောက် သူက ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ဖော်လိုက်သည်။

ဝုန်းခနဲ မြည်သံနှင့်အတူ အရိုးဆေးမီးဖို၏ အဖုံးက ပွင့်သွားတော့မည့် လက္ခဏာများ ဖော်ပြလာသည်။

နောက်အခိုက်အတန့်မှာ အရိုးဆေးမီးဖို၏ အဖုံးက ရုတ်တရက် တုန်ယင်သွားပြီး အနည်းငယ် မမြှောက်သွားသည်။ ထိုအခါ အဟရာတစ်ခု ဖြစ်ပေါ်လာသည်။ ရွှေရောင်နှင့် ခရမ်းရောင်အလင်းက အတူတကွ ယှက်ထွေသွားပြီးနောက် ထိုအဟရာမှတဆင့် အပြင်သို့ ထိုးဖောက်သွားသည်။

မဟာဧကရာဇ်ငရဲမီးတောက်က လွတ်မြောက်သွားတော့မည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ အဝေးမှ ဧကရီတည်ရှိသော လောကအပိုင်းအစက ရုတ်တရက် ပေါက်ကွဲသွားသည်။

တစ်ချိန်တည်းမှာ အရိုးဆေးမီးဖို၏ အပြင်ဘက်တွင် ကျန်ရှိသော အပြာရောင်ပိုးကောင်များ၏ မျက်လုံးထဲမှာ ရူးသွပ်မှုက ထွက်ပေါ်လာသည်။ ၎င်းတို့က ရွှီချင်းပေးခဲ့သော မူလစွမ်းအင်သလင်းကျောက်များကို အမြန်ချေဖျက်လိုက်ကြပြီး အော်ဟစ်လိုက်ကြသည်။

“ ယီးပဲ သက်ကျားအိုကြီး… ငါက မင်းကို ကြောက်တယ်လို့ ထင်နေတာလား ”

“ တတိယမြောက်ဘဝ ”

၎င်းတို့က ဟိန်းအော်လိုက်သည့်အခါ အောက်ဘက်မှ ကြည်လင်သော ပင်လယ်က တိုက်ရိုက် ပေါက်ကွဲသွားသည်။ အဆုံးမဲ့သော ပင်လယ်ရေက ပရမ်းပတာ လှုပ်ခတ်သွားပြီး ကြီးမားသော လှိုင်းလုံးများက ထွက်ပေါ်လာကြသည်။

လျှပ်တစ်ပြက်အတွင်းမှာ ကြည်လင်သော ပင်လယ်က ဧရာမဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရှေးဟောင်းအရှိန်အဝါက ထိုဝဲကတော့ထဲမှ မြှောက်တတ်လာသည်။

အစောနက သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ အက်ကွဲသွားပြီးနောက် ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်တုန်းက အားညိုက သူ၏ တတိယမြောက်ဘဝမှ မှတ်ဉာဏ်များကို ပင်လယ်၏ အနက်ပိုင်းထဲမှာ ရှာတွေ့သွားခဲ့သည်။ သို့သော်လည်း အချိန်က အကန့်အသတ်ရှိပြီး သူ၏ လက်ရှိစွမ်းအားက မလုံလောက်သေးပေ။

ထို့ကြောင့် သူက ထိုမှတ်ဉာဏ်များကို ချက်ချင်း အပြည့်အဝ မစုပ်ယူနိုင်ခဲ့ပေ။

ယင်းက မူလစွမ်းအင်သလင်းကျောက်များကို သူ့ဆီသို့ ရွှီချင်းမပို့လွှတ်ခင်အထိ ကြာမြင့်ခဲ့သည်။

ရွှီချင်းအတွက်တော့ ထိုမူလစွမ်းအင်က အင်မော်တယ်ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်စေခဲ့သည်။ ထို့အတူ ယင်းက အားညိုအတွက်လည်း အလွန်တန်ဖိုးကြီးမားသော ရတနာဖြစ်သည်။

ယင်းက သူ၏ ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးပြီး သူ့အား ချိပ်တံဆိပ်များကို ပိုပြီးဖြေလျော့နိုင်စေသည်။ ချိပ်တံဆိပ်များက ပြေလျော့သွားသည်နှင့် သူက တတိယမြောက်ဘဝ၏ မှတ်ဉာဏ်များကို ပိုပြီးမြန်ဆန်စွာ စုပ်ယူနိုင်သွားသည်။

သို့ဖြစ်၍ ယခု သူက အခြေခံအားဖြင့် တတိယမြောက်ဘဝကို ဆင့်ခေါ်နိုင်သွားသည်။

ထို့ကြောင့် နောက်အခိုက်အတန့်မှာ ကြည်လင်သော ပင်လယ်တစ်ခုလုံးက ပရမ်းပတာဖြစ်သွားပြီး ရေခဲမီးတောက်များက ဝဲကတော့ထဲမှ ပေါ်လျှိုးထွက်လာကြသည်။ အအေးဓာတ်လေက ဘေးပတ်ဝန်းကျင်မှာ ချက်ချင်း ပြည့်နှက်သွားသည်။

ထို့နောက် အရွယ်အစားကြီးမားသော အနက်ရောင်လက်တစ်ဖက်က ကြည်လင်သော ပင်လယ်ပြင်ပေါ်ရှိ ဝဲကတော့ထဲမှ ထွက်ပေါ်လာသည်။

ထိုလက်က ဝေဝါးနေသော်လည်း ၎င်းထံမှ အရှိန်အဝါက ရှေးကျရုံသာမက ပြိုင်ဘက်ကင်းသော ရက်စက်ကြမ်းကြုတ်မှုကို ထုတ်လွှတ်နေသည်။ လက်ထံမှ စွမ်းအားက ကောင်းကင်နှင့်မြေပြင်ကို တုန်ယင်သွားစေသည်။

လက်၏ အသွင်သဏ္ဍာန်ကလည်း ထူးခြားဆန်းကြယ်သည်။

၎င်းက လက်တစ်ဖက်ဖြစ်ဟန် ရ၏။ သို့သော်လည်း အမှန်မှာ ဦးခေါင်းတစ်ခုက လက်ခလယ်ပေါ်မှာ ထွက်ပေါ်နေပြီး လက်သူကြွယ်နှင့် လက်ညှိုးက လက်မောင်းများသဖွယ် အောက်သို့ ကွေးညွတ်နေကြသည်။ လက်မနှင့် လက်သန်းက ခြေထောက်နှစ်ချောင်းသဖွယ် အောက်သို့ တွဲလောင်းကျနေကြသည်။

လက်ဝါးပေါ်တွင်တော့ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာပြီး ကျယ်လောင်စွာ ဟထားသော ပါးစပ်ပေါက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

မရေမတွက်နိုင်သော အနက်ရောင်ဆံပင်များက ၎င်းကို ဖုံးလွှမ်းထားကြသည်။

၎င်းက ဖော်မပြနိုင်အောင် အံ့ဩထိတ်လန့်ဖွယ်ကောင်းပြီး ကြောက်စရာကောင်းသည်။

၎င်းက အားညို၏ တတိယမြောက်ဘဝ၏ ပုံရိပ်ဖြစ်ပြီး အတိတ်တွင် အင်မော်တယ်အတတ်ပညာမဟာဧကရာဇ်၏ ဖိနှိပ်ခံခဲ့ရသော ဧရာမပညတ်တော်လည်း ဖြစ်သည်။

အားညို၏ ဆင့်ခေါ်ခံရပြီးနောက် ၎င်းက ကောင်းကင်ပေါ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းက အရိုးဆေးမီးဖိုပေါ်သို့ ရောက်ရှိသွားသည်။ ထို့နောက် ၎င်းက အပြင်းအထန် တုန်ယင်နေသော အရိုးဆေးမီးဖိုကို ဖိချလိုက်သည်။

“ သန့်စင်စမ်း ”

အားညိုက ဟိန်းဟောက်လိုက်သည်။

ထိုအခါ တုန်ယင်နေသော အရိုးဆေးမီးဖိုက ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။ သို့သော်လည်း အားညိုက မောက်မာထောင်လွှားစွာ မပြောနိုင်ခင် ပိုပြီးကြီးမားသော အင်အားတစ်ခုက အရိုးဆေးမီးဖိုအတွင်းမှ ပေါက်ကွဲထွက်လာသည်။

ဝုန်းခနဲ မြည်သံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။

အားညို၏ တတိယမြောက်ဘဝ၏ ပုံရိပ်က ချက်ချင်း ဝေဝါးသွားပြီး ပြိုကွဲပျက်စီးတော့မည့် လက္ခဏာများ ဖော်ပြလာသည်။

မည်သို့ဖြစ်ပါစေ ၎င်းက သူ၏ တတိယမြောက်ဘဝ၏ အစစ်အမှန်ခန္ဓာကိုယ် မဟုတ်ပေ။ ၎င်းက ပုံရိပ်တစ်ခုမျှသာ ဖြစ်သည်။ အရိုးဆေးမီးဖိုထဲမှ မဟာဧကရာဇ်ငရဲမီးတောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ရင်ဆိုင်ရသည့်အခါ ၎င်း၏ ဖိနှိပ်မှုက အပြည့်အဝ မထိရောက်တော့ပေ။

အားညို၏ တတိယမြောက်ဘဝ၏ ပုံရိပ်က စတင်ပြိုကွဲပျက်စီးသွားသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်း၏ မဟာလောကခုနစ်ခုက နောက်ဆုံးပေါင်းစပ်မှုကို ပြီးမြောက်သွားသည်။ သူက ချက်ချင်း လှုပ်ရှားလိုက်သည်။

လျှပ်တစ်ပြက်အတွင်းမှာ သူက အားညို၏ တတိယမြောက်ဘဝ၏ ပုံရိပ်ဘေးမှာ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အရိုးဆေးမီးဖိုပေါ်သို့ ဖိချလိုက်သည့်အခါ သူ၏ မျက်လုံးက အရောင်ဝင်းလက်သွားသည်။

“ အန္တိမသတ္ထု… အန္တိမသစ်သား… အန္တိမရေ… အန္တိမမီး… အန္တိမမြေကြီး ”

ကောင်းကင်ဘုံအသံက သူ၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။

နောက်အခိုက်အတန့်မှာ သူ့အနောက်ရှိ မဟာလောကခုနစ်ခုထဲမှ ငါးခုက အောက်သို့ ချက်ချင်း ဆင်းသက်သွားကြပြီး ကျိုးပဲ့နေသော သလင်းကျောက်ငါးခုအဖြစ် အသွင်ပြောင်းလဲသွားကြသည်။ ဒြပ်စင်ငါးမျိုး၏ အစွမ်းက ယင်းတို့ထံမှ ထွက်ပေါ်လာသည်။

ထို့နောက် သလင်းကျောက်အပိုင်းအစငါးခုက အရိုးဆေးမီးဖိုကို လှည့်ပတ်သွားကြပြီး ၎င်းကို ဖိနှိပ်လိုက်ကြသည်။

တစ်ချိန်တည်းမှာ ကျန်ရှိသော မဟာလောကနှစ်ခုသည်လည်း မြန်ဆန်စွာ ဆင်းသက်လာကြသည်။

အန္တိမလေဟာနယ်… အန္တိမအချိန်…

နှလုံးကွဲကြေသော အသံက အရိုးဆေးမီးဖိုထဲမှ ဟိန်းထွက်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှီချင်းနှင့် အားညို၏ အမူအရာက တစ်ချိန်တည်းမှာ ပျက်ယွင်းသွားကြသည်။ ဖော်မပြနိုင်အောင် ကြောက်စရာကောင်းသော သက်ရောက်မှုက အရိုးဆေးမီးဖိုထဲမှ ထွက်ပေါ်လာသည်။

ထိုသက်ရောက်မှု၏ စွမ်းအားက တိုဟူးကို ဓားဖြင့် လှီးဖြတ်လိုက်သကဲ့သို့ အတားအဆီးမှန်သမျှကို ဖျက်ဆီးပစ်လိုက်သည်။

နောက်အခိုက်အတန့်မှာ ဆေးမီးဖိုက ပေါက်ကွဲသွားသည်။

အရိုးဆေးမီးဖို၏ အဖုံးက အထဲမှ ကန်ထုတ်ခံလိုက်ရသည်။ ရွှီချင်းနှင့် အားညိုက အနောက်သို့ အတင်းအဓမ္မ တွန်းထုတ်ခံလိုက်ကြရသည်။ ထို့နောက် ငရဲမီးတောက်က ဆေးမီးဖိုထဲမှ ထွက်ပေါ်လာသည်။

ရွှီချင်းနှင့် အားညိုက အလွန်သန်မာကြသော်လည်း သူတို့နှင့် ငရဲမီးတောက်ကြားမှ အဆင့်ကွာခြားမှုက မသေးငယ်ပေ။

“ မင်းတို့ကောင်တွေ… ”

အက်ရှရှအသံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်နှင့် ဧကရီတည်ရှိနေသော လောကအပိုင်းအစက ပြိုကွဲထွက်သွားသည်။

နတ်ဘုရားတစ်ပါး၏ အရှိန်အဝါက ထိုထဲမှ ထွက်ပေါ်လာသည်။

နတ်ဘုရားအစွမ်းက အလွန်ပြင်းထန်လေရာ လောက၏ အရောင်က ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ ဧကရီ၏ ပုံရိပ်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက အရိုးဆေးမီးဖို၏ ဘေးသို့ တိုက်ရိုက် တည်နေရာပြောင်းရွှေ့သွားပြီး အောက်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။

အရာအားလုံးက ပုံပျက်တွန့်လိမ်သွားသည်။

နတ်ဘုရားယဇ်ပလ္လင်၏ အထွတ်အထိပ်စွမ်းအားက အထိန်းအကွပ်မဲ့စွာ ပေါ်လျှိုးလာသည်။

ရွှီချင်းနှင့် အားညိုက ချက်ချင်း အနောက်ဆုတ်သွားကြသည်။

ဤနေရာမှ အခြေအနေက သူတို့ထိန်းချုပ်နိုင်သောအရာ မဟုတ်တော့ကြောင်း ရှင်းလင်းစွာ နားလည်ကြသည်။

ဧကရီ၏ တိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရသောအခါ ငရဲမီးတောက်၏ မျက်လုံးက သွေးရောင်လွှမ်းသွားသည်။ သူက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်ကာ ဧကရီ၏ စွမ်းအားကို ခုခံရန် ကြိုးစားလိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ရှေးဟောင်းကြယ်ဂြိုလ်တစ်ခုက ဧကရီ၏ အနောက်မှာ ထွက်ပေါ်လာသည်။

ထိုကြယ်ဂြိုလ်ထွက်ပေါ်လာသည်နှင့်ချက်ချင်း လေနှင့် တိမ်တိုက်များက ပရမ်းပတာဖြစ်သွားကြသည်။ ၎င်းထံမှ အလွန်ကျယ်ပြောသော အရှိန်အဝါက ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းသွားသည်။

ကြယ်ဂြိုလ်ပေါ်တွင် ပုံရိပ်ငါးခုက တင်ပျဉ်ခွေထိုင်နေကြသည်။

ထိုပုံရိပ်များက နတ်ဘုရားများဖြစ်ကြပြီး ယခင်လူသားဧကရာဇ်များ ဖြစ်ကြသည်။

ဒုန်းရှန့်… ရှန့်ထျန်း… ကျင့်ယွင်… တာအိုရှီကျဲ… ရွှမ်ကျန်း…

သူတို့၏ နတ်ဘုရားအစွမ်းက အပြည့်အဝ ပေါ်လျှိုးထွက်လာသည့်အခါ ရှေးဘုရင်ဂြိုလ်က အရှေ့သို့ ဦးတည်သွားပြီး ငရဲမီးတောက်ကို ဖိနှိပ်လိုက်သည်။

အဝေးမှ ပြိုကွဲပျက်စီးသွားခဲ့သော လောကအပိုင်းအစသည်တော့ ယင်းက ဤအခိုက်အတန့်မှာ ဆက်ပြီး ဝေဝါးမနေတော့ပေ။ သို့ဖြစ်၍ နှလုံးကွဲကြေသော အော်ဟစ်သံက ငရဲမီးတောက်၏ ကိုယ်ပွားထံမှ ထွက်ပေါ်လာသည်။

ဒဏ်ရာအပြင်းအထန် ရရှိထားသော မဟာဧကရာဇ်မိစ္ဆာငှက်မွှေးသည်လည်း ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ မိစ္ဆာငှက်မွှေးက ထွက်ခွာသွားသော ဧကရီနှင့် ဤကျင့်ကြံခြင်းလောကကို ကြည့်လိုက်သည်။ သူက တီးတိုးရေရွတ်လိုက်သည့်အခါ သူ၏ မျက်နှာက ဖြူဖျော့သွားသည်။

“ ငရဲမီးတောက်ရဲ့ ကျင့်ကြံခြင်းလောကကို အရမ်းရှားပါးတဲ့ ဘဝအသင်္ချေ တာအိုသစ်သီးကနေ ဖွဲ့စည်းထားတာပဲ ”

“ ဘဝအသင်္ချေ တာအိုသစ်သီးက အစစ်အမှန်နတ်ဘုရားအောက်က ဘယ်သူ့ကိုမဆို အသက်ပြန်ရှင်နိုင်စေတဲ့ အခွင့်အရေးတစ်ခုကို အပ်နှင်းပေးနိုင်တယ်… တာအိုသစ်သီးတစ်လုံးကို သုံးကြိမ် အသုံးပြုနိုင်တယ်… ဒါပေမဲ့ သက်ရှိတစ်ယောက်က တာအိုသစ်သီးကို သူ့ဘဝမှာ တစ်ကြိမ်ပဲ အသုံးပြုနိုင်တယ် ”

“ ဒီသစ်သီးက အတော်လေး ခြောက်သွေ့နေတယ်… ဒီတော့ ဒီဟာကို ငရဲမီးတောက်က အသုံးပြုပြီးပြီ… သစ်သီးက မပျောက်ကွယ်သွားခင် အသုံးပြုဖို့ အခွင့်အရေးတစ်ခုပဲ ကျန်ရှိတော့တယ် ”

“ ဒီတော့… ငရဲမီးတောက် အသက်ပြန်ရှင်နိုင်ခဲ့တာ ဒီဟာကြောင့်ပေါ့ ”

“ ပြီးတော့ ဒီဟာက ဧကရီရဲ့ အန္တိမပန်းတိုင်လည်း ဟုတ်တယ် ”

မိစ္ဆာငှက်မွှေးက သွေးအန်လိုက်ပြီး အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားသည်။

အရိုးဆေးမီးဖို၏ အပေါ်တွင်တော့ ဧကရီက ဆေးမီးဖိုထဲမှ ငရဲမီးတောက်ကို စိုက်ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ ငရဲမီးတောက်၏ ခန္ဓာကိုယ်ကို အရောင်သုံးရောင်က ဆေးခြယ်ထားသည်။ ခရမ်းရောင်က ငါးဆယ်ရာခိုင်နှုန်းကို ဖုံးလွှမ်းထားစဉ် ရွှေရောင်က သုံးဆယ်ရာခိုင်နှုန်းဖြစ်ပြီး အပြာရောင်က နှစ်ဆယ်ရာခိုင်နှုန်း ဖြစ်သည်။

သူက ခရမ်းရောင်အလင်း၏ ဇစ်မြစ်ကို ထွင်းဖောက်မမြင်နိုင်ပေ။ သို့သော်လည်း ရွှေရောင်အလင်း၏ ဇစ်မြစ်က ရေတစ်စက် ဖြစ်သည်။ အပြာရောင်အလင်းသည်တော့ ဘဝအသင်္ချေ တာအိုသစ်သီးထံမှ ဖြစ်သည်။ ယင်းက ဧကရီ၏ အဓိကအာရုံစိုက်မှုလည်း ဖြစ်သည်။

ဤခရီးစဉ်တွင် ဧကရီက သူ၏ စွမ်းအားကို ဖုံးကွယ်ထားခဲ့သည်။

သူက စွမ်းအင်အပြည့်အဝကို တစ်ခါမှ အသုံးမပြုခဲ့ပေ။

အကြောင်းအရင်းမှာ ဤတစ်ကြိမ်တွင် သူ၏ ရန်သူက မဟာဧကရာဇ်အဆင့်၏ အထွတ်အထိပ်မှာ ဖြစ်သည်။

တခြားအကြောင်းအရင်းမှာ သူ၏ အစီအစဉ်က အလွန်အမင်း အရေးကြီးသည်။ ထို့ပြင် သူ့မှာ အခွင့်အရေးတစ်ခုသာ ရှိသည်။ သူက အစီအစဉ်ကျရှုံးရန် သူ့ကိုယ်သူ လုံးဝခွင့်မပြုချေ။

ဧကရီ၏ မူလအစီအစဉ်တွင် ရွှီချင်းနှင့် အားညိုက မပါဝင်ပေ။ ထိုအစီအစဉ်အရသာဆိုလျှင် ငရဲမီးတောက်၏ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းခံရမည့်လူက မိစ္ဆာငှက်မွှေးဖြစ်လိမ့်မည်။ ထို့ကြောင့် သူက သူ၏ ရည်မှန်းချက်အတွက် မိစ္ဆာငှက်မွှေးနှင့် ပူးပေါင်းဆောင်ရွက်လိမ့်မည်။

ငရဲမီးတောက်က အလွန်အစွမ်းထက်သော်လည်း သူ့မှာ အရံအစီအစဉ်တစ်ခု ရှိသေးသည်။

သို့သော်လည်း သူ၏ အစီအစဉ်မှာ မမျှော်လင့်ထားသော အပြောင်းအလဲများက ထွက်ပေါ်လာဆဲပင်။ ရွှီချင်းနှင့် အားညို၏ ထွက်ပေါ်လာမှုက သူ၏ အစီအစဉ်မှာ ကြီးမားသော အပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ငရဲမီးတောက်က စိတ်ပြောင်းသွားခဲ့ပြီး မိစ္ဆာငှက်မွှေးကို သိမ်းပိုက်မည့် သူ၏ အစီအစဉ်ကို လက်လျော့ခဲ့သည်။ ယင်းအစား သူက မိစ္ဆာငှက်မွှေးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့ပြင် ခန္ဓာကိုယ်သိမ်းပိုက်မည့် သူ၏ ပစ်မှတ်သည်လည်း ရွှီချင်းထံသို့ ပြောင်းရွှေ့သွားခဲ့သည်။

သို့ဖြစ်၍ ဧကရီက အခြေအနေကို စောင့်ကြည့်နေပြီး အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းခဲ့သည်။

နောက်ဆက်တွဲ အပြောင်းအလဲများကို မြင်တွေ့ပြီးနောက် လက်ရှိအခြေအနေက သူထင်ထားသကဲ့သို့ ဆိုးဝါးသောအရာမဟုတ်ကြောင်း ဧကရီ ခံစားမိသွားသည်။ အားညို၏ တတိယမြောက်ဘဝ၏ ပုံရိပ်ဖြစ်စေ ရွှီချင်း၏ ခန္ဓာကိုယ်မှ ထူးခြားမှုများဖြစ်စေ ယင်းတို့က သူ့အား ယခင်ထက် ပိုပြီးယုံကြည်မှုရှိစေသည်။

သို့ဖြစ်၍ သူက ဆက်လက် စောင့်ဆိုင်းခဲ့သည်။

လွတ်မြောက်ရန်အတွက် ငရဲမီးတောက်က ဘဝအသင်္ချေ တာအိုသစ်သီး၏ စွမ်းအားကို အရင်ဆုံး ထုတ်ဖော်လိုက်သည်။ နောက်ဆုံးမှာတော့ ဧကရီက အခွင့်အရေးတစ်ခုကို ရှာတွေ့သွားသည်။

သူလိုချင်သည်မှာ ငရဲမီးတောက်က ထိုတာအိုသစ်သီးကို ကိုယ်တိုင်ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

သို့ဖြစ်၍ ဧကရီက ဤခရီးစဉ်အတွက် သူပြင်ဆင်ထားခဲ့သော အရံအစီအစဉ်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ထုတ်သုံးလိုက်သည်။

သူ၏ အရံအစီအစဉ်က လူသားမျိုးနွယ်၏ ရှေးဘုရင်ဂြိုလ်ဖြစ်သည်။

၎င်းက လူသားမျိုးနွယ်၏ နံပါတ်တစ် အထွတ်အမြတ်ရတနာလည်း ဖြစ်သည်။

ထို့ပြင် လူသားနတ်ဘုရားငါးပါး၏ အားဖြည့်ပေးမှုအောက်မှာ ထိုအထွတ်အမြတ်ရတနာက အလွန်ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်လိုက်သည်။

ဤအခိုက်အတန့်မှာ ပေါက်ကွဲသံများနှင့်အတူ ရှေးဘုရင်ဂြိုလ်က အောက်သို့ ဖိချလိုက်သည်။

ငရဲမီးတောက်၏ အော်သံက ပိုပြီးကျယ်လောင်လာသည်။

သူက ဆေးမီးဖိုထဲမှ ရုန်းထွက်ချင်သည်။ သို့သော်လည်း ဧကရီက တုံ့ဆိုင်းမနေဘဲ သူ၏ နတ်ဘုရားသွေးကို အသုံးပြုလိုက်ကာ ဖိနှိပ်မှုကို ပိုပြီးအားကောင်းစေသည်။ တစ်ချိန်တည်းမှာ သူ၏ နတ်ဘုရားယဇ်ပလ္လင်အစွမ်းကြောင့် ငရဲမီးတောက်က မလွတ်မြောက်နိုင်ပေ။

ချက်ချင်းဆိုသလို ဝဲကတော့တစ်ခုက အောက်သို့ ကျဆင်းလာနေသော ရှေးဘုရင်ဂြိုလ်ပေါ်မှာ ထွက်ပေါ်လာသည်။

၎င်းက အောက်သို့ ဖိချလိုက်သည်။

ရှေးဘုရင်ဂြိုလ်၏ အစွမ်း၊ လူသားနတ်ဘုရားငါးပါး၏ အစွမ်းနှင့် ဧကရီ၏ နတ်ဘုရားယဇ်ပလ္လင်အစွမ်းကြောင့် ထိုဝဲကတော့က ငရဲမီးတောက်ရှိသော အရိုးဆေးမီးဖိုကို ဝါးမျိုလိုက်သည်။

၎င်းက ငရဲမီးတောက်ကို ရှေးဘုရင်ဂြိုလ်ထဲမှာ ချိပ်ပိတ်လိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ဧကရီ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင်က ထွက်ပေါ်လာသည်။

အစကတည်းက သူ၏ ရည်ရွယ်ချက်က ငရဲမီးတောက်ကို သတ်ပစ်ရန် မဟုတ်သလို ငရဲမီးတောက်၏ ဝိညာဉ်လည်း မဟုတ်ပေ။

ငရဲမီးတောက်က တာအိုသစ်သီးအား ထုတ်ဖော်လာမည့်အချိန်ကို သူက စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက် သူက ရှေးဘုရင်ဂြိုလ်ကို အသုံးပြုပြီး ငရဲမီးတောက်ကို ပြင်ပလောကနှင့် သီးခြားတည်ရှိစေလိမ့်မည်။

သို့မှသာလျှင် ဘဝအသင်္ချေ တာအိုသစ်သီးက ငရဲမီးတောက်နှင့် အဆက်အသွယ်ပြတ်တောက်သွားလိမ့်မည်။

အတိုချုပ်ပြောရလျှင် တာအိုသစ်သီးက မည်သည့်ကမ္မနှင့်မှ မဆက်စပ်သောအရာ ဖြစ်လာလိမ့်မည်။

သို့မှသာ သူ၏ အန္တိမပန်းတိုင်ကို ရရှိနိုင်လိမ့်မည်။

“ မဟာဧကရာဇ်… ”

ဧကရီက တီးတိုးရေရွတ်လိုက်သည်။ သူက လက်မြှောက်လိုက်သည့်အခါ အလွန်ကြီးမားသော ရုပ်တုတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာသည်။ ၎င်းက တဖြည်းဖြည်း အရွယ်အစားကြီးမားသွားပြီး ကြည်လင်သော ပင်လယ်ပေါ်သို့ ကျဆင်းသွားသည်။

ထိုအခါ ပင်လယ်ရေက ပရမ်းပတာ လှုပ်ခတ်သွားပြီး လှိုင်းတဝုန်းဝုန်း ထသွားသည်။

ထိုရုပ်တုက ဓားကိုင်ဧကရာဇ်၏ ရုပ်တုဖြစ်သည်။

ရွှီချင်းက ထိုမြင်ကွင်းကို မြင်တွေ့သွားသောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး သူ၏ နှလုံးခုန်သံက မြန်ဆန်လာသည်။

ယခု ဧကရီ၏ ရည်ရွယ်ချက်ကို သူခန့်မှန်းနိုင်သွားသည်။

ဧကရီသည်တော့ နတ်ဘုရားဖြစ်လာပြီးနောက် အမြဲတမ်း တည်ငြိမ်ခဲ့သော သူ၏ မျက်လုံးက ယခု ထိုရုပ်တုကို မြင်တွေ့သွားသောအခါ ပြင်းပြသော လွမ်းဆွေးတမ်းတမှုကို ထုတ်ဖော်လိုက်သည်။ အကြီးအကဲတစ်ယောက်အပေါ် ရိုသေလေးစားမှုက ဧကရီ၏ မျက်ဝန်းထဲမှာ ပြည့်နှက်နေသည်။

သူက နူးညံ့စွာ ပြောသည်။

“ ပြန်ရောက်လာစေ… ”

သူက ဓားကိုင်ဧကရာဇ်ကို အသက်ပြန်ရှင်စေချင်သည်။

All Chapters