အပိုင်း (၆၆)
Vol. 5 Ch. 66
"စီနီယာအစ်ကို ဘယ်လိုခံစားရလဲ"
ကောင်းကင်ပေါ်မှာတော့ အချိန်အတော်ကြာ တိတ်ဆိတ်နေသော တုရန်ဝူလင်သည် မေးမြန်းလိုက်၏။
"ပထမတုန်းက ဂိုဏ်းတူ တူလေး ပြောတာကို သိပ်ပြီး မယုံကြည်ခဲ့ဘူး။”
တုရန်ဝူယုသည် သေချာစဉ်းစားပြီးနောက် သူ၏ဂျူနီယာညီလေး မေးသည်ကို ပြန်ဖြေလိုက်သည်။ “နန်းဆောင်သခင်က သူ့ရဲ့ အားအင်အဆင့်ကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်။ ငါ့ရဲ့ စူးရှတဲ့ အမြင်အောက်မှာတောင် သူ့ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်လဲဆိုတာ ကြည့်လို့မရဘူး။ သူ့ရဲ့ အော်ရာတွေကို ထောက်လှမ်းလို့လည်း မရပြန်ဘူး။ ကျင့်ကြံခြင်းဖုံးကွယ်တဲ့ နည်းစနစ်တစ်ခုခုကို အသုံးပြုထားတာလား။ ဒီလို ဆိုရင် အသက်ရှု ဖုံးကွယ်ခြင်း နည်းစနစ်က သာမန် မဟုတ်နိုင်ဘူး။ သူက သာမန်လူတော့ မဖြစ်နိုင်ဘူး။ သာမန်ထက်ပိုတဲ့ ထိပ်တန်း ကျွမ်းကျင်သူပဲ ဖြစ်ရမယ်။ "
သာမန်လူတစ်ယောက်သည် ကောင်းကင်၏ လျို့ဝှက်ချက်များကို သိရှိနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သာမန်လူ မဟုတ်တာ သေချာလေသည်။ အားအင်အဆင့်သည်ကလည်း အထင်အမြင် သေး၍ ရနိုင်သည့် အရာမျိုး မဟုတ်နိုင်ချေ။
"စီနီယာအစ်ကိုလည်း ဒီလိုတွေးမိတာလား" တုရန်ဝူလင်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။
အစတုန်းက တော်ဝင်ဓားဂိုဏ်း နှင့် ကောင်းကင်လျို့ဝှက် နန်းဆောင်တို့ ဆက်စပ်နေခြင်းကို အနည်းငယ် စိုးရိမ်ပူပန်နေမိ၏။ ထို့အပြင် သူသည် တော်ဝင်ဓားဂိုဏ်း၏ ဘိုးဘေးအကြီးအကဲကြီး ဖြစ်သည်မို့ သူ၏ အပြောအဆို၊ အပြုအမူများသည် တော်ဝင်ဓားဂိုဏ်း၏ ဂုဏ်သိက္ခာကို ကိုယ်စားပြု၏။ ကောင်းကင်လျို့ဝှက် နန်းဆောင်အတွက်နှင့် ရောင်စဉ်အလင်းနတ်နယ်မြေကို ရင်ဆိုင်ခြင်းမှာ အနာဂတ်တွင် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဆင့်ခေါ်ထားခြင်းနှင့် ဆင်တူလှ၏။ ဟန်ပြ ပြုလုပ်၍ မရချေ။ လက်ရှိ သူ၏ စိနီယာအစ်ကို၏ တွက်ချက်မှုကို ကြားရသည့် အခါမှာတော့ စိတ်သက်သာရာ ရမိသည်။
"ဒီတစ်ကြိမ်မှာ"
တုရန်ဝူယုသည် ခဏလောက် ရပ်တန့်သွား၏။ ပြီးနောက် ထပ်မံကာ ပြောလိုက်၏။ "ရောင်စဉ်အလင်းနတ်နယ်မြေက ကပ်ဘေးကြီး ကျရောက်တော့မယ်။ သူတို့က ကောင်းကင်လျို့ဝှက် နန်းဆောင်ကို အရမ်းကြီး အထင်သေးခဲ့တယ်။ "
ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲတွင် လူတစ်ယောက်တည်းသာ ရှိသည်ဆိုသော်လည်း ၎င်း၏နည်းလမ်းများ သည် အထင်သေး၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။
တစ်ယောက်တည်းနှင့် နတ်နယ်မြေတစ်ခုလုံးကို စိန်ခေါ်သည်မှာ ယုတ္တိတန်သော ကိစ္စမျိုး မဟုတ်ချေ။ ယနေ့ ရောင်စဉ်အလင်းနတ်နယ်မြေ၏ လုပ်ရပ်သည့် သေလမ်းရှာခြင်းသာ ဖြစ်သည်ဟု တုရန်ဝူယု က ထင်မှတ်ထား၏။
နှစ်ပေါင်းများစွာ တောက်ပခဲ့သည့် ဂုဏ်သိက္ခာများနှင့် လက်ရှိနတ်အရှင်၏ တည်ရှိမှု အားလုံးတို့သည် မကြာခင်မှာ ပြောင်းလဲသွားပေလိမ့်မည်။
ရောင်စဉ်အလင်းနတ်နယ်မြေသည် တော်ဝင်အင်ပါယာရှိသည် ဆိုလျှင် ၎င်းတို့၏ လုပ်ရပ်သည် သင့်တင့်လျှောက်ပတ်လွန်းလှသည်။ ပြုလုပ်ခဲ့သော လုပ်ရပ်များသည် တရားမျှတမှု မရှိလျှင်တောင်မှ ကိစ္စမရှိချေ။ သို့ပေမဲ့ ၎င်းတို့၌ တော်ဝင်အင်ပါယာမရှိချေ။ ကွာစီအင်ပါယာသာ ရှိ၏။ နတ်နယ်မြေများ အားလုံးကို လွှမ်းမိုးနိင်ရန် ကြိုးစားနေခြင်းသည် ရည်မှန်းချက် ကြီးလွန်းခြင်းပင်။
"စီနီယာအစ်ကို ပြောတာ အမှန်ပါပဲ"
တုရန်ဝူလင် သည် စဉ်းစားလိုက်၏။ "ရောင်စဉ်အလင်းနတ်နယ်မြေက ကောင်းကင်လျို့ဝှက် နန်းဆောင်ရဲ့ အကြောင်းကို အသေးစိတ်မသိရှိဘဲ အဆင်ခြင်မဲ့ ပြုလုပ်ခဲ့တယ်လေ။ သူတို့က သူတို့ရဲ့ ပုံစံအတိုင်း ယုံကြည်ချက် လွန်ကဲခဲ့တယ်။ ကျုပ်တို့ တော်ဝင်ဓားဂိုဏ်းကတော့ ကောင်းကင်လျို့ဝှက်နန်းဆောင်နဲ့ မဟာမိတ်တွေလို ချိတ်ဆက်ထားနိုင်ခဲ့ပြီ။ တကယ့်ကို အခွင့်အရေးပဲ"
ရောင်စဉ်အလင်းနတ်နယ်မြေသည် ဂိုဏ်းသေးလေးများကို စုစည်းထားနိုင်သော နတ်နယ်မြေကြီးတစ်ခုဖြစ်သည်။ ဉပမာအားဖြင့် ထျန်းကန်ဂိုဏ်းကဲ့သို့ပင်။ ယခုကဲ့သို့ အရေးအကြောင်း အခြေအနေမျိုးတွင် တော်ဝင်ဓားဂိုဏ်းသည် ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်ဖက်မှ ရပ်တည်ပေးရမည်။ ထိုသို့ဆိုလျှင် တော်ဝင်ဓားဂိုဏ်းအပေါ်တွင် ထားသော နန်းဆောင်သခင်ကို စိတ်ပိုင်းဆိုင်ရာအရ သဘောကျ နှစ်သက်စေမှာ သေချာ၏။
ထို့ပြင် အရေးကြီးသည့် သတင်းအချက်အလက်များကို လဲလှယ်နိုင်ပါက တော်ဝင်ဓားဂိုဏ်းအနေဖြင့် ကြီးမားလှသည့် ဂုဏ်သိက္ခာကို ပြန်လည် ရရှိခြင်း သို့မဟုတ် ယခင်ထက် ပိုမို တိုးတက် တောက်ပခြင်း စသော အခြေအနေဆီသို့ ရောက်ရှိပေလိမ့်မည်။
သတင်းအချက်အလက်၏ တန်ဖိုးကို တတ်နိုင်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူ၏စိတ်တစ်ခုလုံးကို ပြန်လည်ပြုပြင်နိုင်ရန်အတွက် ကုန်ကျမည့် သူတော်စင်အဆင့် လက်နက်ငါးမျိုးအကြောင်းကို တွေးပြီးနောက် တုရန်ဝူယု သည် ခေါင်းကိုက်သလိုပင် ခံစားလိုက်မိ၏။
"မမေ့နဲ့အုံး …. ဂျူနီယာညီလေး …. တော်ဝင်ရင်နိုင်ငံတော်က ငါ့တို့ထက် ခြေတစ်လှမ်း ဦးနေပြီ" တုရန်ဝူယုသည် သတိပေးလိုက်သည်။
ကောင်းကင်လျို့ဝှက် နန်းဆောင်၏ တန်ဖိုးသည် သိသာ ထင်ရှားလာခဲ့၏။ အဝေးဆုံးတွင် ရှိနေသော ရောင်စဉ်အလင်းနတ်နယ်မြေသည်ပင် လှုပ်ရှားလာသည် ဆိုမှတော့ အနီးဆုံးတွင် ရှိနေသော တော်ဝင်ရင်နိုင်ငံမှ လူများသည် အဘယ်သို့ ငုတ်တုတ်ထိုင်နေမည်နည်း။
မကြာသေးခင်က တော်ဝင်ရင်နိုင်ငံ နတ်ဘုရားအင်ပါယာကိုယ်တိုင်ပင်လျှင် ကောင်းကင်လျို့ဝှက် နန်းဆောင်သို့ ရောက်ရှိလာပြီး ကူညီပေးခဲ့၏။ ဤအရာသည် တော်ဝင်ရင်နိုင်ငံတော်၏ သဘောကို ပြသခဲ့ခြင်းပင် ဖြစ်၏။
ခန်းမသခင်သည်သာ တော်ဝင်ရင်နိုင်ငံတော်ကို ပထမဆုံး လမ်းညွှန်ပြသခဲ့သည်ဆိုပါက ရောင်စဉ် အလင်းနတ်နယ်မြေထက် မည်သို့မှ အားမနည်းသော အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာမှာ သေချာသည်။
ထိုသို့ဆိုလျှင် ရောင်စဉ်အလင်းနတ်နယ်မြေသည်သာ ၎င်းတို့ကို ချိန်းခြောက်နိုင်သည် မဟုတ်ပေ။ တော်ဝင်ရင်နိုင်ငံကလည်း ချိန်းခြောက်လာနိုင်၏။ တော်ဝင်ဓားဂိုဏ်းသည်သာ နိမ့်ကျစွာ ကျန်ရစ်ခဲ့ပါက အားသာသည့်လူများက ဝါးမျိုသွားပေမည်။
အဆုံးသတ်မှာတော့ အားနည်းသူသည် အားကြီးသူ၏ လွှမ်းမိုး ဝါးမြိုခြင်းကို ခံရမည်မှာ သဘာဝပင် ဖြစ်တော့၏။ တော်ဝင်ရင်နိုင်ငံသည် နန်းဆောင်အရှင်၏ လမ်းညွှန်ပြသမှုကို ရရှိခဲ့ပြီးသည့်နောက် နယ်မြေများကို လွှမ်းမိုးရန် ကြိုးစားလာပေလိမ့်မည်။ ထို့ပြင် ၎င်းတို့၌ သူတော်စင်ကောင်းချီး နည်းစနစ်ကလည်း တည်ရှိလို့နေသေး၏။ တွေးကြည့်လျှင် ကြောက်စရာပင်။
"ချင်းတုထွက်လာတာနဲ့ တော်ဝင်ဓားဂိုဏ်းကို ကိုယ်စားပြုပြီးတော့ ကောင်းကင်လျို့ဝှက် နန်းဆောင်နဲ့ ဆက်ဆံဖို့ ပြောရမယ်။ "
တုရန်ဝူလင်းသည် ခဏလောက် စဉ်းစားပြီးနောက် တွေးတွေးဆဆပြောလိုက်၏။ "လက်ရှိ အရေးကြီးဆုံးက တော်ဝင်ဓားဂိုဏ်းရဲ့ အားအင်ကို ပြန်ရအောင် ပြုလုပ်ဖို့ပဲ"
"ကောင်းပြီ"
တုရန်ဝူယုသည် ခေါင်းညိတ်လိုက်၏။ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည့် အချိန်မှာပဲ ၎င်း၏အမူအရာသည် ပြောင်းလဲသွား၏။ သူသည် အနောက်ကို လှည့်ပြီးသည့်နောက် မေးမြန်းလိုက်၏။
"ဘယ်သူလဲ"
"နတ်ဆိုးကျင့်ကြံသူတစ်ယောက်လား"
တုရန်ဝူလင်သည် အစောကြီးကတည်းက သတိပြုမိသားဖြစ်၏။ ခေါင်းလှည့်ကာ ကြည့်ရှုလိုက်တော့ အရူးတစ်ယောက်ကဲ့သို့ ထွက်ပြေးသွားသည့် အမဲရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ ၎င်းသည် သေဆုံးသွားတော့မည်ကို ကြောက်ရွံ့သောကြောင့် ထွက်ပြေးသွားခဲ့ပုံပင်။
"နတ်အဆင့် အော်ရာတွေကို ရတယ်ဆိုတော့ သိပ်ကိစ္စ မရှိပါဘူး။ သူက ဂျူနီယာလေး တစ်ယောက်လောက်ပါပဲ" တုရန်ဝူလင်သည် ဂရုမမူသလို ပြောလိုက်၏။
ထိုစကားကို ကြားသည့် အချိန်မှာတော့ ဓားရိုးပေါ် လက်တင်ထားသည့် တုရန်ဝူယု၏ လက်များသည် ပြေလျော့သွားသည်။ သူ၏ ဂျူနီယာညီလေး စကားကြောင့်သာ မဟုတ်ပါက တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်မှာ သေချာ၏။ သူ၏အားအင်အဆင့်အရဆိုလျှင် တစ်ဖက်လူသည် ကမ္ဘာမြေအဆုံးအထိ ထွက်ပြေးလျှင်တောင်မှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။
"ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက လူတွေက တကယ်ကို လာရဲတာပဲ။ စိတ်ဝင်စားဖို့ကောင်းတယ်" တုရန်ဝူလင်သည် လောင်ပြောင်လိုက်မိ၏။
ပြောပြီးပြီးခြင်းမှာပဲ သူသည် ပိုင်တုရန်တောင်ကြားထဲရှိ အဖြစ်အပျက်များကို ပြန်လည်ကာ စဉ်းစားလိုက်မိ၏။ မျက်လုံးချင်း အကြည့်စုံပြီးနောက် ၎င်းတို့သည် တစ်ယောက်၏ အတွေးကို တစ်ယောက်က နားလည်သွားခဲ့ကြသည်။
ဖြစ်နိုင်သည်မှာ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကလည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ မျက်နှာသာ ပေးမှုကို ရရှိရန် ကြိုးစားနေသည်လား။
ထိုအတွေးကို တွေးမိပြီးနောက် ၎င်းတို့နှစ်ယောက်သည် ရောင်စဉ်အလင်းနတ်နယ်မြေ ကို သနားသလိုပင် ခံစား လိုက်မိ၏။
အားလုံး၏ အမြင်တွင် ကောင်းကင်လျို့ဝှက် နန်းဆောင်ထဲ၌ တစ်ဦးတည်း တည်ရှိ၏။ သို့ပေမဲ့ နောက်ကွယ်မှာတော့ များပြားလှသည့် နတ်နယ်မြေများ၏ အထောက်အပံ့ကို ရရှိထားလေသည်။ အံ့အားသင့်စရာပင်။