← Chapters

နှလုံးကိုထုတ် အစိမ်းလိုက်စား

Vol. 3 Ch. 38

နှလုံးကိုထုတ် အစိမ်းလိုက်စား

Vol. 3 Ch. 38

ဖုန်ချင်အန်းထံမှ အမိန့်ကိုကြားပြီးနောက် နည်းနည်းနားမလည်နိုင်ဖြစ်နေသော်လည်း တောင်နက် တုံ့ဆိုင်းမနေတော့။ ဒေါသအညှိုးအတေးအပြည့်ဖြင့် အခန်းထဲမှ ပြေးထွက်သွားသည်။ နံရံကို ခုန်ကျော်သည်။ မြွေစိမ်းတောင်ဆီ ပြေးသွားသည်။

သူရွာထဲမှ ထွက်သွားချိန်တွင် အလင်းတန်းတစ်ခု ပါသွားသည်။ အရပ်လေးပေမပြည့်သည့် မြေနတ်က မြေကြီးထဲမှ ပေါ်လာသည်။ ‌တောင်နက် ပြေးသွားရာဆီကြည့်ရင်း သူ့မျက်နှာတွင် အံ့ဩရိပ်ပေါ်လာသည်။

“ဒါက ဖုန်မိသားစုဒုတိယသခင်လေးရဲ့ ခွေးမဟုတ်လား”

ဒွိဟစိတ်ဖြင့် ခပ်တိုးတိုးသူရေရွတ်လိုက်သည်။ သူ့အာရုံတွင် တောင်နက်ကိုမမြင်။ အမြန်ရွေ့လျားနေသည့် ရွှေရောင်အလင်းလုံးနှင့် တောင်တန်းဆီ ‌ဦးတည်နေသည့် တော်ဝင်စွမ်းအင်လေပြင်းကိုသာ မြင်သည်။

တော်ဝင်စွမ်းအင်ရောင်ကို ဘာကသယ်လာမှန်း သူသေချာမသိ။ သဲသဲကွဲကွဲမမြင်ရ။ ထိုအစွမ်းမျိုး သူ့တွင်မရှိ။ အနီးကပ်ကြည့်လျှင်လည်း သူမြေနတ်ဘုရားရာထူး အဆုံးသတ်သွားမည်ကို စိုးရိမ်သည်။

မရှင်းလင်းသော်လည်း သူခန့်မှန်းကြည့်နိုင်သည်။ ဖုန်မိသားစုတွင် လူသုံးယောက်နှင့် ခွေးတစ်ကောင်သာရှိသည်။ ထိုအချိန်မျိုးတွင် ဖုန်မိဘနှစ်ယောက်က တောင်တန်းဆီ ပြေးလွှားနေမည်မဟုတ်။ အစောပိုင်းက ကျားလိုက်ခံရသည့် ဝိညာဉ်ခွေးသာ ဖြစ်ရပေမည်။

“ဒီဝိညာဉ်ခွေးက တကယ်အငြိမ်မနေနိုင်တာပဲ”

သူခေါင်းခါ၍ သက်ပြင်းချသည်။ ထို့နောက် စိုးရိမ်ပူပန်သည့်အရိပ်တစ်ခု သူ့မျက်နှာတွင် ပေါ်လာသည်။

“ထိပ်တန်းပညာရှင်ရဲ့ တော်ဝင်စွမ်းအင်ရောင် တောင်တန်းဆီယူသွားပြီ။ ဟိုတစ်ယောက် နိုးထမလာပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ သူအိပ်မောကျနေတာ နှစ်တစ်ရာကျော်ပြီ။ ဒီခွေးကတော့ သိမှာမဟုတ်ဘူး။ လိုလိုမယ်မယ် မြို့တော်နတ်ဘုရားကို သတင်းပို့ဦးမှပဲ”

....................................

ဝံပုလွေဂူထဲတွင် ကြမ်းတမ်းခက်ထန်သည့် ထိပ်ကွက်ကျားဖြူ၏မျက်လုံးများက မြေပြင်မှ ဝံပုလွေအသေကောင်များထံ ဝဲကျနေသည်။ ခေါင်းငုံ့၍ သွေးသံရဲရဲအသားကို ကိုက်ဝါးသည်။ သိပ်သည်းသည့် သွေးရောင်များက ကြက်သွေးရောင်မြူမှုန်အဖြစ်ပြောင်းသွားပြီး သူ့ဘေးပတ်လည်တွင် ဝေ့ဝဲနေသည်။

ဒေါသထွက်သည်။

ဝံပုလွေနတ်ဆိုးလေးတစ်ကောင်က သူ့လက်မှလွတ်သွားသည်။ လူသားတို့ပိုင်နက်သို့ ထွက်ပြေးသွားသည်။ သူလိုက်မဖမ်းနိုင်ခဲ့။

ထိုဝံပုလွေနတ်ဆိုးတွင် မူမမှန်သည့်အချက်တစ်ခုရှိသည်။ သူကောင်းကောင်းသိသည်။ သို့သော် သူထိုအကြောင်း မစဉ်းစားချင်။

သူ့လက်ဝါးတစ်ချက်စာပင်မရှိသည့် ငပျော့နတ်ဆိုးလေးသာဖြစ်သည်။ သူသာ အရသာခံ၍ ဖြေးဖြေးညှင်းသတ်လိုစိတ်မရှိခဲ့လျှင် သူ့လက်ဝါးချက်အောက်တွင် သေခဲ့ပြီးဖြစ်လိမ့်မည်။

ထိုအတွေးများကြောင့် ခေါင်းငုံ့၍ ဝံပုလွေသားကို မကျေမနပ် ကိုက်ဖဲ့လိုက်ပြန်သည်။ ပုံမှန်အားဖြင့် ထိုအသားမျိုးကို သူစားရမှာပင် ရွံရှာသည်။ သို့‌သော်ယခု သူ့ဒေါသဖြေဖျောက်စရာ ထိုနည်းလမ်းသာရှိသည်။ ကျန်နေသည့်ဝံပုလွေများကို အပြတ်ရှင်းရန် ဤနေရာသို့ သူပြန်လာခဲ့ခြင်းဖြစ်သည်။

ထိုစဉ် ရင်းနှီးနေသည့် ဝံပုလွေအော်သံတစ်ခု သူကြားရသည်။ သူချက်ချင်း ထရပ်လိုက်သည်။ ကြောက်စရာအစိမ်းရောင်အလင်းတစ်ခု သူ့မျက်လုံးမှ ထွက်လာသည်။ တုံ့ဆိုင်းမနေတော့ဘဲ အသံထွက်လာရာဆီ အမြန်ပြေးသွားသည်။

သေမင်းလက်မှ လက်မတင်လေးလွတ်သွားသူက နောက်တစ်ကြိမ် ပြန်လာရဲသည်။ သူ့ကို မလေးစားခြင်းဖြစ်သည်။ သူဂုဏ်သရေကို စော်ကားခြင်းဖြစ်သည်။ ထိုဝံပုလွေနတ်ဆိုးကို ဝိညာဉ်နှုတ်၍ လက်အောက်ခံသရဲဘဝသို့ သူပြောင်းလဲပစ်မည်။

နတ်ဆိုးလေပြင်းများ ပျံ့လွင့်နေသည်။

တောအုပ်ကိုဖြတ်၍ မထီမဲ့မြင်ပြုနေသည့် ဝံပုလွေထံ သူပြေးသွားသည်။ မျက်လုံးမှ အစိမ်း‌ရောင်အလင်းများ ထိုးထွက်လာပြီး လူသားအသွင် ဝိညာဉ်သရဲနှစ်ယောက်အဖြစ်ပြေင်းသွားသည်။ တောင်တန်းထဲတွင် ဖြတ်လျှောက်ရင်း ကံဆိုးသွားသည့် မုဆိုးနှစ်ယောက်၏ဝိညာဉ်ဖြစ်သည်။

ဝိညာဉ်နှစ်ယောက်သာ ထုတ်လွှတ်နိုင်သည်။ သူ့လက်ရှိနတ်ဆိုးစွမ်းအားဖြင့် ဝိညာဉ်များများ မထိန်းချုပ်နိုင်သေး။ သို့သော် ဝံပုလွေငယ်တစ်ကောင်ကို သုတ်သင်ဖို့ လုံလောက်ပါသည်။

“ဝေါင်း”

ကျားဟိန်းသံက တောနက်ထဲတွင် ပဲ့တင်ထပ်သွားသည်။ သူ့စေခိုင်းချက်အရ သရဲဝိညာဉ်နှစ်ယောက်က နတ်ဆိုးဝံပုလွေရှိရာသို့ အရင်ပြေးထွက်သွားကြသည်။ ထို့နောက် ထိုဝိညာဉ်နှစ်ယောက်၏ စူးစူးဝါးဝါးအော်ဟစ်သံများ ပေါ်လာသည်။

ထိုခဏမှာပင် သူပင်ပန်းစွာမွေးထုတ်ထားရသည့် သရဲဝိညာဉ်နှစ်ယောက် ပျက်စီးသွားသည်ကို အာရုံခံမိလိုက်သည်။ ဗီဇအာရုံဆက်နွယ်မှုပြတ်တောက်သွားသည်။ တန်ပြန်သက်ရောက်မှုကို ခံစားရသည်။

ဝံပုလွေနတ်ဆိုး၏အသားကို စားသောက်ရန်ကြံနေသည့် သူ့ခြေလှမ်းများ နှေးကွေးသွားသည်။ နားမလည်နိုင်သည့်အရိပ်များ သူ့မျက်လုံးတွင်ပေါ်လာသည်။

ဘာဖြစ်သွားသည်မသိ။ သူ့သရဲဝိညာဉ်များ ဘာကိုမြင်ခဲ့၍ ရုတ်တရက် ပျက်စီးပျောက်ကွယ်သွားသည်မသိ။

ထို့နောက်တွင် အားလုံးကို သူနားလည်သွားသည်။ တောင်နက်ကို မြင်လိုက်ရသည်။ ကြမ်းတမ်းရက်စက်သူဖြစ်သော်လည်း သူထိတ်လန့်သွားပြီဖြစ်သည်။ ဝံပုလွေနတ်ဆိုးထံမှ စူးရှတောက်ပသည့် တော်ဝင်စွမ်းအင်အလင်းက သူ့အမြင်အာရုံသို့ဝင်လာသည်။ ပြင်းပြသည့်နာကျင်မှုကို ခံစားရသဖြင့် အော်ဟစ်ညည်းညူမိသည်။

“ရှဲ ရှဲ”

ညှော်နံ့နှင့်အတူ မီးခိုးများ သူ့ကိုယ်မှ ထွက်လာသည်။ ရွှေရောင်အလင်းကို ကြည့်မိရုံဖြင့် အပ်ပေါင်းများစွာ ထိုးစိုက်ခံရသကဲ့သို့ ခံစားရသည်။ ခြေလက်များ လှုပ်ရှားမရဖြစ်သွားသည်။

ပြေးရမည်။

ဘာအလင်းမှန်း သူမသိ။ သို့သော် သူ့ကိုယ်အတွင်းထဲမှစ၍ တုန်လှုပ်သွားသည်။ခြောက်ခြားလာသည်။ လွတ်အောင် မပြေးနိုင်လျှင် ကြောက်စရာအဖြစ်ဆိုးတစ်ခု ကြံဒရမည်မှန်း သူသိနေသည်။

ထိုခဏမှာပင် သူ့ခြေလက်များ ပျော့ခွေကျသွားသည်။ အရိုးများဆွဲထုတ်ခံလိုက်ရသလိုပင်ဖြစ်သည်။ သူ့ခန္ဓာကိုယ်သူ မထိန်းချုပ်နိုင်တော့။

တစ်ပတ်လည်၍ မြေပေါ်လဲကျသွားသည်။ သူမည်မျှကြိုးစားသည်ဖြစ်စေ ထမရပ်နိုင်တော့။

တောင်နက်က အပျော်တစ်ဝက် အံ့ဩစိတ်တစ်ဝက်ဖြင့် ကျားဆိုးပုံပျက်ပန်းပျက်လဲကျသွားသည်ကို ကြည့်နေသည်။ သူတဖြေးဖြေးတိုးကပ်သွားသည်။

အနားသို့ရောက်ချိန်တွင် ကျားနတ်ဆိုးမှာ သူ့လက်သည်းတစ်ချက်ပုတ်စာပင် ခံနိုင်ရည်ရှိတော့ဟန်မတူ။ အဆုံးစမဲ့နာကျင်မှုကြောင့် အော်ဟစ်ညည်းတွားနေသည်။

နောက်ဆုံးတွင် ခေါင်းကတစ်ဘက်သို့လည်ကျသွားသည်။ မျက်လုံးအပြူးသားဖြစ်နေသည်။ မျက်လုံးထောင်စွမ်းများ အကြောဆွဲနေသည်။ သွေးများ ပါးစပ်မှ ကျလာသည်။ အသက်မရှိတော့။

တော်ဝင်စွမ်းအင်ရောင်က သူ့ကိုအသေသတ်လိုက်ခြင်းဖြစ်သည်။

ထူးဆန်းသည့်အဖြစ်အပျက်အားလုံးကို ဖုန်ချင်အန်း အစအဆုံးမြင်နေရသည်။ ပါးစပ်အဟောင်းသားဖြစ်နေသည်။ သို့သော် သူ့စိတ်တွင် အတွေးမျိုးစုံပြေးလွှားနေသည်။

တော်ဝင်အလင်းက ထိုစွမ်းအားမျိုးရှိနေသည်။ သူ့အကိုသာမန်ချရေးခဲ့သည့် စာအုပ်များမှ ကြေက်စရာထိုစွမ်းအင်မျိုး ထွက်ပေါ်ခဲ့သည်။

သူ့အကို ယခုကျင့်ကြံထားသည့် တော်ဝင်စွမ်းအင်ရောင်သည် မည်မျှကြောက်စရာကောင်းသည်မသိ။

သူ့အတွေးမဆုံးမီ တောင်နက်က ကျားသေကိုယ်ပေါ်ခုန်တက်၍ ရပ်လိုက်သည်။

ထို့နောက် ကျား၏ဝမ်းဗိုက်သားကို ကိုက်ဖြတ်သည်။ ကလီစာများကိုထုတ်သည်။

ထိုမြင်ကွင်းကိုကြည့်၍ ဖုန်ချင်အန်း အန်ချင်သလိုဖြစ်လာသည်။

သို့သော် တောင်နက်စားနေပုံက အရင်အချိန်များနှင့်မတူသဖြင့် သူမျက်နှာမလွှဲဖြစ် ယခု တောင်နက်ဦးဆောင်နေသည့် ဝံပုလွေအုပ်သည် တောင်နက်၏ကြိုးစားမှုသက်သက်မဟုတ်။ သူ့ညွှတ်ကြားချက်ကြောင့်လည်း ပါသည်။ ကြိုးစားမှု၏ ရလာဒ်ဖြစ်သည်။ ထိုရလာဒ်ကို ကျားရဲကဖျက်ဆီးခဲ့သည်။

ထိုမကျေနပ်ချက်များကို အားလုံးဖွင့်ထုတ်၍ ဖုန်ချင်အန်း ကြည့်နေသည်။ တောင်နက်က ကျားနှလုံးကို ဆွဲထုတ်သည်။ အစိမ်းလိုက်ဝါးမျိုနေသည်။

All Chapters