အပိုင်း (၅၉)
Vol. 5 Ch. 59
တချိန်တည်းမှာပဲ မိုင်သန်းချီ ကွာဝေးသည့် တည်နေရာအတွင်းရှိ ထျန်းကန်ဂိုဏ်း၏အတွင်း ခမ်းနားကြီးကျယ်လှသည့် ဟောခန်းကြီးတစ်ခုထဲ၌ ကွဲကြေသွားခဲ့သည့် အသံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျောက်စိမ်းပြားနှစ်ခုသည် ကွဲအက်သွားခဲ့ပြီး အထဲတွင် ဖြစ်တည်နေသည့် ရောင်စဉ် အလင်းတန်းများ သည်လည်း မှေးမှိန်သွားခဲ့၏။ ထိုအရာမှာ ထိုကျောက်စိမ်းပြား၏ ပိုင်ရှင်သည် သေဆုံးသွားခဲ့ပြီဆိုသော အဓိပ္ပာယ်ပင်ဖြစ်၏။
“အမ်”
ဟောခန်းအတွင်းမှာတော့ ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ရုတ်တရက် အသံကို ကြားလိုက်ရ၏။ သူ၏မျက်နှာသွင်ပြင်တစ်ခုလုံးသည် ပြောင်းလဲသွား၏။ သူသည် အသံထွက်ပေါ်လာရာ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် တီးတိုးရေရွတ်လိုက်သည်။
“ငါတို့ ထျန်းကန်ဂိုဏ်းရဲ့ တပည့်တွေကို တစ်စုံတစ်ယောက်က တိုက်ခိုက်ခဲ့တာလား။ ဒါက အတင့်ရဲလိုက်တာ .... ဟမ် .. ဘိုးဘေးကြီးရဲ့ ကျောက်စိမ်းပြားပါလား”
ပြောနေတုန်းမှာပဲ ထိုလူ၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားခဲ့၏။ သူသည် မတ်တပ်ထရပ်ကာဖြင့် နံရံတစ်ခုဆီသို့ အလျင်အမြန် ပြေးသွားခဲ့၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည်လည်း ရေးကြီးသုတ်ပြာ ဖြစ်လို့နေခဲ့၏။
နံရံ၏အပေါ် ထိပ်ဆုံးတည်နေရာဆီသို့ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရောင်စဉ်အလင်းတန်းများ ပျောက်ကွယ်သွားခဲ့ပြီး ကွဲအက်လျက်ရှိသည့် ကျောက်စိမ်းပြားကြီး နှစ်ခုကို မြင်လိုက်ရ၏။ ကျောက်စိမ်းပြားများ သည် တစ်ချက် ထိလိုက်သည်နှင့်တပြိုင်နက် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့မည်သကဲ့သို့ပင်။
“ဟာ မဟုတ်တော့ဘူး။ ဘိုးဘေးကြီး ဆုံးသွားတာလား။ မကြာသေးခင်က ရောင်စဉ်အလင်းနတ်နယ်မြေက သတင်း အချက်အလက်တစ်ခုကို ဘိုးဘေးကြီးက လက်ခံရရှိခဲ့တယ်လေ။ အဲတာကြောင့် တော်ဝင်ရင်နိုင်ငံဆီကို အလျင်အမြန် ပြေးသွားတာပဲ။ ပိုင်တုရန်တောင်ကြားမှာရှိတဲ့ အခွင့်အရေးတစ်ခုခုနဲ့ပတ်သက်ပြီး တာဝန် ထမ်းဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ထွက်သွားတာပဲဖြစ်မယ်။ ဖြစ်နိုင်တာက”
ထိုသူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ချောက်ခြားမှုများနှင့် ပြည့်နှက်သွား၏။ သူသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်၏။ “တော်ဝင်ရင်နိုင်ငံတော် ဒါမှမဟုတ် တော်ဝင်ဓားဂိုဏ်း တစ်ခုခုက လှုပ်ရှားခဲ့တာလား”
လက်ရှိအခြေအနေမှာတော့ ထျန်းကန်ဂိုဏ်း၏ အကြီးအကဲ နှစ်ယောက်တို့သည် ထိုအဖွဲ့အစည်းနှစ်ခုထဲမှ တစ်ခုခု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပုံပေါ်သည်။
“မဟုတ်သေးဘူး။ ဒီကိစ္စကို ရောင်စဉ်အလင်းနတ်နယ်မြေကို ချက်ချင်း သတင်းပို့မှဖြစ်မယ်” ထိုသူက တွေးတောလိုက်၏။
ပြောရမည်ဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုးကို သူတို့၏ဂိုဏ်းချုပ်ကို အရင်ဆုံး သတင်းပို့ရမည် မဟုတ်ပါလား။ သို့ပေမဲ့ ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် နတ်အဆင့်ထိပ်ဆုံးအဆင့်၌သာရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သတင်းသွားပို့မည်ဆိုလျှင်လည်း အသုံးမဝင်ချေ။
ထိုသူသည် ဘိုးဘေးများကဲ့သို့ ထျန်းကန်ဂိုဏ်းကို ဦးဆောင်နိုင်သည့်လူတစ်ယောက် မဟုတ်ပေ။ သူတို့၏ မျှော်လင့်ချက်သည် ရောင်စဉ်အလင်းနတ်နယ်မြေ၌သာလျှင် တည်ရှိ၏။ ဂိုဏ်းချုပ်မှာတော့ နောက်မှ သတင်းပို့လျှင် ရ၏။ စိတ်ထဲမှာ ထိုကဲ့သို့ တွေးတောပြီးသည့်နောက် ထိုလူသည် ဝမ်းနည်းမနေတော့ချေ။ ချက်ချင်းဆိုသလိုပဲ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီးသည့်နောက် သတင်းပေးပို့လိုက်တော့သည်။
.............
ရောင်စဉ်အလင်းနတ်နယ်မြေ
မြင့်မားလွန်းလှသော တောင်ထွတ်ကြီးတစ်ခုပေါ်တွင် လှပလွန်းလှသော တိမ်များသည် ရစ်သိုင်းလျက် ရှိနေ၏။ လေထုတစ်ခုလုံးသည်လည်း တကယ့်ကို ထူးခြားလှသည့်အော်ရာများနှင့် ပြည့်နှက်နေ၏။
ကြီးကျယ်ခမ်းနားလွန်း လှသည့် နန်းတော်ကြီးသည် တောင်ထွတ်ပေါ်ရှိ မြူများကြားထဲတွင် အလွန်လှပစွာဖြင့် တည်ရှိနေ၏။ ဤနေရာသည် ရောင်စဉ်အလင်းနတ်နယ်မြေ၏ အလယ်ဗဟို တည်နေရာဖြစ်ပြီး ရှေးနန်းတော်ကဲ့သို့ ဆောက်လုပ်ထားသည့် အဓိက အဆောက်အဦးကြီးတစ်ခု တည်ရှိနေသည်။
ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနှင့် လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် မတ်မတ်ရပ်လျက်ရှိသည်။ သူ့အား နတ်အလင်းများက လွှမ်းခြုံထားလျက် ရှိနေပြီး လောက၏ ကောင်းချီးများကို ခံစားနေသည့်လူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးပင်။ အော်ရာများကို ကြည့်ရှုရမည်ဆိုလျှင် အလွန်ပင် အားကောင်းလွန်းလှချေပြီး လောကကြီးတစ်ခုလုံး မဖြစ်တည်ခင်က တစ်ဦးတည်း ရှိခဲ့သည့် ရှေးနတ်ဘုရားတစ်ပါးကဲ့သို့ပင်။
“လင်းမင်က နတ်အရှင်ကို တွေ့ဖို့ တောင်းဆိုပါတယ်”
ထိုအချိန်မှာတော့ အသံတစ်ခုသည် ဟောခန်း၏ အပြင်ဘက်ဆီမှ ထွက်ပေါ်လာ၏။
“အကြီးအကဲလင်း ဝင်ခဲ့ပါ”
ရောင်စဉ်အလင်းနတ်အရှင် က ပြောလိုက်၏။ သူ၏အသံသည် တကယ်ပင် ကြင်နာပြီး နူးညံ့လွန်းလှ၏။ ကြားရသည့်သူများအားလုံး၏ နားထဲသို့ လေပြည်ညှင်းများ တိုက်ခတ်သွားသကဲ့သို့ပင် ခံစားမိ စေသည်။
“ကောင်းပါပြီ”
ဟောခန်း၏ အပြင်ဘက်မှာတော့ လင်းမင်သည် ရိုရိုသေသေဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ သူသည် ခြေထောက်ကိုမကာ အထဲသို့ ဝင်ရောက်လိုက်သည်။
“အကြီးအကဲလင်း.. နတ်ဘုရားတောင်ထွတ်ပေါ်မှာ အမြဲတမ်း ကျင့်ကြံနေတတ်တဲ့ခင်ဗျားက ဘယ်လိုဖြစ်ပြီး ဒီနေကျမှ အားအားယားယားနဲ့ ဒီနတ်အရှင်ဆီ ရောက်လာရတာလဲ”
ရောင်စဉ်အလင်းနတ်အရှင်သည် ဖြည်ဖြည်းချင်း ပြောလိုက်၏။ သူ၏လေသံထဲတွင် စိတ်ဝင်စားမှုများ ပြည့်နှက်လျက်ရှိ၏။
“နတ်အရှင်ကို ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျုပ် သတင်းတစ်ခု ရခဲ့လို့ပါ။ ထျန်းကန်ဂိုဏ်းရဲ့ အကြီးအကဲ နှစ်ယောက်က သေသွားပါပြီ”
လင်းမင်သည် အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် လေးနက်တည်ကြည်သည့် အသံဖြင့် ပြောလိုက်သည်။
“အမ်”
ရောင်စဉ်အလင်းနတ်အရှင်၏ အသံသည် တည်ငြိမ်လျက်ရှိနေသလို သူ၏ ခန္ဓာကိုယ်သည်လည်း မလှုပ်ရှား လာခဲ့ချေ။ သူသည် အသာပြန်ပြောလိုက်၏။ “ထျန်းကန်ဂိုဏ်းက ကျုပ်တို့ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ ဂုဏ်သိက္ခာကို အမှီအခိုပြုပြီးတော့ မကောင်းမှုတွေ လုပ်ခဲ့တာ နှစ်ပေါင်းတစ်ထောင်ကျော် ကြာခဲ့ပြီ။ ဒီတော့ သူတို့ကို တခြားတစ်ယောက်ယောက်က သတ်ပစ်တယ်ဆိုတာ သဘာဝပါပဲ”
အရာအားလုံးကို သူ ကြိုတင်တွေးထင်ထားသည့်အတိုင်း ဖြစ်ပျက်ခဲ့သကဲ့သို့ပင် ပြောဆိုလျက် ရှိနေ၏။ ထျန်းကန်ဂိုဏ်း၏ အကြီးအကဲ နှစ်ယောက် သေဆုံးသွားခြင်းနှင့်ပတ်သက်၍ အနည်းငယ်သော အံ့အားသင့်မှုကိုမှ မပြသခဲ့ချေ။
“ဒါပေမဲ့” လင်းမင်သည် တွန့်ဆုတ်လျက်ရှိသည်။
“အကြီးအကဲလင်း... ပြောစရာရှိလို့ရှိရင် လွတ်လွတ်လပ်လပ်သာ ပြောပါ” ရောင်စဉ်အလင်းနတ်သခင်က လမ်းဖွင့် ပေးလိုက်၏။
“ဒါပေမဲ့ ထျန်းကန်ဂိုဏ်းရဲ့ အကြီးအကဲနှစ်ယောက်တို့က တော်ဝင်ရင်နိုင်ငံတော်မှာ သေဆုံးခဲ့တာလေ။ ပြီးတော့ သူတို့သေဆုံးခဲ့တာက ပိုင်တုရန်တောင်ကြားဆီကို သွားရင်း ဖြစ်ခဲ့တာ။ ကျုပ်တို့ ရောင်စဉ်အလင်းနတ်နယ်မြေကို ကူညီပြီး ပိုင်တုရန်တောင်ကြားထဲမှာရှိတဲ့ အခွင့်အရေးကို ရရှိစေဖို့အတွက် သွားခဲ့ကြတာ” လင်းမင်သည် လျင်လျင်မြန်မြန်ပဲ ရှင်းပြလိုက်သည်။
“ဪ”
ထိုစကားကို ကြားရသည့်အချိန်မှာတော့ ရောင်စဉ်အလင်းနတ်အရှင်သည် ခေါင်းကိုအသာလှည့်လိုက်၏။ သူ၏မျက်နှာပေါ်တွင် နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လျက် ရှိနေသောကြောင့် သူ၏မျက်နှာ အမူအရာကို မည်သူကမှ မမြင်နိုင်ချေ။ သို့ပေမဲ့ ထိုနတ်ဘုရားအလင်းတန်းများ၏ အောက်တွင်တော့ နှုတ်ခမ်းထောင့်တစ်ခုသည် ကော့တက်လျက်ရှိနေ၏။ သူသည် လှောင်ပြုံး ပြုံးလျက်ရှိနေခြင်းပင်။
“ကျုပ်တို့ ရောင်စဉ်အလင်းနတ်နယ်မြေအတွက် သေဆုံးခဲ့တယ်ဆိုတော့ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလိုက်လို့ မဖြစ်တော့ဘူးပဲ”
ရောင်စဉ်အလင်းနတ်သခင်သည် အရှေ့ဆီသို့ နှစ်လှမ်း လှမ်းတက်လာပြီးသည့်နောက် စုံစမ်းမေးမြန်း လိုက်သည်။ “ဒီနောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲဆိုတာ စုံစမ်းတွေ့ရှိခဲ့ပြီလား။ တော်ဝင်ရင်နိုင်ငံတော်လား ဒါမှမဟုတ် တော်ဝင်ဓားဂိုဏ်းလား”
သူသည် ပိုင်တုရန်တောင်ကြားထဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကြားခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ချေ။ ထို့အပြင် ဤအရာသည် သူတော်စင်တစ်ယောက်ဖြစ်ရန် အခွင့်အရေးလေး တစ်ခုသာလျှင်ဖြစ်၏။ ထို့ကြောင့် သူ၏နောက်လိုက်များ ကိုင်တွယ်ရန် ထားခဲ့၏။
ရောင်စဉ်အလင်းနတ်နယ်မြေ၏ ဂုဏ်သိက္ခာတရားသည် တကယ်ပင် ကြီးကျယ်မြင့်မြတ်လွန်းလှ၏။ သူတို့၏ ဂုဏ်သိက္ခာတရားကို ပြောဆိုပြသလိုက်သည်ဆိုသည်နှင့် တခြားသော နတ်နယ်မြေများအားလုံး ဘာလုပ်ရမည် ဆိုသည်ကို ကြိုတင်ကာ သိရှိပြီး ဖြစ်ပေလိမ့်မည်။
“မ..မဟုတ်သေးဘူး” လင်းမင်က ခဏရပ်တန့်လိုက်၏။ ပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
“အင်း.. နောက်ကွယ်မှာ ဇာတ်ကြောင်း တစ်ခုခု ရှိနေတာလား”
ရောင်စဉ်အလင်းနတ်အရှင်သည် စိတ်ဝင်တစား ဖြစ်လို့နေခဲ့၏။ သူသိသလောက်ဆိုလျှင် တော်ဝင်ရင်နိုင်ငံတော်နှင့် တော်ဝင်ဓားဂိုဏ်းတို့သာလျှင် ဤနေရာ၌ တည်ရှိ၏။
“အင်း... ကြက်သွေးရောင်မီးတောက် နတ်နယ်မြေကလည်း ပိုင်တုရန်တောင်ကြား အနီးအနားမှာ ရှိတာပဲ မဟုတ်လား”
တွေးကြည့်ပြီးသည့်နောက် ရောင်စဉ်အလင်းနတ်အရှင်သည် ထပ်မံကာ ပြောလိုက်သည်။ “ကြက်သွေးရောင်မီး တောက် နတ်နယ်မြေလည်း ပါဝင်ပတ်သက်နေလို့လား”
“မဟုတ်... အဲလိုမဟုတ်ဘူး”
လင်းမင်သည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် မသေချာ မရေရာသလို ပြောလိုက်၏။ “ကြည့်ရတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုတဲ့ နန်းဆောင်တစ်ခုက ဝင်ပြီးလှုပ်ရှားခဲ့တဲ့ပုံပဲ။ အသေးစိတ်ကို မသိရှိဘူး ဆိုပေမဲ့ အကြီးအကဲဟုန် ပေးပို့လိုက်တဲ့ သတင်းအချက်အလက်တွေအရ အဲဒီ နန်းဆောင် ပါဝင် ပတ်သက်နေတယ်”
“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား”
ရောင်စဉ်အလင်းနတ်သခင်သည် မျက်မှောင်ကုတ်သွား၏။ မည်ကဲ့သို့သော အဖွဲ့အစည်းတစ်ခုဖြစ်သနည်း။ သူ ထိုအရာကို တစ်ခါမှ မကြားခဲ့ဘူးချေ။
“မကြာသေးခင်က စတင် ဖြစ်တည်လာတဲ့ ဂိုဏ်းဂဏ တစ်ခုခုလား”
“နတ်အရှင်ကို ရိုးရိုးသားသား ပြောရမယ်ဆိုရင် ပိုင်တုရန်တောင်ကြားထဲမှာရှိတဲ့ သူတော်စင် ဖြစ်လာနိုင်တဲ့ အခွင့်အရေးဆိုတာက အဲနန်းဆောင်ကနေပြီး ရလာတာလို့ အကြီးအကဲဟုန် က သတင်းပေးပို့ခဲ့တယ်။ ပြီးတော့ .....” လင်းမင်က ပြောလိုက်သည်။
“ပြီးတော့ ဘာလဲ။ ပြောလေ” ရောင်စဉ်အလင်းနတ်အရှင်သည် စိတ်မရှည်သလို ပြောလိုက်၏။
“အင်း... သူတော်စင်ကောင်းချီး ဆိုတာကလည်း တော်ဝင်ရင်နိုင်ငံတော်မှာ ပေါ်ပေါက်လာခဲ့သေးတယ်။ အကြီးအကဲဟုန် သိသလောက်ဆိုရင် အဲနည်းစနစ်ကလည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီကနေ ရလာတာတဲ့။ ဒါကို တော်ဝင်ရင်နိုင်ငံ နတ်ဘုရားအင်ပါယာ ကိုယ်တိုင် ပြောခဲ့တယ်တဲ့”
“ဒီကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ကြည့်ရတာ စိတ်ဝင်စားစရာပဲ” ရောင်စဉ်အလင်းနတ်သခင်သည် မျက်ခုံးကို ပင့်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသည့် အရိပ်အယောင်များ ပြည့်နှက်လာခဲ့သည်။
သူတော်စင် တစ်ယောက်ဖြစ်ရန် အခွင့်အရေးကို ဖန်တီးပေးခြင်း၊ သူတော်စင်ကောင်းချီးဆိုသည့် နည်းစနစ်ကို ဖြန့်ဝေပေးခြင်း စသည့် ထူးဆန်းဖွယ်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာခဲ့ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည့် နာမည်က ပါဝင်ပတ်သက်လာခဲ့၏။ ကြည့်ရသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် တကယ့်ကို ထင်ရှားသည့် အဓိက အခန်းဂဏမှ လှုပ်ရှားနေသလိုပင်။
“ကြည့်ရတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က စိတ်ဝင်စားစရာလူတစ်ယောက် ဖြစ်မယ့်ပုံပဲ။ သူ့ကိုသာ ရောင်စဉ်အလင်းနတ်နယ်မြေကို ခေါ်ပြီးတော့ အဓိကနေရာမှာ တာဝန်ထမ်းဆောင်ခိုင်းလိုက်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ”