အပိုင်း (၆၇)
Vol. 5 Ch. 67
“တော်သေးတာပေါ့” ယန်ရှို၏ ပုံရိပ်သည် ပေါ်ပေါက်လာ၏။ သူသည် မိုင်ပေါင်းထောင်ချီ ထွက်ပြေးခဲ့သည် ဆိုသော်လည်း နှလုံးသားထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်လျက်ရှိနေတုန်းပင်။
စောဏတုန်းက သူသည် တော်ဝင်ဓားဂိုဏ်း၏ သူတော်စင်နှစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရန် အနည်းငယ်သာလျှင် လိုခဲ့၏။ ကံကောင်းစွာဖြင့် သူသည် ပတ်ဝန်းကျင်ကို တစ်ချိန်လုံး ကြည့်ရှုနေခဲ့၏။ မဟုတ်ပါက ဤကဲ့သို့ ထွက်ပြေးခဲ့မည် ဆိုလျှင်တောင်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ နတ်အရှင်တစ်ယောက်အနေဖြင့် သူသည် တကယ့် အဆင့်မြင့် အဖွဲ့သား တစ်ယောက်ဟု သတ်မှတ်နိုင်၏။ သို့ပေမဲ့ သူတော်စင်တစ်ယောက်ကို ရင်ဆိုင်ရန် ဆိုသည်ပင် ခက်ခဲလွန်းသည်။ ဓားသူတော်စင်များနှင့် ရင်ဆိုင်မည် ဆိုပါက အရိုးတခြား၊ အသားတခြားစီ ဖြစ်သွားမှာ သေချာ၏။ ဓားတစ်ချက်တည်းကပင်လျှင် သူ့ကို ငရဲပြည်သို့ ပို့ဆောင်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဆီမှ တခြားသူများပင်လျှင် ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
အဘယ်ကြောင့် သူ ဤမျှကံဆိုးရသနည်း။
“ဘယ်သူမှ ငါ့နောက် လိုက်မလာဘူးပဲ”
ယန်ရှိုသည် လေဟာနယ်ထဲတွင် ပုန်းအောင်းလျက် ရှိနေ၏။ သူသည် သူလာခဲ့ရာ တည်နေရာဆီသို့ နတ်ဘုရားအသိအာရုံများဖြင့် လှမ်းမျှော်ကြည့်ရှုလိုက်သည့်အချိန်မှာတော့ သာမန်မဟုတ်သည့် အကြောင်းအရာ တစ်ခုကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ ထို့ကြောင့် စိတ်သက်သာရာ ရသလို သက်ပြင်း ချလိုက်မိ၏။
“သူတို့ လိုက်မလာဘူး”
ယန်ရှိုသည် အမှတ်မထင် ဆိုသလိုပဲ သူ၏လက်ချောင်းများပေါ်တွင် ဝတ်ဆင်ထားသည့် သိုလှောင်လက်စွပ်ကို ပွတ်သပ်လိုက်၏။ အတွင်းမှာတော့ သူ၏ပိုင်ဆိုင်မှု မှန်သမျှ အစုံရှိ၏။ လက်နက် ဆယ်မျိုး အပါအဝင် စိတ်ဝိညာဉ်ဆေးလုံးများ အားလုံးကို သူငှားရမ်းခဲ့သည်။
တန်ဖိုးအရ ပြောရမည်ဆိုလျှင် နတ်အဆင့် သိုင်းကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သည့် တန်ဖိုးပမာဏထက် ပိုမို၍ သာလွန်လွန်းလှ၏။ တချို့သော ဂိုဏ်းချုပ်များပင်လျှင် သူ၏လက်ထဲတွင် ရှိနေသည့် ပမာဏလောက် ပိုင်ဆိုင်မှုမရှိကြပေ။
လက်ရှိအခြေမှာတော့ သူသည် တကယ့်ကို ချမ်းသာကြွယ်ဝသည့် နောက်ခံကို ပိုင်ဆိုင်သည်ဟု ပြောဆိုရပေမည်။ သူသေဆုံးသွားခဲ့ပြီး ဤလက်စွပ်ထဲတွင်ရှိနေသည့် အရာအားလုံးကို တခြားသူလက်ထဲသို့ ရောက်ရှိသွားမည်ဆိုပါက သင်္ချိုင်းထဲမှပင် ထကာ ငိုယိုနေမိပေလိမ့်မည်။
“တော်ဝင်သဲကန္တာရမြို့နဲ့ အရမ်းမဝေးကွာသေးဘူး”
ယန်ရှိုသည် အသာလှည့်ပြီးသည့်နောက် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ တော်ဝင်သဲကန္တာရမြို့ဆီသို့ ပျံသန်းသွားခဲ့၏။ သူက တွေးလိုက်မိ၏။ “တော်ဝင်ဓားဂိုဏ်းရဲ့ ဓားသူတော်စင် နှစ်ယောက်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားတာပဲ ဖြစ်ရမယ်။ သူတို့ ငါပိုင်ဆိုင်တဲ့ အခွင့်အရေးကို ဝယ်ယူသွားခဲ့တာများလား”
တွေးကြည့်ပြီးသည့်နောက် ယန်ရှိုသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူတော်စင်ဖြစ်ရန် အခွင့်အလမ်း ဆိုသည်မှာ အလွန်ပင် တန်ဖိုးကြီးမားလွန်းလှ၏။ တစ်ခုချင်းစီတိုင်းသည် တန်ဖိုးဖြတ်၍ မရနိုင်လောက်အောင်ပင်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၌ သူတော်စင်ဖြစ်သည့် အခွင့်အရေးသည် ဘယ်နှစ်ခု ရှိသနည်း။ အကယ်၍ တစ်ခု၊ နှစ်ခု ရောင်းထွက်သွားမည်ဆိုလျှင်တောင်မှ များများစားစား ကျန်ရှိတော့မည် မဟုတ်ချေ။
ယန်ရှို၏ မျက်လုံးထဲမှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လက်ထဲတွင် အခွင့်အရေး များများရှိ မဟုတ်ပေ။ တစ်ခုကို ရောင်းချလိုက်ခြင်းသည် တစ်ခုလျော့နည်းသွားသည် ဆိုသည့်အဓိပ္ပာယ်ပင်။ နန်းဆောင် သခင်သည် အများအပြားကို ရောင်းချသည်ဆိုပါက သူ့အတွက် ဘာကျန်တော့မည်နည်း။
စိုးရိမ်ပူပန်လာပြီးသည့်နောက် ယန်ရှိုသည် အမြန်နှုန်းကို မြှင့်တင်လိုက်တော့သည်။ သူသည် အလင်းတန်း တစ်ခုအဖြစ် အသွင်ပြောင်းကာဖြင့် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့၏။ အမွှေးတိုင်တစ်တိုင် ထွန်းစာအချိန် အတောအတွင်းမှာပဲ သူသည် တော်ဝင်သဲကန္တာရမြို့ကို လှမ်းမြင်နေရပြီဖြစ်၏။
“ဟမ်”
တော်ဝင်သဲကန္တာမြို့၏ အနီးအနားတွင် ရှိနေသည့် မြင်ကွင်းကို လှမ်းကြည့်ပြီးသည့်နောက် ယန်ရှိုသည် မျက်မှောင်ကုတ်လိုက်၏။ သူသည် ဤတည်နေရာတွင် အလွန်အားကောင်းလွန်းလှသည့် ကျန်းချီများ စုစည်းလျက် ရှိနေသည်ကို အာရုံခံမိ၏။ ကြီးမားလှသည့် တိုက်ပွဲကြီးတစ်ခု မကြာသေးခင်က ဖြစ်ပွားခဲ့ပုံပင်။ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည့်သူများသည် သူတော်စင်အဆင့် သို့မဟုတ် ထိုထက်မြင့်မားသည့် အဆင့်မျိုးပင်ဖြစ်နိုင်သည်။
“တစ်စုံတစ်ယောက်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ပစ်မှတ်ထားတာလား”
ယန်ရှို၏ မျက်လုံးများသည် တောက်ပသွားခဲ့တော့၏။ အောက်တွင် ရှိနေသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင် လုံလုံခြုံခြုံဖြင့် တည်ရှိနေသည်ကို အတည်ပြုပြီးသည့်နောက် သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် အောက်သို့ ဆင်းသက်လိုက်၏။
ထင်မှတ်ထားသည့်အတိုင်းပင် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်သည် သာမန်ထက်ပိုသည့် လူတစ်ယောက် ဖြစ်၏။ သူတော်စင်တစ်ယောက်အနေနှင့် နန်းဆောင်သခင်ကို ဘာသွားလုပ်၍ ရမည်နည်း။
လေဟာနယ်ထဲမှ ဆင်းသက်လာပြီးသည့်နောက် သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ အသာ လှမ်းလျှောက်ကာဖြင့် အော်ဟစ်လိုက်သည်။ “ယန်ရှိုက စီနီယာကို လာပြီးဂါရဝပြုပါတယ်”
“ယန်ရှို ရောက်လာပြီလား”
နန်းဆောင်သခင် လီယွင်သည် အမှန်တကယ်ပင် သဘောကျလျက်ရှိနေ၏။ သူ စောဏက ဆုတောင်းခဲ့သမျှများသည် အမှန်ပင် ဖြစ်တည်လာသည့်ပုံပေါ်၏။ မကြာသေးခင်ကတင် ကောင်းကင်နှင့် မြေကြီး သန့်စင်ခြင်းဆေးလုံးကို ရောင်စဉ်အလင်းနတ်နယ်မြေသခင်ဆီမှ ကြားဖြတ်လုယူရန် အကောင်းဆုံးသော၊ အသင့်တော်ဆုံးသောလူကို သူစဉ်းစားရှာဖွေခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အသင့်တော်ဆုံးသောလူသည် သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့၏။
ယန်ရှိုသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ နောက်ခံ တည်ရှိနေ၏။ ဂုဏ်သိက္ခာအရဆိုလျှင်လည်း ရောင်စဉ် အလင်းနတ်နယ်မြေထက် မည်သို့မှ အားမနည်းလှချေ။ ၎င်းတို့၏ အားအင်အဆင့်သည် အနည်းငယ်သာလျှင် ကွာဟခဲ့သည်ဆိုသော်လည်း အဓိကအားဖြင့် ယှဉ်ပြိုင်တိုက်ခိုက်၍တော့ ရနိုင်၏။ တစ်ခုသည် လမ်းမှန်ဂိုဏ်းဖြစ်ပြီး တခြားတစ်ခုသည် နတ်ဆိုးဂိုဏ်းဖြစ်၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ တစ်စုံတစ်ခုကို လုယက်သွားခဲ့သည်ဆိုသည်မှာ သဘာဝကျသည့်အရာပင်။
“ကောင်းပြီ... ဝင်ခဲ့လေ” လီယွင်က ပြောလိုက်သည်။
“စီနီယာ... ယန်က ဒီအချိန်မှာ ရတနာတွေကို စုစည်းလာခဲ့ပါတယ်။ သူတော်စင်တစ်ယောက် ဖြစ်လာနိုင်တဲ့ အခွင့်အရေးက ရှိနေပါသေးလား” ယန်ရှိုသည် အလျင်အမြန်ပင် မေးလိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ ခြေလှမ်းဝင်ဝင်ချင်းမှာပဲ ဤစကားကို မေးမြန်းခဲ့ခြင်းဖြစ်၏။
သူလာခဲ့သည့် ခရီးစဉ် တလျှောက်တွင် တော်ဝင်ဓားဂိုဏ်း၏ သူတော်စင်နှစ်ယောက်နှင့် ဆုံတွေ့ခဲ့၏။ ဤသူတော်စင်များသည် အလွန်အားကောင်းလှသည့်ဆိုသော်လည်း သူတော်စင်ဘုရင်အဆင့်ဆီသို့ ချိုးဖြတ် မရောက်ရှိနိုင်သေးချေ။ ထို့ကြောင့် ဤလာရောက်လည်ပတ်မှုသည် သူတို့ဂိုဏ်း၏ လူငယ် မျိုးဆက်များ အတွက် ဖြစ်ရပေလိမ့်မည်။ သူတော်စင်တစ်ယောက်ဖြစ်ရန် အခွင့်အရေးအတွက် သူ့တွင် ညှိနှိုင်းဆွေးနွေးရန် အခြေအနေ ရှိပါသေးလား။
“စိတ်ပူစရာ မလိုဘူး” လီယွင်သည် လက်ကို ယမ်းခါလိုက်၏။ ပြီးနောက် ယန်ရှိုကို တည်တည်ငြိမ်ငြိမ်နေရန် အမူအရာ ပြသလိုက်သည်။
ယန်ရှို၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။ အဘယ်ကြောင့် သူက စိတ်မပူပန်ဘဲ နေမည်နည်း။ ဤအရာသည် သူ၏ ဘဝတစ်ခုလုံးဖြစ်၏။ သူတော်စင်ဖြစ်ရန် အခွင့်အရေးကို သူရရှိခဲ့၏။ သို့ပေမဲ့ နောက်ဆုံးအချိန်မှာတော့ ရမ်ချင်းတု၏ လုယူခြင်းကို ခံခဲ့ရ၏။
ဤတစ်ကြိမ် သူတော်စင်ဖြစ်ရန် အခွင့်အရေးကို ထပ်မံကာ ကျရှုံးခဲ့သည်ဆိုပါက သူ၏နှလုံးသားထဲတွင် ရှိနေသည့် အတွင်းစိတ် မိစ္ဆာဆိုးသည် ပြန်လည်ကာ ဖြစ်တည်လာတော့မှာ သေချာသည်။ တစ်နေကုန် သူတော်စင်ဖြစ်ရန် အခွင့်အရေးကို တွေးတောလျက် ရှိနေသောကြောင့် သူသည် ကိုယ်နှင့်စိတ်နှင့်ပင် မကပ်တော့ချေ။
“စိတ်အေးအေးထားပါ။ ဒီအချိန်မှာ ခင်ဗျားရဲ့အရာကို ဘယ်သူကမှ လုယူမှာ မဟုတ်ဘူး” လီယွင်က အာမခံလိုက် သည်။
“စီနီယာရဲ့ စကားအရ ဒီယန်ကတော့ တကယ့်ကို စိတ်သက်သာရာ ရသွားပါပြီ” ယန်ရှိုက ရယ်မောလိုက်သည်။ နန်းဆောင်သခင်သည် လူတစ်ယောက်၏ အတွေးများကို သိရှိနိုင်ကြောင်း သူက ကောင်းကောင်းသိရှိပြီးဖြစ်သည်။ ထို့ကြောင့် သူ၏အတွေးများ ပေါ်ပေါက်သွားခြင်းနှင့်ပတ်သက်၍ ရှက်ရွံ့မှုဟူ၍ မခံစားရချေ။ နှလုံးသားထဲတွင် ရှိနေသည့် အကြောင်းအရာများကို ထုတ်ဖော်ပြောစရာ မလိုဘဲ တစ်ဖက်လူက သိရှိနိုင်သည် ဆိုမှတော့ ပို၍ပင် အဆင်ပြေသေး၏။ သူစိုးရိမ်စရာတစ်ခုမှာ သူ၏အတွေးများကို တစ်ဖက်လူ မသိမှာသာပင်။
“အင်း... ဒီအခွင့်အရေးမှာတော့ လီက ခင်ဗျားကို အခွင့်အရေး မယူတော့ပါဘူး။ နတ်အဆင့် ပစ္စည်းသုံးမျိုးဆိုရင် လုံလောက်ပြီ။ ဒီအခွင့်အရေးက ခင်ဗျားသူတော်စင်အဖြစ် လှမ်းတက်နိုင်ဖို့အတွက် အာမခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖြစ်နိုင်ဖွယ်ရာကိုတော့ တိုးတက်သွားစေနိုင်တယ်” လီယွင်က ရှင်းပြလိုက်သည်။
သူသည် ထျန်းကန်ဂိုဏ်း သတင်းအချက်အလက်ကို စုံစမ်းခဲ့သည် ဖြစ်သောကြောင့် ကောင်းကင်လျှို့ဝှက်အမှတ် တစ်သောင်းကို အသုံးပြုခဲ့ရ၏။ ယန်ရှိုအား နှစ်သောင်းတည်းနှင့် ရောင်းချလိုက်မည်ဆိုလျှင် သူ့အနေနှင့် ကုန်ဆုံး ခဲ့သမျှ၏ တစ်ဝက် ပြန်လည်ရယူနိုင်၏။
“အင်း... တစ်သောင်းပဲ ပြန်ရတယ်ဆိုပေမဲ့ ဘာပဲပြောပြော ဒါက အကျိုးအမြတ် ရှိတာပဲ။ အများကြီးတော့ မဟုတ်ဘူးပေါ့”
ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဆေးလုံး ဆိုသည်မှာ သူတော်စင်တစ်ယောက် ဖြစ်လာရန် တစ်ရာရာခိုင်နှုန်း အာမခံချက် ပေးနိုင်သည့်အရာမျိုး မဟုတ်ချေ။ မဟုတ်ပါက သူသည် လက်ရှိဈေးနှုန်းထက် နှစ်ဆပိုကာ တင်တောင်းမှာ သေချာ၏။
“ပစ္စည်းသုံးခုလား”
ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ယန်ရှိုသည် ပျော်ရွှင်မသွားခဲ့ချေ။ တခြားတစ်ဖက် မှကြည့်လျှင် သူ၏ စိတ်တစ်ခုလုံးသည် လေးလံသွားခဲ့၏။ သူက ပြောလိုက်သည်။ “စီနီယာ ဈေးက နည်းနည်းလေး မြင့်ရင် ကောင်းမယ်။ ဈေးပေါလွန်းတော့လည်း စိတ်ထဲမှာ တစ်မျိုးကြီးပဲ”
နောက်ဆုံးအကြိမ် သူသင်ယူခဲ့ရသည့် သင်ခန်းစာများကို ကောင်းကောင်းနားလည်နေခဲ့ပြီဖြစ်၏။ ဈေးနည်းသည့် သတင်းအချက်အလက်ဖြစ်ကြောင်း ကြားရချိန်မှာတော့ ယန်ရှိုသည် တစ်စုံတစ်ခု လွှဲမှားနေပြီဖြစ်ကြောင်း အလိုလို သိရှိနေခဲ့၏။