← Chapters

နောက်လိုက်များရလာခြင်း

Vol. 3 Ch. 33

နောက်လိုက်များရလာခြင်း

Vol. 3 Ch. 33

“သူတို့အသိုက်ကိုရှာပါ။ သူတို့ကိုပြန်ပို့လိုက်”

တောင်နက် ငိုင်နေသဖြင့် ဖုန်ချင်အန်း ညွှန််ကြားချက်အသစ်ထပ်ပေးရသည်။

ဝံပုလွေခေါင်းဆောင်အဖြစ် မည်သို့နေရာယူရသည်ကို ဖုန်ချင်အန်း နားမလည်ပါ။ သို့သော် ကိစ္စမရှိ။ တောင်နက်သည် သာမန်ဝံပုလွေမဟုတ်။ နတ်ဆိုးသားရဲဖြစ်သည်။ ထို့ကြောင့် ပုံမှန်ဝံပုလွေတို့၏စည်းကမ်းကို လိုက်နာရန်မလို။

“ဝုတ်”

တောင်နက် နားလည်သွားသည်။ ဝံပုလွေငါးကောင်ဆီထိုးဟောင်လိုက်သည်။

ဖုန်ချင်အန်းက ချက်ချင်းအော်ငေါက်လိုက်သည်။

“တောင်ပေါ်ရောက်ရင် ခွေးလိုမဟောနဲ့လို့ ငါပြောထားတယ်မဟုတ်လား။ ဝံပုလွေတွေက မဟောင်ဘူးကွ”

တောင်နက်ဟောင်သံကြောင့် ဝံပုလွေငါးကောင် အထူးအဆန်းနှယ် လှမ်းကြည့်နေကြသည်။

တောင်နက်က သူတို့နှင့်ဆက်သွယ်ရန် ကြိုးစားသည်။ သို့သော် အဆင်မပြေ။ ဝံပုလွေချင်း နားလည်နိုင်သည့်အသံနှင့် မည်သို့ဆက်သွယ်ရမှန်း သူမသိ။

ဖုန်ချင်အန်းလည်း မတတ်နိုင်။ သူလည်းမသိ။ တောင်နက်ကို ထိုဝံပုလွေများထံမှ တဖြေးဖြေးသင်ယူခိုင်းဖို့သာရှိသည်။ ကြာလာလျှင် နားလည်သွားလိမ့်မည်။

ဝံပုလွေအုပ်ကို အမိန့်မပေးတတ်သော်လည်း တောင်နက်တွင် သူ့နည်းနှင့်သူရှိသည်။ ထိုဝံပုလွေတို့ လာခဲ့သည့်လမ်းကို အနံ့ခံပြီး ထိုအတိုင်း လျှောက်သွားသည်။

တောင်နက်က သူတို့အသိုက်ဆီသွားနေသဖြင့် ဝံပုလွေငါးကောင် အချင်းချင်းကြည့်ပြီး ဒယိမ်းဒယိုင်ဖြင့် နောက်မှလိုက်သွားကြရသည်။

တောင်နက်လုပ်ရပ်များ ဟောင်သံများကို သူတို့နားမလည်ကြ။ ထူးထူးခြားခြားစွမ်းအားကြီးသည့် ဝံပုလွေက သူတို့ကို ဘာပြောနေမှန်းမသိ။ အဘယ်ကြောင့် သူတို့ကိုလက်ခံ၍ နောက်လိုက်ဖြစ်ခွင့်ပြုခဲ့မျှန်းမသိ။

ဘာမှနားမလည်သော်လည်း တောင်နက်က သူတို့အသိုက်ဆီသွားနေသဖြင့် တစ်ခြားရွေးစရာမရှိတော့။ သူတို့အားလုံး ဒဏ်ရာရထားသည်။ သူ့တို့သွေးနံ့ကို တောထဲမှ တစ်ခြားသားရဲကောင်များ ရသွားနိုင်သည်။

တောင်နက်က အနံ့ခံ၍လိုက်လာပြီးနောက် ဝံပုလွေသိုက်ကို သိပ်မကြာခင်တွေ့သည်။ ဂူထဲမှ ကိုယ်ဝန်သည် ဝံပုလွေမများ ခန္ဓာကိုယ်ထွားကျိုင်းသည့် တောင်နက်ကိုမြင်သည်နှင့် အစွယ်ဖြဲပြကြသည်။ ဝံပုလွေပေါက်များကတော့ ကြောက်ရမှန်းမသိကြ။

သို့သော် တောင်နက်နောက်မှလိုက်လာသည့် ဝံပုလွေငါးကောင်က အချင်းချခင်းအသံပေးဆက်သွယ်လိုက်သည်။ ဝံပုလွေမများ နည်းနည်းစိတ်အေးသွားသည်။ တောင်နက်ကို အံ့ဩရိပ်၊ မျှော်လင်တောင့်တရိပ်သန်းနေသည့် မျက်လုံးဖြင့် ကြည့်နေကြသည်။

“တောင်နက်၊ သူတို့အတွက် အမဲရှာပေးလိုက်”

ကျောက်ဂူထဲမှ ဝံပုလွေအုပ်ကိုကြည့်၍ ဖုန်ချင်အန်း ထပ်အမိန့်ပေးသည်။

ဘုရင်ဖြစ်လိုလျှင် ဘုရင့်တာဝန်ယူရမည်။ အာဏာပြရုံသက်သက် မဖြစ်သင့်။

“အာဝူးး...”

(**အော်သံနည်းနည်းပြောင်းသွားပါတယ်)

တောင်နက် နည်းနည်းစိတ်မပါသလို ဖြစ်နေသော်လည်း နောက်လှည့်၍ အမဲလိုက်ရန် ပြေးထွက်သွားသည်။

သူချက်ချင်းထွက်သွားသဖြင့် ဂူထဲမှ ဝံပုလွေများ စိတ်သက်သာရာရသွားသည်။ သို့သော် ဝံပုလွေမနှစ်ကောင်နှင့် ကိုယ်ဝန်သည်ဝံပုလွေတစ်ကောင်က စိတ်ပျက်သွားဟန်ရှိသည်။

သို့သော် သူတို့စိတ်ပျက်မှုက သိပ်မကြာလိုက်။ သူရဲကောင်းအသွင်ရှိသည့် တောင်နက်က သူတို့မြင်ကွင်းရှေ့သို့ ပြန်ပေါ်လာသည်။ ပါးစပ်ထဲတွင် သမင်တစ်ကောင်ပါလာသည်။ ဝံပုလွေမတို့၏မျက်လုံးများ ပို၍အရောင်တောက်လာသည်။

“သမင်ကို ဝမ်းခွဲလိုက်။ ပြီးတော့ မင်းအရင်စားပြ။ ကျန်တာကို ခွဲပေးလိုက်”

ဖုန်ချင်အန်း ညွှန်ကြားသည်။ ဝံပုလွေများအကြောင်း များများစားစားမသိသော်လည်း အခြေခံလောက်တော့ သူသိသည်။ ဥပမာ ဝံပုလွေခေါင်းဆောင်သည် အမဲကိုအရင်စားခွင့်ရှိသည်။ အစာကိုခွဲဝေပေးခွင့်ရှိသည်။ မိတ်လိုက်ခွင့်လည်းရှိသည်။

“အာဝူးးးး”

ဖုန်ချင်အန်းင်အန်း ညွှန််ကြားချက်အတိုင်း တောင်နက်လုပ်သည်။ လတ်ဆတ်သည့် သွေးနီနီအသားတုံးများကို ဝံပုလွေများရှေ့တွင် တစ်ကောင်ချင်းချပေးသည်။ ဝံပုလွေအားလုံး၏အကြည့် ပြောင်းလဲသွားသည်။

ဝံပုလွေခေါင်းဆောင်သာ ထိုသို့လုပ်ခွင့်ရှိသည်။ သားရဲဖြစ်စေ လူဖြစ်စေ အမြင့်ဆုံးရာထူးယူထားသူသာ အစာခွဲဝေခွင့်ရှိသည်။

တောင်နက်နှင့် သူတို့ကြား ဆက်သွယ်ရေးအခက်အခဲရှိသော်လည်း ထိုအပြုအမူကို ဝံပုလွေအုပ် နားလည်သည်။

ဝံပုလွေတို့၏ ရွေးချယ်မှုက ရှင်းလင်းသည်။ ခုခံနိုင်စွမ်းလည်းမရှိ၊ စားစရာလည်းရလျှင် အညံ့ခံကြသည်သာဖြစ်သည်။

“အာဝူးးးး”

ခန္ဓာကိုယ်အပြုအမူသည် ဆက်သွယ်နည်းတစ်မျိုးဖြစ်သည်။ ဝံပုလွေများအညံ့ခံလာသည်ကိုကြည့်၍ အစောပိုင်းက ရှိခဲ့သည့် တောင်နက်၏ဒေါသများ ပြေလျော့သွားပြီး သံရှည်ဆွဲ၍ တစ်ချက်အော်လိုက်သည်။

အညံ့ခံထားသည့် ဝံပုလွေများလည်း သူ့နောက်မှလိုက်အော်ကြသည်။ ဝံပုလွေအော်သံက တောင်တန်းတစ်လျှောက် ပဲ့တင်ထပ်လျက်။ တောနက်ထဲသို့ပင် ထိုးဖေါက်ဝင်ရောက်သွားလေသည်။

သူတို့အော်သံကြောင့် နောက်ဆက်တွဲဂယက်ထလာသည်။ တောင်တန်းတစ်လျှောက်နေထိုင်ကြသည့် ဝံပုလွေအုပ်များလည်း သူတို့ရှိနေကြောင်း ပြသသည့်အနေဖြင့် စတင်အော်မြည်ကြသည်။ ဝံပုလွေအော်သံများ ချက်ချင်းပျံ့နှံ့သွားသည်။ မြွေစိမ်းတောင်တန်းတစ်ခုလုံး ဝံပုလွေတောင်တန်းတစ်ခုလို ဖြစ်သွားသည်။

“ဒီတောင်တန်းမှာ ဝံပုလွေတွေအများကြိးရှိနေတာပဲ”

တောထဲမှ ပဲ့တင်ထပ်နေသည့် ဝံပုလွေအော်သံများကို ကြားရသဖြင့် ဖုန်ချင်အန်း စိတ်လှုပ်ရှားလာပြီး နောက်ထပ်အစီအစဉ်ဆွဲနေသည်။

သူ့အိမ်မှပင် ဝံပုလွေအော်သံများကို ခပ်သဲ့သဲ့ကြားရသည်။ အရေအတွက်အလွန်များကြောင်းသာ သူခန့်မှန်းမိသည်။ ထိုဝံပုလွေအားလုံးကိုသာ တောင်နက်က သိမ်းပိုက်နိုင်လျှင် ဖြစ်လာမည့်မြင်ကွင်းက အတော်လှပေလိမ့်မည်။

ဝံပုလွေအုပ်များသည် လေးငါးကောင်အုပ်မှသည် ဒါဇင်ချီ၍ ရှိတတ်သည်။ အုပ်စုကြီးများတွင် အကောင်သုံးဆန်ခန့်ရှိသည်။ ထိုထက်တော့ပိုမများတတ်။ ရှာနိုင်သည့်အမဲကောင်အရေအတွက် ကန့်သတ်ချက်ကြောင့်ဖြစ်သည်။

သို့သော် ချီစွမ်းအင်များပြည့်နေသည့် ဤလောကတွင် သက်ရှိအားလုံး မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲနိုင်သည်။ ဝံပုလွေတစ်အုပ် ထိန်းချုပ်ထားနိုင်ခြင်းသည် ပိုကောင်းသည်။

တောင်နက်ကို မြွေစိမ်းတောင်တန်းမှ ဝံပုလွေအုပ်အားလံးကို သိမ်းပိုက်နိုင်သည့် ဝံပုလွေဘုရင် ဖြစ်စေချင်သည်။ တောင်နက်မှတစ်ဆင့် သူလည်း ထိုအင်အားကို ထိန်းချုပ်နိုင်မည်။

နောင်တစ်ချိန် သူအရွယ်ရောက်လာလျှင် တောနက်ထဲသို့ သူထွက်မည်။ တစ်ကိုယ်တည်းဖြစ်နေလျှင်ပင် ဝံပုလွေတစ်အုပ် သူနှင့်အတူရှိနေသဖြင့် တောကြီးမျက်မည်းတွင် ရဲရဲဝံ့ဝံ့ သူလျှောက်လှမ်းနိုင်မည်။

သူလမ်းလျှောက်စရာပင် လိုမည်မထင်။ တောင်နက်ကိုစီး၍ သွားနိုင်သည်။ အတော်ခံ့ညားထည်ဝါ၍ အပူအပင်ကင်းပေလိမ့်မည်။

လှပသည့်အိပ်မက်အကြောင်း တွေးနေရင်း သူပြုံးလိုက်သည်။ သို့သော် အပျော်စိတ်ကို သူအမြန်ထိန်းချုပ်လိုက်သည်။ တောင်တန်းတစ်ခုလုံးကို လွှမ်းမိုးနိုင်ရန်အတွက် ယခု ပထမခြေလှမ်းသာရှိသေးသည်။

တောင်တန်းတစ်ခုလုံးမှ ဝံပုလွေအုပ်ကို သိမ်းပိုက်ဖို့လိုလျှင် အခက်အခဲများစွာ ရင်ဆိုင်ရမည်မှာ အသေအချာဖြစ်သည်။ တောင်တန်းပေါ်တွင် ဝံပုလွေနတ်ဆိုးများ သေချာပေါက်ရှိနေပေလိမ့်မည်။ ဝံပုလွေဆိုသည်မှာ အလွန်ဉာဏ်ရည်မြင့်သည့် သတ္တဝါဖြစ်သည်။

သာမန်ဝံပုလွေအုပ်များကို သိမ်းပိုက်ရသည်မှာ အကြောင်းမဟုတ်။ ဝံပုလွေနတ်ဆိုးတစ်ကောင် ဦးဆောင်သည့် ဝံပုလွေအုပ်ကို သိမ်းပိုက်လိုလျှင် ထိုနတ်ဆိုးဆိုးကို အရင်အနိုင်ယူနိုင်မှဖြစ်မည်။

All Chapters