← Chapters

ဂီတသေတ္တာ (၂)

Vol. 2 Ch. 81

ဂီတသေတ္တာ (၂)

Vol. 2 Ch. 81

နေ့လယ်ခင်းတစ်ချိန်လုံး လမ်းလျှောက်နေခဲ့ရတဲ့အတွက် ညမှောင်လာတာနဲ့ ကျွန်မအိပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပေကျံနေတဲ့ ခြေထောက်တွေကို ရေဆေး၊ ညအိပ်အင်္ကျီ ပြောင်းဝတ်ပြီးနောက် အရေးပေါ်အနေနဲ့ ဝယ်လိုက်ရတဲ့ ဆေးစိမ်ခြင်ထောင်ထဲ ဝင်လိုက်တယ်။

အိုလီရာနာကတော့ နှာခေါင်းပြီးပိတ်ပြီး အိပ်ပျော်ဖို့ ကြိုးစားနေပေမဲ့ သေချာအိပ်ပျော်တဲ့ပုံမပေါ်ဘူး။ ညနေက ခြင်ထောင်မပါလဲ အိပ်လို့ရတာပဲဆိုပြီး ငြင်းဆန်နေခဲ့ပေမဲ့ ကျွန်မရော နက်ဆန်ရောက သူ့ကိုအတင်းဝိုင်းပြောလို့ ဆေးစိမ်ခြင်ထောင်ထဲမှာ ဝင်အိပ်နေတာပါ။

“ကောင်းသောညပါ။” ကျွန်မလည်း သူ့ကိုနှုတ်ဆက်လိုက်ပြီး မျက်လွှာကိုချကာ အိပ်ပျော်အောင်အိပ်ဖို့ ကြိုးစားတယ်။

နက်ဆန်ကတော့လား။ အဲဒီကောင်က အိမ်နောက်ဘက်က သီးသန့်လေးတစ်ခုထဲဝင်ပြီးတော့ သူ့အဖိုးရဲ့မှော်ဆရာ မှတ်တမ်းကို ဖတ်နေတယ်။ အိပ်ဖို့ပြောပေမဲ့ ခေါ်မရတာနဲ့ ထားခဲ့တာ။

တခြားမလိုအပ်တဲ့ အတွေးတွေကို ဖျောက်ပစ်ဖို့ ကြိုးစားရင်းနဲ့ပဲ ကျွန်မစိတ်တွေ ဝေဝါးလာပြီးတော့ အိပ်ပျော်သွားခဲ့တယ်။

ခါတိုင်းလိုပဲ ဘုရင်မဖြစ်နေတဲ့ အိပ်မက်ကိုပဲ မက်နေပြန်ပြီ။ ဒါပေမဲ့ အဲဒီအိပ်မက်က ဝေဝါးပြီး ပျောက်သွားတဲ့နောက် ကျွန်မ မျက်လုံးတွေကို အလိုလိုဖွင့်လိုက်မိတယ်။ ပြတင်းပေါက်က​နေတစ်ဆင့် မှောင်မိုက်နေတဲ့ ညမြင်ကွင်းကို မြင်နေရတယ်။ တစ်ရေးနိုးလေ့မရှိသူမလို့ အခုလိုနိုးနေတာကိုက အံ့ဩစရာဖြစ်နေပါပြီ။

နောက်တော့ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုကို ကျွန်မ သတိထားမိသွားတယ်။ နားထဲကနေပြီးတော့ ညင်သာတဲ့ တေးဂီတသံ တိုးတိုးလေးကို ကြားနေရတာပါ။ ဒါကြောင့် ကျွန်မ ထထိုင်လိုက်မိတယ်။ ဖုန်းတွေဘာတွေလာတာလား ဆိုပြီးတော့ ကျွန်မဖုန်းကိုယ်ကျွန်မ စစ်ဆေးကြည့်တော့ ဖုန်းက ကျွန်မထားထားတဲ့ နေရာမှာရှိမနေပါဘူး။

ဒါကြောင့် အိုလီရာနာများ ယူဆော့နေလားဆိုပြီး အိုလီရာနာ ရှိတဲ့ဘက်ကို လှည့်ကြည့်တော့ ကျွန်မဘေးမှာ ဘယ်သူမှ ရှိမနေတာ သတိထားမိလိုက်တယ်။

“နက်ဆန်အခန်းထဲများ သွားနေသလား။” ဒီအတွေးနဲ့အတူ နက်ဆန်ရဲ့အခန်းဆီသွားကြည့်တော့လည်း နက်ဆန်က ရှိမနေပြန်ဘူး။ သူ့အခန်းတစ်ခုလုံး လူနေတဲ့ ခြေရာလက်ရာကို မရှိတာပါ။

ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေကြောင့် ကျွန်မစပြီး ကျောချမ်းလာတယ်။ တစ်အိမ်လုံး ပတ်ရှာပြီး နောက် လူရိပ်လူယောင်မတွေ့ရတော့တဲ့အတွက် အိမ်ပြင် ထွက်ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။

အိမ်တံခါးကိုဖွင့်ပြီး ခြံထဲကိုထွက်လိုက်တော့ ကြားနေရတဲ့ တေးဂီတသံက ပိုပြီးတော့ ကျယ်လောင်လာတယ်။ ပီပီသသ ကြားနေရပြီဖြစ်ပြီး တူရီယာတစ်ခုခုက ထွက်ပေါ်လာတဲ့ အသံမျိုးဆိုတာထက် စက်သွားနာရီစက်ကလေးတွေက မြည်တဲ့ ခေါင်းလောင်းသံလိုမျိုးပဲ။ ဒါပေမဲ့ တီးခတ်နေတဲ့ တေးသီချင်းက မင်္ဂလာဆောင် တေးသွားမျိုးပါ။

“ထူးဆန်းလိုက်တာ...” ကျွန်မ လမ်းမပေါ်ကို ကဲပြီးတော့ ကြည့်တော့လည်း လူရိပ်လူယောင်တောင် မမြင်ရဘူး။ ပြောရရင် ရွာထဲက အိမ်တွေကိုပါ မမြင်ရတော့တာပါ။ ဒါနဲ့စိုးရိမ်လာပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ ကျွန်မ ထွက်လာခဲ့တဲ့ အိမ်လည်းမရှိတော့ဘူး။

ကျွန်မတစ်ယောက်တည်း လမ်းမပေါ်မှာ ဒီအတိုင်း ရပ်နေခဲ့တာ။

ဂီတသံက ပိုပြီးကျယ်လောင်လာတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မခေါင်းထဲက တွေးခေါ်နိုင်စွမ်းကိုပါ တိုက်စားလာ သလိုပါပဲ။ ဒီလိုနဲ့ ရှေ့တည့်တည့်ကို ကြည့်လိုက်မိတော့...

မီးတွေထိန်ထိန်သာအောင် ထွန်းထားတဲ့ သုံးထပ်စံအိမ်ကြီး တစ်လုံးကို မြင်လိုက်ရတယ်။ ဒီစံအိမ်ကြီးကို ကျွန်မ ရင်းနှီးတယ်ဆိုပေမဲ့ စံအိမ်အပျက်ကြီးအနေနဲ့ပါ။ အခုတော့ အားလုံးက ခမ်းနားသေသပ်စွာရှိနေပြီး ပျက်စီးနေတဲ့နေရာ တစ်နေရာမှမရှိဘူး။

မနက်ကမြင်ခဲ့ရတဲ့ မှန်ပြတင်းပေါက်အကွဲတွေနေရာမှာ သေချာသန့်ရှင်းရေးလုပ်ထားလို့ တောက်ပြောင်နေတဲ့ မှန်သားပြင်တွေကို မြင်ရတယ်။ ဥယျာဥ်တစ်ခုလုံးက စိမ်းစိုနေပြီး ကျူးလစ်ပန်းတွေအပြည့်နဲ့ လှပလို့ရယ်။ ခြံထဲက ကျောက်ခင်းလမ်းပေါ်မှာ သစ်ရွက်တစ်ရွက်တောင် ကျဆင်းနေတာမျိုး မရှိဘူး။

စံအိမ်က ခမ်းနားလွန်းတဲ့အတွက်ကြောင့် ကျွန်မကိုယ်တိုင် ​ညို့ယူခံလိုက်ရသလိုမျိုး ဖြစ်သွားပြီး အဲဒီစံအိမ်ကြီးဆီကို အလိုလိုလျှောက်သွားလိုက်မိတယ်။

စံအိမ်ကြီးရဲ့အဝင်ဝမှာ သော့ခတ်ထားတဲ့ သံတံခါးကြီး ရှိပေမဲ့ ကျွန်မရောက်လာတာနဲ့ သော့ခလောက်က အလိုလို လည်ထွက်သွားပြီး တံခါးပွင့်သွားတယ်။ ပုံမှန်မဟုတ်မှန်း သိနေပေမဲ့ ပတ်ပတ်လည်မြူတွေဖုံးနေတဲ့ ပတ်ဝန်းကျင်မှာ ဒီနေရာတစ်ခုပဲ အလင်းရောင်ရှိနေတာ ဖြစ်တဲ့အတွက် ကျွန်မမှာ တခြားရွေးချယ်စရာ မရှိခဲ့ဘူး။

စံအိမ်ထဲကိုရောက်တော့ သံပတ်နာရီစက်ကနေ ထွက်နေတဲ့ ဂီတသံလို တေးသွားက တကယ့်တီးဝိုင်းတစ်ဝိုင်းကနေ ထွက်ပေါ်လာနေတဲ့ တေးသံအဖြစ်ကို ပြောင်းလဲသွားတယ်။ ခြံဝင်းထဲကို မဝင်ခင်က ခြံဝင်းထဲမှာဘယ်သူမှမရှိဘဲ မီးတွေ လင်းနေခဲ့တာကိုသာ မြင်ခဲ့ရပေမဲ့ ခြံဝင်းထဲကို ကျွန်မဝင်ခဲ့တဲ့ အချိန်မှာတော့ အဲဒီအရာတွေအားလုံးက အများကြီး​ပြောင်းလဲသွားပြီ။

ခြံဝင်းထဲက လျှောက်လမ်းပေါ်မှာ တံမြက်စည်းလှည်းနေတဲ့ ခါးကုန်းကုန်းအဖိုးအိုတစ်ယောက်ရှိနေပြီး မျက်နှာက လူမျက်နှာမပါတဲ့ ပြောင်ချောကြီးပေမဲ့ ကျွန်မစိတ်ထဲမှာ ကြောက်လန့်မနေမိဘူး။

ရေတွင်းနားမှာ အဝတ်တွေလျှော်ဖွပ်နေတဲ့ အိမ်စေတချို့ကို မြင်ရပြီး ဥယျာဥ်ထဲက ပန်းခြုံတွေကို လိုက်ညှိပေးနေတဲ့ အမျိုးသားဥယျာဥ်မှူးတစ်ယောက်ကိုလည်း တွေ့ရတယ်။ ကျွန်မကိုယ်ကျွန်မ ငုံကြည့်လိုက်တော့... အနုစိတ်နိုင်လှတဲ့ တန်ဖိုးကြီးပိုးထည်ဂါဝန်ကို ဝတ်ထားတာ သတိထားမိလိုက်ရော။

နောက်တော့ ကျွန်မ စံအိမ်ကြီးရဲ့တံခါးရှေ့မှာ ရပ်လိုက်တယ်။ တံခါးကလည်း အလိုလိုပွင့်သွားပြီး အတွင်းမှာရှိနေတဲ့ ဘဏ္ဍာစိုးတစ်ယောက်က ကျွန်မအဖို့ ဖွင့်ပေးတာဖြစ်မှန်း သတိထားမိလိုက်ပြန်တယ်။

ဒါပေမဲ့ ခါတိုင်းလိုပဲ အဲဒီလူမှာ မျက်နှာပါမနေဘူး။ အိမ်ထဲကို ဝင်လိုက်တော့ သားနားလှတဲ့ ကောဇောတွေ၊ တန်ဖိုးကြီး မီးဆိုင်းတွေကို မြင်ရတယ်။ ပရိဘောဂတွေကို သန့်ရှင်းရေးလုပ်နေတဲ့ အိမ်စေတချို့လည်းရှိနေပြီး ဒီစံအိမ်ကြီးက သက်ဝင်လှုပ်ရှားနေတယ်လို့ ခံစားရတယ်။

စံအိမ်ထဲကိုရောက်ပြီးတာနဲ့ ကျွန်မကိုယ်ကျွန်မ တခြားလူတစ်ယောက် ဖြစ်သွားတယ်လို့ ခံစားရတယ်။ အလိုလိုနေရင်း ကျွန်မခြေထောက်တွေက ဧည့်ခန်းရှိရာကို ဦးတည်သွားခဲ့ပြီး ဂန္တဝင်ဆန်လှတဲ့ ငှက်မွှေးဆိုဖာတပ် သစ်သားခုံကြီးတစ်လုံးမှာ ဝင်ထိုင်လိုက်မိပါတယ်။

ကျွန်မရှေ့က ကနုတ်တွေနဲ့အလှဆင်ထားတဲ့ သစ်သား စားပွဲပေါ်မှာတော့ လေးထောင့်သေတ္တာလေးတစ်ခု ရှိနေပြီး သေတ္တာအဖုံးပေါ်မှာ လှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံကို ပန်းချီဆွဲထားတာ မြင်နိုင်တယ်။

ကျွန်မလည်း မနေနိုင်တာနဲ့ သေတ္တာအဖုံးကို ဖွင့်လိုက်တော့ သေတ္တာအဖုံးရဲ့အတွင်းပိုင်း မျက်နှာပြင်က ကြေးမုံမှန်တစ်ခု ဖြစ်နေတာ တွေ့ရပြီး ကျွန်မကိုယ်ကျွန်မ ပြန်မြင်ရတယ်။

ပါးလှတဲ့ အနက်ရောင်ဆံပင်အတွန့်အတွန့်တွေ၊ ဘဲဥပုံ မျက်နှာနဲ့ သဘာဝအတိုင်းလှပတဲ့ မီးခိုးရောင်မျက်လုံးတွေ။ ဖြူဖျော့ပြီး ကျက်သရေရှိတဲ့ အသားအရေ။ စတာတွေက ကျွန်မရင်းနှီးနေတဲ့ ကျွန်မ မျက်နှာ မဟုတ်ခဲ့ပါဘူး။

တခြားတစ်ယောက်ရဲ့မျက်နှာပါ။ ကျွန်မ ဒီအမျိုးသမီးကို မသိဘူး။ ဒါပေမဲ့ အဲဒါက ကျွန်မကိုယ်တိုင်ဆိုတာ သိနေပြန်တယ်။

အဲဒီမှန်ပေါ်မှာ အနက်ရောင်အရိပ်မင်နဲ့ ရေးထားတဲ့ စာတချို့လည်း ရှိသေးတယ်။ ဂရိအက္ခရာတွေနဲ့ရေးထားတာ ဖြစ်လို့ ကျွန်မမဖတ်တတ်သင့်ပေမဲ့လည်း ဘာကိုဆိုလိုတယ် ဆိုတာကို နားလည်နေတယ်။

“ဒါကို ကိုယ်တို့နှစ်ယောက်ရဲ့ချစ်သက်လက်ဆောင်လို့ ယူဆပေးလို့ရမလား။ ချစ်တဲ့ ပါစီဗယ်။”

ကျွန်မလက်က အဲဲဒီမှန်ပေါ်က စာသားကို တယုတယ ပွတ်သပ်လိုက်မိတယ်။ စိတ်ကူးထဲမှာ ချစ်ရတဲ့ ပါစီဗယ် ဆိုတဲ့ကောင်လေးရဲ့မျက်နှာကို မြင်ယောင်ပြီးတော့ တမ်းတ လာခဲ့မိတယ်။ ရွာကနေ ထွက်မသွားခင် အစိမ်းနုရောင် စစ်ဝတ်စစ်စားတွေကိုဝတ်လို့ အိမ်ကိုရောက်လာခဲ့တဲ့ အရာရှိဗိုလ်လေးကို ကျွန်မမှတ်မိနေသေးတယ်။

သူက ကျွန်မတို့နိုင်ငံကို ကျူးကျော်လာတဲ့သူတွေကို နှိမ်နင်းဖို့ သွားတော့မှာ။

“ဒါပေါ့၊ ဒါပေမဲ့ရှင်ပြန်လာမှ လက်ခံမှာနော်။” ကျွန်မ အခုလိုရေရွတ်လိုက်ရင်း သေတ္တာလေးရဲ့ဘေးမှာရှိနေတဲ့ လက်ကိုင်ကို ထိတွေ့လိုက်ပြီး စလှည့်လိုက်တယ်။

ဂီတသေတ္တာအတွင်းက သတ္တုဓာတ်ပြားက စက်ယန္တရား တွေကြောင့် စတင်လည်ပတ်လှပြီး နားထောင်ကောင်းတဲ့ မင်္ဂလာဆောင်တေးသီချင်းသံကို စတင်ထုတ်လွှင့်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်မနဂိုက ကြားနေခဲ့ရတဲ့ တူရိယာသံတွေ ရပ်သွားတယ်။ အိမ်ထဲမှာရှိနေတဲ့ အိမ်အမှုထမ်းတွေက အရိပ်တွေလိုမျိုး ဝေဝါး ပျောက်ကွယ်ကုန်ပြီး နံရံကပ်စက္ကူတွေက စတင် ဟောင်းနွမ်းလာတယ်။

ပရိဘောဂပစ္စည်းတွေ ဖုန်တက်လာပြီး ကောဇော်တွေ စုတ်ပြဲကုန်တယ်။ မှန်ပြတင်းပေါက်တွေ အက်ကွဲကုန်ပြီး အပြင်မှာ ပေါက်ကွဲသံတွေကို များစွာကြားနေရတယ်။ အပေါ်ထပ် ပြိုကျသွားတဲ့အသံကို ကျွန်မကြားရပြီးတော့ ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ကဥယျာဥ်ကြီး ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ပြည့်နှက်သွားတာကို မြင်ရတယ်။ နောက်တော့ စံအိမ်ထဲက မီးလည်းပိတ်သွားပြီ

ကျွန်မကိုယ်ကျွန်မ ငုံကြည့်လိုက်တော့ ပိုးသားဝတ်စုံဂါဝန်ကို ဝတ်ထားတာမဟုတ်တော့ဘဲ စုတ်ပြဲနေတဲ့ ချည်သားဝတ်စုံကို ဝတ်ထားမိလျက်သား။ လက်တွေက အာဟာရပြည့်ဝအောင် စားရပုံမပေါ်ဘဲ ပိန်လီနေတယ်။ အသက်ရှုဖို့တောင် ရုန်းကန် နေရဟန်နဲ့ တုန်ရင်နေတဲ့ ကိုယ့်အသက်ရှုသံကိုကိုယ် ပြန်ကြားရတယ်။

“ဘာတွေဖြစ်နေတာလဲ...” ကျွန်မ နားမလည်နိုင်စွာနဲ့ ရေရွတ်လိုက်မိတယ်။

အဲဒီနောက်တော့ အိမ်ထဲမှာ မြူတွေဆိုင်းလာပြီး ကျွန်မ ဘာကိုမှ မမြင်ရတော့ဘူး။

...

“ဟမ်...” ကျွန်မ ငိုက်နေရာကနေပြီး ပြန်နိုးလာတယ်။

ကိုယ့်ကိုယ်ကိုယ် ခုံတစ်လုံးပေါ်မှာ ထိုင်နေမိတာကို သတိထားမိပြီး ကျွန်မရှေ့မှာတော့ အိုဟောင်းနေတဲ့ ဂီတသေတ္တာလေးတစ်လုံး ရှိနေတယ်။ ကွဲအက်နေတဲ့ ပြတင်းပေါက်မှန်တွေကနေတစ်ဆင့် မနက်ခင်းနေရောင်က ကျဆင်းနေပြီး ငှက်ကလေးတွေရဲ့အသံကို ကြားနေရတယ်။

ကျွန်မရှိနေတဲ့ ဧည့်ခန်းရဲ့လေထုက စိုထိုင်းထိုင်းဖြစ်ပြီး မှိုနံတွေနဲ့ လှောင်ပိတ်နေတယ်။ ကြမ်းပြင်ပေါ်မှာတော့ အနည်းငယ်ခြစားထားပြီး ဝါကျင်နေတဲ့ စာအိတ်တချို့ကို မြင်ရတယ်။ ဖတ်ကြည့်ဖို့ ကြိုးစားပေမဲ့ အားလုံးက ဂရိစာတွေနဲ့ ရေးထားတာဖြစ်လို့ ကျွန်မနားမလည်ဘူး။

ကျွန်မလည်း ကြောက်ကြောက်နဲ့ အိမ်ကြီးရဲ့စင်္ကြံလမ်းအတိုင်း အပြင်ကိုထွက်လာခဲ့တယ်။ ခြံဝင်းတစ်ခုလုံး သစ်ရွက်ခြောက်တွေနဲ့ ပြည့်နှက်နေပြီး သန့်ရှင်းရေးမလုပ်တာ ကြာပြီဖြစ်တဲ့ပုံပါပဲ။

“မဟုတ်တာ... ဒီနေရာက...”

ကျွန်မ ခြံဝင်းအပြင်ကို အပြန်ပြေးထွက်သွားလိုက်ပြီး ကျွန်မထွက်လာခဲ့တဲ့ အိမ်ကြီးကို မော့ကြည့်လိုက်တယ်။ ပြိုကျနေတဲ့ အပေါ်ထပ် အက်ကွဲနေတဲ့နံရံတွေနဲ့ ခြုံနွယ် ပိတ်ပေါင်းတွေ ထူထပ်နေတဲ့ ဥယျာဥ်။

“မမှားနိုင်ဘူး... ဒါက သရဲခြောက်တယ်ဆိုတဲ့ အိမ်ကြီး မဟုတ်လား။”

ကျွန်မ အဲဒီအတွေးနဲ့အတူ ကျောချမ်းသွားပြီးတော့ တည်းနေတဲ့အိမ်ကို ပြန်သွားဖို့ ကြိုးစားတယ်။ ဒါပေမဲ့ နောက်တစ်ခု သတိထားမိလိုက်တာက ကျွန်မ ဖိနပ်စီးမထားဘူး။ ဒီနေရာအထိ ဖိနပ်မစီးဘဲ လျှောက်လာတဲ့ပုံ ပေါ်ပြီးတော့ ခြေထောက်မှ ဆူးတွေနဲ့ ခြစ်မိထားတဲ့ အရာတွေအများကြီးပဲ။

ဒါကြောင့် သစ်ရွက်ခြောက်တွေကြားထဲမှာ ထောင်နေတဲ့ သံတွေဆူးတွေနဲ့ မနင်းမိအောင် ဂရုစိုက်ရင်း ခြံဝင်းထဲက ထွက်လာခဲ့တယ်။

အိမ်ကိုပြန်ရောက်တော့ ပျာယာခတ်နေတဲ့ အိုလီရာနာနဲ့ ကျွန်မဝတ်ပြီးသား သူနာပြုယူနီဖောင်းတစ်ထည်ကို ဖြဲပြီး ဆန်အပြည့်ဖြည့်ထားတဲ့ ရွှေခွက်ထဲထည့်ဖို့ပြင်နေတဲ့ နက်ဆန်တို့ကို တန်းတွေ့တော့တာပဲ။

“ရှင်တို့ ဘာတွေလုပ်နေကြတာလဲ။”

အိုလီရာနာက ကျွန်မအသံလည်းကြားရော ငိုကြီးချက်မနဲ့ ပြေးလာပြီး ဖက်တော့တာပဲ။ “ဆယ်... ဆယ်ဗီတကယ်ကြီး ပြန်လာတာပဲ။”

“ငါဘယ်မှ မသွားပါဘူးဟယ်။ နင်တို့က ဘယ်လို ဖြစ်နေတာတုန်း။”

“ဆယ်ဗီ၊ နင်မနေ့ညက ရုတ်တရက်ကြီး အိပ်ရာထဲကနေ ပျောက်သွားတာလေ။ ငါတို့လိုက်ရှာနေတာမှ တစ်ညလုံး နှံနေတာပဲ။ သူကြီးဆိုရင် ရဲတောင်ခေါ်ပြီးနေပြီ။”

“.....” နေပါဦး၊ မနေ့ညက ပျောက်သွားတာ သူတို့နှစ်ယောက် မဟုတ်ဘူးလား။

ကျွန်မ နားမလည်နိုင်တော့ဘူး။ နက်ဆန်ကတော့ ကျွန်မရဲ့ ဖိနပ်မပါတဲ့ခြေထောက်ကို လှမ်းကြည့်လိုက်ပြီး မတိုးမကျယ် လေသံနဲ့မေးလိုက်တယ်။ သူက ကျွန်မကို စိတ်ဆိုးနေတဲ့ လေသံမျိုးမပေါ်အောင် သတိထားပြီးပြောနေသလိုပဲ။

“ဆယ်ဗီ၊ မနေ့ညက ဘယ်ရောက်နေတာလဲ။”

ကျွန်မလည်း ဖုံးကွယ်ထားစရာအကြောင်းမရှိတာရယ်၊ ကြုံခဲ့ရတဲ့ကိစ္စက ဆန်းကြယ်လွန်းနေတာရယ်ကြောင့် ဖြစ်ခဲ့တာတွေကို ပြောပြခဲ့တယ်။

“အိုလီရာနာ၊ အဲဒီအိမ်ကို သွားစစ်ကြည့်ရအောင်။”

နက်ဆန်က ချက်ချင်းပဲ အိမ်ကြီးဆီကို ပြေးသွားတယ်။ အိုလီရာနာနဲ့ကျွန်မလည်း နောက်ကနေ လိုက်တာပေါ့။ အိုလီရာနာကတော့ ခြံဝင်းထဲရောက်တာနဲ့ မျက်လုံးကိုမှိတ် တစ်ခုခုကိုအာရုံခံနေတဲ့ပုံရတယ်။ နက်ဆန်က သူ့အရိပ်ထဲက တစ္ဆေမီးအိမ်ကိုထုတ်ပြီး လိုက်ရှာတယ်။ ဒါပေမဲ့ ညဖက် မဟုတ်တဲ့အတွက် အလင်းရောင်က မှိန်ပျပျလေးပဲရှိတယ်။

အိမ်ကြီးကို သုံးလေးငါးခေါက် အတွင်းရောအပြင်ရော ပတ်ရှာပြီးတဲ့နောက် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ခေါင်းခါပြလိုက်ကြတယ်။

“ထူးဆန်းတယ်။ ပုံမှန်မဟုတ်တာ တစ်ခုမှမတွေ့ခဲ့ဘူး။”

“အာ... ရှင်တို့ အဲဒီဂီတသေတ္တာလေးကိုရော စစ်ခဲ့ကြသေးလား။”

ကျွန်မ မေးလိုက်တော့ သူတို့က ကျွန်မကို ပြိုင်တူဆိုသလို ကြည့်လိုက်ကြတယ်။ ဒါနဲ့ကျွန်မက သူတို့ကိုအိမ်ကြီးထဲ ခေါ်သွားပြီး မနေ့ညက ကိုင်ကြည့်ခဲ့မိတယ်လို့ ယူဆရတဲ့ ဂီတသေတ္တာကို သူတို့ကို ပြလိုက်တယ်။

“သရုပ်မှန်ပေါ်စမ်း...” နက်ဆန်က မှော်နှင်တံနဲ့အမျိုးမျိုး စစ်ဆေးကြည့်ပေမဲ့ ဘာမှထူးခြားတာ မတွေ့ရပါဘူး။

“တိုက်ဆိုင်တာများ ဖြစ်နေမလား။” ကျွန်မလည်း စဥ်းစားရ ခက်လာတာနဲ့ ကိုယ်တိုင်ဂီတသေတ္တာလက်ကိုင်ကို လှည့်ကြည့်ပေမဲ့ ဘာသံမှထွက်မလာတော့ဘူး။

အိုလီရာနာကတော့... “ဆယ်ဗီက ဒီအတိုင်း ညအိပ်ရင်း ယောင်ပြီး လျှောက်သွားနေတာမျိုး ဖြစ်မလား။”

“အာ ပေါက်ကရ၊ ငါ့မှာ အဲဒီလိုအကျင့်မျိုး မရှိပါဘူး။”

နက်ဆန်ကတော့ လေးလေးနက်နက် စဥ်းစားနေတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

“ဘာပဲဖြစ်ဖြစ် ပေါ့ဆလို့မရတာတော့ အမှန်ဘဲ။ အဲဒီ ပုံမှန်မဟုတ်တဲ့အရာက သာမန်ထက်ထူးဆန်းနေလို့ ငါတို့ မျက်စိအောက်ကနေ ပုန်းကွယ်နေနိုင်တာလဲ ဖြစ်နိုင်တာပဲ။ အကောင်းဆုံးကတော့ ဒီရွာလေးကနေ ထွက်သွားတာပဲ။”

နက်ဆန်က ဆုံးဖြတ်ချက်ချပြီးသွားပြီ ဖြစ်တဲ့ပုံပဲ။ ကျွန်မတို့ အိမ်ပြန်ရောက်တော့ အထုပ်အပိုးတွေကို စပြင်ခိုင်းတယ်။ ရထားလမ်းလည်း ပြန်ဖွင့်နေပြီတဲ့။ အစပိုင်းတော့ ကျွန်မလည်း တူရကီကိုသွားဖို့ သိပ်တက်ကြွနေခဲ့တာ ဆိုပေမဲ့ ပြန်ခါနီးလေလေ ရွာရှုခင်းတွေကိုကြည့်ရင်း လွမ်းသလိုလို ဆွေးသလိုလို ခံစားရလေပဲ။

အားလုံးအသင့်ဖြစ်ပြီး ထွက်ခါနီးတဲ့အချိန်ရောက်တော့ ကျွန်မ မေးကိုလက်နဲ့ထောက်ပြီး စံအိမ်ကြီးကို တစိမ့်စိမ့် ကြည့်နေမိတော့တာပဲ။

“ဆယ်ဗီ၊ သွားကြမယ်လေ။” အိုလီရာနာက သတိပေးခဲ့ ပေမဲ့ ကျွန်မခေါင်းခါလိုက်တယ်။

“ ဒီရွာလေးက အရမ်းသာယာတာပဲနော်။ ထွက်သွားပြီးရင် တစ်သက်လုံး ပြန်မရောက်တော့မှာ နှမျောစရာပဲ။”

ကျွန်မ သက်ပြင်းချလိုက်မိတယ်။ ဒီနေရာကနေ လုံးဝ ထွက်မသွားချင်ဘူးဆိုတဲ့စိတ်က ကျွန်မကိုဖိစီးထားတဲ့ အတွက်ကြောင့် လှုပ်တောင်မလှုပ်ချင်ဘူးရယ်။

“ဆယ်ဗီ၊ အဲဒါပုံမှန်မဟုတ်ဘူးနော်။” အိုလီရာနာက နက်ဆန်ကို ပြေးခေါ်တယ်။ နက်ဆန်က ကျွန်မဆီကို ရောက်လာပြီး ကျွန်မလက်ကို ဖမ်းဆွဲလိုက်တယ်။

“ဆယ်ဗီ၊ ငါတို့ဒီနေရာကနေ ဖြစ်နိုင်သမျှ မြန်မြန်ထွက်မှ ရမယ်။”

သူက ကျွန်မကိုလက်ဆွဲပြီး အိမ်အပြင်ကိုခေါ်သွားဖို့ လုပ်ပေမဲ့ ရုတ်တရက် ကျွန်မ နေမကောင်းသလိုမျိုး ခံစားလာရတယ်။ သူတို့ရှေ့မှာတင်ပဲ ကျွန်မပုံလျက်သား လဲကျသွားတယ်။ ခြေတွေလက်တွေအားလုံး တုန်ယင်နေပြီး အလွန်ပူပြင်းတဲ့ ဆာလောင်ငတ်မွတ်မှုကို ခံစားလာရတယ်။

“ကျ... ကျွန်မဘာဖြစ်သွားတာလဲ။” ကျွန်မကိုယ်ကျွန်မတောင် နားမလည်တော့ဘူး။ အိုလီရာနာကတော့ ကျွန်မကို မျက်စောင်းကြီး ထိုးကြည့်ရင်းနဲ့ တစ်ခွန်းပဲ ပြောလိုက်တယ်။

“ကျိန်စာသံလိုက်...”

All Chapters