အပိုင်း (၆၄)
Vol. 5 Ch. 64
“တာအိုရောင်းရင်းလန် ... မတွေ့တာ ကြာပြီနော်”
ကောင်းကင်ယံထက်တွင် ကြည်လင်ရှင်းလင်းသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဖြူရောင်ဆံပင်နှင့် အကြီးအကဲ နှစ်ယောက်တို့သည် လေဟာနယ်ထဲတွင် ဘေးချင်းကပ်ကာ ရပ်လျက်ရှိ၏။ ၎င်းတို့၏ ဝတ်စုံများသည် လေထဲတွင် လွင့်မျောလျက်ရှိ၏။ နှစ်ယောက်လုံးသည် တူညီသည့် ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဓားရှည်များကို သယ်ပိုးထား၏။ သာမန်ထက်ထူးခြားသည့် အော်ရာ များကိုလည်း ထုတ်ဖော်လျက်ရှိ၏။ ခန္ဓာကိုယ်ဘေးတဝိုက်တွင် ဓားအော်ရာများ ပျံ့နှံ့လျက်ရှိပြီး ထိုဓားအော်ရာ များမှာ အလွန်ပင် ထက်ရှလွန်းလှ၏။
“တုရန်ဝူယု၊ တုရန်ဝူလင်”
လန့်ချင်းရှုသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ “တော်ဝင်ဓားဂိုဏ်းကလည်း ကျုပ်ကို တားဆီးချင်တာလား”
“မဟုတ်ပါဘူး”
တုရန်ဝူလင်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်၏။ မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့သည့်အချိန်မှာတော့ သူသည် အကြည့်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ သူက ပြုံးကာ ပြောလိုက်သည်။ “ကျုပ်တို့က ခင်ဗျားကို လာကယ်တာပါပဲ”
ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိမှုသည် ရမ်ချင်းတု ပြောသလိုပင် ရှိလို့နေသည်။ ထို့ကြောင့် ၎င်းတို့၏ လှုပ်ရှားမှုသည် အစစ်အမှန်ပင် လန်ချင်းရှုကို ကယ်တင်ခြင်းဟု သုံးသပ်၍ရ၏။
“ကယ်တင်တာဟုတ်လား”
လန်ချင်းရှုက နှာခေါင်းရှုံ့လိုက်၏။ ဤအကြောင်းပြချက်ကို သူမယုံကြည်ပေ။ ဓားသူတော်စင်နှစ်ဦးတို့သည် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဓားတိုက်ခိုက်ချက်ကို ထုတ်ဖော်ခဲ့သည်။
သူ၏ ခန့်မှန်း၍ မရအောင် အားကောင်းသည့် စွမ်းအင်အဆင့်ကြောင့်သာ မဟုတ်ပါက ဓားတိုက်ခိုက်ချက်ကြောင့် တစ်ခါတည်း လွှင့်စင်သွားမှာ သေချာ၏။ ထိုကဲ့သို့သော ဓားတိုက်ခိုက်ချက်သည် သူ့ကို ဆိုးဆိုးရွားရွား အခြေအနေသို့ ရောက်ရှိသွားစေနိုင်၏။ ထိုသို့ တိုက်ခိုက်ပြီးမှ သူ့အား ကယ်တင်သည်ဟု ပြောဆိုနေသည်လား။
“အမှန်ပါပဲ” တုရန်ဝူလင်သည် ပြုံးလျက် တည်ရှိနေ၏။ သူသည် ခေါင်းကို မသိမသာ ညိတ်လိုက်၏။
“ဒီရှင်းပြမှုက မှားယွင်းနေတဲ့ပုံပဲ။ ဒါပေမဲ့ ခင်ဗျားတို့ သိသင့်တယ်။ စောဏတုန်းက ဓားတိုက်ခိုက်ချက်က ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ ရန်သူဖြစ်သွားနိုင်တဲ့ တိုက်ခိုက်ချက်မျိုးဆိုတာ”
လန်ချင်းရှု၏ အမူအရာသည် အေးစက်လျက်ရှိ၏။ သူ၏ ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုခြင်းဆန္ဒများ ဖုံးလွှမ်းလျက် ရှိသည်။
“တော်ဝင်ဓားဂိုဏ်းအနေနဲ့ ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ ရန်သူမဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ရန်ပြုချင်တဲ့လူတွေအကုန်လုံးက တော်ဝင်ဓားဂိုဏ်းနဲ့ ရန်သူဖြစ်လိမ့်မယ်” တုရန်ဝူလင်သည် တည့်တည့်ပင် ပြောလိုက်၏။
တော်ဝင်ဓားဂိုဏ်း စတင်တည်ထောင်ပြီးကတည်းက သူသည် မည်သူ့ကိုမှ မကြောက်လန့်ခဲ့ချေ။ သူတို့၏ ဘိုးဘေးကြီး သေဆုံးသွားခဲ့သည်ဆိုလျှင်တောင်မှ မျိုးဆက်သစ်များ အနေနှင့် တော်ဝင်ဓားဂိုဏ်း၏ အခြေအနေကို ထိန်းသိမ်းရပေလိမ့်မည်။ ယခုကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် အားနည်းသည်ကိုသာ ထုတ်ဖော်ပြသလိုက်ပါက တခြားသူများအားလုံးသည် သူတို့ကို နင်းချေသွားပေလိမ့်မည်။
“ကောင်းတယ်။ ကောင်းတယ်။ တော်ဝင်ဓားဂိုဏ်းကတော့ စိတ်ဓာတ်ခွန်အားတွေ တက်ကြွနေတာပဲ”
လန်ချင်းရှု သည် ဒေါသတကြီး ရယ်မောလိုက်၏။ သူသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်၏။ “ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စတွေအကုန်လုံးကို ရောင်စဉ်အလင်းနတ်နယ်မြေက ကျိန်းသေပေါက် မှတ်ထားမယ်။ အနာဂတ်မှာ ကျုပ်တို့ ဒီပြဿနာကို ပြန်ပြီးရှင်းကြမယ်”
သူသည် ရှေ့တွင် ရှီနေသော သူတော်စင်သုံးယောက်ဆီသို့ ကြည့်လိုက်၏။ ပြီးနောက် အောက်တွင်ရှိနေသည့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ လှမ်းကြည့်လိုက်သည်။
ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် သူတော်စင်နှစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့၏။ ထို့ကြောင့် အနည်းဆုံး သူတော်စင် တစ်ယောက်၏ အားအင်အဆင့်ကို ပိုင်ဆိုင်ပေလိမ့်မည်။
သူ့အနေနှင့် အနည်းဆုံး သူတော်စင်လေးယောက်နှင့် ရင်ဆိုင်ရမည်ဆိုသော အဓိပ္ပာယ်ပင်။ သူသည် မောက်မာလှသည့် လူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ လူလေးယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်၍ အနိုင်မယူနိုင်ကြောင်းကို သိရှိ၏။ ထို့အပြင် သူ့ရှေ့မှ နှစ်ယောက်သည် ဓားကျင့်ကြံသူများလည်း ဖြစ်လို့နေ၏။
အလျင်အမြန်ဖြင့် ကြိမ်းမောင်းစရာ ရှိသည်များကို ဟန်ကိုယ်ဖို့ ကြိမ်းမောင်းပြီးသည့်နောက် လန်ချင်းရှုသည် လျင်လျင်မြန်မြန် ဖြင့် ထွက်ခွာသွားခဲ့၏။ သူသည် စောဏက ဓားတိုက်ခိုက်ချက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့၏။ ပြန်လည် အားမွေးရန် နေရာတစ်ခုကို ရှာဖွေရန် လိုအပ်နေသည်။
“ဟမ့်... ထွက်ပြေးချင်သေးတာကိုး”
လီယွင်သည် ကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါးယမ်းလိုက်၏။ ပိုင်ချမ်းဟန်သာ ဝင်မရှုပ်ပါက သူသည် လန့်ချင်းရှုကို ဖမ်းဆီးနိုင်မှာ သေချာ၏။
“အင်း”
လီယွင်သည် သက်ပြင်းချကာ ရေရွတ်လိုက်သည်။ “တော်တော်ရှုပ်တဲ့လူပဲ”
“စီနီယာ”
အနောက်ဘက်ဆီမှ အော်ဟစ်သံ ထွက်ပေါ်လာ၏။ ပိုင်ချမ်းဟန်သည် ဖြူလျော်နေသည့် မျက်နှာဖြင့် လျှောက်ဝင်လာခဲ့သည်။ ၎င်း၏ မျက်နှာပေါ်တွင် ရှက်ရွံနေသည့် အမူအရာများ တည်ရှိနေ၏။ မူလအစတုန်းက စီနီယာ၏ အရှေ့တွင် သူ၏ စွမ်းအင်ကို ပြသရန် ရည်ရွယ်ခဲ့၏။ သို့ပေမဲ့ သူသည် အတွက်အချက် မှားခဲ့၏။
လန်ချင်းရှုသည် အလွန်အားကောင်းလွန်းလှပြီး သူ့ကို နောက်ဘဝဆီ ပို့ဆောင်နိုင်သည်အထိ အားကောင်း လွန်းခဲ့၏။ တော်ဝင်ဓားဂိုဏ်းမှ သူတော်စင်နှစ်ယောက် ဝင်ပြီး မတားဆီးသည်ဆိုပါက သူသည် စီနီယာကို ပြန်လည်ကာ အကူအညီတောင်းခံရမည့် အခြေအနေမျိုးပင်။
တော်ဝင်ဓားဂိုဏ်း၏ သူတော်စင်နှစ်ယောက်သာ ရောက်မလာပါက ဘာဖြစ်မည်ဆိုသည်ကို သူသေသေချာချာ မသိနိုင်ပေ။ စောဏတုန်းက သေဆုံးသွားရန်ဆိုသည်မှာ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်ရှိ၏။
လီယွင်သည် သူ့ကို ကယ်တင်ချင်သည်ဆိုလျှင်တောင်မှ ကယ်တင်ရန်အတွက် စွမ်းအင်ကင်းမဲ့လို့နေသည်။
“ဟင်း”
လီယွင်သည် ပိုင်ချင်းဟန်ကို ရှုပ်ထွေးနေသည့် အမူအရာဖြင့် လှမ်းကာ ကြည့်ရှုလိုက်သည်။ ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ခင်ဗျား ခုဏတုန်းက တော်တော် ကြိုးစားခဲ့တာပဲ။ သွား.. အပေါ်ကို တက်ပြီးတော့ ပြန်လည်ကုစားလိုက်အုံး”
“ကောင်းပါပြီ”
ပိုင်ချင်းဟန်သည် နှလုံးသားထဲတွင် စိုးရိမ်မှုများ ခံစားနေရ၏။ စောဏတုန်းက သူ၏ လုပ်ဆောင်မှု များသည် စီနီယာကို စိတ်ပျက်စေခဲ့သည်လား။ သို့ပေမဲ့ စီနီယာသည် သူ့အား ပြန်လည်အားကောင်းစေရန်အတွက် ဤနေရာတွင် နေထိုင်ခွင့်ပေးသည်ဆိုမှတော့ အသိအမှတ်ပြုသည်ဟု တွေးတောသုံးသပ်ရပေမည်။ ထိုအရာကို စဉ်းစားမိပြီးသည့်နောက် ပိုင်ချမ်းဟန်သည် အနည်းငယ် စိတ်သက်သာရာ ရသလို ခံစားလိုက်မိသည်။
ပိုင်ချမ်းဟန် အပေါ်ထပ်သို့ တက်သွားသည့်အချိန်မှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင် အပြင်ဘက်သို့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးကြီးနှစ်ယောက်က ရောက်ရှိလာသည်။ ၎င်းတို့သည် ခန်းဆောင် ထဲသို့ ဝင်လာပြီးသည့်နောက် လီယွင်ကို လှမ်းကြည့်လိုက်၏။ သံပြိုင်ဆိုသလိုပဲ ဦးညွတ်ကာ ပြောလိုက်၏။ “တော်ဝင်ဓားဂိုဏ်းရဲ့ တုရန်ဝူယုနဲ့ တုရန်ဝူလင်တို့က နန်းဆောင်သခင်ကို လာပြီးတော့ ဂါရဝပြုပါတယ်”
“အင်း... ထိုင်ကြပါ။ တာအိုရောင်းရင်းတို့နှစ်ယောက်”
လီယွင်သည် ထိုနှစ်ယောက်ကို လှမ်းကြည့်ကာ ပြုံးလိုက်၏။ ပြီးနောက် စနစ်ဆီမှ ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုလိုက်သည်။ ချက်ချင်းဆိုသလိုပဲ အကျိုးသင့် အကြောင်းသင့် အားလုံးကို နားလည်သွားမိ၏။ ဤလူများသည် ရမ်ချင်းတု၏ ဆရာနှင့် ဂိုဏ်းတူဦးလေးတို့ပင် ဖြစ်၏။ ၎င်းတို့နှစ်ယောက်သည် အရေးအကြောင်း အခြေအနေမျိုးတွင် လာရောက်ကာ ကူညီသည်ဆိုသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။
သုံးယောက်သား ထိုင်ခုံအသီးသီးတွင် ထိုင်ပြီးသည့်နောက် လျှိုချမ်းရွှယ်သည် သူ၏ စီနီယာဘိုးဘိုးများ ရောက်ရှိ လာသည်ကို သိရှိ၏။ ထို့ကြောင့် အလောတကြီးဖြင့် ရောက်ရှိလာကာ ဂါရဝပြုလိုက်၏။ တော်ဝင်ဓားဂိုဏ်းထဲတွင် ဤနှစ်ယောက်သည် သူ၏တိုက်ရိုက်ဆရာဘိုးဘိုးများသာဖြစ်၏။ သူမသည် တုရန်ဝူလင်၏ တိုက်ရိုက်မျိုးဆက် ဟုပင် သတ်မှတ်နိုင်၏။ နှုတ်ဆက်ပြီးသည့်နောက် လျှိုချမ်းရွှယ်သည် သုံးယောက်လုံးကို ရေနွေးကမ်းပေးခဲ့၏။ ပြီးနောက် ငြိမ်ငြိမ်သက်သက် လိမ်လိမ်မာမာဖြင့် ဘေးတစ်ဖက်တွင် ရပ်လျက်ရှိ၏။
တုရန်ဝူလင်သည် လျှိုချမ်းရွှယ်ကို တိတ်တဆိတ် လှမ်းကာ ကြည့်ရှုပြီး ကျေနပ်လျက် ရှိနေ၏။ သူ၏ မြေးတပည့် သည် တကယ်ကို လိမ်လိမ်မာမာဖြင့် ကျွမ်းကျွမ်းကျင်ကျင် နားလည်နိုင်စွမ်း ရှိလို့နေခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်တွင် ဤတပည့်ကို ထားရှိခြင်းဆိုသည်မှာ တကယ့်ကို လိမ္မာကောင်းမွန်လှသည့် အကြံအစည်ပင် ဖြစ်လေသည်။
အနာဂတ်တွင် တော်ဝင်ဓားဂိုဏ်း တစ်စုံတစ်ခုဖြစ်သည်ဆိုပါက နန်းဆောင်သခင်သည် ဤအတိုင်း ထိုင်၍ ကြည့်နေတော့မည် မဟုတ်ချေ။ ဤနှစ်ယောက် လက်ထပ်သွားလျှင် ပိုတောင်ကောင်းပေ၏။ နှစ်ယောက်ကြား အသက်အရွယ် ကွာခြားချက် တစ်ခုသာလျှင်ရှိ၏။
နန်းဆောင်သခင်သည် ငယ်ရွယ်လှသည့် ပုံပန်းသွင်ပြင်မျိုး ရှိသော်လည်း ကောင်းကင်၏ လျှို့ဝှက်ချက်များကိုပင် တွက်ချက် ကြည့်ရှုနိုင်သည့် စွမ်းရည်ပိုင်ဆိုင်၏။ ထို့ကြောင့် ဤမြေခွေးအိုကြီးသည် နှစ်ပေါင်းမည်မျှကြာအောင် အသက်ရှင်နေထိုင်ခဲ့သနည်း ဆိုသည်ကို မည်သူက သိရှိမည်နည်း။ သူတို့ ညီအစ်ကိုနှစ်ယောက်ထက်ပင် ပိုမိုကာ အသက်အရွယ် ကြီးမားနေသည်ပင် ဖြစ်နိုင်သည်။
“အဟမ့် အဟမ့်”
လီယွင်သည် အသာချောင်းဟမ့်လိုက်၏။ သူသည် တုရင်ဝူလင်၏ အတွေးများကို ဖြတ်တောက် လိုက်တော့၏။ ဤအဘိုးကြီး ဆက်လက်တွေးတောနေသည်ကို ခွင့်ပြုပေး၍ မဖြစ်ချေ။ ဆက်လက်ကာ တွေးတောသည်ဆိုပါက မြစ်တပည့်များ၏ နာမည်ကိုပင် စဉ်းစားလျှင် စဉ်းစားနေလောက်၏။
“တာအိုရောင်းရင်းနှစ်ယောက်တို့ .... ဒီနေ့ ရောက်ရှိလာတာ ပိုင်တုရန်တောင်ကြားမှာရှိတဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့များလား”