အပိုင်း (၆၈)
Vol. 5 Ch. 68
ခဏလောက် စဉ်းစားပြီးသည့်နောက် ယန်ရှို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားမိ၏။ ဖြစ်နိုင်သည်မှာ သူဝယ်ယူမည့် သတင်းအချက်အလက်သည် သူ့ထက်အရင် လူပေါင်းများစွာတို့ ဝယ်ယူထားခဲ့သည့် အရာများ ဖြစ်နေသည်လား။ ရေတွက်လို့မရအောင် များပြားလှသည့် လူပေါင်းများစွာတို့သည် သူသွားမည့် အခွင့်အရေး တည်နေရာတွင် ရောက်ရှိနေမည်ဆိုသည့်အကြောင်းကို စဉ်းစားမိသည့်နောက် သူ၏ နှလုံးသားတစ်ခုလုံး အေးခဲ သွားခဲ့၏။ ထိုအခွင့်အရေးကို မည်ကဲ့သို့ ရယူရမည်ဆိုသည်ကိုပင် သူသေသေချာချာ မသိရှိနိုင်တော့ချေ။
“စိတ်မပူနဲ့။ ဒါက ပထမဦးဆုံး သတင်းအချက်အလက်ပါပဲ” လီယွင်သည် တည်ငြိမ်စွာ ပြောလိုက်သည်။
“အမ်.. တကယ်လား”
ယန်ရှိုသည် ခေါင်းညိတ်လိုက်၏။ သို့ပေမဲ့ သူသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လျက် ရှိနေတုန်းပင်။ “စီနီယာ... စီနီယာရဲ့ စကားတွေက ယုံကြည်ရရဲ့လား”
“အင်း..... ကျုပ် ခင်ဗျားကို လိမ်မှာ မဟုတ်ပါဘူး”
လီယွင်က ပြောလိုက်သည်။ “ဒါပေမဲ့ ဒီအခွင့်အရေးက အန္တရာယ် ကြားတွေကနေ လာတာနော်။ စိတ်ပိုင်းဆိုင်ရာ အရ ကြိုတင်ပြင်ဆင်ထားဖို့သင့်တယ်”
“အင်း.. ကျုပ်သိပါပြီ”
ယန်ရှို၏ နှလုံးသားတစ်ခုလုံးသည် အံ့အားသင့်လျက် ရှိနေတော့သည်။ သို့ပေမဲ့ သူသည် စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ပြန်လည်ကာ ထိန်းချုပ်လိုက်၏။ လက်ရှိအချိန်မှာတော့ အဘယ်ကြောင့် ဈေးပေါသည်ဆိုသည်ကို သူက စဉ်းစားနေမိ၏။ အဘယ်ကြောင့်ဆိုသော် စွန့်စားရမည်ဖြစ်သောကြောင့် ဈေးပေါနေခြင်းပင်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျင့်ကြံခြင်းလောကကို လျှောက်လှမ်းသည့် လမ်းစဉ်တွင် အန္တရာယ်ကို ကြောက်လန့်နေ၍ မဖြစ်ချေ။ အားကောင်းလှသည့် သတ္တိ၊ ဗျတ္တိနှင့် ခိုင်မာသည့် စိတ်နှလုံးကိုသာ ပိုင်ဆိုင်သည် မဟုတ်ပါက နတ်အဆင့် ကျင့်ကြံသူအဖြစ်သို့ ရောက်ရှိလာနိုင်မည် မဟုတ်ချေ။ သူတို့၏ အဆင့်အရ ချမ်းသာခြင်း ဆိုသည်မှာ အန္တရာယ်ကြားမှ ရောက်ရှိလာသည်ဆိုသည့် စည်းမျဉ်းဥပဒေသကို နားလည်ပြီးသားဖြစ်၏။
ထို့အပြင် ယခင် ရရှိခဲ့သည့် အခွင့်အရေးများကို သုံးသပ်ရမည်ဆိုလျှင် သူတော်စင်အဆင့် သတ်ဖြတ်ခြင်း အစီအရင် နှစ်ခုက ပါဝင်ပတ်သက်လျက်ရှိ၏။ အလွန်အန္တရာယ်များသည် ဆိုလျှင်တောင်မှ ဥယျာဉ်ထဲ လမ်းလျှောက် သွားခဲ့ရသလို လွယ်လွယ်ကူကူဖြင့် ကျော်ဖြတ်သွားနိုင်ခဲ့သေးသည်။
“စီနီယာ... အဲအခွင့်အရေး တည်နေရာက ဘယ်မှာပါလဲ” ယန်ရှိုသည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။
“ထျန်းကန်ဂိုဏ်း” လီယွင်သည် ဤစကားကို ရေရွတ်လိုက်၏။
“ထျန်းကန်ဂိုဏ်း ဟုတ်လား။ အမ် ထျန်းကန်ဂိုဏ်းလား”
ယန်ရှိုသည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ အံ့အား သင့်သွား၏။ ပြီးနောက် မသေချာ၊ မရေရာသလို ပြောလိုက်သည်။ “စီနီယာ... စီနီယာ ပြောတာက ရောင်စဉ် အလင်းနတ်နယ်မြေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ထျန်းကန်ဂိုဏ်းကို ပြောနေတာလား”
သူသည် ဤဂိုဏ်းအကြောင်းကို ကြားခဲ့ဖူး၏။ အလုံးစုံ အားကောင်းလှသည် မဟုတ်သော်လည်း ရောင်စဉ်အလင်း နတ်နယ်မြေနှင့် ပတ်သက်ဆက်နွယ်နေသည်ဖြစ်သောကြောင့် ဂုဏ်သိက္ခာတချို့ကိုတော့ ပိုင်ဆိုင်သည်။ ရောင်စဉ် အလင်းနတ်နယ်မြေကို အမှီအခို ပြုပြီးသည့်နောက် ၎င်းတို့အား နတ်နယ်မြေတချို့ကပင် သွားရောက်ကာ ရန်မစ ရဲကြချေ။
ဟုတ်ပေသည်။ ဤနတ်နယ်မြေသည် နတ်ဆိုးဂိုဏ်းတော့ မဟုတ်ချေ။ သို့ပေမဲ့ ကောင်းမွန်လှသည့်လူများလည်း မဟုတ်ပေ။
ယန်ရှို၏ နားလည်မှုအရဆိုလျှင် ထျန်းကန်ဂိုဏ်း၌ သူတော်စင်နှစ်ယောက်သာလျှင် ရှိ၏။ ထိုသူတော်စင် နှစ်ယောက်ကို ကြည့်ရှုရသည်မှာလည်း ပြဿနာ အနည်းငယ် ရှိနေပုံပင်။
အဘယ်ကြောင့်ဆိုသော် ယခင်တုန်းက ထိုသူတော်စင် နှစ်ယောက်သည် ထိုက်ချူးနတ်အရှင်၏ စိန်ခေါ်ခြင်းကို ခံခဲ့ရသည်။ ပိုမိုကာ အံ့အားသင့် စေသည်မှာ ထိုက်ချူးနတ်အရှင်သည် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် သာ ဖြစ်သော်လည်း နှစ်ယောက်လုံးကို လူမှန်းသူမှန်း မသိအောင်ပင် ရိုက်နှက်ခဲ့သေး၏။ ဤအမှတ်မထင်ကိစ္စ ဖြစ်ပွားပြီးသည့်နောက် သိုင်းကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် ရယ်သွမ်းဖွဲ့ရသည်ထိပင် ဖြစ်ခဲ့၏။
ခမ်းနားထည်ဝါလှသော သူတော်စင်များသည် အဘယ်ကြောင့် အောက်အဆင့်၌ တည်ရှိနေသည့် ကျင့်ကြံသူ တစ်ယောက်၏ စိန်ခေါ်ကာ ရိုက်နှက်ခြင်းကို ခံခဲ့ရသနည်း။ ဖြစ်နိုင်သည်မှာ ၎င်းတို့နှစ်ယောက်သည် ပါရမီရှင် သူတော်စင်နှစ်ယောက် မဟုတ်သောကြောင့်ပင်။ အားအင်အဆင့်မှာ သူတော်စင်နှင့် အလွန်အလှမ်းဝေးလှသည့် တည်နေရာတွင် တည်ရှိနေလိမ့်မည်။
ရောင်စဉ်အလင်းနတ်နယ်မြေ၏ နောက်ခံ တည်ရှိနေသည်သာ မဟုတ်ပါက ထိုဂိုဏ်းသည် အစောကြီးကတည်းက ပျောက်ကွယ်သွားမှာ သေချာ၏။
ဤဂိုဏ်းထဲ၌ သူတော်စင်တစ်ယောက် ဖြစ်လာနိုင်မည့် နည်းလမ်းရှိသည်ဟု စီနီယာက ပြောဆိုနေသည်ဆိုသောကြောင့် ယန်ရှိုသည် အနည်းငယ်တော့ ဘဝင်မကျ ဖြစ်လို့နေသည်။ ဤဂိုဏ်းထဲ၌ သူတော်စင်တစ်ယောက် ဖြစ်ခဲ့သည်ဆိုလျှင်တောင်မှ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင်မှ အနိုင်မယူနိုင်ခဲ့ပေ။
“မှန်တယ်။ ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ထျန်းကန်ဂိုဏ်းပဲလေ” လီယွင်က ပြောလိုက်သည်။
“စီနီယာ.. စီနီယာ ကျုပ်ကို လှည့်စားနေတာတော့ မဟုတ်ပါဘူးနော်”
ယန်ရှိုက တီးတိုးရေရွတ်လိုက်၏။ တခြား နတ်နယ်မြေများကို ပြောဆိုသည်ဆိုပါက သူယုံကြည်ကောင်း ယုံကြည်ပေလိမ့်မည်။ သို့ပေမဲ့ ထျန်းကန်ဂိုဏ်း ဆိုသည်မှာတော့ သူ မယုံကြည်နိုင်ပေ။
“ရောင်စဉ်အလင်းနတ်အရှင်က လင်းမင်ဆိုတဲ့ ကျင့်ကြံသူကို ကောင်းကင်နဲ့မြေပြင် သန့်စင်ခြင်းဆေးလုံးကို ထျန်းကန်ဂိုဏ်းဆီ သွားပေးခိုင်းခဲ့တယ်လေ။ ခင်ဗျားရဲ့ အားအင်အဆင့်အရဆိုရင် ဒီဆေးလုံးရဲ့ နာမည်ကို ကြားဖူးပြီးသား ဖြစ်မှာပေါ့။ ဒီတော့ ကျုပ်အနေနဲ့ ဒီအရာရဲ့ တန်ဖိုးကြီးမားမှုကို သေသေချာချာ ရှင်းလင်း မပြောတော့ဘူး” လီယွင်သည် ပြောနေရင်းမှ ရပ်တန့်လိုက်၏။
“ကောင်းကင်နဲ့မြေပြင် သန့်စင်ခြင်းဆေးလုံး ဟုတ်လား” ယန်ရှိုသည် ထအော်လိုက်မိ၏။ ဤအရာသည် ရောင်စဉ် အလင်းနတ်နယ်မြေ၏ တကယ့် သီးသန့်ဆေးလုံးတစ်ခုသာဖြစ်၏။ ပြင်ပတွင် တည်ရှိနေသည်ဆိုသော်လည်း ထိုအရာ၏ ဈေးနှုန်းသည် မိုးထက်ပင် မြင့်မားလွန်းလှ၏။ သူ့အနေနှင့် ဝယ်ယူ၍ ရရှိနိုင်သည့်အရာမျိုး မဟုတ်ချေ။
“ဟုတ်တယ်”
လီယွင်သည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို အသာပစ်ပေးကာ ပြောလိုက်၏။ “ဒီမှာ ထျန်းကန်ဂိုဏ်းရဲ့ တောင်ကာကွယ်ခြင်းအစီအရင်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းရှိတယ်။ ခင်ဗျား သွားမလား၊ မသွားဘူးလား ဆိုတာကတော့ ခင်ဗျားရဲ့ တစ်ကိုယ်ရေတစ်ကာယ ရွေးချယ်မှုပဲ”
“စီနီယာ... ဂိုဏ်းတစ်ခုရဲ့ အကာအကွယ်အစီအရင်ကို ချိုးဖြတ်မယ့် နည်းလမ်းကို ဘယ်လိုဖြစ်ပြီး ရလာရတာလဲ”
ယန်ရှိုသည် သူ၏လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို လှမ်းကာကြည့်ရှုလိုက်၏။ ပထမတုန်းက သူသည် အလိမ်ခံနေရသည်ဟု ခံစားနေမိ၏။ သို့ပေမဲ့ တကယ်တမ်းဖြစ်နေသည်ကို မြင်ရသည့်အချိန်မှတော့ အတွေးနက်နေမိ၏။ ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် တွေ့ကြုံနေရခြင်း ဖြစ်သည် ဆိုသော်လည်း အစစ်အမှန်ဖြစ်လို့နေခဲ့၏။ လက်ထဲက ကျောက်စိမ်းပြားနှင့်သာဆိုပါက ထျန်းကန်ဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးဖို့ ဆိုသည်မှာ လွယ်ကူလွန်းလှသည်။
“စီနီယာ ကျုပ်သာမှန်မယ်ဆိုရင် ထျန်းကန်ဂိုဏ်းက အရမ်းကို အားကောင်းတာ မဟုတ်ဘူးဆိုပေမဲ့ သူတို့ရဲ့ တောင်ကာကွယ်ခြင်းအစီအရင်က သူတော်စင်အဆင့် အစီအရင်တစ်ခု ဟုတ်တယ်မလား” ယန်ရှိုက မေးမြန်းလိုက်၏။ သူ၏ စိတ်ထဲတွင် ရူးသွပ်လှသည့် အကြံအစည်များ ဖြစ်ပေါ်လာခဲ့၏။
“ဟုတ်တယ်။ တကယ့်ကို သူတော်စင်အဆင့်ပဲ”
လီယွင် ခေါင်းညိတ်လိုက်၏။ နတ်နယ်မြေတစ်ခုကို သူတော်စင် အစီအရင်တစ်ခု ကာကွယ်ထားခြင်း ဆိုသည်မှာ လုံလောက်လှသည် မဟုတ်ပေ။ သို့ပေမဲ့ ဂိုဏ်းငယ်လေးတစ်ခုကို ကာကွယ်ထားသည်ဆိုသည်မှာတော့ လုံလောက်တာထက်ပင် ပို၍နေသည်။
လီယွင်၏ ပြန်လည်ပြောဆိုမှုကို ကြားရသည့်အချိန်မှာတော့ ယန်ရှို၏ မျက်လုံးများသည် လင်းလက်သွား၏။ ယခင် သူတော်စင်ဖြစ်သည့် အခွင့်အရေးနှင့် တူညီလို့နေ၏။ စီနီယာသည် ချက်ချင်းဆိုသလိုပဲ အစီအရင် ချိုးဖြတ်သည့် နည်းလမ်းကို ထုတ်ဖော်ကာ ပြသခဲ့၏။ ထျန်းကန်ဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်လေးသည် စီနီယာ၏ မျက်လုံးထဲတွင် ဘာမှ မဟုတ်ချေ။
“သူတော်စင်အဆင့် အစီအရင်က စီနီယာရဲ့ မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူးကိုး။ နတ်နယ်မြေတစ်ခုရဲ့ အကာအကွယ် အစီအရင်ဆိုတာ ဘာလဲ” ယန်ရှို၏ စိတ်ထဲတွင် အကြံအစည်တစ်ခု ပေါ်ပေါက်လာခဲ့၏။ သူသည် မထိန်းချုပ်နိုင်အောင်ဘဲ ဖြစ်မိနေ၏။ သူတော်စင်ဖြစ်ရန် အတွေးသည်ပင်လျှင် ခဏတာ ရပ်တန့်သွားခဲ့၏။ သူ၏ မျက်လုံးထဲတွင် ကြမ်းတမ်းလှသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့၏။
“စီနီယာ... ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ တောင်ကာကွယ်ခြင်း အစီအရင်ကို ချိုးဖြတ်ဖို့ နည်းလမ်း ရှိလား မေးချင်ပါတယ်”
လက်ရှိလောကတွင် ကြီးမားလှသည့် ဂိုဏ်း အချင်းချင်း အဘယ့်ကြောင်း တိုက်ခိုက်ခြင်း မပြုကြသနည်း။ ရောင်စဉ်အလင်းနတ်နယ်မြေကို ဥပမာ ပြုရမည်ဆိုလျှင် ၎င်းတို့၏ တောင်ကာကွယ်ခြင်းအစီအရင်သည် အင်ပါယာ အဆင့် အစီအရင်တစ်ခုဖြစ်နေသောကြောင့်ပင်။
ဤနေရာတွင် ထိုကဲ့သို့သော အစီအရင်မျိုး တည်ရှိနေသည် ဖြစ်သောကြောင့် ရောင်စဉ်အလင်း နတ်နယ်မြေသည် သက်တောင့်သက်သာ နေထိုင်နိုင်စွမ်းရှိနေ၏။ သူတို့သည် ထိုအစီအရင်ကြီးကို ခဏတာ ပိတ်ပင်တတ်သည် ဆိုသော်လည်း မည်သူမှသည် အစီအရင် အကာအကွယ်ထဲသို့ ဝင်ရောက်ရဲခြင်း မရှိကြချေ။
သို့ပေမဲ့ ၎င်းတို့၏ အစီအရင်ကို ချိုးဖြတ်နိုင်သည့် နည်းလမ်းသာ သူ၏လက်ထဲတွင် ရှိနေသည်ဆိုပါက မတူညီသည့် ဇာတ်ကြောင်းများ ဖြစ်သွားပေလိမ့်မည်။
ဆိုလိုသည်မှာ အစောင့်အကြပ်၊ ခံတပ် လုံးဝမရှိသည့် နတ်နယ်မြေကြီးတစ်ခုကဲ့သို့ အသွင်ပြောင်းသွားမှာ ဖြစ်၏။ ထိုသို့ဆိုလျှင် များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးတို့အတွက် သွားရည်ယိုချင်စရာပင်။ နေ့စဉ်နေ့တိုင်း ပျက်စီးမည့် အခြေအနေမျိုး ဖြစ်တည်လာပေလိမ့်မည်။
ကွာစီအင်ပါယာတစ်ယောက် အထဲတွင် နေထိုင်နေသော ရောင်စဉ်အလင်းနတ်နယ်မြေအား ဂိုဏ်းတစ်ခုတည်း ဖျက်စီး၍ မရနိုင်ပေ။ ဂိုဏ်းပေါင်းများစွာတို့ ပူးပေါင်းကာ ဖျက်ဆီးမည်ဆိုလျှင် မည်သို့ ဖြစ်မည်နည်း။ မည်သူကကော ခုခံနိုင်မည်နည်း။