← Chapters

နောင်တမရှိဘူး… အပြစ်မရှိဘူး… ဝမ်းမနည်းဘူး

Vol. 100 Ch. 1545

နောင်တမရှိဘူး… အပြစ်မရှိဘူး… ဝမ်းမနည်းဘူး

Vol. 100 Ch. 1545

ဘဝ၏ ကြာရှည်မှုက လူအများစုအတွက် ကြိုတင်မခန့်မှန်းနိုင်သောအရာ ဖြစ်၏။

အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သော ဤလောကတွင် ဖြစ်၏။ သေးငယ်သော အမှားတစ်ခု သို့မဟုတ် မတော်တဆမှုက ဘဝကို နိဂုံးချုပ်ပေးနိုင်သည်။

နတ်ဘုရားတစ်ပါးသဖွယ် အစွမ်းထက်သော ပုဂ္ဂိုလ်များသည်ပင် သေဆုံးနိုင်ကြသည်။ ဓားကိုင်ဧကရာဇ်သည်ပင် သူ့ဘဝ၏ အဆုံးသတ်ဆီသို့ ရောက်ရှိသွားခဲ့သည်။

သို့သော်လည်း ဘဝတစ်ခု၏ ထွန်းလင်းတောက်ပမှုကို ကြာရှည်မှုဖြင့် အဆုံးအဖြတ်မပေးနိုင်ပေ။

ဤလောကက သက်ရှိအားလုံးအတွက် ဧည့်ဂေဟာတစ်ခုဖြစ်ပြီး အချိန်က ရှေးခေတ်ကနေ မျက်မှောက်ခေတ်အထိ ဖြတ်သန်းသွားနေသော ခရီးသည်ဖြစ်သည်။

အဓိကအရေးကြီးဆုံးမှာ ဘဝ၏ ဖြတ်သန်းပုံနှင့် အတွေ့အကြုံများ ဖြစ်သည်။

ယင်းက တစ်စုံတစ်ယောက်က သူ့ဘဝကို မည်သို့ဖြတ်သန်းမည်ကို ရွေးချယ်ခြင်းနှင့် သက်ဆိုင်သည်။

ယင်းက သက်ရှိအားလုံး ဖမ်းဆုပ်ထားနိုင်သော တစ်ခုတည်းသော လွတ်လပ်ခွင့်လည်း ဖြစ်သည်။

ဥပမာအနေဖြင့် လူသားမျိုးနွယ်ကို နှစ်ပေါင်းများစွာကြာအောင် ကာကွယ်စောင့်ရှောက်ပေးခဲ့သော ဓားကိုင်ဧကရာဇ်ကို ကြည့်နိုင်သည်။ နောက်ဆုံးရလဒ်က မပြောင်းလဲသွားသော်လည်း သူ့ဘဝ၏ ဖြတ်သန်းပုံနှင့် အတွေ့အကြုံများက လူသားတစ်ယောက်ချင်းစီ၏ မှတ်ဉာဏ်ထဲမှာ ထာဝရတည်ရှိနေသည်။

ယင်းက ဘဝ၏ စစ်မှန်သော ထွန်းလင်းတောက်ပမှုဖြစ်သည်။

ယင်းက ကြီးကျယ်မြင့်မြတ်ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။

ယနေ့ နောက်ဆုံးမီးအလင်းရောင်သာ ကျန်ရှိတော့သည့်အချိန် သူက အရာအားလုံးကို လွှတ်ချလိုက်ပြီး ပြန်လည်မွေးဖွားခြင်းကို အမှန်တကယ် ခံစားလိုက်သည်။ သူက အချိန်အတော်ကြာ မခံစားခဲ့ရသော လွတ်လပ်မှုကို ပြန်ရရှိသွားသည်။

ဘဝမီးပန်းများက သူ၏ ခရီးစဉ်မှာ ထွက်ပေါ်လာလေရာ ယင်းက ပိုပြီးခမ်းနားထည်ဝါသွားသည်။

သို့ဖြစ်၍ သူ၏ အနောက်တွင် အတိတ်တုန်းက မြင်ကွင်းများနှင့် တတ်ကြွမှုအပြည့်ရှိသော လူငယ်တစ်ယောက်၏ ပုံရိပ်က ထွက်ပေါ်နေဟန် ရ၏။

“ ရှင်းအာ… ရွှီချင်း… မင်းတို့ရဲ့ အနာဂတ်က ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီအဖိုးကြီး မပြောနိုင်ဘူး… ”

“ ဒါပေမဲ့ ဘဝကို ကောင်းကောင်း ဖြတ်သန်းခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ မင်းတို့ကို ငါနားလည်ထားတဲ့တစ်ခုကို မျှဝေပေးချင်တယ် ”

မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ၏ အပြင်ဘက်၊ ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်တွင် ဓားကိုင်ဧကရာဇ်က အရှေ့မှ လျှောက်နေပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ အနောက်တွင် ဧကရီနှင့် ရွှီချင်းက လိုက်ပါလာကြသည်။

“ နောင်တမရှိဘူး… အပြစ်မရှိဘူး… ဝမ်းမနည်းဘူး ”

ဓားကိုင်ဧကရာဇ်က နူးညံ့စွာ ပြောသည်။

“ ဘဝမှာ အစွမ်းကုန် ကြိုးစားပြီး လုပ်ဆောင်ခဲ့တာကို နောင်တမရှိဘူးလို့ ဆိုနိုင်တယ်… ရလဒ်က ဘာပဲဖြစ်လာပါစေ အကောင်းဆုံး ကြိုးစားခဲ့တယ်မဟုတ်လား ”

“ တကယ်လို့ တစ်စုံတစ်ယောက်က သူ့ဘဝတစ်လျှောက်လုံး ရင်ထဲက စစ်မှန်တဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် လမ်းခရီးက ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ကိုယ်ပိုင်အလင်းရောင်ကို ထွန်းလင်းနိုင်တဲ့အခါ… အဲ့ဒါကို အပြစ်မရှိတဲ့ ဘဝလို့ ခေါ်နိုင်တယ် ”

“ တကယ်လို့ လူတစ်ယောက်က အဲ့ဒီအချက်နှစ်ခုလုံးကို ရရှိနိုင်မယ်ဆိုရင် သူပြုလုပ်ခဲ့တဲ့ ရွေးချယ်မှုတွေနဲ့ သူတွေ့ဆုံတဲ့ လူတွေကြောင့် ဘယ်တော့မှ ဝမ်းနည်းရမှာ မဟုတ်ဘူး ”

“ ဒီစကားလုံးခြောက်လုံးအတိုင်း နေထိုင်မယ်ဆိုရင် ဘဝက ရှင်းလင်းလာမယ်… ဘဝမှာ အသက်ရှင်ရတာက အလဟဿမဖြစ်တော့ဘူး ”

ဓားကိုင်ဧကရာဇ်၏ စကားက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

ယင်းကို ဧကရီနှင့် ရွှီချင်းကြားသွားသောအခါ သူတို့၏ နှလုံးသားထဲမှာ ဖော်မပြနိုင်သော လှိုင်းများ ထွက်ပေါ်လာကြသည်။

မဟာဧကရာဇ်က ထိုစကားလုံးခြောက်လုံးအတိုင်း အမှန်တကယ် နေထိုင်ခဲ့သည်။

သူက လူသားမျိုးနွယ်ကို နှစ်ပေါင်းများစွာကြာအောင် ကာကွယ်စောင့်ရှောက်ပေးရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သို့ဖြစ်၍ သူက ဤဘဝမှာ နောင်တမရခဲ့ပေ။

သူက ဤဘဝတွင် မည်သည့်အခြေအနေဖြင့် တွေ့ကြုံပါစေ သူ၏ နှလုံးသားထဲမှ အစစ်အမှန်အတိုင်း ဆောင်ရွက်ခဲ့သည်။ သူ့ဝိညာဉ်ထဲမှ အလင်းရောင်က တစ်ခါမှ စွန်းထင်မခံခဲ့ရပေ။ ယင်းက သူ့ဘဝတစ်လျှောက်လုံး ထွန်းလင်းတောက်ပနေလေရာ သူက မည်သည့်အခါမှ အပြစ်ရှိစိတ်ကို မခံစားရပေ။

သူ့ဘဝ၏ ရွေးချယ်မှုနှင့်ပတ်သက်ပြီး သူက ဧကရီနှင့် ရွှီချင်းကို သူ၏ အမွေဆက်ခံသူများအဖြစ် ရွေးချယ်ခဲ့သည်။

သူ့မှာ ဝမ်းနည်းစရာ မည်သည့်ကိစ္စမှ မရှိပေ။

ဤအခိုက်အတန့်မှာ ရယ်မောသံက လောကတစ်ခွင် ပျံ့လွင့်သွားသည်။

ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နတ်ဘုရားသုံးပါးနှင့် တိုက်ခိုက်နေကြသော သူတော်စင်ကုန်းမြေသုံးခုဆီသို့လည်း ပျံ့လွင့်သွားသည်။

ဝမ်ကူးကုန်းမြေဆီသို့ ဆင်းသက်လာကြသော အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေများက စုစုပေါင်း ဆယ့်ခြောက်ခုရှိသည်။ ၎င်းတို့က အရပ်လေးမျက်နှာသို့ လေးခုစီ ဆင်းသက်သွားခဲ့ကြသည်။

အရှေ့ပိုင်းဝမ်ကူးကုန်းမြေဆီသို့ ဆင်းသက်လာကြသော သူတော်စင်ကုန်းမြေလေးခုတွင် သူတော်စင်ကုန်းမြေတစ်ခုက လူသားမျိုးနွယ်ပေါ်သို့ ဆင်းသက်သွားခဲ့သည်။ တခြားသုံးခုသည်တော့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပိုင်နက်ထဲသို့ ကျဆင်းသွားခဲ့ကြသည်။

ဤအခိုက်အတန့်မှာ နတ်ဘုရားသုံးပါး၏ အမူအရာက ပြောင်းလဲသွားကြသည်။ ၎င်းတို့က မျိုးနွယ်စုနှင့်အတူ ချက်ချင်း အနောက်ဆုတ်သွားကြပြီး သူတော်စင်ကုန်းမြေသုံးခုဆီသို့ ဦးတည်သော လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်ကြသည်။

သူတော်စင်ကုန်းမြေသုံးခုထဲမှ မဟာဧကရာဇ်များက နှလုံးတုန်သွားကြသည်။ သူတို့က အဝေးသို့ လှမ်းကြည့်လိုက်သည့်အခိုက် သူတို့၏ အမူအရာက တည်ကြည်လေးနက်သွားကသည်။

သူတို့က ဧကရီ၊ ရွှီချင်းနှင့် သူတို့၏ အရှေ့မှ ရှည်လျားသော ပုံရိပ်တစ်ခုကို မြင်တွေ့သွားကြသည်။ ထိုပုံရိပ်က ကြီးမားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ထားသည်။

သူတို့၏ မျက်လုံးထဲတွင် ထိုအဖိုးအိုထံမှ ထုတ်လွှတ်နေသော သေခြင်းအရှိန်အဝါက အလွန်အမင်း အားကောင်းသည်။ သို့သော်လည်း သူ၏ ဝိညာဉ်မှ ထုတ်လွှတ်နေသော အလင်းရောင်ကို ထိုသေခြင်းအရှိန်အဝါက မဖုံးလွှမ်းနိုင်ပေ။ အလင်းရောင်က သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး ဝမ်ကူးကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုအလင်းရောင်ကြောင့် ကောင်းကင်က လင်းထိန်သွားသည်။

“ နွေဦးအင်မော်တယ် ”

သူတော်စင်ကုန်းမြေသုံးခုမှ မဟာဧကရာဇ်များက နှလုံးတုန်သွားကြပြီး သူတို့၏ မျက်နှာက ဖြူဖျော့သွားကြသည်။

သူတို့ချည်းသာ ထိတ်လန့်သွားခြင်းမဟုတ်ပေ။ သူတို့၏ သူတော်စင်ကုန်းမြေများသည်လည်း တုန်လှုပ်သွားကြသည်။ မိုးကြိုးက သူတော်စင်ကုန်းမြေများမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အသိစိတ်ထဲမှာ ပေါက်ကွဲသွားသည်နှင့် မဟာဧကရာဇ်က သူ၏ လက်ထဲမှ ဓားကို မြှောက်လိုက်ပြီး သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သည်။

သူ၏ ငယ်ဘဝတွင် သူ၏ အိမ်မက်က ဓားတစ်လက်နှင့်အတူ လောကအနှံ့ ပျော်ရွှင်စွာ ခရီးထွက်ပြီး မိစ္ဆာများနှင့် နတ်ဆိုးများကို သုတ်သင်ရှင်းလင်းရန် ဖြစ်သည်။

မဟာဧကရာဇ်တစ်ပါးဖြစ်လာပြီးနောက် သူ၏ အထွတ်အထိပ်ကာလတွင် ဓားတစ်လက်နှင့်အတူ ကောင်းကင်အနှံ့ ခရီးထွက်ခဲ့ပြီး နတ်ဘုရားများကို သတ်ဖြတ်ခဲ့ကာ ကပ်ဘေးများကို ဖြေရှင်းခဲ့သည်။ သူက ဓားတစ်လက်နှင့်အတူ ဤလောကမှာ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။

သူ၏ နောက်ပိုင်းနှစ်များတွင် သူ၏ စိတ်ထဲမှာ စွဲမြဲနေသည်မှာ ထိုအချိန်တုန်းက မှတ်ဉာဏ်များသာ ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက ဓားကို သာမန်ကာလျှံကာ လွှဲယမ်းလိုက်သည့်အခါ အတိတ်တုန်းက ပုံရိပ်က သူ့ကို ထပ်ဆင့်လွှမ်းခြုံသွားသည့်အလား သူ့မှတ်ဉာဏ်များထဲမှ ပုံရိပ်များက ပစ္စုပ္ပန်လောကနှင့် ပေါင်းစပ်သွားသည်။

ထို့ကြောင့် သူက ဓားကို လွှဲယမ်းလိုက်သည့် လွတ်လပ်သော စိတ်ခံစားမှုက အနောက်မှ လိုက်ပါလာသည်။

ထိုဓားချက်နှင့်အတူ ဓားအလင်းက ကောင်းကင်၏ အလင်းရောင်ကို အစားထိုးသွားသည်။ ဓားအရှိန်အဝါက ဤလောက၏ ဟင်းလင်းပြင်ဖြစ်လာပြီး ဓားစိတ်ဆန္ဒက ကောင်းကင်ဘုံ၏ စိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားသည်။

ဖော်မပြနိုင်သော လွှမ်းမိုးဖိနှိပ်မှုနှင့်အတူ ဓားအလင်းက ထွက်ပေါ်လာသည်။ ယင်းက ကောင်းကင်နှင့်မြေပြင်ကို အက်ကွဲစေနိုင်ပြီး ရန်သူအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်ဟန် ရ၏။

ဓားအလင်းက သူနှင့် အနီးဆုံးမှာရှိသော သူတော်စင်ကုန်းမြေပေါ်သို့ ကျဆင်းသွားသည်။

ထိုသူတော်စင်ကုန်းမြေက ကြယ်ဂြိုလ်တစ်လုံးနှင့် ဆင်တူသည်။

ဤအခိုက်အတန့်မှာ အလွန်ကျယ်လောင်သော ပေါက်ကွဲသံက မြည်ဟိန်းထွက်လာသည်။ ဤသည်မှာ အလွန်အားကောင်းသော မုန်တိုင်းတစ်ခုက ဝင်ရောက်တိုက်ခတ်သွားသည့်အလားပင်။ နတ်ဘုရားသုံးပါး၊ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၊ ရွှီချင်းနှင့် ဧကရီ၏ အကြည့်အောက်မှာ…

သူတို့အရှေ့မှ ကြယ်ဂြိုလ်နှင့်ဆင်တူသော သူတော်စင်ကုန်းမြေပေါ်တွင် ဧရာမအက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အက်ကွဲကြောင်းက အောက်သို့ ဆက်လက် နစ်မြုပ်သွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူတော်စင်ကုန်းမြေတစ်ခုလုံးက ထိုအက်ကွဲကြောင်းဖြင့် ထိုးဖောက်ခံလိုက်ရသည်။

သူတော်စင်ကုန်းမြေက အလယ်မှ ထက်ခြမ်းကွဲထွက်သွားသည်။

သူတော်စင်ကုန်းမြေထဲမှ သက်ရှိများသည် ဓားအလင်းရောင်ကြောင့် ဖျက်ဆီးခံလိုက်ရပြီး အထဲမှ အရာအားလုံးက ဓားအရှိန်အဝါအောက်မှာ ပြိုကွဲပျက်စီးသွားကြသည်။

သူတော်စင်ကုန်းမြေက ဖျက်ဆီးခံလိုက်ရသည်။

ဖျက်ဆီးခံလိုက်ရသော သူတော်စင်ကုန်းမြေထဲမှ မရေမတွက်နိုင်သော အသက်ဓာတ်များသည် ဓားကိုင်ဧကရာဇ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှ သေခြင်းအရှိန်အဝါကို ဖိနှိပ်ရန် မဟုတ်ပေ။ ယင်းအစား သူ၏ တိုက်ပွဲစွမ်းအားကို အဆုံးစွန်ထိ မြှင့်တင်ရန် ဖြစ်သည်။

ကြယ်တာရာစက်ဝန်း၏ အချုပ်အနှောင်များ မရှိတော့သည့်အခါ ဓားကိုင်ဧကရာဇ်သည် သူ၏ အထွတ်အထိပ် တိုက်ပွဲစွမ်းအားကို ပြန်ရရှိသွားရုံသာမက ပိုပြီးမြင့်မားသော အဆင့်ထိ ရောက်ရှိနိုင်သော စွမ်းရည်ကိုလည်း ပိုင်ဆိုင်သွားသည်။

ဤစွမ်းအားက ခဏတာမျှသာ ဖြစ်သည်။

သို့သော်လည်း နံနက်ခင်းမှာ တာအိုအသံကို ကြားရပြီး ညနေခင်းမှာ သေဆုံးခြင်းက သူလက်ခံနိုင်သောအရာ ဖြစ်သည်။

ဆွံ့အသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ မဟာဧကရာဇ်သုံးပါး၏ မျက်နှာက ဖြူဖျော့သွားကြသည်။ သူတို့က ချက်ချင်း အနောက်ဆုတ်သွားကြပြီး ထွက်ပြေးသွားကြသည်။

သူတို့က အစွမ်းထက် မဟာဧကရာဇ်များ ဖြစ်ကြသော်လည်း နွေဦးအင်မော်တယ်တစ်ပါး၏ အရှေ့တွင် ပုရွက်ဆိတ်များနှင့် မခြားပေ။

ဓားကိုင်ဧကရာဇ်က သူတို့သုံးယောက်ကို တစ်ချက်ပင် လှည့်မကြည့်ချေ။ ယင်းအစား သူက တည်ငြိမ်စွာ ပြောသည်။

“ ရှင်းအာနဲ့ ရွှီချင်း… မင်းတို့က ငါ့ရဲ့ အမွေဆက်ခံသူတွေဖြစ်ပေမဲ့ မင်းတို့ကို ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ ဧကရာဇ်ဓားပဲ ပေးနိုင်ခဲ့တယ်… ဓားနဲ့ပတ်သက်တဲ့ နတ်ဘုရားအတတ်ပညာတွေကို မင်းတို့ကို သင်ကြားဖို့ ငါ့မှာ အချိန်မရှိခဲ့ဘူး ”

“ ဒီနေ့ မင်းတို့ကို ငါသင်ပေးမယ် ”

“ ငါ့ဘဝရဲ့ တာအိုက ဓားပဲ ”

“ ဒီဘဝမှာ… မတူညီတဲ့ ခေတ်ကာလတွေမှာ ဓားကွက်အမျိုးမျိုးကို ငါဖန်တီးခဲ့တယ်… စုစုပေါင်း ဓားကွက်ငါးကွက် ရှိတယ် ”

“ ပထမဓားကွက်က… မြေပြင်သိုလှောင်ခြင်း ”

ဓားကိုင်ဧကရာဇ်က စကားဆုံးသည်နှင့် သူ၏ လက်ကို မြှောက်လိုက်ပြီး ကျန်ရှိသော သူ့အရှေ့မှ သူတော်စင်ကုန်းမြေနှစ်ခုဆီသို့ ဖိချလိုက်သည်။

ချက်ချင်းဆိုသလို သူတော်စင်ကုန်းမြေနှစ်ခုက တုန်ယင်သွားပြီး ယင်းတို့ကြားမှ အကွာအဝေးက ဖယ်ရှားခံလိုက်ရသည်။

ကောင်းကင်၏ အရောင်က ပြောင်းလဲသွားပြီး မြေပြင်က ပရမ်းပတာ လှုပ်ခါသွားသည်။ ကျယ်လောင်သော မြည်သံများက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

အသံက အလွန်ကျယ်လောင်လေရာ လူတိုင်း၏ အသိစိတ်ကို တုန်လှုပ်သွားစေသည်။

ဓားကိုင်ဧကရာဇ်၏ အသံက ကျယ်လောင်သော မြည်သံများကြားမှာ ရှင်းလင်းစွာ ပဲ့တင်ထပ်သွားသည်။

“ မြေပြင်သိုလှောင်ခြင်းက မြေကြီးတာအိုကို ကျွမ်းကျင်တဲ့ လူသတ်သမားတစ်ယောက်ကို သတ်ပစ်ဖို့ ငါဖန်တီးခဲ့တဲ့ ဓားကွက်တစ်ခုပဲ… အဲ့ဒီဓားကွက်က အစမှာ မြေကြီးရဲ့ စွမ်းအင်ကို လှုံ့ဆော်ပေးပြီး ဓားစိတ်ဆန္ဒကို မြေကြီးရဲ့ စိတ်ဆန္ဒအဖြစ် ပြောင်းလဲပစ်တယ်… မြေကြီးစွမ်းအင်ကလည်း ဓားစွမ်းအင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်… အဲ့ဒီနောက် အရာအားလုံးက စုစည်းသွားပြီး မြေကြီးဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားလိမ့်မယ် ”

ဓားကိုင်ဧကရာဇ်က အသေးစိတ် ရှင်းပြနေစဉ် ရွှီချင်းနှင့် ဧကရီသည် တုန်လှုပ်နေသော သူတော်စင်ကုန်းမြေနှစ်ခုထံမှ မီးခိုးငွေ့များ စတင်ထွက်ပေါ်လာကြောင်း မြင်တွေ့သွားကြသည်။ ထိုမီးခိုးငွေ့များက ဓားကိုင်ဧကရာဇ်ပြောသော မြေကြီးစွမ်းအင် ဖြစ်သည်။

စက္ကန့်ပိုင်းအတွင်းမှာ သူတော်စင်ကုန်းမြေနှစ်ခု၏ မြေပြင်က အက်ကွဲသွားသည်။ မြေကြီးထဲမှ အာဟာရဓာတ်များက ဆွဲထုတ်ခံလိုက်ရသည့်အလား မရေမတွက်နိုင်သော မီးခိုးငွေ့များက အပြင်သို့ ထွက်လာကြသည်။ ထိုမီးခိုးငွေ့များက ကောင်းကင်ပေါ်မှာ ရစ်ခွေသွားကြပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြသည်။

ထို့နောက် မီးခိုးငွေ့များကြားမှာ ထိတ်လန့်ဖွယ်ကောင်းသော ဓားတစ်လက် ထွက်ပေါ်လာသည်။

ထိုဓားထွက်ပေါ်လာသည့်အခိုက် သူတော်စင်ကုန်းမြေများသာမက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မြေကြီးသည်ပင် တုန်ယင်သွားသည်။

ဤသည်မှာ ယင်းတို့က ဆွဲထုတ်ခံနေရသည့်အလားပင်။

ထို့နောက် မြေကြီးစွမ်းအင်မှ ဖွဲ့စည်းသွားသော ဧရာမဓားက ကျဆင်းလာသည်။

ယင်းက ခြောက်သွေ့နေသော မြက်ပင်များကို ချေမွဖျက်ဆီးလိုက်သကဲ့သို့ အလွန်လွယ်ကူသည်။

လူတိုင်း၏ အမြင်တွင် သူတော်စင်ကုန်းမြေနှစ်ခုက တိုက်ရိုက် ပြိုကွဲပျက်စီးသွားသည်။ မြေပြင်က ပြာမှုန်ဖြစ်သွားပြီး သူတော်စင်ကုန်းမြေထဲမှ သက်ရှိအားလုံးသည်လည်း အမြစ်ဖြတ်သုတ်သင်ခံလိုက်ကြရသည်။

ချက်ချင်းဆိုသလို သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။

ထိုဓားကြောင့် ဖျက်ဆီးခံလိုက်ရသော သူတော်စင်ကုန်းမြေများသည်ပင် ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားကြသည်။

မရေမတွက်နိုင်သော အသက်ဓာတ်က ဓားကိုင်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်သွားပြီး သူ၏ အရှိန်အဝါက နောက်တစ်ကြိမ် မြင့်တတ်သွားသည်။

သူက လက်မြှောက်လိုက်ပြီး လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို မြေပြင်သိုလှောင်ခြင်းဓားက ၎င်းဘာသာ ပြိုကွဲပျက်စီးသွားပြီး မရေမတွက်နိုင်သော ဓားစွမ်းအင်အဖြစ် ပြောင်းလဲသွားကာ ထွက်ပြေးသွားကြသော မဟာဧကရာဇ်သုံးပါးဆီသို့ ဦးတည်သွားသည်။

မဟာဧကရာဇ်သုံးပါးက မည်မျှရုန်းကန်ပါစေ ယင်းက အချည်းနှီးသာ ဖြစ်၏။

အကြွင်းမဲ့စွမ်းအားအောက်မှာ သေခြင်းတရားကို မရှောင်လွှဲနိုင်ပေ။

ဓားစွမ်းအင်က ကျဆင်းလာသည့်အခါ မဟာဧကရာဇ်သုံးပါးက သေဆုံးသွားကြသည်။

သူတို့ထံမှ အရာအားလုံးက ဓားကိုင်ဧကရာဇ်အတွက် အာဟာရဓာတ်များ ဖြစ်လာကြသည်။ ယင်းတို့နှင့် ပေါင်းစပ်ပြီးနောက် သူ၏ တိုက်ပွဲစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

လေနှင့် တိမ်တိုက်များက ပရမ်းပတာ ဖြစ်သွားကြသည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က တိတ်ဆိတ်ငြိမ်သက်သွားသည်။ နတ်ဘုရားသုံးပါးသည်ပင် ခေါင်းငုံ့လိုက်ကြသည်။

ဓားကိုင်ဧကရာဇ်၏ ပုံရိပ်က သူတို့၏ မှတ်ဉာဏ်များထဲမှာ မှတ်ကျောက်တင်သွားသည်။

နတ်ဘုရားမျက်နှာပျက်ကြီး ဆင်းသက်လာပြီး ရှေးဘုရင်ရွှမ်ယုံထွက်သွားသည့်အခါ ဝမ်ကူးကုန်းမြေတစ်ခုလုံး သွေးလွှမ်းသွားပြီး အမှောင်ထု၏ ကြီးစိုးခံလိုက်ရသည်။

နတ်ဘုရားများက နေရာတိုင်းမှာ တည်ရှိကြပြီး သတ်ဖြတ်ခြင်းနှင့် ကျွန်ပြုခြင်းက ဤလောက၏ အဓိကတေးသွား ဖြစ်လာသည်။

မျိုးနွယ်စုအားလုံးက နတ်ဘုရားများရှေ့မှာ ခေါင်းငုံ့ထားကြရသည်။ သို့မဟုတ်လျှင် သူတို့က ဖျက်ဆီးခံရလိမ့်မည်။

အတိတ်မှာ ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက် ဓားကိုင်ဧကရာဇ်သာလျှင် ဝမ်ကူးကုန်းမြေထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့သည့် မဟာဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်။ ထိုအချိန်တုန်းက လူသားမျိုးနွယ်သည် ဝမ်ကူးကုန်းမြေ၏ နံပါတ်တစ်မျိုးနွယ်စု ဖြစ်ခဲ့သည်။

သို့ဖြစ်၍ လူသားမျိုးနွယ်က နတ်ဘုရားများစွာ၏ စိတ်အာရုံကို ဆွဲဆောင်ခဲ့သည်။

ထို့ကြောင့် ထိုနှစ်များတွင် ဓားကိုင်ဧကရာဇ်သည် လူသားမျိုးနွယ် ကျွန်ပြုခံရမည့်အရေးကို ရှောင်ရှားရန် နတ်ဘုရားများစွာနှင့် အသေအကြေ တိုက်ခိုက်ခဲ့သည်။

ယင်းက အလယ်ပိုင်းဝမ်ကူးကုန်းမြေမှ နတ်ဘုရားများနှင့် မတိုက်ခိုက်ခင်အထိ ကြာမြင့်ခဲ့သည်။

ထိုတိုက်ပွဲပြီးနောက် သူ၏ မူလခန္ဓာကိုယ်က ကျဆုံးသွားခဲ့ပြီး သူ၏ ကိုယ်ပွားသာလျှင် ကျန်ရှိတော့သည်။

သို့သော်လည်း ဆက်တိုက် ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် အလယ်ပိုင်းဝမ်ကူးကုန်းမြေသည် လူသားမျိုးနွယ်ကို ကျွန်ပြုမည့် အတွေးကို ဖယ်ရှားပစ်ခဲ့သည်။ ထို့ကြောင့် နတ်ဘုရားများသည် လူသားမျိုးနွယ်အပေါ် နောက်ထပ် မျက်စိမကျဝံ့ကြတော့ချေ။

မဟာဧကရာဇ်တည်ရှိနေသေးသရွေ့ ၎င်းတို့က ထိုအတွေးကို နောက်ထပ် မတွေးဝံ့ကြတော့ချေ။

ယင်းက လူသားမျိုးနွယ်ကို အမှောင်မိုက်ဆုံးအချိန်ကာလမှာ ဆက်ပြီး အသက်ရှင်နိုင်စေခဲ့သည်။

ထိုကိစ္စပြီးသွားမှ နတ်ဘုရားသုံးပါးက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှာ ဓားကိုင်ဧကရာဇ်၏ မူလခန္ဓာကိုယ်က သေဆုံးသွားပြီ ဖြစ်သည်။ သူ၏ ကိုယ်ပွားသည်သာ လူသားမျိုးနွယ်၏ နန်းမြို့တော်ကို ကာကွယ်စောင့်ကြပ်ပေးခဲ့သည်။ ထို့ပြင် သူ့မှာ နောက်ဆုံးဓားချက်ကို ထုတ်ဖော်နိုင်သော ခွန်အားသာလျှင် ကျန်ရှိတော့သည်။

သို့ဖြစ်၍ နောက်ဆက်တွဲ အဖြစ်အပျက်များက ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ယခု ဓားကိုင်ဧကရာဇ်၏ ပုံရိပ်ကို ကြည့်လိုက်သည့်အခါ နတ်ဘုရားသုံးပါးသည် ရှုပ်ထွေးသော အတွေးများကို တွေးမိသွားကြသည်။

တူညီသော အတွေးများက နတ်ဘုရားသုံးပါးထံမှာသာ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ဓားကိုင်ဧကရာဇ်၏ တိုက်ခိုက်မှုက အတိတ်တုန်းကကဲ့သို့ ဝမ်ကူးကုန်းမြေတစ်ခုလုံးမှ နတ်ဘုရားများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

အထူးသဖြင့် အလယ်ပိုင်းဝမ်ကူးကုန်းမြေဖြစ်သည်။ ထိုနေရာသည် သူတော်စင်ကုန်းမြေများ မဆင်းသက်ဝံ့သော တစ်ခုတည်းသောနေရာ ဖြစ်သည်။ ဤအခိုက်အတန့်မှာ အကြည့်တစ်ခုက အရှေ့ပိုင်းဝမ်ကူးကုန်းမြေကို ကြည့်နေသည်။

တစ်ချိန်တည်းမှာ အပြင်ပိုင်းပင်လယ်တွင် ယုလျှိုချန်းက လှေတစ်စင်းပေါ်မှာ ထိုင်နေပြီး အဝေးမှ ဟင်းလင်းပြင်ကို စိုက်ကြည့်နေသည်။ သူ၏ အမူအရာမှာ စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

“ အပြင်လူတွေတော့ မသိလောက်ဘူး… ဒါပေမဲ့ ငါ့ပုံပြင်အရတော့ အတိတ်မှာ ဒီလူက ဝမ်ကူးကုန်းမြေမှာ ကျန်နေခဲ့ဖို့ ရွေးချယ်ခဲ့တာက ငယ်ငယ်လေးကတည်းက သူလုပ်ဆောင်ခဲ့တဲ့ ကြွားဝါခြင်းကြောင့်ပဲ ”

“ ဒါကြောင့် ဒီလူက ကြွားဝါခြင်းကို အရမ်းကြိုက်တဲ့လူပဲ ”

“ အတိတ်မှာ အဲ့ဒီလို သူလုပ်ဆောင်ခဲ့တယ်… အခု သေခါနီးဆဲဆဲမှာတောင် ကြွားဝါရတာ မလုံလောက်သေးဘူးလို့ သူတွေးနေပုံပဲ… အဲ့ဒါကြောင့် သူက နောက်ဆုံးပြပွဲကြီးအတွက် လုပ်ဆောင်နေတယ် ”

ယုလျှိုချန်းက မနာလိုမှုနှင့် ဒေါသကို ခံစားမိသွားသည်။ ထို့နောက် သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။

All Chapters