လက်စားချေခြင်း
Vol. 3 Ch. 37
ထိုသို့လုပ်ရမည်။
ခဏသည်းခံ၍ ငြိမ်းချမ်းမှုရှာရမည်။ တစ်လှမ်းပြန်ဆုတ်၍ ရေရှည်တွေးရမည်။
တောင်နက်အမြင်အာရုံမှ ကြည့်နေခဲ့ခြင်းဖြစ်၍ ထိုကျား မည်မျှကြောက်စရာကောင်းသည်ကို သူသိသည်။
သာမန်တောင်တန်းဝံပုလွေများ တစ်ကြိမ်ရင်ဆိုင်ရုံဖြင့် သေသွားသည်။ ကျားလက်သည်းပွတ်ထိရုံဖြင့် ဒဏ်ရာအပြင်းအထန်ရသည်။ နတ်ဆိုးသားရဲအဖြစ်ပြောင်းလဲပြီးဖြစ်သည့် တောင်နက်ပင် ခုခံနိုင်စွမ်းမရှိဘဲ ချက်ချင်းရိုက်ထုတ်ခံရသည်။
တောင်နက်သည် စွမ်းအားအတော်ကြီးသည်။ တောင်နက်၏ စွမ်းအားတစ်ချို့တစ်ဝက်သာရထားသည့် သူ့အနေဖြင့် ကျားရဲကို ရင်ဆိုင်နိုင်မည်မဟုတ်။
သူဆောင့်ကြောင့်ထိုင်လိုက်သည်။ တောင်နက်၏ သွေးချင်းချင်းနီနေသည့်ဝမ်းဗိုက်ပေါ် လက်ဝါးတင်သည်။ နူးညံ့သည့်ဝိညာဉ်အလင်းတစ်ခု သူ့လက်တွင် ပေါ်လာသည်။ ဝိညာဉ်ချီများကို ထိန်းချုပ်၍ တောင်နက်ကိုယ်ထဲသို့ ပို့လွှတ်ပေးလိုက်သည်။
“အူးးး”
ချီအဟာရကြောင့် တောင်နက်၏အသက်ရှူသံများ ပို၍ငြိမ်လာသည်။ လမ်းတစ်လျှောက်လုံးပြေးလာရသည့်ဒဏ်ကြောင့် သတိမေ့နေရာမှ တဖြေးဖြေး ပြန်သတိရလာသည်။ မျက်ရည်လားသွေးလား မသဲကွဲ။ သူ့မျက်လုံးထဲမှ စီးကျနေသည်။
“အိပ်ရေးဝအောင် အိပ်လိုက်။ မနက်ဖြန်နေထွက်တာနဲ့ ဒါတွေအားလုံး ပြီးသွားမှာပါ”
တောင်နက် ဝမ်းနည်းနာကျင်နေမှန်းသူသိသည်။ ထိုသို့သာ သူနှစ်သိမ့်ပေးနိုင်သည်။
“အူး...”
တောင်နက် မြေပြင်နှင့်ခေါင်း ဖိကပ်ထားပြီး ခပ်တိုးတိုး ညည်းညူနေသည်။ ခွေးဝံပုလွေ၏ ငိုကြွေးသံနှင့် တူနေသည်။
ဖုန်ချင်အန်း စိတ်ပျက်မိသော်လည်း သူမတား။
တောင်နက်ခံစားခဲ့ရသည့် ဝေဒနာကို သူသိသည်။ ချီစွမ်းအင် နောက်ထပ်လက်မခံနိုင်တော့မှန်းသိသဖြင့် လက်ဝါးကို တောင်နက်ကိုယ်ပေါ်မှ ပြန်ခွာလိုက်သည်။ အတင်းပို့လွှတ်လျှင် ဆိုးကျိုးသာဖြစ်လာမည်။
သူထရပ်၍ လနှင့်ကြယ်များကို မော့ကြည့်သည်။ အရှက်နှင့်ဒေါသကို မျိုသိပ်ထားရသည်။
“လူတစ်ယောက်ရဲ့လုပ်ရပ်တွေဟာ ဉာဏ်ပါသင့်တယ်။ အခက်အခဲကြုံရင် စိတ်ရှည်သည်းခံပြီး အချိန်မှန်ကို စောင့်သင့်တယ်”
“ကြီးမြတ်တဲ့တစ်ယောက်အတွက် လက်စားချေတယ်ဆိုတာ ဆယ်နှစ်ကြာလည်း နောက်မကျပါဘူး”
စွမ်းရည်ဖြစ်စေ တိုက်ခိုက်စွမ်းအားဖြစ်စေ ထိုကျားကို တောင်နက်မမီသေး။
သို့သော် ခဏသာစောင့်ရမည်။ တောင်နက်သည် ခြောက်လသားအရွယ်သာရှိသေးသည်။ စိတ်ရှည်ရှည် ကူညီပေးရမည်။ စွမ်းရည်နှင့် တိုက်ခိုက်စွမ်းအား တိုးတက်အောင်လုပ်ပေးရည်။ ထိုကျားကို ဆုတ်ဖြဲနိုင်စွမ်းရှိသည့်နေ့ ရောက်လာမည်မှာ အသေအချာဖြစ်သည်။
သူ့ကိုယ်သူ နှစ်သိမ့်ပြီးနောက် အခန်းထဲ ပြန်ဝင်သွားသည်။ တောင်နက်၏အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့။ ထိုအခြေအနေမျိုးနှင့် တောင်နက်ကို သူဆက်မမြင်လိုတော့။ စိတ်ဓာတ်ကျသည်။ စိုးလည်းစိုးရိမ်မိသည်။
ရုတ်တရက် ကြုံလိုက်ရသည့် ကျားနတ်ဆိုးတိုက်ခိုက်မှုက သူနှင့်တောင်နက်အတွက် ပြင်းထန်သည့် ထိုးနှက်ချက်ဖြစ်သည်။
ထိုကျားရဲကြောင့် ပြီးခဲ့သည့်လက ပင်ပင်ပန်းပန်းကြိုးစားရရှိထားသမျှ ပျက်စီးသွားသည်။ အဘယ်ကြောင့်ထိုကျားက တောင်နက်ကို ရုတ်တရက်တိုက်ခိုက်လာမှန်း သူနားမလည်။
သို့သော် နတ်ဆိုးသားရဲများကြားတွင် ရှင်းပြချက်မလို။ စွမ်းအားကြီးသူသာ ရှင်သန်နိုင်သည်ဟူသည့် နိယာမကိုလိုက်နာကြသည်။ ထိုထက်ပို၍ မစဉ်းစားကြ။ အိမ်မွေးတိရစ္ဆာန်များကို လူများသတ်ဖြတ်ရာတွင်လည်း ဘာအကြောင်းပြချက်မှ လိုအပ်သည်မဟုတ်။ စားလို၍သတ်သည်။
အခန်းထဲပြန်ရောက်ပြီးနောက် ကုတင်ပေါ်တွင် သူလှဲလိုက်သည်။ ဟိုလူးဒီလှိမ့်ဖြင့် မျက်လုံးပိတ်ထားသည်။ သို့သော် အိပ်မရ။
စိတ်ရှည်သည်းခံခြင်းသည် သူ့ဒေါသကို ပိုတိုးပွားစေသရောင်ရှိသည်။ နောက်ဆုတ်ဖို့တွေးရင်း ဆုံးရှုံးရသည့်နာကျင်မှုက ပိုပြင်းထန်သည်။
သူရုတ်တရက် ထထိုင်လိုက်သည်။ စိတ်အာရုံလွှဲစရာ တစ်ခုခုရှာဖို့ ကြိုးစားသည်။ အာရုံစူးစိုက်၍ စွမ်းအားကျင့်ကြံသည်။
အပြင်ဘက်မှ လရောင်အလင်းသာ အခန်းထဲသို့ ထိုးကျနေသည်။ အလင်းမျှင်လေးများက တဖျတ်ဖျတ်တောက်ပနေသည်။ အားလုံး သူ့စားအုပ်စင်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။ စာအုပ်ထဲမှ စာသားများသည် သူ့အကိုရေးချခဲ့သည့် သူတော်စင်ကျမ်းစာများဖြစ်သည်။
သူ့မျက်လုံးကိုပွတ်၍ ကြည့်လိုက်သည်။ အမှောင်ထဲတွင် အလင်းမျှင်လေးများ အဆက်မပြတ်လှုပ်ရှားနိုင်သည်။ သူ့အသက်ရှူသံမြန်လာသည်။ ယခု တောင်နက်အာရုံဖြင့်ကြည့်နေခြင်းမဟုတ်။ ကိုယ်ပိုင်မျက်လုံးဖြင့် မြင်နေရခြင်းဖြစ်သည်။
တော်ဝင်စွမ်းအင်ရောင် သို့မဟုတ် အားလုံးထက်ပိုမြင့်မြတ်သည့် စွမ်းအင်ရောင်။
တောင်နက်အမြင်အာရုံထဲကလို ခမ်းနားထည်ဝါမှုကို မမြင်ရသော်လည်း အရင်က သာမန်သေမျိုးမျက်လုံးဖြင့် မမြင်နိုင်သည့် အလင်းမျှင်များကို သူယခု မြင်နေရသည်။
သို့သော် ထိုအချက်က အရေးမကြီး။ ခဏစဉ်းစားပြိးနောက် အဘယ်ကြောင့် ထိုအပြောင်းအလဲမျိုး ဖြစ်လာသည်ကို နားလည်သွားသည်။ ပြိးခဲ့သည့်လက အသစ်ပြောင်းလိုက်သည့် ဝိညာဉ်အားဖြည့်ကျင့်စဉ်ကြောင့်ဖြစ်မည်။
အရင်က အလွန်တရာပျော်ရွှင်ခဲ့ရသည့် ဖြစ်ရပ်များသည် ယနေ့ညတွင် အရေးမပါတော့။ သူပိုအာရုံစိုက်ရမည့် ကိစ္စများရှိသည်။
အခန်းထဲသို့ မျက်လုံးဝေ့ကြည့်လိုက်သည်။ စာအုပ်များပြည့်နေသည့် သူ့ကျောင်းလွယ်အိတ် စားပွဲပေါ်တင် မြင်လိုက်ရသည်။
သို့သော် ထိုစာအုပ်များတွင် သူတော်စင်အသိဉာဏ်များ ပါဝင်သော်လည်း စာအုပ်စဉ်ပေါ်မှ စာအုပ်များလို ထူးခြားခြင်းမရှိ။ အလင်းရောင်ထွက်ပေါ်ခြင်းမရှိ။
ထို့ကြောင့် သူ့လွယ်အိတ်ကိုဖွင့်၍ အထဲမှစာအုပ်အားလုံး သွန်ချလိုက်သည်။
အခန်းအပြင်ဘက်သို့ သူအလိုလို လှမ်းကြည့်မိသည်။ မိဘများအိပ်ပျော်နေသည်ကို အနှောက်အယှက်ပေး၍မဖြစ်။ ဝိညာဉ်စာချုပ်မှတစ်ဆင့် တောင်နက်ကို ချက်ချင်းအော်ခေါ်လိုက်သည်။
“မင်းလက်စားချေချင်တယ်ဆိုရင် ဒီကိုမြန်မြန်လာ။ ငါမင်းကို ရှန်ခြောက်ပါးဝတ်စုံဝတ်ပေးမယ်။ ဒီည ဟိုသားရဲကို ငါတို့မသတ်နိုင်ရင် ငါ့နာမည်ကို ပြောင်းပစ်လိုက်မယ်ကွ”
ခြံဝင်းထဲတွင် မှိုင်တွေငေးမော၍ လှဲနေသည့်တောင်နက် ချက်ချင်းခုန်ထလာသည်။
သူ့သခင် မည်သို့ကူညီမည်ကို နားမလည်သော်လည်း သူဗီဇစိတ်အရ ယုံကြည်ထားလိုက်သည်။ အခန်းထဲသို့ အမြန်ပြေးဝင်လာသည်။
သို့သော် အခန်းထဲရောက်ချိန်တွင် ဖုန်ချင်အန်းင်အန်းက ကျောင်းလွယ်အိတ်ကိုကိုင်၍ ပြုံးနေသည်ကိုသာ တွေ့ရသည်။ အိတ်ထဲသို့ ထိုးထည့်ထားသည့် စာအုပ်များဆီမှ တောက်ပသည့်အလင်းများ ဖြာထွက်နေသည်။
ဝမ်းနည်းနေချိန်ဖြစ်သော်လည်း ဖုန်ချင်အန်း အပြုအမူကြောင့် တောင်နက်အံ့ဩသွားသည်။
“ဘာငေးကြည့်နေတာလဲ။ ဒီကိုလာပါ”
အိတ်အရွယ်အစားကြောင့် ရှစ်ခုမြောက်စာအုပ်ကို သူမထည့်တော့။
တောင်နက်က နားမလည်ဟန်ဖြင့် ညည်းသံပေးလိုက်သည်။ ရွှေရောင်အလင်းများ၏စွမ်းအားကို သူမသိ။ တစ်ခါမှလည်း သက်ရောက်မှုမခံရဖူးပေ။
“ငြိမ်ငြိမ်နေ၊ မင်းကိုယ်ပေါ်မှာ ချည်ပေးမယ်”
သူ့ထက်ပင် အရွယ်အစား ပိုကြီးနေသည့် တောင်နက်ကို ဆွဲယူလိုက်သည်။ ခြေထောက်များကို လွယ်အိတ်ကြိုးကွင်းထဲသို့ လျှိုလိုက်သည်။
ထိုလွယ်အိတ်က သူနှင့်ကွက်တိဖြစ်အောင် ယင်ရှီရှီက ချုပ်ပေးထားခြင်းဖြစ်သည်။ ခန္ဓာကိုယ်အရွယ်အစားနှင့် လိုက်ဖက်အောင်လုပ်ပေးထားခြင်းဖြစ်၍ တောင်နက်ကိုယ်ပေါ် စည်းနှောင်ပေးချိန်တွင် ရယ်စရာလိုဖြစ်နေသည်။
သို့သော် ကောင်းကျိုးတစ်ခုလည်း ရှိပါသည်။ ကျွတ်မကျနိုင်ခြင်းဖြစ်သည်။ တစ်ရှိန်ထိုးပြေးလွှားချိန်မှာပင် လွယ်အိတ်ကြိုးများက ပြုတ်ထွက်မည်မဟုတ်။
“သွား၊ ဟိုကျားကို ငါတို့သွေးကြွေးဆပ်ရမယ်”
ဒဏ်ရာမပျောက်သေးသည့်တောင်နက်ကို လက်ဖြင့်တစ်ချက်ပုတ်လိုက်သည်။ သူ့မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သည့် အပြုံးတစ်ခု ရှိနေသည်။
“ဘယ်သူက ကြီးမြတ်တဲ့လူဖြစ်ဖို့ ဂရုစိုက်နေလို့လဲ။ လက်စားချေဖို့ကို ဆယ်နှစ်ကြာအောင် မစောင့်နိုင်ဘူး။ မကြီးမြတ်တဲ့လူဟာ လက်စားချေဖို့ နေ့နေ့ညည ကြိုးစားတယ်။ ငါက မကြီးမြတ်တဲ့လူပဲ ဖြစ်ချင်တယ်။ လက်စားချေဖို့ကို ဒီတစ်ညတောင် မစောင့်နိုင်ဘူး”