အပိုင်း (၆၅)
Vol. 5 Ch. 65
"နန်းဆောင်သခင်ရဲ့ လမ်းညွှန်ပြသမှုကို ကျေးဇူးတင်ပါတယ်။ ပိုင်တုရန်တောင်ကြားမှာ ရှိနေတဲ့ အခွင့်အရေး နဲ့ ပတ်သက်ပြီး တော်တော်များများ ဖြေရှင်းပြီးပါပြီ" တုရန်ဝူယုသည် လက်ကိုယမ်းခါပြီး ပြောလိုက်၏။
ဤအကြောင်းကို ပြောရမည်ဆိုလျှင် ရှက်ရွံ့သလို ခံစားရ၏။ ဤတစ်ကြိမ် သူတို့၏ မျက်လုံးထဲတွင် တော်ဝင်ဓားဂိုဏ်းသည် ကြီးမားလှသည့် အခွင့်အရေးကို ရရရှိခဲ့သည်ဖြစ်ကြောင်း မြင်သာခဲ့သည်။ ဤကဲ့သို့သော အခွင့်အရေးကို ဘဝတစ်ခုလုံး မီးအိမ်ထွန်း၍ လိုက်ရှာမည် ဆိုလျှင်တောင်မှ တွေ့ဖို့ လွယ်လိမ့်မည် မဟုတ်ပေ။
အခွင့်အရေးကို ရရှိဖို့ ခက်ခဲ့သည် ဆိုလျှင်တောင်မှ တော်ဝင်ဓားဂိုဏ်းသည် ကြက်သွေးရောင် မီးတောက် နယ်မြေ၊ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းတို့ထက် ဦးစွာဖြင့် အသူရာ ရေချောက်ကမ်းပါးတွင် ရှိနေသည့် အခွင့်အရေးကို အရယူနိုင်ခဲ့သည်။ ထိုကဲ့သို့ မျက်နှာပေးမှုကြောင့်သာလျှင် သူတို့သည် ပိုင်တုရန် တောင်ကြားဆီမှ ဤနေရာသို့ လာရောက်ပြီး ရောင်စဉ်အလင်းနတ်နယ်မြေကို ပုန်ကန်ကာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ကူညီပေးခြင်း ဖြစ်လေသည်။
"တော်ဝင်ဓားဂိုဏ်းက တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တာပဲ။ "
လီယွင်သည် ပြုံးလိုက်၏။ ဤအရာသည် သံခင်းတမန်ခင်း ဆက်ဆံရေးပင် ဖြစ်လေသည်။ တော်ဝင်သူတော်စင် တစ်ယောက်ကို ဆုံးရှုံးပြီးနောက် တော်ဝင်ဓားဂိုဏ်းအား အောင်မြင်မှုများ ပြန်လည် ရရှိစေရန် လမ်းညွှန်ပေးခဲ့ခြင်းမှာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့ပုံပင်။
"နောက်နေပါပြီ ….. နန်းဆောင်သခင်"
တုရန်ဝူလင်သည် ရယ်မောကာ ပြောလိုက်၏။ "ကျုပ်တို့ ဒီနေ့လာလည်တာ အကြောင်းအရင်းနှစ်ခု ရှိပါတယ်။ တစ်ခုကတော့ နန်းဆောင်သခင်ကို ကျေးဇူးတင်ဖို့ပါပဲ။ ဒုတိယတစ်ခုကတော့ တော်ဝင်ဓားဂိုဏ်းရဲ့ အနာဂတ်အတွက်ပါပဲ"
ယခင်တုန်းက ရမ်ချင်းတုသည် နန်းဆောင်သခင်ဆိုသည်မှာ သာမန်ထက်ပိုသော စွမ်းအင်ကို ပိုင်ဆိုင်သူဟု ပြောဆိုခဲ့၏။ ထိုက်တန်သည့် တန်ဖိုးကိုသာ ပေးပါက တော်ဝင်ဓားဂိုဏ်းအနေဖြင့် နောက်ထပ် တော်ဝင်သူတော်စင် တစ်ယောက်ကို မွေးထုတ်နိုင်လိမ့်မည်ဟု ပြောဆိုခဲ့၏။ ဤအခြင်းအရာသည် တော်ဝင်ဓားဂိုဏ်း၏ သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်လို့ နေ၏။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ဤနေရာဆီသို့ ခရီးထွက်လာခဲ့ခြင်းပင်။
"ဪ"
လီယွင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ထို့ကြောင့် သူသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။
"တော်ဝင်ဓားဂိုဏ်းရဲ့ အနာဂတ်"
သူသည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် လေးနက်သည့် အဓိပ္ပာယ်ပါသော စကားကို ဆိုလိုက်သည်။ "ကောင်းကင် လျို့ဝှက်နန်းဆောင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဂိုဏ်းချုပ်ရမ် က ခင်ဗျားတို့နှစ်ယောက်ကို ပြောပြီးသား ဖြစ်လိမ့်မယ်။ တော်ဝင်ဓားဂိုဏ်းရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက တာအိုရောင်းရင်းနှစ်ယောက် တတ်နိုင်တဲ့ ဈေးနှုန်းမဟုတ်မှာ စိုးရိမ်ရတယ်"
တော်ဝင်သူတော်စင် ဖြစ်ရန်အခွင့်အရေးဆိုသည်မှာ တန်ဖိုးကြီးမားလွန်းလှ၏။ နတ်နယ်မြေများ၏ အခြေခံကိုပင် ကိုယ်စားပြု၏။ သူတော်စင်နှစ်ဦး၏ ချမ်းသာမှုကို ပေါင်းစပ်လိုက်မည် ဆိုလျှင်တောင်မှ လုံလောက်လိမ့်မည် မဟုတ်ချေ။
စနစ်သည် ကောင်းကင်လျို့ဝှက်အမှတ်များကို မနှုတ်ပါက သူ့အနေဖြင့် တစ်ခုလောက်တော့ ပေးနိုင်စွမ်း ရှိ၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် လီယွင်သည် သူကိုယ်တိုင်ပင် ကောင်းကင်လျှို့ဝှက် အမှတ်များနှင့် ပတ်သက်၍ ရုန်းကန်နေရသူဖြစ်သည်။ တော်ဝင်သူတော်စင်တစ်ယောက်ဖြစ်ရန် အခွင့်အရေးကိုလက်လွတ်စပယ် ပေးအပ်ရန် သူ မတတ်နိုင်ချေ။
"နန်းဆောင်သခင်ပြောတာက တော်ဝင်ဓားဂိုဏ်းကို အရင်တုန်းကလိုဖြစ်အောင် ကူညီနိုင်တဲ့ နည်းလမ်းရှိတယ်လား။” တုရန်ဝူယု ၏ မျက်လုံးများသည် တောက်ပလျက် ရှိနေသည်။ သူသည် မုတ်ဆိတ်မွှေးများကို အသာပွတ်သပ် နေမိ၏။
ဆိုရိုးစကားရှိသည်။ အကြားသာ မှားလျှင်မှားမည်။ အမြင်သည် ဘယ်တော့မှ မမှားချေ။ ရမ်ချင်းတုပြောဆိုသည့် အချိန်တုန်းက သူတို့သည် မယုံကြည်ခဲ့ကြချေ။ သို့ပေမဲ့ လက်ရှိမှာတော့ သူတို့သည် တကယ်ပင် ယုံကြည်မိနေ၏။ သူတော်စင်နှစ်ပါးတို့သည် တည်တည်ငြိမ်ငြိမ်ပင် မနေနိုင်တော့ချေ။
သူတို့အနေဖြင့် ထိုကိစ္စအတွက် ကုန်ကျငွေကို တတ်နိုင်လား မတတ်နိုင်ဘူးလားကို သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ တော်ဝင်ဓားဂိုဏ်းသည် နှစ်ပေါင်းများစွာ ရှာဖွေထားခဲ့သော အရာများ တည်ရှိ၏။ ထို့ပြင် ၎င်းတို့၏ ပိုင်ဆိုင်မှုများထဲတွင် ပြင်ပ လုပ်ငန်းများလည်း ရှိနေသည်။
ကော်းကင်လျို့ဝှက်နန်းဆောင်အနေဖြင့် လုံလောက်သည့် သတင်းအချက်အလက်ကိုသာ ပေးပါက ငွေသုံးရန် ဆုံးဖြတ်လိုက်ကြ၏။
"တော်ဝင်ဓားဂိုဏ်းရဲ့ အရင်အောင်မြင်မှုမျိုးကို ပြန်ရရှိဖို့ကို မပြောနဲ့။ ဒီထက် မြင့်တဲ့ အခြေအနေ တစ်ခုဆီ တက်လှမ်းဖို့ဆိုရင်တောင်မှ ခက်ခဲမှာ မဟုတ်ဘူး "
လီယွင်သည် တုရန်ဝူယုကို လှမ်းကြည့်ကာ ပြောလိုက်၏။ “တာအိုရောင်ရင်းဝူတို့ မယုံကြည်ကြမှာ သေချာပါပဲ။ အရင်တုန်းက ဒီကိုလာဖူးခဲ့တဲ့ ခင်ဗျားတို့ရဲ့ ဂိုဏ်းတူ တူလေးလိုပေါ့။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူ သူတော်စင်ဖြစ်လာခဲ့တယ် မဟုတ်လား။ သူတော်စင်အဆင့် နောက်ဆုံးမှာ နှစ်ပေါင်းရာချီ ပိတ်မိနေတဲ့ တာအိုရောင်ရင်းဝူယု သာ စိတ်အခြေအနေကို ပြင်ဆင်ပြီး သူတော်စင် ထိပ်ဆုံးအဆင့်ကို တက်လှမ်းနိုင်မယ် ဆိုရင် တော်ဝင်ဓားဂိုဏ်းမှာ နောက်ထပ် တော်ဝင်သူတော်စင်တစ်ယောက် တိုးလာနိုင်ဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိပါဘူး။ အခြေခံကလည်း ကောင်းပြီးသားကိုး။"
“ဟမ် ….”
တုရန်ဝူယု၏ မျက်လုံးများသည် ပြူးကျယ်သွားမိ၏။ သူသည် ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ယင်သွား၏။ ဤအခြေအနေအား သူတခြား ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးချေ။ နန်းဆောင်သခင်သည် သူ့၏စိတ်တစ်ခုလုံး မတည်မငြိမ်ဖြစ်နေသောကြောင့် အဆင့်မတက်နိုင်သည့် ကိစ္စကို အဘယ်သို့ သိရှိရသနည်း။ နန်းဆောင်သခင်သည် ခန့်မှန်း၍မရအောင် သန်မာလှပြီး တစ်စုံတစ်ယောက်၏ အားအင်အဆင့်ကို မြင်နိုင်နေသည်လား။ တစ်စုံတစ်ယောက်၏ ပြစ်ချက်များကို သိရှိနေခြင်းမှာတော့ ကြောက်မက်ဖွယ် ကောင်းလွန်း လှသည်။
"ဒီစိတ်အခြေအနေကို ပြန်ပြင်ဆင်ဖို့ နည်းလမ်း နန်းဆောင်သခင်ဆီမှာ ရှိပါသလား" တုရန်ဝူယုသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။
"ဒါက အရမ်းရိုးရှင်းပါတယ်။ သူတော်စင်ပစ္စည်း ငါးမျိုးနဲ့တင် ကျုပ်ပြောနိုင်တယ်။"
လီယွင်သည် လက်ငါးချောင်းကို ထောင်ပြကာဖြင့့် ပြုံးကာပြောလိုက်သည်။ စိတ်နှလုံး တည်ငြိမ်မှု မရခြင်းဆိုသည်မှာ အတွင်းစိတ်မိစ္ဆာ ကပ်ညှိခြင်းမဟုတ်ချေ။ ညဏ်အလင်းရရှိခြင်း၊ တစ်စုံတစ်ခုကို နားလည်ခြင်း စသည့်အခြေအနေသို့ ရောက်ရှိသွားပါက ပြဿနာကို လွယ်လွယ်ကူကူနှင့် ဖြေရှင်းနိုင်ပေသည်။ ထိုအရာကို နားမလည်ဘဲ အရာအားလုံးကို တွေးပူပြီး စိတ်နှလုံးသားထဲထည့်ထားမည်ဆိုပါက မည်သို့မှ ကျော်ဖြတ်နိုင်တော့မည် မဟုတ်ဘဲ လက်ရှိအဆင့်၍ တစ်ဘဝလုံး ပိတ်မိနေလိမ့်မည်။
တုရန်ဝူယု၏ အခြေအနေသည် ထိုကဲ့သို့ပင်။ ပြဿနာကို လက်ညိုးထိုးပြပါ ဆိုသည်က မည်သည့်ပြဿနာမှ မရှိချေ။ သို့ပေမဲ့ သူ၏စိတ်သည် တည်ငြိမ်ခြင်း မရှိချေ။ ထို့ကြောင့် နှစ်ပေါင်းများစွာ ဤအဆင့်တွင် ပိတ်မိနေခြင်းသာ ဖြစ်၏။
တုရန်ဝူယု “………”
အရိုးသားဆုံး ပြောရလျှင် ပေးရမည်တန်ဖိုးသည် အနည်းငယ် ကြီးမားလွန်းလှ၏။ တော်ဝင်ဓားဂိုဏ်းထဲတွင် ရှိနေသော သူသည် အချိန်အတော်ကြာ သိုသိုသိပ်သိပ်ဖြင့် နေထိုင်နိုင်ခဲ့ပြီး သူတော်စင်လက်နက် တစ်ခုကိုသာ ပိုင်ဆိုင်နိုင်ခဲ့၏။ ယခု သူတော်စင်လက်နက် ငါးခုတောင်းခြင်းမှာ သူ့အား သတ်နေခြင်းနှင့်ပင် ဆင်တူလှ၏။
တခြားတစ်ဖက်မှာတော့ သူ၏ဂျူနီယာညီလေးသည် အားပြည့်မာန်ပြည့်နှင့် ဖြစ်လာခဲ့၏။ အတိတ်တုန်းက သူသည် တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးသောကြောင့် ချမ်းသာမှုအနည်းငယ်တော့ ပိုင်ဆိုင်သေးသည်။
သို့ပေမဲ့ ဤနေရာသို့ အလောတကြီး ထွက်ခွာလာခဲ့သောကြောင့် တန်ဖိုးကြီးပစ္စည်းများ ယူဆောင်မလာခဲ့ချေ။
"နန်းဆောင်သခင်အနေနဲ့ သတင်းအချက်အလက်ကို ခဏလောက် ထိန်းထားပေးမလား။ ကျုပ်တို့ ခနလောက် ဂိုဏ်းကို ပြန်လိုက်ပါအုံးမယ် " တုရန်ဝူလင်သည် အချိန်ကိုက် ဝင်ရောက်ကာ ပြောဆိုလိုက်၏။
"သေချာတာပေါ့" လီယွင်သည် ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် ကျုပ်တို့ ဒီနေ့ပဲ သွားတော့မယ်" နှစ်ယောက်သားသည် နှုတ်ဆက်ကာဖြင့် ချက်ချင်းထွက်ခွာ သွားခဲ့၏။
သူတို့ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း လီယွင်၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူသည် ရမ်ချင်းတုကို အထင်အမြင် လွဲမှားခဲ့၏။ တစ်ဖက်လူသည် စီးပွားရေး ပြုလုပ်ရကောင်းသူ တစ်ယောက်ဖြစ်သည့်အပြင် တကယ့် ဖောက်သည်ကြီးများကိုပင် ပို့ဆောင်ခဲ့သေး၏။ သူ၏ဆရာကိုသာမက ဂိုဏ်းတူဦးလေးကိုပါ ပို့ဆောင်ခဲ့သည်။ ထိုထက် ပိုမိုကောင်းမွန်သည့် အရာသည် ရှိပါ့တော့မည်လား။
သေချာတွက်ချက်ပြီးနောက် တော်ဝင်ဓားဂိုဏ်း၏ သူတော်စင်ဘုရင်သည်ပါ ထိုင်နေလိမ့်မည် မဟုတ်ချေ။ လိုက်လာရပေလိမ့်မည်။