တောင်တန်းပေါ်မှ နတ်ဆိုး
Vol. 3 Ch. 35
ဝိညာဉ်အလင်းတစ်ခု ပေါ်လာသည်ကို သူမြင်နေရသည်။ ပထမဆုံး ဝိညာဉ်အားဖြည့်ကျင့်စဉ်ကို ကျင့်ကြံဖူးခြင်းဖြစ်၍ သူအတော်အံ့အားသင့်သွားသည်။ တစ်ကိုယ်လုံး ဝိညာဉ်ချီများကြား နစ်မြုပ်နေသလို ခံစားရသည်။ မိုးမြေကြားမှ လွတ်လပ်စွာဖြစ်တည်နေသည့် ချီစွမ်းအင်များ သူ့ကိုယ်ထဲသို့ အသိုက်ပြန်ငှက်များပမာ စီးဝင်လာသည်။ တစ်ကိုယ်လုံး ပေါက်ကွဲတော့မည်ဟုပင် ထင်မိသည်။
ဝိညာဉ်ချီများကို ပို၍အဆင့်မြင့်မြင့် စုပ်ယူနိုင်လာသည်။ ကျင့်စဉ်စွမ်းအားလည်ပတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ် အရည်အသွေးပြောင်းလည်း ပြောင်းလဲလာသည်ကို ခံစားနေရသည်။ ဝိညာဉ်စာချုပ်လည်း ပို၍ခိုင်မာအားကောင်းလာသည်။
ထိုစဉ် အတွေးတစ်ခု သူ့ခေါင်းထဲတွင် ရုတ်တရက်ပေါ်လာသည်။ ဒုတိယဝိညာဉ်စာချုပ်ချပ်ဆိုနိုင်ရန် သိပ်ကြာတော့မည်မထင်။ ပို၍ခက်ခဲရှုပ်ထွေးမည်မှာတော့ အသေအချာဖြစ်သည်။
“တကယ်ထူးခြားတာပဲ”
ညာဉ့်နက်ပိုင်းအချိန်တွင် သူမျက်လုံးကို ဖြေးညှင်းစွာဖွင့်လိုက်သည်။ ကိုယ်ထဲမှ ပိုခိုင်မာလာသည့် ဝိညာဉ်စွမ်းအားကို ခံစားကြည့်ပြီး သူပြုံးလိုက်သည်။
သို့သော် မည်သို့ထူးခြားသည်ကို စူးစမ်းလိုစိတ်မရှိသေး။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို သုံးလိုက်သည်။ ဝိညာဉ်စာချုပ်မှတစ်ဆင့် သူ့သိစိတ်အာရုံက တောင်နက်ကိုယ်ထဲသို့ ရောက်သွားသည်။
တောင်နက်၏မြင်ကွင်းကို သူမြင်ရသည်။ အမှောင်ဖုံးနေသည့် တောင်တန်းများရှိနေသည်။ ဂူထဲမှ ဝံပုလွေများက တောင်နက်ကို လေးစားသည့်အကြည့်ဖြင့် ကြည့်နေကြသည်။
“သူတို့ကို အမဲလိုက်ဖို့ ဦးဆောင်ပြီးခေါ်သွားပါ”
“ဒဏ်ရာပျောက်ကင်းပြီး အားအင်ပြည့်ဝနေသည့် ဝံပုလွေများကိုကြည့်၍ တောင်နက်ကို အမိန့်ပေးလိုက်သည်။
ဝံပုလွေအုပ်နှင့် မဆက်သွယ်တတ်သေးသော်လည်း တောင်နက်သည် ခန္ဓာကိုယ်အမူအရာဖြင့် သူ့ရည်ရွယ်ချက်ကို ပြနိုင်သည်။ ခပ်တိုးတိုး တစ်ချက်အူလိုက်ပြီးနောက် ရှေ့မှထွက်သွားသည်။ ကျန်သည့်ဝံပုလွေများကလည်း ချက်ချင်းသဘောပေါက်ပြီး နောက်မှလိုက်လာကြသည်။
အဖွဲ့ကိုဦးဆောင်၍ သူတို့ပုံမှန်အမဲလိုက်ကွင်းနေရာတွင် လှည့်ပတ်ရှာဖွေသည်။ တောဝက်အုပ်ကို မောင်းထုတ်သည်။ ကျားသစ်တစ်ကောင်ကို ချောက်လှန့်သည်။ အမဲလိုက်ရင်း တစ်ညလုံး အချိန်ကုန်သွားသည်။
မနက်အာရုဏ်တက်ချိန်တွင် ဗိုက်ပြည့်နေသည့်တောင်နက်က ဝံပုလွေအုပ်ကို သားရဲဂူဆီ ပြန်ခေါ်လာသည်။ ထိုညကျော်လွန်ပြီးနောက် ဝံပုလွေတိုင်းက သူ့ကို ပိုလေးစားလာသည်။
ဝံပုလွေမတစ်ချို့က တောင်နက်အနားသို့ကပ်ရန် ကြိုးစားကြသည်။ သို့သော် တောင်နက်က ခြိမ်းခြောက်အော်ဟစ်၍ မောင်းထုတ်သည်။
“တောင်နက်၊ မင်းပြန်လာဖို့အချိန်ကျပြီ”
ဖုန်ချင်အန်း ပြန်ခေါ်လိုက်သည်။ တောင်နက်သည် အချိန်အတိုင်းအတာတစ်ခုထိ တောကြီးမျက်မည်းတွင် ရှင်သန်နိုင်ပြီဖြစ်သည်။ သို့သော် သိပ်ကြာကြာနေ၍မသင့်။ ဝိညာဉ်ပေါင်းစပ်ခြင်း သွေးသန့်စင်ခြင်းများ လုပ်ဖို့လိုသေးသည်။
“အာဝူး...”
တောင်နက် သံရှည်ဆွဲ၍ တစ်ချက်အော်လိုက်သည်။ ထို့နောက် နေလုံးမပေါ်မှ တောင်အောက်သို့ ဆင်းပြေးလာသည်။
ပထမတစ်ကြိမ် ကြုံးဖူးပြီးဖြစ်၍ တစ်ခြားဝံပုလွေများက သူ့နောက်သို့ ခဏသာလိုက်လာပြီး ရပ်သွားကြသည်။
အမှောင်ထုကျလာလျှင် သူတို့ခေါင်းဆောင်က လရောင်အောက်တွင် သားရဲဂူသို့ပြန်လာမည်ကို သိထားကြသည်။
သို့သော် သူတို့ခေါင်းဆောင်၏ အပြုအမူကို နားလည်စပြုချိန်မှာပင် တောင်နက်က မယုံနိုင်စရာကောင်းသည့် အလုပ်တစ်ခု လုပ်လိုက်သည်။
အနီးအနားဝံပုလွေအုပ်များ ကိုယ်ပိုင်အနံ့ဖြင့် စည်းခြားထားသည့်နယ်မြေသို့ သူတို့ကိုခေါ်သွားခြင်းဖြစ်သည်။
ထိုကျုးကျော်မှုကြောင့် နယ်မြေခံဝံပုလွေအုပ်၏ ခုခံတိုက်ခိုက်မှုနှင့် ချက်ချင်းကြုံရသည်။
ထို့ကြောင့် နွားပေါက်စတစ်ကောင်နီးပါး ကြီးမားသည့်တောင်နက်က အင်အားသုံး၍ ခေါင်းဆောင်ဝံပုလွေကို နှိပ်ကွပ်ရသည်။
ထို့နောက် ဝံပုလွေဗီဇအတိုင်း သဘာဝစည်းမျဉ်းအတိုင်း အင်အားပိုကြီးသည့် တောင်နက်ထံ ဝံပုလွေများ အညံ့ခံကြသည်။
တောင်တန်းသို့ဝင်သည့် ငါးရက်မြောက်နေ့တွင် သူ့လက်အောက်၌ ဝံပုလွေအကောင်နှစ်ဆယ်ရှိနေပြီဖြစ်သည်။
ထိုအခြေအနေက အစပြုရုံသာ ရှိသေးသည်။ ဖုန်ချင်အန်း ညွှန်ကြားစရာပင်မလိုတော့ဘဲ တောင်နက်က ဘာလုပ်ရမည်ကို ရက်ပိုင်းအတွင်း အလိုလိုသိသွားသည်။ အော်သံပြု၍ တစ်ခြားဝံပုလွေများကိုပင် အမိန့်ပေးတတ်သွားသည်။
လူစကားကိုပင် နားလည်နိုင်သည့် သားရဲတစ်ကောင် သာမန်ဉာဏ်ရည်သာရှိသည့် သားရဲများ၏ဘာသာစကားကို နားမလည်နိုင်စရာမရှိ။
“တော်တယ်”
ဖုန်ချင်အန်း ဆက်တိုက်ချီးကျူးနေသည်။ သူ့အားပေးတိုက်တွန်းမှုသည် တောင်နက်အတွက် စိတ်ဓာတ်ခွန်အားဖြစ်သည်။
“အာဝူး...”
(**လခွမ်းတဲ့မှပဲ။ ဒီစကားလုံး ထပ်တလဲလဲရေးရတာနဲ့ ဘာသာပြန်ဆရာတောင် အူမိတော့မယ်)
နောက်လိုက်ဝံပုလွေများခြံရံလျက် ကျောက်ဆောင်တစ်ခုထိပ်တွင်ရပ်ရင်း တောင်တန်းအတွင်းပိုင်းသို့ စတင်တိုးဝင်ရန် ပြင်နေသည်။ ကောင်းကင်မှ လမင်းကိုကြည့်၍ အူလိုက်သည်။ ထူထဲသည့်အမွှေးများက ညလေပြေအောက်တွင် လူးလွန့်လှုပ်ရှားနေသည်။ အရိုင်းဆန်သည့် အထီးကျန်အာရုံကို ဖေါ်ဆောင်နေသည်။
“နောက်ထပ် ဝံပုလွေအုပ်တွေကို သိမ်းပိုက်ပါ။ တောင်တန်းပေါ်က ဝံပုလွေအားလုံး မင်းအမိန့်ကို နာခံလာအောင်လုပ်ပါ”
ပို၍ကြီးမားသည့် ပန်းတိုင်တစ်ခု ဖုန်ချင်အန်း ချမှတ်ပေးလိုက်သည်။ တောင်နက်ကလည်း လုံးဝမငြင်း။ ဖုန်ချင်အန်း ဆန္ဒ၊ ဖုန်ချင်အန်း အမိန့်မှန်သမျှကို နာခံသည်။
ဖုန်ချင်အန်း ပြောသည့်အတိုင်း သူလုပ်သည်။ ဝံပုလွေဘုရင်ဖြစ်အောင်လုပ်ဖို့ပြောလျှင် သူဖြစ်လာရမည်။
ထို့ကြောင့် အကောင်ရေတစ်ရာကျော်ရှိသည့် ဝံပုလွေအုပ် တစ်လအတွင်း မြွေစိမ်းတောင်တန်းအပြင်ပိုင်းတွင် ပေါ်လာသည်။ ထိုအုပ်စုနှင့် ကြုံသည့်အကောင်မှန်သမျှ နောက်ဆုတ်ထွက်ပြေးသွားကြသည်။ ကျားများပင် ထိုအင်အားကို ကြောက်ရွံ့သဖြင့် နေရာပြောင်းသွားကြသည်။
သို့သော် ထွက်ပြေးလာရသည့် ကျားမတစ်ကောင်က မကျေနပ်ကြ။ တောင်တန်းပေါ်တွင် မိုင်ပေါင်းများစွာ ပြေးလွှားပြီးနောက် ကျောက်ဂူတစ်ခုရှေ့သို့ ရောက်လာသည်။ အရိုးများ တောင်လိုပုံနေသည်။ ဆိုးဝါးသည့်အနံ့အသက်များ ထွက်ပေါ်နေသည်။ မောပန်းနေသည့်ကျားက မြေပေါ်သို့ ဝပ်ချလျက် ဝမ်းနည်းပက်လက် ဟိန်းဟောက်လိုက်သည်။
သူ့အော်သံဆုံးသွားပြီးနောက် မကြာမီ စူးရဲသည့်မျက်လုံးနှင့် ဦးထိပ်တွင် အဖြူကွက်တစ်ခုပါသည့် ကျားကြီးတစ်ကောင် ဂူအမှောင်ထုထဲမှ ထိုးထွက်လာသည်။လာသည်။ မြေပေါ်တွင်ဝပ်နေသည့်ကျားမကို တောက်ပြောင်စူးရှသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
“ဝေါင်း”
ဝံပုလွေအုပ်ကြောင့် ထွက်ပြေးလာသည်ကျားမက ထိုကျားကိုချက်ချင်းအညံ့ခံပြီး နူးညံ့သည့်ဝမ်းဗိုက်သားကို မကြာခဏ ထုတ်ပြနေသည်။
သို့သော် သူ့အပြုအမူကြောင့် ကျားကြီး၏အမူအရာက ပျော့ပျောင်းမသွား။ ကျားမကို စူးစူးရဲရဲစိုက်ကြည့်နေသည်။
သူ့အကြည့်ကြောင့် ကျားမခန္ဓာကိုယ် တဖြေးဖြေးတောင့်တင်းလာသည်။ မြေပေါ်တွင်ဝပ်ရင်း တစ်စုံတစ်ခုကို ပြောပြနေဟန်ဖြင့် ဝမ်းနည်းပက်လက်ငိုကျွေးနေနေသည်။
သူ့ငိုသံကိုကြားပြီးနောက် ကျားထီး၏အမူအရာ ပြောင်းသွားသည်။ မျက်နှာပေါ်တွင် စိတ်ဝင်စားသည့်အရိပ်ပေါ်လာသည်။
ဝံပုလွေတစ်အုပ်က ကျားများကို မောင်းထုတ်နေသည်။
ဝံပုလွေသားရဲငယ်တစ်ကောင် မွေးဖွားလာခြင်းဖြစ်မည်။
ကျားထီးအမူအရာပြောင်းသွားသဖြင့် ကျားမပျော်ရွှင်သွားသည်။ သို့သော် သူ့အပျော်မဆုံးခင် ကျားထီးအေးစက်စူးရှသည့်အကြည့်ကို သူမြင်လိုက်ရသည်။
ကျားမ နောက်ထပ်တွပ်ကပ်မနေရဲတော့ဘဲ ခပ်ကုပ်ကုပ်ထွက်သွားရသည်။
ကျားမကို မောင်းထုတ်ပြီးနောက် ထိပ်ကွက်ကျားထီးက သူထွက်သွားသည့်နေရာဆီ စိုက်ကြည့်သည်။ ပြန်မလာတော့မှန်းသေချာမှ သူစတင်လှုပ်ရှားသည်။ လေပြင်းတစ်ခုဖန်တီးလျက် တောင်တန်းအပြင်ပိုင်းဆီ ဦးတည်ထွက်သွာားသည်။
အသစ်ပေါ်လာသည့် ဝံပုလွေနတ်ဆိုးကို အနိုင်နှိပ်ကွပ်ခြင်းဖြစ်စေ အဟာရအဖြစ်အသုံးချခြင်းဖြစ်စေ နှစ်ခုလုံးကောင်းသည်။