← Chapters

တောင်စောင့်နတ်

Vol. 3 Ch. 45

တောင်စောင့်နတ်

Vol. 3 Ch. 45

လက ကောင်းကင်လယ်တွင် တွဲလွဲခိုနေသည်။ ကြယ်များ အပြည့်ရှိနေပြီး ညကိုတန်ဆာဆင်နေသည်။ လနှင့်ကြယ်ရောင်ကြောင့် ညက ခါတိုင်းထက် ပိုတောက်ပနေသည်။

တောင်တန်းပေါ်တွင် တိတ်ဆိတ်သည့် မြက်တဲတစ်ခုရှိနေသည်။ ဝါကျန့်ကျန့်ဖယောင်းမီးရောင်က ပြတင်းပေါက်မှတစ်ဆင့် အမှောင်ထဲသို့ ထိုးထွက်လာသည်။နေသည်။ တောင်တန်းလေပြင်းက တဲတံဆက်မြိတ်ကို ဖြတ်သန်းတိုက်ခတ်သည်။ လေလှိုင်းနှင့်အတူ တီးတိုးစကားပြောသံနှင့် မိန်းကလေးရယ်သံလွင်လွင်တို့ လွင့်ပျံလာသည်။

အထဲတွင် လှပသည့်မိန်းမတစ်စု မိန်းမသားလျှို့ဝှက်ချက်များအကြောင်း ပြောဆိုနေဟန်ရှိသည်။

“ဦးလေးလင်း”

ခိုင်ခံ့သည့်လေးမြား၊ အမဲလိုက်ဓားတို့ ကိုင်ထားသည့် မုဆိုးတစ်စု စုဝေး‌ရောက်လာသည်။ ပါးပြင်တွင် မွှေးညှင်းစိမ်းများ မပျောက်သေးသည့် လူငယ်မုဆိုးတစ်ယောက်က ခါးမှဓားရိုးကို ခပ်တင်းတင်းဆုတ်ကာ တဲဆီသို့ကြည့်ရင် မျက်နှာတစ်ခုလုံးသွေးဆုတ်ဖြူရော်နေသည်။

ထိုမြက်တဲသည် ညဘက်မပြန်နိုင်သည့် မုဆိုးများ တောင်တန်းသားရဲများအန္တရာယ် ရှောင်ရှားနိုင်ရန်အတွက် ယာယီနားခိုစရာဖြစ်သည်။

ရွာထဲမှ တစ်ခြားမုဆိုးများရောက်နေလျှင် ကိစ္စမရျိ။ ယခု မိန်းကလေးရယ်သံများ ကြားနေရသည်။ ဘယ်မုဆိုးက သူ့မိန်းမကို အမဲလိုက်ခေါ်လာသည်မသိ။

“တိတ်တိတ်နေ”

မုတ်ဆိတ်မွှေးနှင့် သက်လတ်ပိုင်းလူက တဲဆီလှမ်းကြည့်ရင်း မျက်နှာတင်းတင်းဖြင့်ပြောသည်။ ဤတောအုပ်များတွင် ထူးဆန်းသည့်အဖြစ်များ ဖြစ်လေ့ရှိသည်။ သို့သော် သူသည်ပင် ထိုအဖြစ်များကို သိပ်မကြုံဖူး။

“နောက်ဆုတ်မယ်၊ တစ်ခြားနေရာရှာကြစို့”

ကျန်သည့်မုဆိုးများ အတွန့်မတက်ကြ။ စားဝတ်နေရေးအတွက် အမဲလိုက်ခြင်းဖြစ်သည်။ တဏှာပိုးထ၍ သေဖို့မဟုတ်။ အခြေအနေက မူမမှန်။ နောက်ဆုံးခြင်းသည် အကောင်းဆုံးဖြစ်သည်။ သူတို့အိမ်တွင် ရှာဖွေကျွေးမွေးရမည့် ဇနီးသားသမီးများ ရှိသည်။

“ရှင်တို့ ဒီလောက်ပင်းပန်းနေတာ ဒီတဲအိုလေးမှာ တစ်ညနားပြီးမှ ဆက်သွားသင့်တာပေါ့”

သို့သော် သူတို့အသံတိတ်နောက်ဆုတ်ရန် ပြင်နေစဉ် တဲထဲမှ ရယ်သံများရပ်သွားပြီး တံခါးပွင့်လာသည်။

လရောင်အောက်တဲတံခါးရှေ့တွင် ဝတ်ရုံပါးပါးဝတ်ထားသည့် မိန်းမလှပေါ်လာသည်။ ပုခုံးသားများ တစ်စိတ်တစ်ပိုင်းပေါ်နေသည်။ ဖိနပ်မပါသည့်ခြေထောက်များက ဂါဝန်အနားစအောက်မှ ထွက်လာသည်။ အတော်ဖြူဖွေးသည်။ သူဝတ်ထားသည့်ဝတ်ရုံကလည်း ပါးလွှာသည်။ ကောက်ကြောင်းများ အထင်းသားပေါ်နေသည်။

“ဂလု”

မုဆိုးအုပ်စုထံမှ တံတွေးမျိုသံများ ပေါ်လာသည်။ စွဲမက်ဖွယ်အာရုံက သူတို့ကို ဖမ်းစားနေသည်။

“သိပ်လှတာပဲ”

ခုနက ကြောက်နေခဲ့သည့်လူငယ်၏မျက်လုံးများပင် အခိုးဝေလာသည်။ မျက်နှာနီရဲလာသည်။ အသက်ရှူသံကြမ်းလာသည်။

“ဒီလောက်သန်မာတဲ့ယောက်ျားကြီးတွေကို အထဲမြန်မြန်ခေါ်ပါ ညီမလေးတို့။ ငါမစောင့်နိုင်တော့ဘူး”

နောက်ထပ် လှပသည့်မျက်နှာတစ်ခု တဲထဲမှပေါ်လာပြီး စိတ်အားထက်သန်စွာ ပြောသည်။

“ရှင်တို့ အထဲဝင်ကြပါ။ ဒီနေ့က ကံကောင်းတဲ့နေပဲ။ ကျွန်မတို့ညီအမတွေ ဒီမှာနားနေချိန်မှာ ရှင်တို့လိုခံ့ညားတဲ့ တောင်တန်းပေါ်ကလူတွေနဲ့ဆုံရတာ ရေစက်တစ်မျိုးပါပဲ။ ရှင်တို့လိုအပ်ချက်တွေကို ကျွန်မတို့ ဂရုစိုက်ပေးချင်ပါတယ်။ လောကသုခကို ခံစားကြည့်ပါ”

စကားသံမှလွဲလျှင် မိတ်ကပ်ထူထူဖြင့် ညှို့ဓာတ်ပြင်းသည့်မိန်းမလှစကားကြောင့် မုဆိုးအားလုံး မျက်လုံးပြူးသွားပြီး ဂဏာမငြိမ်ဖြစ်လာသည်။

“မမ၊ နင်နဲ့မတွေ့တာ အတော်ကြာပြီ။ နင့်စိတ်ညှို့စွမ်းအား တိုးတက်လာပြီပဲ။ ဒီမုဆိုးတွေ နင့်စက်ကွင်းမှာလုံးလုံးမိသွားပြီ။ အသိစိတ်ပျောက်သွားကြပြီထင်တယ်”

တဲပြင်တင်းမှ ခေါင်းပြူကြည့်နေသည့် မိန်းမလှက ရယ်မော၍ပြောသည်။ သူ့လည်တိုင်‌အောက်တွင် အမွှေးပွခန္ဓာကိုယ်တစ်ခု ရှိနေသည်။ ညလရောင်အောက်တွင် မြင်ရသည်မှာ ခြောက်ခြားစရာကောင်းသည်။

“ဒီလူတွေရဲ့ ယန်စွမ်းအင်ကို စုပ်ယူပြီးရင် ငါလည်း ငါ့မမလို ပုံစံပြောင်းနိုင်‌တော့မှာပါ။ အဝတ်အစားလှလှလေးတွေ ဝတ်ချင်တယ်။ အခု ငါ့မှာဦးခေါင်းပဲရှိတာ သိပ်အဆင်မပြေဘူး”

“ညီမခုနစ်၊ လောဘမကြီးရဘူးလေ။ ပစ္စည်းကောင်းတွေကို ငါတို့အားလုံး အတူတူမျှသုံးရမှာပေါ့။ ညတာက ရှည်ပါသေးတယ်”

သူ့ကြောင့် အသိစိတ်ပျောက်နေသည့် မုဆိုးများကိုကြည့်၍ မျက်လုံးများ အနီရောင်ပြောင်းလာသည်။ သူ့ဂါဝန်အောက်တွင် ရှည်လျားသည့်အမွှေးပွအမြီးတစ်ခု ကျလာသည်။

“အာဝူး...”

မုဆိုးများ တဲထဲသို့ ဝင်ခါနီးတွင် ဝံပုလွေအော်သံတစ်ခု ပဲ့တင်ထပ်သွားသည်။ ရွှေရောင်အလင်းတစ်ခု တောအုပ်ကို လျင်မြန်စွာဖြတ်သန်းလာသည်။

အပြင်ဘက်တွင်ရပ်နေသည့်မိန်းမလှ မျက်နှာပျက်သွားသည်။ သို့သော် သူဘာမှမတတ်နိုင်မီ ရွှေရောင်အလင်းက သူ့ကိုဝါးမျိုသွားသည်။ သူ့ကိုယ်မှ အနက်‌ရောင်မီးခိုးများထွက်လာသည်။ ထို့နောက် ဖြူဖွေးသည့်ခန္ဓာကိုယ်မှ အမွှေးပများ ထိုးထွက်လာသည်။ ညှို့အားပြင်းသည်ခန္ဓာကိုယ်က အနီရောင်မြေခွေးကြီးတစ်ကောင်အဖြစ် ပြောင်းသွားသည်။

သို့သော် အသွင်ပြောင်းပြီးသည်နှင့် မြေပေါ်သို့လဲကျသွားသည်။ လုံးဝအသက်မရှူတော့။

ထိုစဉ် တဲထဲမှ နောက်ထပ်အော်ဟစ်သံများစွာ ထွက်လာသည်။ ထို့နောက် ချက်ချင်းငြိမ်ကျသွားသည်။ အိမ်မွေးခွေးအရွယ် မြေခွေးတစ်ကောင် ပြတင်းပေါ်တွင်မီလျက်သား ပျော့ခွေနေသည်။

မြေခွေးနတ်ဆိုးသေပြီးနောက် စိတ်လွတ်နေသည့် မုဆိုးများ ချက်ချင်းသတိပြန်လည်လာသည်။ အဖြစ်အပျက်အားလုံးကို ပြန်မှတ်မိလာသည်။ မြေပြင်မှ မြေခွေးအလောင်းကြီးကိုကြည့်၍ တုန်ရင်နေကြသည်။ ချွေးစေများအဆက်မပြတ် ထွက်နေသည်။ သေမင်းလက်မှ လက်မတင်လေး လွတ်ခဲ့ရသဖြင့် ဝမ်းသာမိကြသည်။

သိူ့သော် ကြာကြာဝမ်းမသာလိုက်ရ။ သူတို့ ဝမ်းသာချိန် စောလွန်းသေးကြောင်း သတိပြုမိသွားသည်။

“ဦးလေးလင်း၊ ဝံပုလွေ... ဝံပုလွေတွေအများကြိးပဲ”

လူငယ်မုဆိုး တုန်ရင်နေသည်။ တောက်ပနေသည့် ရွှေရောင်အလင်းကို သူမမြင်ရ။ သို့သော် ညအမှောင်ထဲမှ အစိမ်းရောင်အလင်းများကို မြင်နေရသည်။ ဝံပုလွေမျက်လုံးများဖြစ်သည်။

သူတို့ဘေးပတ်လည်တွင် မျက်လုံးစိမ်းများ ပြည့်နေသည်။ ထွက်ပေါက်လုံးဝမရှိ။

“ငါမြင်ပါတယ်”

သဘာရင် သက်လတ်ပိုင်းမုဆိုး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ သူ့မျက်နှာက ထူးထူးဆန်းဆန်းတည်ငြိမ်နေသည်။

“ငါတို့ တောင်တန်းပေါ်ကနေ နှစ်တွေအကြာကြီး အကျိုးအမြတ်ယူခဲ့ကြတယ်။ ဒီနေ့က အကြွေးဆပ်ရတော့မယ့် အချိန်ပဲ”

ထိုထက်ပို၍ သူဘာမှမပြောနိုင်။ ဝံပုလွေအရေအတွက် အဆမတန်များလွန်းသည်။ နတ်ဆိုးများနှင့် တောင်တန်းပေါ်တွင် နှစ်ကြိမ်ကြုံရသည်။ ထိုအဖြစ်သည် ကံကြမ္မာသတ်မှတ်ချက်သာ ဖြစ်ရပေမည်။

“အား..အတော်ဆိုးတာပဲ။ ဒီသတ္တဝါတွေလက်ထဲသေရတာထက် ဟိုမြေခွေးနတ်ဆိုးဗိုက်ထဲသေရတာကမှ ကောင်းဦးမယ်။ အနည်းဆုံးတော့ အရသာလေးခံရဦးမှာ”

မုဆိုးတစ်ချို့က ဝမ်းပမ်းတနည်းရေရွတ်နေကြသေးသည်။

သို့သော် သူတို့နောက်ထပ်ဆက်မပြောနိုင်မီ ဝံပုလွေတစ်စု တဲဆီပြေးဝင်လာသည်ကို မြင်ရသည်။ သူတို့ကို တစ်ချက်မှ လှည့်မကြည့်ဘဲ မြေခွေးနတ်ဆိုးအလောင်းကြီးနှင့် တဲထဲမှ သာမန်မြေခွေးအလောင်းများကို ဆွဲယူသွားကြသည်။

သူတို့ အသိပြန်ဝင်လာချိန်တွင် ဘေးပတ်လည်မှ မြေခွေးများ လုံးဝမရှိတော့။ သူတို့အားလုံး ဘာဒဏ်ရာမှမရခဲ့။ အကောင်းပကတိသာဖြစ်သည်။

“ဦးလေးလင်း၊ ကျုပ်တို့ ဘေးကင်းပြီ။ ဝံပုလွေတွေ ထွက်သွားပြီ”

“ဟုတ်တယ်။ ထွက်သွားကြပြီ”

“ဒါပေမယ့် ဘယ်လိုဖြစ်သွားတာလဲ”

“တောင်စောင့်နတ်ပေါ့။ တောင်စောင့်နတ်ကာကွယ်တာပဲဖြစ်ရမယ်”

မုဆိုးတစ်ယောက်က ပြောလိုက်သည်။ ထို့နောက် တစ်ခြားဘာမှမတွေးတော့ဘဲ ဒူးထောက်၍ ညအမှောင်လွှမ်းနေသည့် ‌တောင်တန်းအရိပ်ဆီ ဦးညွှတ်လိုက်သည်။

**************************************

All Chapters