တောင်တန်းဘုရင်ဖြစ်လာခြင်း
Vol. 3 Ch. 31
တော်ဝင်စွမ်းအင်ရောင်သည် မကောင်းဆိုးဝါးများကို မောင်းထုတ်နိုင်စွမ်းရှိသည်။ သရဲဝိညာဉ်နှင့် နတ်ဆိုးများ မကပ်ရဲ။
စစ်ပွဲနတ်မင်း၏အဆင့်အရ တော်ဝင်စွမ်းအင်အကြောင်း ကောင်းကောင်းသိလောက်သည်။ မဟုတ်လျှင် ထိုမျှဝေးဝေးနေခဲ့မည်မဟုတ်။
“ဒါပေမယ့် တောင်နက်ကျတော့ ဘာလို့ထူးခြားနေတာလဲ”
ဖုန်ချင်အန်း ထိုအချက်ကိုမနားမလည်။ သို့သော် ရုတ်တရက် သူ့ခေါင်းထဲ အလင်းရလာသည်။ တောင်နက်ကိုအိမ်ခေါ်မလာမီ သူ့အကိုနှင့်တိုင်ပင်ခဲ့သည်။ သူ့အကိုကိုယ်တိုင် သဘောတူခဲ့သည်။
“ဒါကြောင့်များဖြစ်မလား”
သူနည်းနည်းအံ့အားသင့်သွားသည်။ ထိုသို့ဆိုလျှင်
“ဒါဆို သူ့စကားက တော်ဝင်နှုတ်မိန့်လို ဖြစ်နေပြီပေါ့”
ထိုအကြောင်းမှလွဲ၍ သူစည်းစားမရ။ ထူဆန်းသည့်နောက်ခံသားရဲဖြစ်သည့် တောင်နက်ကို တော်ဝင်စွမ်းအင်ရောင်က ဖိနှိပ်ခြင်းမရှိ။
“ငါ့အကိုက မင်းကိုခွင့်ပြုခဲ့တာပဲ”
သူသက်ပြင်းချသည်။
“အူး...”
တောင်နက် နောက်တစ်ကြိမ် ညည်းပြန်သည်။ စစ်သူကြီးနတ် ထွက်သွားပြီးနောက် သူစိတ်ထိန်းနိုင်တော့ဟန်မတူ။
အပြင်ဘက်တွင် သူအန္တရာယ်ကြုံနိုင်သဖြင့် ဖုန်ချင်အန်းက ခြံထဲမှထွက်ခွင့်မပြုခဲ့။ ယခု အန္တရာယ်က ယာယီအားဖြင့် ကင်းလွတ်သွားပြီဖြစ်သည်။ တောထဲသို့သွား၍ လတ်ဆတ်သည့်အသွေးအသားကို အမဲလိုက်နိုင်ပြီဖြစ်သည်။
“သွားပါ”
ဖုန်ချင်အန်း မတားတော့။
ကံဆိုးခြင်း ကံကောင်းခြင်းဆိုသည်မှာ သတ်မှတ်ပြီးသားဖြစ်သည်။ အန္တရာယ်ကို ရှောင်ရှား၍မရ။ သရဲဝိညာဉ်များ နတ်များရှိနေသည်ကို လက်တွေ့မြင်ခဲ့ရသည်။ ထိုဖြစ်တည်မှုများက တောင်နက်ကို ပစ်မှတ်ထားလျှင် အနှေးနှင့်အမြန် ရင်ဆိုင်ရမည်သာဖြစ်သည်။
တော်ဝင်စွမ်းအင်က နတ်ဆိုးများ ဝိညာည်များကို မောင်းထုတ်နိုင်သည်။ သို့သော် တောင်နက်အတွက် နေ့စဉ်လိုအပ်သည့် အစာအဟာရကို မပေးနိုင်။ ယာယီတောင့်ခံနိုင်သော်လည်း ရေရှည်တွင် မိသားစုစားကြွင်းစားကျန်များကိုသာ အားထားနေပါက ငတ်သေပေလိမ့်မည်။
“အူးးး”
အမှောင်ထုလွှမ်းနေသည့် ရွာအပြင်ဘက်တောအုပ်ထဲသို့ တောင်နက် လေအလျင်ပမာ ပြေးထွက်သွားသည်။ ရွာမှ မိုင်ဝက်ခန့်ရောက်ချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် တစ်ချက်အူလိုက်ပြန်သည်။ ထိုခဏတွင် သစ်ပင်များ လှုပ်ခါသွားသည်။ ညအချိန်မှသာ လှုပ်ရှားတတ်သည့် ဝိညာဉ်ငယ်လေးများ ကြောက်လန့်တကြား ပြေးထွက်သွားကြသည်။
ဖုန်ချင်အန်းက တောင်နက်အမြင်အာရုံမှတစ်ဆင့် အမဲလိုက်သည်ကို ကြည့်နေသည်။ သို့သော် သူကြည့်လေလေ စိုးရိမ်လေဖြစ်လာသည်။
အစက တောင်နက် နံရံပေါ်ခုန်ကျော်၍ အပြင်ထွက်သွားသည်ကိုသာ မြင်ခဲ့သည်။ ဘယ်လိုဘယ်ပုံ အစာရှာသည် မသိခဲ့။
ဗိုက်ကား၍ ပြန်လာသည်ကိုသာ သူသိသည်။ ထို့ကြောင့် သိပ်မစိုးရိမ်ခဲ့။
သို့သော်ယခု နတ်ဘုရားပို့လွှတ်စွမ်းရည်ကြောင့် သူ့သားရဲအမဲလိုက်သည့်ပုံစံကိုမြင်ရသဖြင့် သည်းမခံနိုင်အောင်ဖြစ်ရသည်။
တောင်နက်အမဲလိုက်သည့် အကောင်များတွင် ဖျံများ၊ ရစ်များ၊ ယုန်များ စသဖြင်ပါသည်။ အတိုင်းအတာတစ်ခုထိ အိုကေသည်။ သာမန်တောရိုင်းကောင်များလည်း မျိုးပွားနှုန်းမြင့်သည့် အကောင်ငယ်များကို အမဲလိုက်ကြသည်သာဖြစ်သည်။
သို့သော်ယခု တောင်နက်က ကြွက်တွင်းများကိုပါ လိုက်တူးနေသည်။
“တောင်နက်၊ အခုမင်းက ဝိညာဉ်သားရဲဖြစ်နေပြီလေ။ မင်းနားမလည်ဘူးလား။ ကိုယ့်ကိုယ်ကို သိက္ခာလေးတော့ထိန်းမှပေါ့ကွ”
တတိယမြောက်ကြွက်တွင်းကိုတူးနေသည့် တောင်နက်ကိုကြည့်ရင်း ဖုန်ချင်အန်း သည်းမခံနိုင်တော့။
သူမွေးသည်မှာ သားရဲဖြစ်သည်။ အိမ်မွေးခွေးမဟုတ်။ သူခရီးသွားချိန်တွင် အသက်ကိုကာကွယ်၍ ရန်သူများကို ရှင်းထုတ်ပေးမည့် စွမ်းအားကြီးသည့်သားရဲမျိုးဖြစ်စေချင်သည်။
သို့သော်ယခု သူမြင်နေရသည်က အထာမကျ။
ဝိညာဉ်သားရဲက လယ်ကြွက်တွင်းများ တူးနေသည်။
တောင်နက် အားတက်သရော တွင်းတူးနေသည်ကို သူမြင်ရသည်။ အမှန်ဆိုလျှင် ထိုကြွက်ကလေးများသည့် တောင်နက်အတွက် သွားကြားပင်ညပ်မည်မဟုတ်။
ဗိုက်ပြည့်အောင်ဖြည့်နိုင်သည်ဆိုလျှင်ပင် ဝိညာဉ်သားရဲတစ်ကောင်၏ သိက္ခာကို ထိန်းသည့်အနေဖြင့် ထိုအကောင်များကို အမဲမလိုက်သင့်။
“အူး”
ဖုန်ချင်အန်း ငေါက်ငန်းသံကို စိတ်အာရုံမှ ကြားလိုက်သဖြင့် တောင်နက်၏ တွင်းယက်နေသည့် ရှေ့လက်နှစ်ဘက် ချက်ချင်းရပ်သွားသည်။
သံရှည်စွဲ၍ အူလိုက်သည်။ ဖုန်ချင်အန်းစကားကို လက်ခံလိုပုံမရ။
“မင်းက ခွေးဝံပုလွေပါ။ နေ့ဘက်မှာ အိမ်စောင့်ခွေးလို နေပေါ့။ ဒါပေမယ့် ညဘက်မှာတော့ တောင်တန်းဝံပုလွေတစ်ကောင်လို နေစမ်းပါ”
ဖုန်ချင်အန်း စိတ်ရှည်ရှည်ဖြင့် လမ်းညွှန်ပေးသည်။ အကျိုးသင့်အကြောင်းသင့် ပြောသည်။
အစောပိုင်းက သူမသိခဲ့သဖြင့် ကိစ္စမရှိ။ ယခု သူသိရပြီဖြစ်၍ ထိုသို့အဖြစ်မခံနိုင်တော့”
“တောင်တန်းပေါ်ကိုတက်ပြီး မင်းရဲ့မျိုးနွယ်တွေကိုရှာပါ”
တောင်နက် ချက်ချင်းခေါင်းမော့၍ မနီးမဝေးတောင်တန်းဆီသို့ လှမ်းကြည့်လိုက်သည်။ မှုန်ဝါးဝါးလရောင်အောင်တွင် ကြီးမားသည့်အရိပ်တစ်ခုအဖြစ် အုပ်မိုးနေသည်။
မြွေစိမ်းတောင်တန်းသည် မိုင်နှစ်ထောင့်ကိုးရာကျော် ဖြန့်ကျက်ထားသည်။ ကျန်းယန်၊ ဟွိုင်ယန်နှင့် တစ်ခြားနေရာများထိ ကျယ်ပြန့်သည်။ ကျင်းနန်းပြည်နယ် အကြီးဆုံးတောင်တန်းများထဲမှ တစ်ခုဖြစ်သည်။
တောင်နက်မြင့်နေရသည့် တောင်တန်းမြင်ကွင်းသည် မြွေစိမ်းတောင်တန်းစု၏ အစွန်းအနားမျှသာဖြစ်သည်။
ကျယ်ပြန့်သည့်တောင်တန်းများက တောင်တန်းအနီးမှလူဆင်းရဲများတွက် ရတနာများစွာ မွေးထုတ်ပေးသည်။ ဖုန်မိသားစုတို့၏ရွာလေးတွင် အသက်ရှင်ရပ်တည်ရန် တောင်တန်းများကို မှီတည်အားထားရသည့် မိသားစုတစ်ရာနီးပါးရှိသည်။
သို့သော် ထိုရတနာများနှင့်အတူ အန္တရာယ်မျိုးစုံ တွဲဖက်တည်ရှိနေသည်။ အဆိပ်ပိုးကောင်များ ကြမ်းတမ်းသည့်သားရဲများ တောထဲသို့စွန်းစားဝင်ရောက်သည့် လူပေါင်းများစွာ၏အသက်ကို နှစ်စဉ်ချွေယူနေသည်။
တောင်နက်၏ဖခင်သည် ဤတောင်တန်းများပေါ်တွင် နေထိုင်ခဲ့သည့် မသန်မစွမ်းမြေခွေးအိုဖြစ်သည်။
ယခုတောင်နက်ကို တောင်ပေါ်တက်၍ မျိုးနွယ်တူများရှာရန် ဖုန်ချင်အန်းပြောသည်။ အရင်အခြေအနေဆိုလျှင် ထိုသို့ပြောမည်မဟုတ်။
တောင်တန်းပေါ်တွင် ဝံပုလွေသည် အတွေ့ရများသည့် အသားစားသတ္တဝါဖြစ်သည်။ သို့သော် ဝံပုလွေများကို အမဲလိုက်နိုင်သည့် ကျားများ ကျားသစ်များကလည်း ရှိနေသည်။
သို့သော် ယခု တောင်နက်သည် အသေအလဲကြိုးစားရခြင်းပင် မရှိဘဲ သားရဲအဖြစ် ပြောင်းလဲခဲ့သဖြင့် သူ့စွမ်းအားကို ဖုန်ချင်အန်း ယုံကြည်သည်။
တောင်နက်သည် သာမန်တောင်တန်းဝံပုလွေများကို နင်းချေနိုင်စွမ်းထက်ပင် ပိုနေသေးသည်။ ဤတောအုပ်ကို ကြီးစိုးရန် လုံလောက်သည်။
ကျားများ ကျားသစ်များနှင့်တွေ့လျှင်ပင် နောက်ဆုတ်သွားအောင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
ထို့ကြောင့် တောင်ပေါ်တက်၍ နယ်မြေသိမ်းပိုက်ရမည်။ ဖုန်ချင်အန်း တောင်းဆိုချက်သည် မများလျ။
ဝိညာဉ်သားရဲဖြစ်၍ ဝံပုလွေအုပ်ကိုရှာပြီး ခေါင်းဆောင်ဝံပုလွေကို အနိုင်ယူကာ အားလုံးကို အညံ့ခံလာအောင်လုပ်ရမည်။ တောင်တန်းများပေါ်မှ ဝံပုလွေအားလုံး၏ဘုရင်ပင် ဖြစ်လာနိုင်သည်။
ထိုအချက်သည် ဖုန်ချင်အန်း လျှပ်တပြက်ပေါ်လာသည့် စိတ်ကူးဖြစ်သည်။ တောထဲတွင် တောင်နက်အမဲလိုက်သည်ကိုမြင်ပြီး စိတ်ကူးရလာခြင်းဖြစ်သည်။
ကျယ်ပြန့်လှသည့်တောင်တန်းများတွင် ဝိညာဉ်များ ရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။
လူနေပတ်ဝန်းကျင်တွင် သူရဲများ မွေးဖွားလာသလို ဝိညာဉ်ချီပေါ်များသည့် မိုင်ထောင်ချီတောင်တန်းများပေါ်တွင်လည်း သဘာဝဝိညာဉ်သားရဲများ မွေးဖွားလာာသည်မှာ အဆန်းမဟတု်။
သို့သော် ဝိညာဉ်သားရဲများသည် အတော်ရှားပေလိမ့်မည်။ တောင်တန်းပေါ်တက်ရုံဖြင့် နေရာတစ်ကာတွေ့နိုင်မည်မဟုတ်။ ထိုသို့သာ တွေ့နေရလျှင် တောင်တန်းပေါ်တက်သူတိုင်း သေကြောင်းရှာသလို ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့်လည်း တောင်နက်ကို တောင်တန်းပေါ်သွားရန် ဖုန်ချင်အန်း တိုက်တွန်းနေခြင်းဖြစ်သည်။ လယ်ကွင်းထဲ ကြွက်တွင်းတူးနေခြင်းသည် မဖြစ်သင့်။ တောင်တန်းပေါ်တွင် ရှိသင့်သည်။ ကြမ်းတမ်းသည်တိုက်ပွဲများကို အသုံးချ၍ စွမ်းအားကြီးဝိညာဉ်သားရဲပုံစံ သားရဲဘုရင်ပုံစံ ဖြစ်လာအောင် ကိုယ်ရည်သွေးဖို့လိုသည်။
“ဝုတ်”
တောင်နက်က တောင်တန်းကြီးဆီသို့ အကြောက်တရား၊ တောင့်တမှုနှင့် ဗီဇဆန္ဒများရောထွေးနေသည့် အကြည့်ဖြင့် ကြည့်နေသည်။
ထို့နောက် ရှေ့လက်နှစ်ဘက် ရွံ့ကပ်နေဆဲဖြစ်သည့် သန်မာထွားကြိုင်းသည့် ခွေးဝံပုလွေက စတင်ပြေးလွှားသည်။ သူ့ပြေးနှုန်းကြောင့် ထူထဲသည့်အမွှေးများက လေထဲတွင် လူးလွန့်လှုပ်ခါနေသည်။
ငါလာနေပြီ တောင်တန်းကြီးရေ။
“တောင်တန်းပေါ်ရောက်ရင် ခွေးလိုမဟောင်နဲ့။ ဝံပုလွေလိုအော်တတ်အောင် လေ့ကျင့်ပါ။ မအော်တတ်သေးရင် ဝံပုလွေတစ်အုပ်တွေ့အောင်ရှာပြီး သူတို့ဆီကသင်ပါ။ အိမ်မှာလို ထိန်းချုပ်ပြီးနေစရာမလိုဘူး”
သိစိတ်အာရုံမှ ဖုန်ချင်အန်းင်အန်း အကြံပေးသည်။ သူ့ဝိညာဉ်လည်း ကိုယ်မှခွာ၍ တောင်နက်အမြင်အာရုံဖြင့် အမှောင်ဖုံးနေသည့် တောင်တန်းကြီး တဖြေးဖြေးနီးကပ်လာသည်ကို မြင်နေရသည်။
ကျယ်ပြန့်သည့် ဤမြွေစိမ်းတောင်တန်းပေါ်တွင် လျှို့ဝှက်ဆန်းကျယ်သည့်အရာများ ဝိညာဉ်များ မည်မျှရှိနေမည်မသိ။