← Chapters

အပိုင်း (၆၀)

Vol. 5 Ch. 60

အပိုင်း (၆၀)

Vol. 5 Ch. 60

“နတ်သခင် စိတ်ပျက်သွားမှာကို စိုးရပါတယ်”

လင်းမင်သည် နာနာကျင်ကျင်ဖြင့် ပြုံးလိုက်၏။ ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ထျန်းကန်ဂိုဏ်းရဲ့ အကြီးအကဲနှစ်ယောက်ရဲ့ ရည်ရွယ်ချက်က ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီကို သွားပြီးတော့ နန်းဆောင်သခင်ကို ရောင်စဉ်အလင်းနတ်နယ်မြေကို ဖိတ်ခိုင်းခဲ့တာလေ။ ဒါပေမဲ့ ကျေးဇူးတင်ရမယ့်အစား‌ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ထျန်းကန်ဂိုဏ်း အကြီးအကဲနှစ်ယောက်ကို တစ်ခါတည်း သတ်ပစ်ခဲ့ တယ်”

“ဒီလိုကိစ္စမျိုး ဖြစ်ခဲ့တာလား”

ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ရောင်စဉ်အလင်းနတ်သခင်သည် မျက်ခုံးကို ပင့်လိုက်၏။ သူသည် တီးတိုးရေရွတ်လိုက်သည်။ “ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ် တွက်ချက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ တစ်စုံတစ်ယောက်က မထင်မှတ်ထားလောက်အောင်ပဲ မြင့်မားတဲ့ အားအင်အဆင့်ကိုလည်း ပိုင်ဆိုင်နေတာလား။ စိတ်ဝင်စားစရာပဲ”

ဤလောကကြီးတွင် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ခြင်း သို့မဟုတ် ပန်းပဲပညာရပ်တွင် ကျွမ်းကျင်ခြင်း သို့မဟုတ် ဆေးပညာရပ်တွင် ကျွမ်းကျင်ခြင်း ... ထိုအရာများ အားလုံးသည် တကယ်ပင် ထူးခြား သည့်လုပ်ငန်းစဉ်များ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းနှင့် ပတ်သက်သော အားအင်အဆင့်သည် မမြင့်မားကြပေ။ ၎င်းတို့၏ စိတ်နှလုံးသားများသည် ကျင့်ကြံခြင်းအပေါ်တွင် အာရုံစူးစိုက်ခြင်း မရှိသောကြောင့်ပင်။ သို့ပေမဲ့ အားအင်အဆင့် နိမ့်ကျလွန်းသည်ဆိုသော်လည်း မည်သူမှသည် ၎င်းတို့ကို အထင်သေး၍ မရချေ။

ယခု ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက် ရာတွင် ကျွမ်းကျင်၏။ ထို့အပြင် ကျင့်ကြံခြင်းအရာ၍လည်း အထင်သေး၍ မရပုံပင်။ သူတော်စင်ထက် ပိုမိုကာ အားကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည်လည်း ဖြစ်နိုင်၏။ ထိုအရာသည် သူ့အား တကယ်ပင် ခန့်မှန်းရ ခက်စေခဲ့၏။ ထိုကဲ့သို့သော လူမျိုးသည် တကယ့်ကို ဆန်းကြယ်လှသည့် ကိစ္စရပ်များကို ပြုလုပ်နိုင်၏။

“အကြီးအကဲလင်း... တောင်အနောက်ဘက်ဆီကိုသွား၊ ပြီးတော့ ဆရာလန်းကို ထွက်ခဲ့ဖို့ သွားပြောလိုက်။ သူ့ကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ကျုပ်ဆီ‌ ခေါ်လာခဲ့ဖို့ ပြောလိုက်”

ရောင်စဉ်အလင်းနတ်အရှင်သည် တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်၏။ သူ၏အသံသည် ကြင်နာ နူးညံ့လျက် ရှိနေသည်။ “သူ့ကို ပြန်မခေါ်နိုင်ဘူး ဆိုလို့ရှိရင် တစ်ခါတည်း သူ့ရဲ့ဝိညာဉ်ကို နှုတ်ပြီးတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်ယူခဲ့လိုက်”

“ဝိညာဉ်ကို နှုတ်ရမယ် ဟုတ်လား”

လင်းမင်သည် ချက်ချင်းပဲ ကြောင်အသွား၏။ သူ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။

တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်း ဆိုသည်မှာ လွယ်ကူသည့်အရာ ဖြစ်၏။ သို့ပေမဲ့ ဝိညာဉ်ကိုနုတ်ခြင်း ဆိုသည်မှာတော့ အကန့်အသတ်မဲ့လွန်းလှ၏။ လမ်းမှန်ဂိုဏ်းသားများသည် ထိုကဲ့သို့ နည်းလမ်းများ တည်ရှိသည် ဆိုသော်လည်း ရှားရှားပါးပါး တစ်ခါမှ တစ်ခါဆိုသလို အသုံးပြုကြသည်။

ရောင်စဉ်အလင်းနတ်အရှင်ကဲ့သို့ ဖြောင့်မတ်တည်ကြည်လှသည့် တစ်စုံတစ်ယောက်သည် ဤကဲ့သို့သော ကိစ္စမျိုးကို အဘယ်ကြောင့် ပြုလုပ်ရန် ခိုင်းစေရသနည်း။

“အကြီးအကဲလင်းက ထူးဆန်းတယ်လို့ ခံစားနေမိလို့လား။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ ကောင်းကင်လျှို့ ဝှက်ချက်တွေကို တွက်ချက်တဲ့နည်းလမ်းကို ခင်ဗျား စိတ်မဝင်စားဘူးလား။ ပြီးတော့ ...”

ရောင်စဉ်အလင်း နတ်အရှင်သည် သက်ပြင်းချကာဖြင့် တီးတိုးပြောလိုက်၏။ “ရောင်စဉ်အလင်း နတ်နယ်မြေ အတွက် လုပ်ရတာပဲ”

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နန်းဆောင်သခင်က ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘူးဆိုရင် ရွေးချယ်ခွင့် မရှိတော့ဘူးလေ။ ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို တွက်ချက်နည်းကို ကျွမ်းကျင်အောင်လို့ ကျုပ်တို့ဘာသာ ကျုပ်တို့ လေ့ကျင့်ရတော့မှာပေါ့”

“ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို ရရှိမယ်ဆိုရင် ကျုပ်တို့အနေနဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေကို ဘယ်လို တွက်ချက်ရ မလဲဆိုတာ နားလည်မယ့်အပြင် သူတော်စင်ကောင်းချီး နည်းစနစ်လို အရာမျိုးကိုလည်း ပိုင်ဆိုင်နိုင်သေးတယ် မဟုတ်လား”

သူတော်စင်ကောင်းချီးနည်းစနစ် အကြောင်း ကြားရချိန်မှာတော့ လင်းမင်၏ မျက်လုံးများသည် တောက်ပလာခဲ့၏။ ဤနည်းစနစ်သည် မယုံကြည်နိုင်စရာ တန်ဖိုးကြီးမားလွန်းလှ၏။ တကယ့်ကို ဂုဏ်သိက္ခာကြီးမားလွန်းလှသည့် ရောင်စဉ်အလင်းနတ်နယ်မြေကဲ့သို့ နယ်မြေမျိုးပင်လျှင် ထိုအရာကို လိုချင်တပ်မက်စိတ် ရှိသည်။

ကံဆိုးစွာဖြင့် ရောင်စဉ်အလင်းနတ်နယ်မြေကို ကိုယ်စားပြုထားသော ဟုန်ယွမ်ရှန်သည် တော်ဝင်ရင်နိုင်ငံ၏ နတ်ဘုရားအင်ပါယာနှင့် အလဲအလှယ် မပြုလုပ်နိုင်ပေ။ ၎င်း၏ တောင်းဆိုမှုသည် ပယ်ချခံခဲ့ရ၏။

တော်ဝင်ရင် နိုင်ငံသည် အားကောင်းလွန်းလှ၏။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ်နယ်မြေ၏ ဂုဏ်သိက္ခာနှင့် နှိုင်းယှဉ်ရမည် ဆိုလျှင်တော့ တကယ့်ကို ပမွှားလေးသာလျှင်ဖြစ်၏။ သူတို့ ခြိမ်းခြောက်၍ မရနိုင်သည့် အခြေအနေမျိုးကို အဘယ်ကြောင့် ရောက်ရှိသွားရသနည်း။

ထိုကဲ့သို့ ခြိမ်းခြောက်၍ မရနိုင်ဘူးဆိုပါက တန်ပြန်အနေနှင့် ရောင်စဉ်အလင်းနတ်နယ်မြေ၏ ဂုဏ်သိက္ခာသည် ကြီးကြီးမားမား ထိခိုက်ရပေမည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ပိုမိုကောင်းမွန်သည့် အခွင့်အရေးတစ်ခုက ပေါ်ပေါက်လာခဲ့၏။

လင်းမင်သည် ထိုအရာကို သေသေချာချာ တွေးတော တွက်ချက်နေမိသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည်မှာ တခြားသော နတ်နယ်မြေများနှင့် မတူပေ။ သို့ပေမဲ့ ရောင်စဉ်အလင်း နတ်နယ်မြေ၏ မျက်လုံးထဲတွင်တော့ တကယ့်ကို ပေါ့သေးသေးအရာသာဖြစ်၏။ သူတော်စင်အတု နှစ်ယောက်ကို သတ်ဖြတ်ခဲ့ခြင်းဆိုသည်မှာ ရောင်စဉ်အလင်းနတ်နယ်မြေမှ သိုင်းကျင့်ကြံသူများအတွက်တော့ မှုလောက်စရာ ကိစ္စရပ်ပင် မဟုတ်ချေ။

ခဏလောက် စဉ်းစားပြီးသည့်နောက် လင်းမင်သည် ခေါင်းကိုညိတ်ကာ ပြောလိုက်၏။ “ကျုပ် ဂရုစိုက် လိုက်ပါ့မယ်”

သူ လှည့်ကာ ထွက်လာနေတုန်းမှာပဲ ရောင်စဉ်အလင်းနတ်အရှင်က ထပ်မံကာ ပြောလိုက်သည်။ “အကြီးအကဲလင်း... ခဏလေးနေပါအုံး”

“နတ်သခင် ဘာမှာကြားချင်သေးလို့ပါလဲ”

လင်းမင်သည် ခဏလောက် ရပ်တန့်လိုက်၏။ သူ၏မျက်နှာပေါ်တွင် ဇဝေဇဝါ အမူအရာများ ဖြစ်တည်နေခဲ့၏။

“ကောင်းကင်နဲ့မြေကြီး သန့်စင်ခြင်းဆေးလုံးကို ယူသွားပြီး ထျန်းကန်ဂိုဏ်းဆီ ပို့လိုက်။ သူတို့က သူတော်စင် နှစ်ယောက် ဆုံးရှုံးသွားတာလေ။ ဒီတော့ တကယ့်ကို ထိခိုက်နေလိမ့်မယ်။ ဒီဆေးလုံးက သူတို့ရဲ့ အားအင်အဆင့်ကို ပြန်ပြီးတော့ ကောင်းအောင် ကူညီပေးလိမ့်မယ်”

“ဒါ... ဒါက”

လင်းမင်သည် မျက်မှောင်ကုတ်မိသွား၏။ ပြီးနောက် သူသည် နတ်အရှင်ကို ဇဝေဇဝါဖြင့် လှမ်းကာ ကြည့်ရှုလိုက်သည်။ ပြီးနောက် တီးတိုးမေးမြန်းလိုက်သည်။ “နတ်သခင်... ဒါ ဒါအရမ်းကို တန်ဖိုးကြီးတယ် မဟုတ်လား”

ကောင်းကင်နှင့်မြေကြီး သန့်စင်ခြင်းဆေးလုံး ဆိုသည်မှာ သူတော်စင်အတု ဆေးလုံးနှင့် မခြားနားလှချေ။ တကယ့်ကို ပါရမီရှင်ဆေးလုံးဖြစ်ပြီး သူတော်စင်တစ်ယောက် ဖြစ်လာနိုင်သည့် ဆေးလုံးမျိုးပင်။ တစ်ရာ ရာခိုင်နှုန်း အောင်မြင်မည်ဟု အာမ, မခံနိုင်သော်လည်း တစ်စုံတစ်ယောက်၏ သက်တမ်းကိုတော့ တိုးမြှင့်စေနိုင်စွမ်းရှိ၏။

ထို့ အပြင် အလွန်တရာလည်း တန်ဖိုးကြီးမားလွန်းလှ၏။ အသုံးပြုရသည့် စိတ်ဝိညာဉ်ဆေးပင် အားလုံးသည် သူတော်စင်အဆင့် ဆေးပင်များဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာကြာမှ ပေါက်ရောက်သည့် ဆေးပင်မျိုးလည်းဖြစ်၏။ အသုံးပြုရသည့် အဓိကဆေးပင်တစ်မျိုးတည်းကပင်လျှင် နှစ်တစ်သောင်းလောက်ကြာမှ တစ်ခါခူးဆွတ်၍ရသည့် ဆေးပင်မျိုးပင်ဖြစ်သည်။

ထိုကဲ့သို့ ကြီးမားလှသည့် အရင်းအမြစ်များကို ထည့်သွင်းကာ ဖော်စပ်ထားသည့်ဆေးလုံး ဆိုသည်မှာ အလွန်ပင် ကြီးကျယ်မြင့်မြတ်လှသည့် ဆေးလုံးပင်ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင်မှ ဆေးလုံးတစ်ခုချင်းစီတိုင်း၏ အောင်မြင်မှုသည် အာမခံချက် မရှိချေ။ အောင်မြင်သွားခဲ့သည် ဆိုလျှင်တောင်မှ များပြားစွာ ဖော်စပ်ရပြီး ဆေးလုံး နှစ်လုံး၊ သုံးလုံးလောက်သာ အသုံးပြု၍ရ၏။

ရောင်စဉ်အလင်းနတ်နယ်မြေသည်ပင် ထိုအရာကို ကိုယ်တိုင်အသုံးပြုရန် လုံလောက်မှု မရှိပေ။ တခြားသော သူများကို ပေးအပ်ဖို့ဆိုလျှင် ပို၍ ဝေးသည်။

ယနေ့ သူ့အား အံ့အားသင့်စေသည်မှာ နတ်အရှင်သည် ဆေးလုံး တစ်လုံးကို ထျန်းကန်ဂိုဏ်းဆီသို့ ပေးအပ်စေခဲ့ခြင်းပင်။

လင်းမင်၏ အမြင်အရဆိုလျှင် ဤအရာသည် တကယ့်ကို တန်ဖိုးကြီးမားလှသည့်အရာဖြစ်၏။

“ထျန်းကန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က နှစ်ပေါင်းတစ်ထောင်လောက် နတ်အဆင့်ထိပ်ဆုံးအဆင့်မှာ ပိတ်နေတာလေ။ ဒီဆေးလုံးက သူ့ရဲ့လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အကျိုးကျေးဇူးတွေ ရရှိလိမ့်မယ်။ ဒီလိုဆိုရင် သူတို့က ရောင်စဉ်အလင်းနတ်နယ်မြေအတွက် ပိုပြီး သစ္စာရှိလာမှာ မဟုတ်လား။ ခင်ဗျား ဘယ်လိုထင်လဲ” ရောင်စဉ်အလင်းနတ်အရှင်က ပြောလိုက်သည်။

ကောင်းကင်နှင့်မြေကြီး သန့်စင်ခြင်းဆေးလုံးသည် အလွန်တရာ တန်ဖိုးကြီးလှသည်ကို သူလည်း နားလည်၏။ သို့ပေမဲ့ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့အနေနှင့် သေသေချာချာ စဉ်းစားပြီး ပြုလုပ်ရန်လို၏။ ထို့အပြင် ထျန်းကန်ဂိုဏ်းသည် သူတို့ ရောင်စဉ်အလင်းနတ်နယ်မြေကြောင့် သူတော်စင်နှစ်ယောက်ကို ဆုံးရှုံးခဲ့သည် မဟုတ်ပါလား။

“ဒီလင်း က နားလည်ပါပြီ”

လင်းမင်သည် ခေါင်းညိတ်လိုက်၏။ ဘာတစ်ခုမှ ဆက်လက်ကာ မပြောခဲ့ချေ။ သူသည် အသာဦးညွတ်ပြီး လှည့်ထွက်လိုက်၏။

ရောင်စဉ်အလင်းနတ်အရှင်သည် လင်းမင် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် တီးတိုးရေရွတ်လိုက်၏။ “သူတော်စင်ကောင်းချီး နည်းစနစ်”

သူသည် လျှာကိုသပ်ကာဖြင့် ပြောလိုက်သည်။ “ဆိုးတာက ဒါက ငါ့အတွက် အသုံးမဝင်ဘူး။ ဒါပေမဲ့ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကိုတောင် တွက်ချက်ကြည့်ရှုနိုင်တယ်ဆိုတော့ ငါ့ကိစ္စကိုလည်း .......”

ပြောနေတုန်းမှာပဲ သူ၏ အော်ရာများသည် ရုတ်တရက်‌ ပြောင်းလဲသွားခဲ့၏။ သူသည် လက်ရှိအချိန်မှာတော့ သူတော်စင်တစ်ယောက်၏ အသွင်အပြင်များကို ထုတ်ဖော်လျက်ရှိ၏။

All Chapters