← Chapters

အပိုင်း (၇၀)

Vol. 5 Ch. 70

အပိုင်း (၇၀)

Vol. 5 Ch. 70

ရက်အနည်းငယ် ကြာပြီးသည့်နောက် ထျန်းကန်ဂိုဏ်း၏ တောင်ဂိတ်တံခါး အရှေ့တွင် တပည့်နှစ်ယောက်တို့သည် ဘေးချင်းကပ် မတ်တပ်ရပ်လျက်ရှိသည်။ တစ်ယောက်သည် အရပ်ရှည်ရှည်နှင့်ဖြစ်ပြီး တစ်ယောက်မှာတော့ အရပ်ပုပုနှင့်ပင်။

“စီနီယာအစ်ကို”

အရပ်ပုပုနှင့်တပည့်သည် သတိအပြည့်ဖြင့် ကြည့်ရှုလျက် ရှိနေသည်။ ပြီးသည့်နောက် စိုးရိမ် ပူပန်စွာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်က ဒီတစ်ကြိမ်မှာ သူတော်စင် ဖြစ်လာနိုင်မယ်လို့ ထင်လား”

“ဘယ်လိုလုပ် သိမှာလဲ”

အရပ်ရှည်ရှည်နှင့်တပည့်၏ မျက်လုံးများသည် ချာချာလည်သွားသည်။ သူသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒါပေမဲ့ ရောင်စဉ်အလင်းနတ်နယ်မြေက ပေးပို့လိုက်တဲ့ နတ်ဘုရားဆေးလုံးနဲ့ ဆိုရင် ဂိုဏ်းချုပ်က ကျိန်းသေပေါက် သူတော်စင်တစ်ယောက် ဖြစ်လာနိုင်မှာပဲ။ ဂိုဏ်းချုပ်သာ သူတော်စင် တစ်ယောက် ဖြစ်မလာဘူးဆိုရင် ငါတို့ ထျန်းကန်ဂိုဏ်းက တကယ့်ကို ပြဿနာ တက်ပြီပဲ”

သူတော်စင်အဆင့် ဘိုးဘေးနှစ်ယောက်သည် တစ်ရက်တည်းမှာပဲ သေဆုံးသွားခဲ့သည်။ ထိုအရာသည် ဂိုဏ်းတစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့၏။ ရောင်စဉ်အလင်းနတ်နယ်မြေသာ ကောင်းကင်နှင့်မြေကြီး သန့်စင်ခြင်းဆေးလုံးကို ပေးပို့သည်သာ မဟုတ်ပါက သူတို့သည် ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိသွားမှာ သေချာသည်။

ထို့အပြင် ရောင်စဉ်အလင်းနတ်နယ်မြေ၏ မျက်လုံးထဲတွင် ထျန်းကန်ဂိုဏ်း၏ တည်ရှိမှုသည် တဖြည်းဖြည်း မှေးမှိန်သွားပေလိမ့်မည်။ ရောင်စဉ်အလင်းနတ်နယ်မြေသည်သာ ၎င်းတို့၏ ကာကွယ်ပေးမှုကို ရပ်တန့်လိုက်မည် ဆိုပါက ထျန်းကန်ဂိုဏ်းအနေနှင့် မည်မျှဆိုးရွားလှသည့် ကံကြမ္မာများကို ရင်ဆိုင်ရမည် ဆိုသည်ကို မည်သူက သိရှိနိုင်တော့မည်နည်း။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတွင်း ဂိုဏ်းသည် အလွန်ပဲ မောက်မာခဲ့၏။ ထို့ကြောင့် များပြားလှသည့် လူများနှင့် ရန်သူများ ဖြစ်ခဲ့၏။ ထိုရန်သူများသည်သာ သူတို့အား ကာကွယ်ထားသည့် ထီးကြီးတစ်ခု ပျောက်ကွယ် သွားသည်ကိုသာ သိရှိသည်ဆိုပါက ကျိန်းသေပေါက် အခွင့်အရေးကို အရယူပေလိမ့်မည်။ သူတော်စင်အဆင့် အစီအရင်ဆိုသည်မှာ အားလုံးသော သူများကို တားဆီးထားရန်အတွက် လုံလောက်သည့်အရာ မဟုတ်ချေ။

“ဂိုဏ်းချုပ်က အရင်တုန်းက ပါရမီရှင် ဖြစ်ခဲ့ဖူးတာပဲ။ သူက သူတော်စင်ဖြစ်လာဖို့အတွက် ပြဿနာ မရှိလောက် ပါဘူး။ ဒီတလောအတွင်း အခြေအနေလေးကပဲ ငါတို့ကို ပြဿနာများစေမှာလေ” အရပ်ရှည်ရှည်နှင့် တပည့်သည် မျက်မှောင်ကုတ်ကာဖြင့် တီးတိုးပြောလိုက်၏။

“တကယ်လို့ သူတော်စင် ဖြစ်မလာဘူးဆိုရင် ......”

အရပ်ပုပုနှင့် တပည့်သည် ပတ်ဝန်းကျင် တည်နေရာများကို ကျီးလန့်စာစား ကြည့်ရှုလိုက်၏။ ပုံမှန်မဟုတ်သည့် ထူးခြားသည့်အရာကို ဘာတစ်ခုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ သူသည် သက်ပြင်းချကာ ပြောလိုက်သည်။ “ရောင်စဉ်အလင်းနတ်နယ်မြေက ထျန်းကန်ဂိုဏ်းကို တန်ဖိုးထားအုံးမှာလား”

“အင်း.. မင်း နားမလည်သေးဘူး”

အရပ်ရှည်ရှည်နှင့်လူက နှာခေါင်းရှုံ့ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “ဂိုဏ်းချုပ်သာ သူတော်စင် ဖြစ်မလာဘူးဆိုရင် ရောင်စဉ်အလင်းနတ်နယ်မြေက သူတို့ရဲ့ နတ်ဘုရားဆေးလုံးကို ဆုံးရှုံးသွားခဲ့ပြီ။ ဒီတော့ သူတို့ ထျန်းကန်ဂိုဏ်းကို မျက်လုံးထဲ ထည့်တွက်တော့မှာ မဟုတ်ဘူး။ ပြဿနာ လာမရှာရင်တောင်မှာ တော်တော်ကြီး ကံကောင်းနေပြီလေ။ ဘာကိစ္စ ငါတို့ကို ကာကွယ်ပေးတော့မှာလဲ”

“အင်း”

အရပ်ပုပုနှင့်တပည့်၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် အေးခဲသွားခဲ့တော့၏။ ကျင့်ကြံခြင်းလောကသည် ဤမျှ ရက်စက်လိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ အခြေအနေတစ်ခုလုံး ပြောင်းလဲသွားခြင်းဆိုသည်မှာ စာရွက် တစ်ရွက်ကို လှန်လိုက်သည်ထက်ပင် ပိုမိုကာ မြန်ဆန်လွန်းလှသည်။

နှစ်ယောက်သား အလာပသလာပ ပြောဆိုလျက် ရှိနေတုန်းမှာပဲ အမဲရောင်မြူတစ်ခုသည် အဝေးတောင်တစ်ခုဆီမှ ၎င်းတို့ဆီသို့ ရွေ့လျားလာခဲ့၏။ ပြီးနောက် ၎င်းတို့ကို ကျော်ဖြတ်သွားခဲ့သည်။ ပတ်ဝန်းကျင်တည်နေရာရှိ အပူချိန်သည် သတိထားမိလောက်အောင် လျော့ကျသွားသည်ဆိုလျှင်တောင်မှ ဤတပည့် နှစ်ယောက်တို့သည် သတိမပြုမိခဲ့ကြချေ။

အမဲရောင်မြူသည် အစီအရင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ယန်ရှိုအဖြစ် ဖြစ်တည်လာခဲ့၏။ ၎င်းသည် အနောက်ဘက်တွင် ရှိနေသည့် တပည့်နှစ်ယောက်ကို လှမ်းကြည့်ကာဖြင့် ပြုံးလိုက်မိသည်။ ၎င်းတို့ ပြောဆိုနေသည့် စကားတစ်ခုချင်းစီတိုင်းကို သူက သေသေချာချာ ကြားခဲ့၏။

“နောက်ဆုံးအကြိမ်တုန်းက ရမ်ချင်းတုက ငါ့ရဲ့ အခွင့်အရေးကို ယူခဲ့တယ်။ ဒီတစ်ကြိမ်မှာ အဲလို ထပ်ဖြစ်စေလို့ မဖြစ်ဘူး” ယန်ရှို၏ လက်ထဲတွင်တော့ ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ အထဲတွင် ရှိနေသည့် ပါဝင်သော အကြောင်းအရာများကို ကြည့်ရှုပြီးသည့်နောက် ထျန်းကန်ဂိုဏ်းဆီသို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်း သွားခဲ့သည်။ သူ၏ ခရီးစဉ်သည် အမှန်ပင် တည်ငြိမ်လွန်းလှသည်။ မည်သူမှသည် သူ့ကို သတိမပြုမိခဲ့ချေ။

“စီနီယာကတော့ တကယ့်ကို စီနီယာပါပဲ”

ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပထမဦးဆုံးအကြိမ် ကြုံဆုံဖူးခြင်း မဟုတ်သည်ဖြစ်သောကြောင့် ယန်ရှိုသည် အလွန်အမင်း အံ့အားသင့်ခြင်းတော့ မရှိချေ။ ဂိုဏ်းတစ်ခုထဲသို့ ခိုးကာ ဝင်ရောက်ရခြင်းသည် ဤမျှ လွယ်ကူလိမ့်မည်ဟု သူတစ်ခါမှ မထင်ခဲ့ဖူးချေ။ တောင်၏ဂိတ်တံခါးရှေ့တွင် ရှိနေသည့် အကာအကွယ် အစီအရင်ကြီးသည် အလှဆင်ထားသည့် အရာတစ်ခု သာသာ ဖြစ်တော့သည်။

“ရောင်စဉ်အလင်းနတ်နယ်မြေထဲကို ဝင်ဖို့ ဒီလောက်သာ လွယ်ကူမယ်ဆိုရင်”

ယန်ရှို၏ မျက်လုံးထဲတွင် မီးများ တောက်လာတော့သည်။ သူသည် အတွေးဖြင့် ရောင်စဉ်အလင်းနတ်နယ်မြေဆီသို့ ကျူးကျော်ဝင်ရောက်နေသည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်၏။

“ငရဲကိုးကောင်ဂိုဏ်းဆီကို ပြန်ရောက်ပြီးရင် ငါ ကျိန်းသေပေါက် ဘိုးဘေးကြီးနဲ့တွေ့ဖို့ ကြိုးစားရမယ်။ ပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်အကြောင်းကို ပြောပြရမယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ငါ သူတော်စင် အဖြစ် အရင်ဆုံးရောက်အောင် လုပ်မှဖြစ်မယ်”

ယန်ရှိုသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ သူသည် ကျောက်စိမ်းပြားကို တင်းတင်းဆုပ်ကိုင်ပြီးသည့်နောက် သူ၏ အမြန်နှုန်းကို မြှင့်တင်လိုက်၏။ နောက်ဆုံးအကြိမ် တုန်းကလို အခြေအနေမျိုး ထပ်မံဖြစ်သွား၍ မဖြစ်ချေ။

ထျန်းကန်ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး တစ်ဖက်ဂိုဏ်းချုပ်သည် သူတော်စင်ဖြစ်သွားသည်ဆိုပါက ပြဿနာကြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် အလျင်အမြန်ဖြင့် လှမ်းလျှောက်လိုက်၏။

ထျန်းကန်ဂိုဏ်းထဲသို့ ဝင်ရောက် ပြီးသည့်နောက် သူ၏ ပုံပန်းသွင်ပြင်သည် ပြန်လည်ကာ ပျောက်ကွယ်သွားခဲ့သည်။ အမဲရောင်မြူတစ်ခုအသွင်သို့ ပြောင်းကာဖြင့် ဂိုဏ်းချုပ်နားခိုရာ အလယ်ဗဟိုရှိ အဓိက ဟောခန်းကြီးဆီသို့ ရွေ့လျားလိုက်သည်။

...............

ဂိုဏ်းချုပ်၏ ဟောခန်း

ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ သူသည် ဝတ်စုံရှည်တစ်ခုကို ဝတ်ဆင်ထားပြီး ဆံပင်များကို သပ်သပ်ရပ်ရပ် ဖီးသင်ကာ ဂုဏ်သိက္ခာထည်ဝါလှသော ဟန်ပန်အမူအရာမျိုးဖြင့် တည်ရှိနေ၏။ ၎င်းသည် ဘာသာရေးလိုက်စားသည့် လူတစ်ယောက်ကဲ့သို့ပင်။

နတ်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိပြီး သူတော်စင်အဆင့်ဆီသို့ ရောက်ရှိဖို့ဆိုသည်မှာ တကယ့်ပင်အရေးကြီးသည့် ခြေလှမ်းတစ်ခုဖြစ်၏။ ထို့ကြောင့် သူသည် အရာအားလုံးကို သေသေချာချာပင် ပြုလုပ် ဆောင်ရွက်ရန် ကြိုးစားနေမိ၏။ သူ့၌ ဤအခွင့်အရေးသာလျှင် ကျန်ရှိတော့၏။ ဤအခွင့်အရေးကို ဆုံးရှုံးသွားသည်ဆိုပါက ရာသက်ပန် သူတော်စင်အဆင့်ဆီသို့ ရောက်ရှိရန်ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။

ဤအခွင့်အရေးသည် သူ့အတွက် တစ်ဘဝလုံးစာ အရေးကြီးသော အခွင့်အရေးဖြစ်သည်။ ပထမဦးဆုံး ရေမိုးချိုး၊ သန့်ရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ပြီးသည့်နောက် ဘိုးဘေးများ အားလုံးကို အရိုအသေ ပေးလိုက်၏။ ပြီးနောက် အမွှေးတိုင် ထွန်းကာဖြင့် သေသေချာချာ တောင်းဆု ပြုလိုက်သေးသည်။

အားလုံး ပြုမူဆောင်ရွက်ပြီးသည့်နောက် စိတ်ဒုန်းဒုန်းချကာဖြင့် တံခါးပိတ် ကျင့်ကြံရာ အခန်းထဲသို့ လှမ်းဝင်ခဲ့၏။ သူ၏အခြေအနေ တစ်ခုလုံး ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိနေအောင် ပြုမူဆောင်ရွက်ပြီးသည့်နောက် သူသည် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။

ထိုဆေးလုံး ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် လေထုထဲတွင် တကယ့်ကို သင်းကြိုင်လှသည့် ရနံ့များ ထွက်ပေါ်လာခဲ့၏။ ဆေးလုံးသည် ရောင်စဉ်ခုနှစ်ခု လင်းလက်လျက် ရှိနေ၏။ တစ်ချက်ကြည့်လိုက်သည်နှင့် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ခါတည်း တိုးမြှင့်နိုင်စွမ်းရှိသည့် ဆေးလုံးတစ်လုံးကဲ့သို့ပင်။

“အင်း.. ဘိုးဘေးကြီးနှစ်ယောက်ရဲ့ ဝိညာဉ်သာ ကောင်းကင်မှာ ရှိနေမယ်ဆိုရင် ငါ့ကို သူတော်စင်ဖြစ်ဖို့အတွက် ကောင်းချီးပေးနေမှာပဲ။ သူတော်စင်အဆင့်ကို ရောက်ပြီးသွားရင် ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုလုံးကို ဖျက်ဆီးပစ်ပြီး ဘိုးဘေးကြီးနှစ်ယောက်လုံးအတွက် လက်စားချေပါ့မယ်” ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။

“ခင်ဗျားရဲ့ ဘိုးဘေးတွေ ကောင်းချီးပေးလား၊ မပေးလားတော့ ကျုပ်မသိဘူး။ ဒါပေမဲ့ ခင်ဗျားကတော့ သူတော်စင် အဆင့်ကို ရောက်မှာ မဟုတ်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဖျက်ဆီးဖို့ ဆိုတာတော့ နောက်ဘဝကျမှ ပြောလိုက်တော့”

ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အသက်ကို ပြင်းပြင်းရှုပြီးသည့်နောက် ဆေးလုံးကို မျိုချရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ လေထုထဲတွင် လှောင်ပြောင်သည့်အသံ တစ်ခုက ထွက်ပေါ်လာသည်။

“ဘယ်သူလဲ” ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီး အော်ဟစ်လိုက်၏။

“အဘိုးကြီး ယန်ရှို”

အမဲရောင်အရိပ်သည် ရုတ်တရက် ပေါ်ပေါက်လာပြီးသည့်နောက် အခန်း၏ ထောင့်တစ်နေရာတွင် ယန်ရှို၏ ပုံရိပ်က ဖြစ်တည်လာ၏။ ယန်ရှိုသည် အသာလက်ကို ဖြန့်ကားပြီးသည့်နောက် လက်ပေါ်တွင် ရှိနေသော လုံးဝန်းသည့် ဆေးလုံးလေးတစ်လုံးကို ဆော့ကစားလို့နေသည်။

All Chapters