အပိုင်း (၆၉)
Vol. 5 Ch. 69
“အမ်” လီယွင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။ သူ ထိုအရာကို မစဉ်းစားမိချေ။
ဤယန်ရှိုသည် တကယ့်ပင် တွေးတောဆင်ခြင်တတ်သူတစ်ယောက်ဟု ပြောဆိုရပေမည်။ လက်ရှိအခြေအနေမှာတော့ သူတော်စင် ပင် မဖြစ်သေးချေ။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ်နယ်မြေကိုပင် မျက်စိကျလျက်ရှိ၏။
လီယွင်သည် ရောင်စဉ်အလင်းနတ်နယ်မြေ အပေါ်တွင် သဘောမကျသည့် စိတ်ဆန္ဒများ တည်ရှိနေ၏။ အထူးသဖြင့် တစ်ဖက်လူသည် လူများကို စေလွှတ်ကာဖြင့် သူ့အား ဖမ်းဆီးရန် ကြိုးစားခဲ့ဖူးသည်။
မည်သို့ပင်ဆိုစေကာမူ ရောင်စဉ်အလင်းနတ်နယ်မြေဆိုသည်မှာ အလွန် အားကောင်းလှသည့် လူများ တည်ရှိနေသည့် နေရာဖြစ်ကြောင်း တော့ မငြင်းပယ်နိုင်ချေ။
၎င်းတို့၌ ကွာစီအင်ပါယာတစ်ယောက်ရှိသည်။ အင်ပါရီယာ လက်နက်များလည်းရှိပြီး အင်ပါရီယာ ကျမ်းစာများ လည်းရှိ၏။ ထိုကဲ့သို့သော အရည်အချင်းသည် အစစ်အမှန် တော်ဝင်အင်ပါယာတစ်ယောက် မပါဝင်ပါက များပြားလှသော နတ်နယ်မြေများ စုပေါင်းကာ တိုက်ခိုက်မည် ဆိုလျှင်တောင်မှ ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ရောင်စဉ်အလင်းနတ်နယ်မြေအား ယှဉ်ပြိုင်နိုင်ဖို့ ဆိုသည်မှာတော့ အရိုးသားဆုံး ပြောရမည်ဆိုလျှင် .......
လီယွင်သည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အခွင့်အရေး ရရှိလိမ့်မည်ဟုပင် မထင်ချေ။
“ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ စီစဉ်နေတာလား” လီယွင်က မေးမြန်းလိုက်သည်။
“ကျုပ် စိတ်ဝင်တစားနဲ့ မေးကြည့်ရုံပါပဲ” ယန်ရှိုက ရယ်ကာ ပြောလိုက်၏။ သူ၏ အစစ်အမှန် အတွေးများကို ဖုံးကွယ်ရန် ကြိုးစားခဲ့၏။
“ကျုပ် အရင်တုန်းက ပြောသလိုပဲ။ ဈေးနှုန်းကသာ မှန်ကန်မယ်ဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ဘာမဆို ဝယ်လို့ရတယ်။ နားလည်တယ်မလား။ ကျုပ်ပြောတဲ့ အရာတွေကို” လီယွင်သည် ထပ်မံကာ အတည်ပြု ပြောဆိုလိုက်သည်။
“နားလည်ပါပြီ”
ယန်ရှိုက ခေါင်းညိတ်လိုက်၏။ လက်ရှိအချိန်မှာတော့ သူသည် အတည်ပြုပြီးသားဖြစ်၏။ စီနီယာ သည် အမှန်ပင် ရောင်စဉ်အလင်းနတ်နယ်မြေ၏ တောင်ကာကွယ်ခြင်းအစီအရင်ကို ချိုးဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်လျက် ရှိနေ၏။
“စီနီယာ”
ယန်ရှိုသည် သူ၏ သိုလှောင်လက်စွပ်ကို ထုတ်ယူကာဖြင့် ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။ “သတင်း အချက်အလက်တစ်ခုကို ထပ်ပြီးတော့ ဝယ်ချင်လို့ပါ”
“အင်း”
လီယွင်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။ “ဘယ်သတင်း အချက်အလက်လဲ”
“ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ ကွာစီအင်ပါယာ ဘယ်နေရာမှာ ရှိလဲဆိုတဲ့အကြောင်းပါ”
ယန်ရှို၏ စကားလုံး များသည် တိကျခိုင်မာလွန်းလှ၏။ ဤတစ်ကြိမ်တွင် သူသည် တန်ဖိုးကြီးမားသည့် အရာတော်တော်များများကို ရယူခဲ့ပြီးဖြစ်၏။ မူလအားဖြင့် အခွင့်အရေးကို အရယူနိုင်သည့် တည်နေရာမျိုးကို ဝယ်ယူရန် လိုအပ်၏။ တခြားသော သူများ မဝင်ရောက်သေးသည့် သူတော်စင်အဆင့် အခွင့်အရေးများကို ဝယ်ယူရန်ပင် သူက စဉ်းစားခဲ့၏။
သို့ပေမဲ့ မထင်မှတ်ထားလောက်ပဲ နတ်အဆင့်ပစ္စည်းသုံးခုတည်းသာလျှင် သူ့အတွက် ကုန်ကျခဲ့၏။ ထို့ကြောင့် သူသည် ကျန်သည့်ပစ္စည်းများအားလုံးကို အသုံးပြုကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ရှိနေသည့် တခြားသော သူများ၏ လျှို့ဝှက်ချက်များကို ဝယ်ယူရန် စဉ်းစားခဲ့ခြင်းပင်။
ရောင်စဉ်အလင်းနတ်နယ်မြေ၏ တောင်ကာကွယ်ခြင်းအစီအရင်ကို ချိုးဖြတ်သည့် နည်းလမ်းကို ဝယ်ယူနိုင်မလား ဆိုသည်ကို သူ သေချာမသိပေ။ ကွာစီအင်ပါယာ၏ တည်နေရာကို စုံစမ်းရန်တော့ တက်နိုင်မည်ဟု သူက ထင်မှတ်ထားသည်။ ထို့အပြင် တည်နေရာတစ်ခုတည်းသာဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ရှိနေသည့် သတင်းအချက်အလက်များသည် ယုံကြည်ရ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ၎င်း၏ ဖောက်သည်ကို ဘယ်တော့မှ မလိမ်ညာပေ။
“ကွာစီအင်ပါယာရဲ့ တည်နေရာလား”
လီယွင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ သူသည် ယန်ရှို၏ ကိုယ်ရေးအကျဉ်းကို ရုတ်တရက် လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် အခြေအနေကို ချက်ချင်းနားလည်သွားမိ၏။ “ဒီလူက တကယ့်ကို လေးနက်တာပဲ။ ဟာသလုပ်နေတာ မဟုတ်ဘူး”
လက်ရှိအခြေအနေမှာတော့ ယန်ရှို၏ အစစ်အမှန် သဘာဝသည် ပေါ်ပေါက်လာခဲ့တော့၏။ နတ်ဆိုး ကျင့်ကြံသူ များအားလုံးသည် အေးစက်ပြီး ကြမ်းတမ်းရက်စက်လွန်းလှ၏။ အကျိုးအမြတ်အတွက်ဆိုလျှင် ဘာမဆိုကို ပြုလုပ်နိုင်သည်။
ရောင်စဉ်အလင်းနတ်နယ်မြေကို ဖြေရှင်းနိုင်မည့် အခွင့်အရေးကို ရရှိနေပြီဆိုမှတော့ လီယွင်သည် တစ်ဖက်လူကို ကူညီရန် စိတ်ဆုံးဖြတ်လိုက်၏။ ထို့အပြင် သူ့အနေနှင့် ဆုံးရှုံးစရာ တစ်ခုမှလည်း မရှိချေ။
“ဒါက ကိစ္စသေးသေးလေးပါပဲ”
လီယွင်က ပြောလိုက်သည်။ သူက မေးမြန်းလိုက်သည်။ “စနစ်... ကောင်းကင် လျှို့ဝှက်နန်းဆောင်အနေနဲ့ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ ကွာစီအင်ပါယာ ဘယ်မှာရှိလဲဆိုတာ စုံစမ်းဖို့ ကောင်းကင်လျှို့ဝှက်အမှတ် ဘယ်လောက်လိုမလဲ”
[ဒင်... ကွာစီအင်ပါယာ မည်သည့်နေရာတွင် ရှိသည်ကို စုံစမ်းရန် ကောင်းကင်လျှို့ဝှက်အမှတ် တစ်သောင်းတိတိ လိုအပ်၏]
“တစ်သောင်းတောင်လား”
လီယွင်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ ကွာစီအင်ပါယာဆိုသည်မှာ တကယ်ပင် ဂုဏ်ပုဒ်နှင့် ထိုက်တန်သူတစ်ယောက်ဖြစ်၏။ ၎င်း၏ တည်နေရာကို စုံစမ်းရုံကပင် ဤမျှလောက် ကုန်ကျ၏။ သတင်း အချက်အလက် အားလုံးကို စုံစမ်းမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်အမှတ် မည်မျှ ကုန်ကျမည်မှန်း မသိနိုင်ပေ။
“အင်း.. စုံစမ်းမယ်” လီယွင်သည် စိတ်ထဲမှ ပြောလိုက်၏။
[ဒင်... စုံစမ်းမှု အောင်မြင်သည်]
[နာမည် - လင်းရှောင်]
[လက်ရှိတည်နေရာ - ရှုပ်ထွေးကြယ်ပင်လယ်။ အင်ပါယာ ဖြစ်လာရန် အခွင့်အရေးကို ရှာဖွေလျက်ရှိ၏]
“လင်းရှောင် ဟုတ်လား။ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ ကွာစီအင်ပါယာ နာမည် ဖြစ်နိုင်တယ်” လီယွင်က တွေးလိုက်၏။ သူ့အား ပိုမို၍ အံ့အားသင့်စရာ ဖြစ်စေသည်မှာ လင်းရှောင်သည် ရောင်စဉ်အလင်းနတ်နယ်မြေ ထဲတွင် ရှိမနေခြင်းပင်။ သူသည် ရှုပ်ထွေးကြယ်ပင်လယ်ထဲသို့ ရောက်ရှိနေ၏။ ထိုအရာသည် အခွင့်အရးတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။
ကွာစီအင်ပါယာသည် အင်ပါရီယာ လက်နက်ကို အသုံးပြုသည့်အချိန်တွင် မတူညီသည့် တိုက်ခိုက်စွမ်းရည်များကို ထုတ်ဖော်နိုင်စွမ်းရှိ၏။ လက်ရှိအချိန်မှာတော့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ရောင်စဉ်အလင်းနတ်နယ်မြေကို တိုက်ခိုက်သည်ဆိုပါက ၎င်းတို့အနေဖြင့် တကယ်ပင် စိန်ခေါ်စရာ ဖြစ်ပေလိမ့်မည်။ အကုန်လုံးကို ဖြေရှင်းနိုင်သည် ဆိုလျှင်တောင်မှ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့ ကြုံရမှာ သေချာ၏။
“ကွာစီအင်ပါယာ တည်နေရာအပြင် သူတော်စင်ဖြစ်လာဖို့ အခွင့်အရေးကလည်း ပါသေးတယ်။ ဒီတော့ စုစုပေါင်း နတ်အဆင့်လက်နက်ပစ္စည်း ခြောက်ခု” လီယွင်သည် သူ၏အကြည့်များကို ရုတ်သိမ်းကာ တီးတိုး ပြောလိုက်သည်။
“ဈေးပေါလိုက်တာ”
ယန်ရှိုသည် မျက်ခုံးကိုပင့်ကာ ပြုံးလိုက်၏။ ဤတစ်ကြိမ်တွင် သူသည် များပြားလှသည့် ပမာဏကို အသုံးပြုရမည်ဟု တွေးတောခဲ့၏။ သို့ပေမဲ့ ကုန်ကျစရိတ်သည် သူခန့်မှန်းထားသည်ထက် ပိုမိုကာ နိမ့်ကျလို့နေ၏။ ကွာစီအင်ပါယာ မည်သည့်နေရာတွင် ရှိသည်ဆိုသည့် သတင်းအချက်အလက်ကိုပင် ရယူနိုင်စွမ်း ရှိသေး၏။
“ကွာစီအင်ပါယာ ရောင်စဉ်အလင်းနတ်နယ်မြေမှာ မရှိဘူးလို့ မျှော်လင့်မိတယ်”
ယန်ရှိုက တွေးလိုက်မိ၏။ လက်ကို ယမ်းခါလိုက်ပြီးသည့်နောက် သူသည် နတ်အဆင့် လက်နက်သုံးခုနှင့် နတ်အဆင့် စိတ်ဝိညာဉ်ဆေးပင် သုံးခုကို ထုတ်ယူလိုက်သည်။
“ခင်ဗျား ခန့်မှန်းတာ အမှန်ပဲ”
လီယွင်သည် လက်ကိုဝှေ့ယမ်းလိုက်၏။ ပြီးသည့်နောက် သူ၏အရှေ့တွင် ရှိနေသော နတ်အဆင့်ပစ္စည်းများ အားလုံးကို သိမ်းယူကာ ပြောလိုက်၏။ “လင်းရှောင်က လက်ရှိအချိန်မှာ ရှုပ်ထွေးကြယ် ပင်လယ်ကို ရောက်နေတယ်။ သူက အင်ပါယာဖြစ်ဖို့ အခွင့်အလမ်းကို ရှာဖွေနေတာပဲ”
“ရှုပ်ထွေးကြယ်ပင်လယ် ဟုတ်လား”
ယန်ရှို၏ နှလုံးသားတစ်ခုလုံးသည် ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွား၏။ ထိုတည်နေရာသည် တားမြစ်တည်နေရာတစ်ခုအဖြစ် ကျော်ကြားလွန်းလှပြီး အလွန်အန္တရာယ်များလှသည့် တည်နေရာဖြစ်သည်။
တော်ဝင်အင်ပါယာများပင်လျှင် ထိုအထဲသို့ ဝင်ရောက်သည်ဆိုပါက ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရရှိနိုင်၏။ ကွာစီအင်ပါယာတစ်ယောက်အတွက် ထိုအထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှ အသက်ကို စတေးကာဖြင့် စွန့်စားနေခြင်း ဖြစ်ပေလိမ့်မည်။
ထို့အပြင် ရှုပ်ထွေးကြယ်ပင်လယ် ဆိုသည်မှာ ရောင်စဉ်အလင်းနတ်မြေနှင့် အလွန် ဝေးကွာလှသည့် တည်နေရာတွင် တည်ရှိနေ၏။ ကွာစီအင်ပါယာအနေဖြင့် အချိန်တို အတိုင်းအတာအတွင်း ပြန်လာနိုင်လိမ့်မည် မဟုတ်ချေ။ ရောင်စဉ်အလင်းနတ်မြေသည်သာ တိုက်ခိုက်ခံနေရသည်ဆိုပါက ဤသတင်း ပျံ့နှံ့သွားသည် ဆိုလျှင်တောင် လင်းရှောင်ပြန်လာမည်ဆိုလျှင် ရောက်သည်နှင့် အရာအားလုံး ပွဲပြီးသွားတာမျိုး ဖြစ်နိုင်၏။
“တကယ့်ကို အခွင့်အရေးကောင်းကြီးပဲ”
ယန်ရှို၏ မျက်လုံးများသည် တောက်ပသွား၏။ သူ၏နှလုံးခုန်သံများသည် မြန်ဆန်လာခဲ့သည်။ လက်ရှိအခြေအနေမှာတော့ အစီအရင် ချိုးဖြတ်ခြင်းနည်းလမ်း တစ်ခုတည်းသာ သူ လိုအပ်တော့၏။ ထိုအရာကို ရရှိရန် သူ၏ လက်ရှိပိုင်ဆိုင်မှုများ အားလုံးကို အသုံးပြုရမည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။
ယန်ရှို၏ အားတက်သရော အမူအရာကို မြင်ရပြီးသည့်နောက် လီယွင်သည် ချောင်းဟမ့်ကာဖြင့် ၎င်း၏ စိတ်ကူးများကို ဖြတ်လိုက်၏။ ပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို လှမ်းပစ်ပေးကာဖြင့် ပြောလိုက်၏။ “ကောင်းကင်နဲ့မြေကြီး သန့်စင်ခြင်းဆေးလုံးက ထျန်းကျန်ဂိုဏ်းဆီကို ရောက်တော့မယ်။ ဆယ့်သုံးရက် ကြာပြီးရင် ထျန်းကန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သူတော်စင် ဖြစ်လာလိမ့်မယ်။ ခင်ဗျား အချိန် သိပ်မရှိတော့ဘူး”
“ကောင်းပါပြီ၊ ကောင်းပါပြီ”
ယန်ရှိုသည် သတိပြန်ဝင်လာခဲ့၏။ သူက ပြောလိုက်သည်။ “အဓိကအကြောင်းကို မေ့တော့မလို့။ အချိန်က သိပ်မရှိတော့ဘူး။ ဂျူနီယာ သွားလိုက်ပါအုံးမယ်”
ယန်ရှိုသည် လျင်လျင်မြန်မြန်ဖြင့် ထျန်းကန်ဂိုဏ်း တည်ရှိရာ နေရာဆီသို့ လှမ်းသွားခဲ့၏။
“ယန်ရှိုရဲ့ ပြုမူဆောင်ရွက်ပုံကို သုံးသပ်ရမယ်ဆိုရင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ငါတွေးထားသလောက် အားမနည်းလောက်ဘူး” ယန်ရှို ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း သူသည် တီးတိုးရေရွတ်လိုက်မိသည်။
ရောင်စဉ်အလင်းနတ်မြေကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန်ဆိုသည်မှာ လုံလောက်သည့် အားအင်အဆင့် မရှိဘဲ ပြုလုပ်၍ရသည့် အရာမျိုး မဟုတ်ပေ။ ဥပမာအားဖြင့် တော်ဝင်ဓားဂိုဏ်းပင်။
ယန်ရှိုသည် ဘာလုပ်မည်။ ဘာကိုင်မည် ဆိုသည်ကို ပြောဆိုမသွားခဲ့ချေ။ သို့ပေမဲ့ ၎င်း၏ သွင်ပြင်မူရာကို ကြည့်ရှုလိုက်သည်နှင့် ဘာလုပ်မည် ဆိုသည်ကို ချက်ချင်း နားလည်နိုင်၏။
သူက စနစ်ကို ဖွင့်ကာဖြင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအကြောင်းကို ကြည့်ရှုလိုက်၏။ ထိုအရာအတွက် ပေးဆပ်ရမည့် တန်ဖိုးသည် ကောင်းကင်လျှို့ဝှက်အမှတ် တစ်သန်းပင် ဖြစ်လို့နေခဲ့သည်။ ဈေးနှုန်းကို မြင်ရသည့် အချိန်မှာတော့ လီယွင်သည် သွားကိုက်သလိုပင် ခံစားလိုက်မိသည်။
သူသည် သက်ပြင်းချပြီးသည့်နောက် နတ်အဆင့် ပစ္စည်းခြောက်မျိုးနှင့် ကောင်းကင်လျှို့ဝှက်အမှတ်များကို လဲလှယ်လိုက်၏။ သူ၏ ကောင်းကင် လျှို့ဝှက်အမှတ်မှာ လေးသောင်းကျော်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။