ပြိုင်ဘက်ကင်း အင်မော်တယ်လမ်းစဉ်
Vol. 100 Ch. 1539
ဆန္ဒမျက်နှာဖုံး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်…
တခြားလောကအပိုင်းအစထဲတွင် ငရဲမီးတောက်၏ ကိုယ်ပွားနှင့် ပူးပေါင်းပြီး ဧကရီကို တိုက်ခိုက်နေသော မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
သူ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။
ထုံးစံအားဖြင့် ထိုဆန္ဒမျက်နှာဖုံးက မည်သည့်အရာဖြစ်ကြောင်း သူသိသည်။
ဤနှစ်များတွင် ထိုမျက်နှာဖုံးကို ရှာဖွေရန် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတစ်ခုလုံးကို သူရှာဖွေခဲ့သည်။ သို့သော်လည်း ဝတ်စုံနက်အမျိုးသားပြောခဲ့သည့်အတိုင်း ထိုမျက်နှာဖုံးကို ရှာမတွေ့နိုင်ပေ။
တစ်စုံတစ်ယောက်က ၎င်းကို ပိုပြီးရှာတွေ့ချင်လေ ၎င်းက ပိုပြီးပုန်းကွယ်နေလေ ဖြစ်သည်။
“ သူ့မှာ အဲ့ဒါရှိတယ် ”
မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက အသက်ရှူမြန်လာသည်။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ရွေ့လျားသွားသည်။ သူက မျက်နှာဖုံးကို လုယက်ရန် အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ မဟာဧကရာဇ်မိစ္ဆာငှက်မွှေးနှင့် ငရဲမီးတောက်ကိုယ်ပွား၏ ဖိနှိပ်ခံနေရသော ဧကရီ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်း ထွက်ပေါ်လာသည်။
သူက ခြေတစ်လှမ်းနှင့်အတူ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ သူက ချုပ်နှောင်ခံနေရမည့်အစား တစ်ဖက်လူကို ပြန်လည်ချုပ်နှောင်လိုက်သည်။
ယင်းက မဟာဧကရာဇ်မိစ္ဆာငှက်မွှေးကို ဤနေရာမှ ထွက်သွားရန် အခက်တွေ့စေသည်။
အခြားတစ်ဖက်တွင် ရွှီချင်းက ဆန္ဒပြုလိုက်သည့်အခါ မျက်နှာဖုံး၏ နှုတ်ခမ်းထောင့်က အပေါ်သို့ ပင့်တတ်သွားသည်။ ၎င်းက ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သို့သော်လည်း ယင်းက ၎င်းကို ပိုပြီးထူးဆန်းသွားစေသည်။
တိုးညင်းသော အသံက ဤလောကထဲမှာ ပဲ့တင်ထပ်သွားသည်။
“ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
“ တန်ကြေးကတော့… ”
မျက်နှာဖုံး၏ အပြုံးက ပိုပြီးထူးဆန်းလာသည်။ ၎င်းက စကားဆုံးအောင် မပြောနိုင်မီ ဖုန်မှုန့်ဖြစ်သွားပြီး လေထဲမှာ လွင့်ပြယ်သွားသည်။
မျက်နှာဖုံးပျောက်ကွယ်သွားသည်နှင့်ချက်ချင်း ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ဤအခိုက်အတန့်မှာ နတ်ဘုရားများ၊ ကျင့်ကြံသူများ၊ ကြယ်ဂြိုလ်များနှင့် စကြာဝဠာထက် သာလွန်သော စွမ်းအင်တစ်မျိုးက ဆင်းသက်လာသည်။
ထိုစွမ်းအင်က အရှိန်အဝါအမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်း၏ လက်ရှိခန္ဓာကိုယ်ပေါ်သို့ တိုက်ခတ်သွားသည်။
နောက်အခိုက်အတန့်မှာ ဟင်းလင်းပြင်က ပြိုကွဲသွားပြီး အရာအားလုံးက သီးခြားခွဲထုတ်ခံလိုက်ရသည်။
ယင်းကို မရပ်တန့်နိုင်သလို မခုခံနိုင်ပေ။
ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏ ရုပ်ခန္ဓာကိုယ်က စတင်ပြိုကွဲသွားကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။
အရင်ဦးဆုံး သူ၏ မျက်နှာက ၎င်း၏ ဖွဲ့စည်းမှုကို ဆုံးရှုံးသွားပြီး ပြိုကွဲသွားကာ သလင်းကျောက်အလင်းအစုအဝေးအဖြစ် ပြောင်းလဲသွားသည်။
နောက်တစ်ခုက အသွေးအသားချည်မျှင်များဖြင့် ဖွဲ့စည်းထားသော သူ၏ ခန္ဓာကိုယ်တစ်ခြမ်း ဖြစ်သည်။ ယင်းက အပိုင်းပိုင်းအစစ ပြိုကွဲသွားပြီး သလင်းကျောက်အလင်းအစုအဝေးအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ပြီးပြည့်စုံသော တခြားခန္ဓာကိုယ်တစ်ခြမ်းသည်လည်း ဖော်မပြနိုင်သော ဆန္ဒစွမ်းအင်ကြောင့် ပြိုကွဲသွားသည်။
ဤခန္ဓာကိုယ်ထဲမှ အသက်ဓာတ်နှင့် အရာအားလုံးက လုံးဝ လွင့်ပြယ်သွားသည်။
ဤသည်မှာ ဤခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားသော အသက်ဓာတ်အနှစ်သာရက ဤအခိုက်အတန့်မှာ စုပ်ယူခံလိုက်ရသည့်အလားပင်။ သို့ဖြစ်၍ သူ၏ အသွေးအသားများနှင့် အရာအားလုံးက ပြိုကွဲသွားသည်။ မယုံကြည်နိုင်စရာကောင်းသော စွမ်းအင်အောက်မှာ ယင်းတို့အားလုံးက မူလအခြေအနေဆီသို့ ပြန်ရောက်သွားကြသည်။
သလင်းကျောက်အလင်းအစုအဝေးသည်တော့ သာမန်မျက်စိဖြင့် ထွင်းဖောက်မမြင်နိုင်သော မရေမတွက်နိုင်သည့် သလင်းကျောက်များအဖြစ် ဖွဲ့စည်းသွားသည်။
ထိုသလင်းကျောက်များတွင် အရောင်မရှိပေ။ အပြင်လောက၏ အရောင်က ၎င်းတို့၏ အရောင်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ထံမှ မသန့်စင်မှုများက ဖယ်ရှားခံထားရပြီး ၎င်းတို့ထဲမှ အကြွင်းအကျန်အသိစိတ်ကလည်း အက်ကွဲသွားခဲ့သည်။
ယခု ၎င်းတို့က မူလအသက်ဓာတ်အရင်းအမြစ်အဖြစ်သာ ကျန်ရှိကြတော့သည်။
ယင်းက ရှေးအကျဆုံး အရင်းအမြစ်လည်း ဖြစ်သည်။
ရွှီချင်း၏ ဝိညာဉ်သည်တော့ ထိုသလင်းကျောက်အလင်းရောင်ထဲမှာ လွင့်မျောနေသည်။ သူ၏ နတ်ဘုရားစိတ်အာရုံက ပျံ့လွင့်သွားသည့်အခါ သူ၏ ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော သလင်းကျောက်များက အချင်းချင်း ထိတွေ့သွားကြသည်။
ရွှီချင်း၏ အရောင်နှင့် အရှိန်အဝါကို စုပ်ယူပြီးနောက် ထိုသလင်းကျောက်များက နောက်ဆုံးမှာတော့ ပွင့်လန်းသွားကြသည်။ ၎င်းတို့က ရွှီချင်းတစ်ယောက်တည်းသာ ပိုင်ဆိုင်သော အသက်မီးပွားများ ဖြစ်လာကြသည်။
ထိုမီးပွားများကြားထဲတွင် ရွှီချင်း၏ မှတ်ဉာဏ်များ၊ အချိန်နောက်ပြန်ဆုတ်ခြင်း၊ လေဟာနယ်ပြောင်းလဲမှုနှင့် တာအိုအတတ်ပညာများ ရှိကြသည်။ ရွှီချင်း၏ ဝိညာဉ်အပေါ် အခြေခံ၍ သူ့ကိုယ်ပိုင် မူလအသက်ဓာတ်အရင်းအမြစ်က မွေးဖွားလာသည်။
ယင်းက လမ်းညွှန်မှုလည်း ဖြစ်သည်။
ရွှီချင်း၏ ဝိညာဉ်က သူ့ကိုယ်ပိုင် ရုပ်ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ရန် ထိုသလင်းကျောက်များကို လမ်းညွှန်ပေးနေသည်။
ထိုဖြစ်စဉ်က အလွန်အမင်း နှေးကွေးပြီး ယင်းကို ဗလာနတ္ထိထဲမှ တစ်စုံတစ်ခု ဖန်တီးခြင်းဟု ဆိုနိုင်သည်။
သို့ဖြစ်၍ ရွှီချင်း၏ ဝိညာဉ်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လေထဲမှ ဧရာမဆေးမီးဖိုကို ကြည့်လိုက်သည်။ အရေအတွက်များပြားသော အပြာရောင်ပိုးကောင်များက ဆေးမီးဖို၏ ဘေးပတ်ပတ်လည်မှာ လှည့်ပတ်နေကြသည်။
“ စီနီယာအကိုကြီး… ငါ့ရဲ့ အကြွင်းအကျန်တွေကို ပြန်ပေးပါ ”
ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်နှင့်ချက်ချင်း ထိုအပြာရောင်ပိုးကောင်များက အရောင်တောက်ပလာကြသည်။ ထို့နောက် မီးခိုးရောင်အမျှင်တန်းတစ်ခုက ၎င်းတို့၏ နဖူးထဲမှ ပျံသန်းထွက်လာသည်။
မီးခိုးရောင်အမျှင်တန်းများက အတူတကွ စုဝေးသွားပြီးနောက် သတ္ထုအရိုးကို ဖွဲ့စည်းသွားသည်။
ထိုသတ္ထုအရိုးသည် အတိတ်မှာ ရွှီချင်းက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့ရာတွင် နောက်ဆုံးကျန်ရှိခဲ့သောအရာ ဖြစ်သည်။
ယင်းက သူ့ခန္ဓာကိုယ်၏ မူလပစ္စည်းလည်း ဖြစ်သည်။
ထိုသတ္ထုအရိုးက ပြန်ရောက်လာပြီး ရွှီချင်း၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားသည့်အခါ သူ၏ ဆန္ဒကြောင့် ပြန်တည်ဆောက်နေသော ရုပ်ခန္ဓာကိုယ်က ပိုပြီးပြည့်စုံသွားသည်။
ချက်ချင်းဆိုသလို ဝိညာဉ်၏ လမ်းညွှန်မှုအောက်မှာ မရေမတွက်နိုင်သော သလင်းကျောက်များက သတ္ထုအရိုးဆီသို့ ဦးတည်သွားကြပြီး ၎င်းကို အာဟာရဖြည့်ပေးလိုက်ကြသည်။ မူလအသက်ဓာတ်အရင်းအမြစ်နှင့်အတူ ထိုသတ္ထုအရိုးက စတင်ကြီးထွားလာသည်။
တဖြည်းဖြည်း ယင်းက အရိုးတစ်ချောင်းသို့ ပြောင်းလဲသွားသည်။
ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာ ယင်းက အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုမှတဖန် မရီဒျန်များ၊ အသားများနှင့် အရေပြားက ထိုအရိုးစုပေါ်မှာ ထွက်ပေါ်လာကြသည်။
နောက်ဆုံးမှာတော့ အားညို၏ စိတ်လှုပ်ရှားမှုနှင့် လောက၏ စောင့်ကြည့်မှုအောက်မှာ ရွှီချင်း၏ ခန္ဓာကိုယ်က ရုပ်လုံးပေါ်လာသည်။
သူ့မှာ ရှည်လျားသော ခန္ဓာကိုယ်၊ လွင့်မျောနေသော ခရမ်းရောင်ဆံပင်နှင့် ချောမောခန့်ညားသော မျက်နှာရှိသည်။ ပြိုင်ဘက်ကင်းပြီး ပြီးပြည့်စုံသည့် စိတ်ခံစားမှုသည်လည်း သူ့ထံမှ ထွက်ပေါ်လာသည်။
သူ၏ အရှိန်အဝါသည်တော့ အင်မော်တယ်တစ်ပါးမဟုတ်သလို နတ်ဘုရားတစ်ပါးလည်း မဟုတ်ပေ။ ယင်းအစား သေမျိုးဖြစ်သည်။
သို့သော်လည်း ယင်းက ရှေးအကျဆုံး သေမျိုးတစ်ပါး ဖြစ်သည်။
၎င်းက မွေးကင်းစ ကလေးတစ်ယောက်နှင့် ဆင်တူသည်။
မွန်မြတ်သန့်စင်သော အငွေ့အသက်က လေထဲမှာ ပျံ့လွင့်နေသည်။
မွန်မြတ်သန့်စင်သော အဓိပ္ပာယ်က ဤခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသည်။
ရွှီချင်း၏ ဝိညာဉ်က ဤခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်။ သူ၏ စိတ်အာရုံက ပြောနေသည်မှာ ၎င်းက သူ၏ ခန္ဓာကိုယ်ဖြစ်သည်။
သူ၏ ဝိညာဉ်က ပြောနေသည်မှာ ၎င်းက သက်တောင့်သက်သာအရှိဆုံး အခြေအနေဖြစ်သည်။
ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။
ပြန်လည်မွေးဖွားခြင်းနှင့်အတူ အချိန်အတော်ကြာအောင် သူမခံစားခဲ့ရသော ပိုင်ဆိုင်သည့် စိတ်ခံစားမှုက ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
“ ဒီဟာက ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ပဲ… ရှေးဦးအပျက်အစီးရဲ့ အသွေးအသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်ခန္ဓာကိုယ်ကတော့… ငါ့ရဲ့ နတ်ဘုရားကိုယ်ပွားပဲ ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး ခေါင်းမော့လိုက်သည်။
သူက အရိုးဆေးမီးဖိုကိုဖြစ်စေ ဧကရီကိုဖြစ်စေ မကြည့်ပေ။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲတွင် ဘေးပတ်ဝန်းကျင်မှ သလင်းကျောက်အလင်းရောင်သာ ရှိသည်။
သူက ရုပ်ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ရန် ငရဲမီးတောက်၏ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသော မူလအသက်ဓာတ်အရင်းအမြစ်တစ်ဝက်ကိုသာ သုံးစွဲရသေးသည်။
ဤခန္ဓာကိုယ်က ယခုအချိန်မှာ မည်သည့်ကျင့်ကြံခြင်းမှ မရှိသေးပေ။
သို့ဖြစ်၍ ဤနှစ်များတွင် သူ၏ စိတ်ထဲမှာ ရှိနေခဲ့သော အတွေးတစ်ခုက ဤအခိုက်အတန့်မှာ အသက်ဝင်လာသည်။
“ ငါက အင်မော်တယ်နဲ့ နတ်ဘုရားကို ပေါင်းစပ်ထားတဲ့ လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်… အဲ့ဒီလမ်းစဉ်မှာ အချုပ်အနှောင်တွေ အရမ်းများပြီး ငါ့ရဲ့ တိုးတတ်မှုက အရမ်းနှေးကွေးတယ်… ငါ့ရဲ့ ခြေလှမ်းတိုင်းမှာ အတားအဆီးတွေကို ဖြတ်ကျော်ရတယ် ”
“ ဒီကြောင့် ဒီလမ်းစဉ်က အဲ့ဒီလိုမဖြစ်ရဘူး ”
“ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါ့ရဲ့ နတ်ဘုရားကိုယ်ပွားကို သေချာပေါက် ပြန်လုပြီး အဲ့ဒါကို စစ်မှန်တဲ့ နတ်ဘုရားလမ်းစဉ်ကို လျှောက်လှမ်းခိုင်းမယ် ”
“ ငါ့ရဲ့ မူလခန္ဓာကိုယ်ကတော့… စစ်မှန်တဲ့ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းမယ် ”
“ အဲ့ဒါက ငါ့ကိုယ်ပိုင်လမ်းစဉ်ပဲ ”
ဆုံးဖြတ်ချက်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တုံ့ဆိုင်းမနေဘဲ ရုတ်တရက် အသက်ရှူသွင်းလိုက်သည်။
ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ သလင်းကျောက်များက မူလစွမ်းအင်ကို ထုတ်လွှတ်လိုက်ကြပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် ၎င်းတို့က သန့်စင်သော ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွားကြသည်။
ထိုဝိညာဉ်စွမ်းအင်က သူ၏ မရီဒျန်များကို ဖြတ်သန်းစီးဆင်းသွားပြီး သူ၏ သေမျိုးခန္ဓာကိုယ်ကို ကျင့်ကြံသူအဖြစ် ပြောင်းလဲသွားစေသည်။
ချီစုဆောင်းခြင်း ပထမအဆင့်…
မျက်စိတစ်မှိတ်အတွင်းမှာ မူလစွမ်းအင်က သူနှင့် ပေါင်းစပ်သွားနေသည်နှင့်အမျှ သူ၏ ကျင့်ကြံခြင်းအခြေခံက မယုံကြည်နိုင်စရာကောင်းသော အမြန်နှုန်းဖြင့် မြင့်တတ်သွားသည်။
သူက ချီစုဆောင်းခြင်း အဆင့်တစ်ဆယ်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။
တခြားကျင့်ကြံသူများအတွက်တော့ အဆင့်တစ်ဆယ်သည် ချီစုဆောင်းခြင်းနယ်ပယ်၏ အကန့်အသတ်ဖြစ်သည်။ သို့သော်လည်း မူလစွမ်းအင်ကို အသုံးပြု၍ ပြန်တည်ဆောက်ထားသော ရွှီချင်း၏ ခန္ဓာကိုယ်အတွက်တော့ ယင်းက အကန့်အသတ်မဟုတ်သေးပေ။
တခြားလူများ၏ အကန့်အသတ်က သူ၏ အကန့်အသတ်မဟုတ်ပေ။
ချက်ချင်းဆိုသလို သူက ချီစုဆောင်းခြင်း အဆင့်(၁၉)သို့ ရောက်ရှိသွားသည်။
ထို့နောက် သူက အဆင့်ချိုးဖြတ်သွားပြီး အခြေတည်အဆင့်သို့ ဝင်ရောက်သွားသည်။
ဓမ္မသွေးကြောအမှတ်(၁၂၁)ခုလုံးက ချက်ချင်း ဖွင့်လှစ်သွားကြသည်။ ထို့နောက် ဤခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေသော ဓမ္မသွေးကြောအမှတ်(၂၆)ခုက မူလစွမ်းအင်၏ တွန်းအားပေးမှုအောက်မှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖွင့်လှစ်သွားကြသည်။
ယင်းက တစ်ခါမှမဖြစ်ဖူးသောအရာ ဖြစ်သည်။
ဝုန်းခနဲ မြည်သံများက တရစပ် ပဲ့တင်ထပ်နေစဉ် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဓမ္မသွေးကြောအမှတ်(၁၄၇)ခုက ထွန်းလင်းတောက်ပသွားကြသည်။ ထို့နောက် သွေးကြောအမှတ်များမှတဆင့် အသက်မီးတောက်က မွေးဖွားလာသည်။
ရွှီချင်း၏ အသက်မီးတောက်ဘောလုံးက ငါးလုံးမဟုတ်ပေ။ ကိုးလုံးဖြစ်သည်။
အသက်မီးတောက်ဘောလုံး(၉)လုံး၏ အားဖြည့်ပေးမှုအောက်မှာ ရွှီချင်း၏ သက်စောင့်မီးအိမ်များက ချက်ချင်း ထွက်ပေါ်လာကြသည်။
ထိုသက်စောင့်မီးအိမ်များက သူ၏ သွေးမျိုးဆက်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ရွှီချင်း၏ သက်စောင့်မီးအိမ်သည် နေနာရီပုံသဏ္ဍာန်ရှိပြီး ယင်းတို့က တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ယင်းတို့က သက်စောင့်မီးဘောလုံးများကို ထောက်ပံ့ပေးလိုက်သည့်အခါ မီးတောက်များက ကောင်းကင်ပေါ်ထိ တစ်ဟုန်ထိုး မြှောက်တတ်သွားကြသည်။
ထိုမြင်ကွင်းက အားညို၏ နှလုံးကို ပရမ်းပတာ တုန်ယင်သွားစေသည်။
သူက ဘဝပေါင်းများစွာ ရှင်သန်ခဲ့ဖူးသော်လည်း ထိုသို့မြင်ကွင်းကို တစ်ခါမှ မမြင်ဖူးပေ။
“ ဒါပေမဲ့ ငါကြားဖူးတဲ့ ကောလဟာလတွေအရဆိုရင်… ရွှမ်ကမ္ဘာမြေရဲ့ ကြယ်တာရာစက်ဝန်းမှာ ပြိုင်ဘက်ကင်းအင်မော်တယ်ဆိုတဲ့ လမ်းစဉ်ရှိတယ်… ”
အားညိုက အံ့ဩထိတ်လန့်နေစဉ် ရွှီချင်း၏ ကျင့်ကြံခြင်းက ဆက်လက် မြင့်တတ်သွားသည်။
မီးတောက်ကိုးခုက လွှမ်းခြုံမှုအောက်မှာ နတ်နန်းတော်များက ထွက်ပေါ်လာကြသည်။
ရွှမ်ကမ္ဘာမြေ၏ ဒဏ္ဍာရီများအရ ပြိုင်ဘက်ကင်း အင်မော်တယ်လမ်းစဉ်တွင် နတ်နန်းတော်(၃၃)ခု ရှိရမည်။
ယခု ထိုဒဏ္ဍာရီက ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ အမှန်တကယ် ဖြစ်ပေါ်လာသည်။
နတ်နန်းတော်(၃၃)ခုက တုန်ယင်သွားကြပြီး ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။ ထိုနတ်နန်းတော်များထဲတွင် ငွေရောင်အလင်းတောက်ပသော ဝိညာဉ်နတ်သူငယ်တစ်ကောင်စီက တင်ပျဉ်ခွေ၍ တရားထိုင်နေကြသည်။
၎င်းတို့က အင်မော်တယ်များအလား အောက်မေ့ရသည်။
ရွှီချင်း၏ အဆင့်ချိုးဖြတ်မှုတစ်ခုစီတိုင်းက ပြိုင်ဘက်ကင်းသည်။
ယင်းက သူလျှောက်လှမ်းချင်သော စစ်မှန်သည့် အင်မော်တယ်လမ်းစဉ်ဖြစ်ပြီး အားညို ပြန်အမှတ်ရသွားသော ပြိုင်ဘက်ကင်း အင်မော်တယ်လမ်းစဉ်လည်း ဖြစ်၏။
ဝိညာဉ်နတ်သူငယ်အဆင့်ပြီးနောက် ဝိညာဉ်သိုက်အဆင့် ဖြစ်သည်။ သလင်းကျောက်များမှ မူလစွမ်းအင်၏ အားဖြည့်ပေးမှုအောက်မှာ သူ၏ ဝိညာဉ်သိုက်များက ထွက်ပေါ်လာကြသည်။
ကြီးမြတ်သော ရတနာသိုက်(၉)ခုသည် ခမ်းနားထည်ဝါသော ဧရာမမီးတောင်များသဖွယ် ကြောက်စရာကောင်းလှ၏။
ဝုန်းခနဲ မြည်သံများက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပဲ့တင်ထပ်သွားသည်။
သို့သော်လည်း အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုကြီးမြတ်သော ရတနာသိုက်(၉)ခုက ဧရာမမီးတောင်များသဖွယ် အလွန်အံ့ဖွယ်ကောင်းသော်လည်း အတွင်းဘက်က ဗလာဖြစ်နေသည်။ ထိုရတနာသိုက်များထဲတွင် မည်သည့်တာအိုအတတ်ပညာမှ သို့မဟုတ် နတ်ဘုရားအစွမ်းမှ မရှိပေ။
ရွှီချင်းက နှုတ်ဆိတ်သွားပြီး ဤဘဝတွင် သူကျင့်ကြံခဲ့သော နတ်ဘုရားအတတ်ပညာများကို ပြန်စဉ်းစားလိုက်သည်။
ထိုအခါ အတွေးတစ်ချက်နှင့်အတူ ဒုဓလီပန်းက လျှို့ဝှက်ရတနာသိုက်တစ်ခုထဲမှာ ထွက်ပေါ်လာသည်။
ထိုဒုဓလီပန်းထဲမှာ ရွှီချင်းဖမ်းဆုပ်မိထားသော နတ်ဘုရားအတတ်ပညာတစ်ခု၏ ဇစ်မြစ်အမှတ်အသား ရှိသည်။
ယင်းက…
ရေတွင်းထဲမှ လကို မျှားခြင်းဖြစ်သည်။
“ ရေတွင်းထဲက လကို မျှားခြင်းရဲ့ အဓိကအနှစ်သာရက… အတုယောင်နဲ့ အစစ်အမှန်ကြားက အသွင်ပြောင်းလဲမှုပဲ… အဲ့ဒါက ဗလာနတ္ထိကနေ တစ်စုံတစ်ခုကို ဖန်တီးတာဖြစ်ပြီး လေဟာနယ်တာအိုဖြစ်တယ် ”
“ ဒီဟာကို ငါ့ရဲ့ လျှို့ဝှက်ရတနာသိုက်ထဲမှာ တံဆိပ်ရိုက်ခတ်ဖို့ အသုံးပြုမယ် ”
“ ဒုတိယတစ်ခုကတော့… ”
ရွှီချင်းက လေးနက်စွာ တွေးတောနေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။ ထို့ကြောင့် သူက ရေတွင်းထဲမှ လကို မျှားခြင်း၏ ဒုဓလီပန်းကို ချက်ချင်း စိုက်ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ ထပ်ဆင့်လွှမ်းခြုံသော စိတ်ခံစားမှုက ဒုဓလီပန်းပေါ်မှာ ထွက်ပေါ်လာပြီး ၎င်းက မြန်ဆန်စွာ ကွဲထွက်သွားသည်။ ထို့နောက် ၎င်းက မရေမတွက်နိုင်သော ဒုဓလီပန်းများအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ ပြန့်ကျဲသွားသည်။
ရုတ်တရက် ထွက်ပေါ်လာသော ထိုဒုဓလီပန်းများကို ကြည့်နေရင်း ရွှီချင်းက နှလုံးတုန်သွားသည်။
တစ်ချိန်တည်းမှာ ရှေးဟောင်းစိတ်ဆန္ဒ ကိန်းဝပ်နေသော အမျိုးသမီးအသံက ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ အတိအကျဆိုရလျှင် ယင်းက ပုံရိပ်ယောင်ဒုဓလီပန်းများထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ အံ့ဩဖို့ မလိုပါဘူး… ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံကို နင့်ဆီ ပို့လွှတ်ဖို့ လျှို့ဝှက်အတတ်ပညာတစ်ခုကို အသုံးပြုထားတာပါ ”
“ နောက်ဆုံးတော့ နင်က ရွှမ်ကမ္ဘာမြေရဲ့ ပြိုင်ဘက်ကင်း အင်မော်တယ်လမ်းစဉ်ပေါ် ခြေချနိုင်သွားပြီ… အတိတ်မှာတုန်းက ရွှမ်ကမ္ဘာမြေရဲ့ တာအိုအရင်းအမြစ်ကို ဆင်ခြင်နားလည်နိုင်ဖို့ ငါနင့်ကို အသက်ဆယ်ခါရှူချိန် ပေးခဲ့တယ်… ဒီနေ့တော့ ရှေးခေတ်သဘောတူညီချက်အတိုင်း ငါဆောင်ရွက်မယ်… ရွှမ်ကမ္ဘာမြေရဲ့ ပြိုင်ဘက်ကင်း အင်မော်တယ်လမ်းစဉ်ကို ခြေချနိုင်တဲ့ ဘယ်သူမဆို အသက်သုံးဆယ်ခါရှူချိန် ရရှိလိမ့်မယ် ”
“ ရွှမ်ကမ္ဘာမြေမှာ အန္တိမရှစ်ခုလို့ခေါ်တဲ့ အတတ်ပညာတစ်ခုရှိတယ်… တကယ်လို့ နင်နဲ့ ကံစပ်မယ်ဆိုရင် အဲ့ဒါကို ရရှိလိမ့်မယ် ”
“ ဒါပဲ ”
အသံက ဖြည်းညင်းစွာ လွင့်ပြယ်သွားသည်။
တစ်ချိန်တည်းမှာ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ၏ အပြင်ဘက်၊ ဝမ်ကူးကုန်းမြေမှ လူသားမျိုးနွယ်၏ နန်းမြို့တော်ထဲတွင် အလွန်ခမ်းနားထည်ဝါသော ရှေးခေတ်ဘုရားကျောင်းတစ်ခု ရှိသည်။
ဘုရားကျောင်းက ထိုနေရာမှာ အမြဲတမ်း တည်ရှိနေသော်လည်း လမ်းပေါ်မှာ သွားလာနေကြသူများက ယင်းကို လုံးဝအာရုံမခံမိကြချေ။ ဤသည်မှာ ဘုရားကျောင်းက တကယ်မတည်ရှိသည့်အလားပင်။
ဤအခိုက်အတန့်မှာ အဖိုးအိုတစ်ယောက်က ဘုရားကျောင်းထဲမှ ထွက်သွားသည်။
သူ၏ နောက်ကျောပုံရိပ်က ညှိုးမှိုင်နေပုံပေါ်သည်။
အတိတ်မှာ ဘုရားကျောင်းထဲတွင် ရွှီချင်း မြင်တွေ့ခဲ့သော နွေဦးအင်မော်တယ်နန်းတော်၏ နန်းတော်သခင်သည်တော့ သူက တင်ပျဉ်ခွေထိုင်နေပြီး ထွက်ခွာသွားသော အဖိုးအိုကို ကြည့်နေသည်။ ဝမ်းနည်းပူဆွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်နေသည်။
လိပ်ပြာလေးက နန်းတော်သခင်၏ ဘေးမှာ ပျံသန်းနေပြီး စိတ်ရှုပ်ထွေးစွာ မေးသည်။
“ ဆရာ… အဲ့ဒီအဖိုးကြီးက ဘယ်သူလဲ… ပြီးတော့ မုန်းစရာကောင်းတဲ့ ဟိုကောင်စုတ်ကို ဆရာက ဘာလို့ ကူညီပေးလိုက်တာလဲ… ပြီးတော့ ဆရာ့ပုံစံက အရမ်းဝမ်းနည်းနေသလိုပဲ ”
နန်းတော်သခင်က နူးညံ့စွာ သက်ပြင်းချလိုက်သည်။
“ သူက ငါ့ရဲ့ မိတ်ဆွေဟောင်းပါ… မကြာခင် ဖြစ်လာတော့မယ့် အပြောင်းအလဲတွေမှာ သူ့ရဲ့ ထီးက အကာအကွယ်ပေးနိုင်ပါ့မလား ငါစိုးရိမ်တယ်… ”