အပိုင်း (၇၁)
Vol. 5 Ch. 71
“အမ်”
ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လက်ထဲတွင် ပေါ့ကနဲ ဖြစ်သွား၏။ တစ်စုံတစ်ခု ပျောက်ဆုံးသွား သကဲ့သို့ပင်။ သူ၏ဆေးလုံးသည် တခြားသူ၏လက်ထဲသို့ ရောက်ရှိနေ၏။ သူသည် ရုတ်တရက်ဆိုသလိုပဲ ဒေါသထွက်သွားမိ၏။
“ခင်ဗျား ဘယ်လိုဖြစ်ပြီး”
ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မျက်လုံးထဲတွင် ဒေါသတရားများဖြင့် မီးဝင်းဝင်းတောက်လာ၏။ သူသည် ရုတ်တရက် ပေါက်ကွဲထွက်တော့မည့် မီးတောင်ကြီးကဲ့သို့ပင် ရင်ဘတ်တစ်ခုလုံး မို့ဖောင်းလာသည်။
“ဒါက ထျန်းကန်ဂိုဏ်းလေ။ ခင်ဗျား ဘယ်လိုဖြစ်ပြီး ဝင်လာတာလဲ” ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် တင်းမာခက်ထန်သည့် လေသံဖြင့် အော်ဟစ်လိုက်၏။
“အင်း... ကိုယ်ဘာကို မစဉ်းစားနိုင်ဘူးလား” ယန်ရှိုသည် ဆေးလုံးကို သိမ်းဆည်းကာဖြင့် တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်လား” ထျန်းယန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မျက်နှာတစ်ခုလုံး မဲမှောင်သွားခဲ့၏။ သူသည် ဒေါသတရားများကြားမှ ထိုစကားစုကို ရေရွတ်ပြောဆိုလိုက်မိ၏။ သူသည် သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်လျက် ရှိနေ၏။ သူ၏ ရှေ့တွင် ရှိနေသည့်လူကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် လုပ်ချင်စိတ်များ ပေါက်လျက် ရှိနေ၏။
ဘိုးဘေးကြီးနှစ်ယောက် သေဆုံးခဲ့ခြင်းသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ခဲ့ရင်း ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ဖြစ်ကြောင်း သူက သိရှိပြီးဖြစ်၏။ ထို့ထက်ပိုကာ လေ့လာရမည်ဆိုလျှင် ကောင်းကင် လျှို့ဝှက်နန်းဆောင်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည့် ဆန်းကြယ်သော လူတစ်ယောက်ယောက် ပိုင်ဆိုင်သည့် အရာလည်း ဖြစ်သည်။
ထိုကဲ့သို့သော လူမျိုးသည် ယန်ရှိုကဲ့သို့သောလူကို ထောက်ပံ့ကူညီနေသောကြောင့် ယနေ့ သူ သူတော်စင်အဆင့်သို့ ချိုးဖြတ်နိုင်မည့် သတင်းသည် တစ်ဖက်လူဆီသို့ ရောက်ရှိသွားခြင်းသာ ဖြစ်ပေလိမ့်မည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဖျက်ဆီးဖို့ဆိုရင် ခင်ဗျားရဲ့ ထျန်းကန်ဂိုဏ်း မပြောနဲ့။ ရောင်စဉ်အလင်း နတ်နယ်မြေတောင် အဲလို လုပ်နိုင်မှာ မဟုတ်ဘူး” ယန်ရှိုသည် လှောင်သလိုလို၊ ပြောင်သလိုလို ပြောလိုက်၏။
“ဟုတ်လား”
ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒေါသတရားများ ပြည့်နှက်လျက် ရှိနေ၏။ သူသည် တဖြည်းဖြည်း စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ သူသည် ယန်ရှိုကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။ “ဒါက ထျန်းကန်ဂိုဏ်းလေ။ သူတော်စင်အဆင့် အစီအရင် တစ်ခုက ကာကွယ်ထားတယ်။ ခင်ဗျား ဝင်ချင်သလိုဝင်လာပြီး ထွက်သွားချင်သလို ထွက်သွားနိုင်မယ် မထင်နဲ့”
“ပြီးတော့ ခင်ဗျားလက်ထဲက ကောင်းကင်နဲ့မြေကြီး သန့်စင်ခြင်းဆေးလုံးက ရောင်စဉ်အလင်းနတ်အရှင် ပေးထားတာပဲ။ ဒါကို လွယ်လွယ်ကူကူ လုယူသွားရင် လုယူသွားနိုင်လိမ့်မယ်။ ဒါပေမဲ့ ရောင်စဉ်အလင်း နတ်နယ်မြေရဲ့ အဆုံးမဲ့ အမဲလိုက်မှုကို ခံရလိမ့်မယ်”
“အခုက ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနဲ့ မိုင်အဝေးကြီးမှာရှိတဲ့ တည်နေရာကို ရောက်နေတာ။ ခင်ဗျားရဲ့ နတ်အဆင့် ကျင့်ကြံခြင်းနဲ့ဆိုရင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဆေးလုံးကို ကမ်းပေးလိုက်။ ဒီနေ့ ဖြစ်ခဲ့သမျှ အရာအားလုံးကို ဘယ်တုန်းကမှ မဖြစ်ခဲ့သလို သဘောထားပေးမယ်”
“ဒီအဘိုးကြီးက ထွက်ပြေးချင်တယ်လို့ ဘယ်သူက ပြောလဲ”
ယန်ရှို၏ မျက်နှာသွင်ပြင်တစ်ခုလုံး လေးနက် တည်ကြည်သွားခဲ့၏။ သူသည် လက်ကိုယမ်းခါလိုက်တော့ လေဟာနယ်ထဲတွင် အမဲရောင်နတ်ဆိုး သင်္ကေတများ ဖြစ်တည်လာခဲ့ပြီး တံခါးပိတ်ကျင့်ကြံရာ အခန်းကြီးတစ်ခုလုံး၌ ကြောက်မက်ဖွယ်ရာ ဖိအားကြီးများ ဖြစ်တည်လာခဲ့သည်။
အစီအရင် - ဤအရာသည် ယန်ရှို ဖန်တီးလိုက်သည့် အစီအရင်ပင်ဖြစ်၏။
“ဒီအစီအရင်၊ ဒါကသာ ကျိုးပြတ် မသွားဘူးဆိုရင် အခန်းထဲမှာ ဖြစ်သမျှ အရာအားလုံးကို အပြင်ဘက်က သိမှာ မဟုတ်ဘူးလေ” ယန်ရှိုက ပြုံးလိုက်သည်။
ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ် ပြောဆိုခဲ့သည့် စကားလုံးများသည် ယန်ရှိုကို သတိအပြည့်နှင့် ဖြစ်စေခဲ့၏။ သူ၌ တစ်ခါတည်း ထွက်ခွာသွားနိုင်မည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်လည်း မရှိချေ။ သူ၏ နတ်အဆင့် ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ လူပေါင်းများစွာတို့၏ အညှာအတာမဲ့ လိုက်လံ သတ်ဖြတ်ခြင်းဆီမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ သူ အဘယ်ကြောင့် ထွက်ပြေးရမည်နည်း။
ဆိုရိုးစကားတစ်ခုရှိ၏။ အန္တရာယ်အများဆုံးသော နေရာသည် အလုံခြုံဆုံးပင်ဖြစ်၏။ သူသည် ထျန်းကန်ဂိုဏ်း ထဲသို့ ရုတ်တရက် ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်၏။ လောကကြီးတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်ကဲ့သို့သော လူမျိုး ဒုတိယတစ်ယောက် မရှိဘူးဆိုပါက သူ့အား မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ ရှိဖို့ကလည်း မဖြစ်နိုင်ချေ။
သူ သူတော်စင်အဆင့်သို့ ရောက်ရှိသွားပြီဆိုပါက သူ၏ အားအင်အဆင့်သည် အဆပေါင်းများစွာ တိုးတက်လာပေ လိမ့်မည်။ ထိုသို့ဆိုလျှင် သက်တောင့်သက်သာ ဇိမ်ကျကျနှင့် ဤနေရာမှာ ပြန်လည်ထွက်ခွာသွားနိုင်ပေလိမ့်မည်။ ရောင်စဉ်အလင်းနတ်နယ်မြေအနေနှင့် သူအား ထိန်းသိမ်းထားရန် ဆိုသည်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်လာပေ လိမ့်မည်။
ထို့အပြင် သူတော်စင်တစ်ယောက် ဖြစ်သွားပြီဆိုသည်နှင့် သူ၏ တန်ကြေးသည် နတ်အဆင့် ကျင့်ကြံသူများထက် အဆမတန် ပိုမိုကာ တိုးတက်သွားပြီး သူ့အား ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှ ကျိန်းသေပေါက် လူပေါင်းများစွာ စေလွှတ်၍ ကယ်တင်ပေလိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် သူတော်စင်တစ်ယောက် မဖြစ်မချင်း ဤနေရာတွင် သေဆုံး၍ မဖြစ်နိုင်ချေ။ ထို့အတူ အဆင်အခြင်မဲ့ ပြုလုပ်၍ မရချေ။
“ယန်ရှို.... ခင်ဗျားက သေချင်နေတာပဲ”
ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒေါသထွက်သွားခဲ့၏။ တစ်ဖက်လူသည် သေသေချာချာ ကြိုတင်ပြင်ဆင်ခဲ့သည်ဖြစ်ကြောင်း သူမျက်မြင်တွေ့ရှိခဲ့ပြီဖြစ်၏။ အစီအရင်ကို ဖန်တီးခဲ့ရုံသာမက ထွက်ပြေးသွားရန်လည်း ရည်ရွယ်ချက် မရှိပုံပင်။
နတ်ဆိုးလမ်းစဉ်မှ ကျင့်ကြံသူတစ်ယောက် ထျန်းကန်ဂိုဏ်းထဲတွင် သူတော်စင်တစ်ယောက် ဖြစ်လာသည်ဆိုသည့် သတင်းသာ ပျံ့နှံ့သွားသည်ဆိုပါက ဂိုဏ်းတစ်ခုလုံး၏ ဂုဏ်သိက္ခာသည် ပျက်စီးသွားပေလိမ့်မည်။
နတ်ဆိုးဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက်သည် တကယ်ပင် ဆိုးယုတ်လွန်းလှ၏။ ၎င်းတို့သည် ရက်စက်ယုတ်မာ လှသည့် နည်းလမ်းများဖြင့် လှမ်းလျှောက်နေသည့်လူများ ဖြစ်ကြ၏။ ယခု သူတော်စင်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိမည့် အခြေအနေကို ပိုင်ဆိုင်ချိန်တွင် သူတို့၏ တည်နေရာဆီသို့ ခပ်တည်တည်ဖြင့် ချိုးဖြတ် ဝင်ရောက်လာခဲ့သေး၏။ တကယ့်ကို အရှက်ကွဲစရာ ကိစ္စပင်။
ယနေ့မှစ၍ ထျန်းကန်ဂိုဏ်းဆိုသည်မှာ ကျင့်ကြံခြင်းလောကတွင် အားလုံးသောသူတို့၏ ရယ်ပွဲဖွဲ့စရာ ဂိုဏ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
“သေစမ်း”
ထျန်းကျန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ ပြီးနောက် အလင်းတန်းများ အဖြစ်သို့ ဖန်တီးကာဖြင့် တောက်ပလွန်းလှသည့် နည်းစနစ်များကို ဖန်တီး၍ တိုက်ခိုက်တော့သည်။ သူ၏ နတ်ဘုရားသိစိတ်တစ်ခုလုံးသည် တံခါးပိတ်ကျင့်ကြံရာ အခန်းတစ်ခုလုံးကို ပြည့်နှက်သွားတော့၏။ ပြီးသည့်နောက် အစီအရင်ကို ချက်ချင်းပဲ ချိုးဖြတ်တော့သည်။
ဤတိုက်ခိုက်ချက်သည် ယန်ရှိုကို သတ်ဖြတ်ရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ အစီအရင်ကို ချိုးဖြတ်ရန်သာ ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်သည် တံခါးပိတ် ကျင့်ကြံရာ အခန်းထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ များကို အပြင်ဘက်ရှိ လူများ သိရှိရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်။ ထိုမှသာလျှင် ဂိုဏ်းထဲတွင် ရှိနေသည့် တခြားသော အကြီးအကဲများ အားလုံးက သိရှိနိုင်ပေလိမ့်မည်။
“အင်း.. ဒီလောက်လေးများ”
ယန်ရှိုက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူသည် လက်ချောင်းများကို အသာတွန်း လိုက်ပြီးသည့်နောက် အစီအရင် သည် တောက်ပသွားခဲ့၏။ ထောင်နှင့်ချီသော သင်္ကေတများ အားလုံးသည် လင်းလက်သွားခဲ့ပြီး အစီအရင်ပေါ်သို့ ကျဆင်းလာသည့် သိုင်းနည်းစနစ်များ အားလုံးသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။
ထျန်းကန်ဂိုဏ်း ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေ၏။ ယန်ရှိုသည် ချက်ချင်းဆိုသလိုပဲ သူ၏ရှေ့ဆီသို့ ရောက်ရှိလာ၏။ ကျန်းချီများကို စုစည်းပြီးသည့်နောက် တစ်ဖက်လူ၏ စွမ်းအင် လမ်းကြောင်းများ အားလုံးကို ပိတ်ဆို့လိုက်သည်။
“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက အစီအရင်မှာလည်း ကျွမ်းကျင်တယ်လေ။ ခင်ဗျား ကျုပ်ကို အနိုင်ယူနိုင်မယ် ထင်လို့လား” ယန်ရှိုသည် ထူးမခြားနားသလို ပြောလိုက်၏။ တခြားသော နည်းလမ်းများနှင့် တိုက်ခိုက်သည် ဆိုပါက အနိုင်ရဖို့ဆိုသည်မှာ လွယ်ကူသည် မဟုတ်ချေ။ အစီအရင်များ တည်ရှိနေသည် ဆိုလျှင်တော့ သူသည် ကျိန်းသေပေါက် အနိုင်ယူနိုင်၏။
“ခင်ဗျားအသက်က အသုံးဝင်သေးတယ်။ ဒီတော့ ခင်ဗျားကို ကျုပ် မသတ်သေးဘူး” ယန်ရှိုသည် လက်ကို မြှောက်ပြီးသည့်နောက် တဘုတ်ဘုတ်နှင့် ပုတ်လျက်ရှိသည်။
ထျန်းကန်ဂိုဏ်းချုပ်၏ မရီဒန်များ၊ စွမ်းအင်ပတ်လမ်းများ အားလုံးကို သူက ပိတ်ဆို့ခဲ့သည် ဆိုသော်လည်း တစ်ဖက်လူ၏ အသက်ကိုတော့ ချမ်းသာပေးခဲ့၏။
ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မသေးသေးပေ။ အကယ်၍ သေဆုံးသွားမည်ဆိုပါက အပြင်ဘက်တွင် ရှိနေသည့် နတ်ဘုရား စိတ်ဝိညာဉ် ကျောက်ပြားသည် ကွဲကြေသွားမှာသေချာ၏။ ထိုသို့ဆိုလျှင် ထျန်းကန်ဂိုဏ်း ထဲတွင် ရှိနေသည့် အကြီးအကဲအားလုံးတို့သည် အခြေအနေကို သတိပြုမိသွားပေလိမ့်မည်။
ထျန်းကန်ဂိုဏ်းသည် အားနည်းသည်ဆိုသော်လည်း နတ်အဆင့် ကျင့်ကြံသူ တော်တော်များများ တည်ရှိနေ သေး၏။ အဖွဲ့လိုက် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဆိုပါက ရောင်စဉ်အလင်းနတ်နယ်မြေသည် ပါဝင်ပတ်သက်ရန် မလိုချေ။ သူ့အနေနှင့် ဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိသွားမှာ သေချာ၏။ ထို့ကြောင့် ယန်ရှိုသည် သတိထားကာ ပြုမူဆောင်ရွက်ခဲ့ခြင်းဟု ပြောဆိုရမည်။