အပိုင်း (၇၂)
Vol. 5 Ch. 72
ယန်ရှိုသည် ခြေချိတ်ကာ ထိုင်လျက်ရှိပြီး လက်ထဲတွင် ကောင်းကင်နှင့်မြေပြင်ဆေးလုံးကို ကိုင်ထား၏။ သူ၏မျက်နှာပေါ်တွင် စိတ်ဆုံးဖြတ်ထားသော အရိပ်အယောင်များနှင့် ပြည့်နှက်လျက် ရှိ၏။ သူ့အတွက် အန္တရာယ်ရှိနိုင်သည့် လမ်းကြောင်းများ အားလုံးကို ပိတ်ထားခဲ့ပြီ ဖြစ်၏။ သူသည် ကြိုးစားမလား။ ဤနေရာတွင် သေဆုံးမလား ဆိုသည်ကို ကိုယ့်ကိုယ်ကို မေးမြန်းရန်သာ ရှိတော့၏။
ကောင်းကင်နှင့် မြေကြီးဆေးလုံးကို အသုံးပြုပြီး သူတော်စင် မဖြစ်လာပါက ရေတွက်၍မရအောင် များပြားလှသော အန္တရာယ်များ သူ့ဆီကို ကျဆင်းလာမှာဖြစ်၏။ ထို့အပြင် ရောင်စဉ်အလင်းနတ်နယ်မြေမှ လူများသည် သူ့အား အဆုံးမဲ့ လိုက်ကာ သတ်ဖြတ်ပေလိမ့်မည်။ လောက၏ ကောင်းကျိုးကို ရရှိရန်အတွက် ဆိုးရွားသည်များကိုလည်း ရင်ဆိုင်ရန် လိုအပ်နေ၏။ ထို့ကြောင့် သူသည် အသက်ကို ပြင်းပြင်းရှုပြီး လက်ကို မြှောက်လိုက်သည်။
ဂလု
ကောင်းကင်နှင့် မြေပြင် ဆေးလုံးကို တစ်ခါတည်း မျိုချလိုက်၏။ ဆေးလုံးသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးသည့်နောက် ဆေးစွမ်းပြကာ သူ၏ခြေလက်များ၊ အရိုးများနှင့် သွေးများကို ပြောင်းလဲသွားစေသည်။ ယန်ရှို၏ ကိုယ်ထဲရှိ စွမ်းအင်များသည် မြန်မြန်ဆန်ဆန်နှင့် လည်ပတ်လာခဲ့ပြီး သွေးများပင် ဆူဝေလာခဲ့၏။ သူ၏ အဆင့်မချိုးဖျက်နိုင်သည့် အခြေအနေသည် တဖြည်းဖြည်း လျော့နည်း လာခဲ့၏။
"အလားအလာ ရှိတဲ့ပုံပဲ"
ယန်ရှို၏ စိတ်ထဲတွင် ပျော်ရွှင်မှုများနှင့် ဖြစ်တည်လာခဲ့၏။ သူသည် စိတ်ကို အလျင်အမြန်ပဲ တည်ငြိမ်အောင် ထိန်းချုပ်ပြီး တန်ခိုး ကျင့်ကြံလိုက်သည်။
ဘုန်း …….။
တန်ခိုးကျင့်နေစဉ်မှာပဲ အထဲတွင် အလင်းတန်းများနှင့် တောက်ပသွားခဲ့၏။ သူ၏ ဒန်ထျန်ထဲတွင် မှော်စွမ်းအင်များနှင့် ဆူဝေလာ၏။ အမဲရောင်မိုးကြိုးများ ပေါ်ပေါက်လာပြီး ထိုစွမ်းအင်များသည် ဖျက်စီးနိုင်စွမ်းများလည်း ပါဝင်၏။
ယန်ရှို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဆန်းကြယ်လွန်းသည့် နတ်ဘုရားစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားခဲ့၏။ နတ်စွမ်းအင်များသည် တဖြည်းဖြည်းနှင့် များပြားလာခဲ့ပြီး အစီအရင်များကို ချိုးဖျက်ကာ အထက်နယ်မြေတစ်ခုလုံးကို ပြန့်နှံ့သွားခဲ့၏။
ဂိုဏ်းနှင့် မနီးမဝေး တည်နေရာရှိ တောင်ထွတ်ပေါ်မှာတော့ …
လူရှစ်ယောက်တို့သည် ဘေးချင်းယှဉ်ကာဖြင့် မတ်တပ်ရပ်လျက် ရှိနေ၏။ ထိုရှစ်ယောက်တို့သည် ထျန်းကန်ဂိုဏ်း၏ အကြီးအကဲရှစ်ယောက်တို့ ဖြစ်ကြပြီး နတ်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ကြသည်။
၎င်းတို့၏ သူတော်စင်အဆင့် ဘိုးဘေးကြီးနှစ်ယောက် သေဆုံးသွားပြီးနောက် ၎င်းတို့သည် ဂိုဏ်း၏ နောက်ဆုံး ထောက်တိုင်အဖြစ် ကျန်ရှိခဲ့၏။
ဟမ်
ရုတ်တရက် မုတ်ဆိတ်ကို အသာပွတ်သပ်ကာဖြင့် ရပ်လျက်ရှိနေသည့် အဘိုးအို၏ မျက်နှာသည် ပြောင်းလဲသွားခဲ့၏။ သူ၏မျက်နှာတွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လာခဲ့သည်။
"သူတော်စင်တစ်ယောက်ရဲ့ အော်ရာပဲ။ ကြည့်ရတာ စီနီယာအစ်ကို …. ဂိုဏ်းချုပ်ကတော့ အဆင့်ချိုးဖျက် တော့မယ်ထင်တယ်"
"ကျုပ်လည်း ထင်မိတယ်"
ထိုသူများထဲမှ တစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ဝင်ကာပြောလိုက်၏။ "စီနီယာအစ်ကိုတို့ …. အခုအချိန်က အောင်ပွဲခံရမဲ့ အချိန်မဟုတ်သေးဘူး။ သူတော်စင်အဆင့် ချိုးဖျက်တာက အဲလောက်မလွယ်လှဘူး။ သေချာ ဂရုစိုက်ရမယ်။ ကျုပ်တို့ ပျော်ရွှင်နေလို့ မဖြစ်သေးဘူး"
အကြီးအကဲသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။
"ဂျူနီယာညီလေးပြောတာ အမှန်ပဲ။ ငါ စိတ်လှုပ်ရှားသွားတယ်။ "
သူတော်စင်အဆင့် ဘိုးဘေးနှစ်ယောက် သေဆုံးသွားပြီးနောက် အားလုံးတို့၏ စိတ်ထဲတွင် ဗလာဟင်းလင်းအဖြစ် ကျန်ခဲ့၏။ ဂိုဏ်းအနေဖြင့် ကြီးမားလှသည့် ကပ်ဘေးကြီးကို ရင်ဆိုင်ရမည်ကိုလည်း စိုးရိမ်နေမိ၏။ လက်ရှိ ဂိုဏ်းချုပ်သည် သူတော်စင်အဆင့်သို့ ချိုးဖျက်သွားခဲ့သည် ဖြစ်သောကြောင့် သူတို့၏ စိတ်ထဲတွင် ရှိနေသော စိုးရိမ်မှုများသည် ပျောက်ကွယ်သွားခဲ့၏။
လက်ရှိမှာတော့ ဂိုဏ်းချုပ်သည် ပါရမီရှင် သူတော်စင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ဘိုးဘေးများ ကဲ့သို့ သူတော်စင်အတု မဟုတ်ချေ။ ထို့ကြောင့် ထျန်းကန်ဂိုဏ်းသည် ကျင့်ကြံခြင်းလောကတွင် မားမားမတ်မတ် ရပ်တည်နိုင်ပေလိမ့်မည်။ "ကျုပ်တို့ ထျန်းကန်ဂိုဏ်းမှာလည်း သူတော်စင်ရှိတယ်ကွ"
သူတော်စင်တစ်ယောက်၏ သက်တမ်းသည် နှစ်ပေါင်း နှစ်ထောင်ကျော် ကြာရှည်၏။ ဂိုဏ်းချုပ်၏ သက်တမ်းကို တွက်ကြည့်ရလျှင် ထျန်းကန်ဂိုဏ်းသည် နောက်ထပ် နှစ်ပေါင်း ထောင့်ငါးရာလောက် ဂုဏ်သိက္ခာရှိရှိ ဆက်လက် လျှောက်လမ်းနိုင်ပေလိမ့်မည်။ ထိုအချိန်အတွင်းတွင် ထျန်းကန်ဂိုဏ်းကို ပိုမို တိုးတက်အောင် ကြိုးစားနိုင်ပေမည်။
"ထျန်းကန်နတ်နယ်မြေ …. တကယ့်ကို ခေါ်လို့ကောင်းမဲ့ နာမည်ပဲ"
"အချိန်တိုအတွင်း ဂိုဏ်းချုပ်ရဲ့ အော်ရာတွေက ထပ်တိုးလာတာကို ကျုပ်ခံစားမိတယ်လေ။ အရင်ကထက် ပိုပြီး အားကောင်းလာတယ်။ " အဘိုးအိုသည် ပြုံးလိုက်မိ၏။
အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ဂိုဏ်းချုပ်၏ အဆင့်တက်မှု အခြေအနေသည် တည်ငြိမ်နေသည်ဟု ဆိုရမည်။ အဆင့်ချိုးဖျက်ခြင်းသာ ကျဆုံးပါက ဂိုဏ်းချုပ်၏ အော်ရာများသည် တိုးတက်လာစရာ အကြောင်း မရှိချေ။
"ဘိုးဘေးနှစ်ယောက်သာ ရှိမယ်ဆိုရင် ထျန်းကန်ဂိုဏ်းရဲ့ အခြေအနေကို ကြည့်ပြီး ပျော်ရွှင်နေမှာ သေချာတယ်"
"ဟင်း …. တွေးမနေပါနဲ့တော့"
အဘိုးအို၏ မျက်လုံးသည် အေးစက်လျက် ရှိနေ၏။ သူသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ် ကျင့်ကြံရာကနေ ထွက်လာရင် ကျုပ်တို့ ကောင်းကင်လျို့ဝှက် နန်းဆောင်ကို ပြဿနာရှာရမယ်။ ထျန်းကန်ဂိုဏ်း တိုးတက်လာတယ်ဆိုတာ ကောင်းကင်လျို့ဝှက် နန်းဆောင်ရဲ့ ပျက်စီးခြင်းအစပဲ"
"အကြီးအကဲကြီးပြောတ အမှန်ပဲ" တခြားသော အကြီးအကဲများကလည်း ဝင်ရောက်ကာ ထောက်ခံလိုက်သည်။
ဂိုဏ်းထဲတွင် သူတော်စင်တစ်ယောက် ရှိလာသောကြောင့် သူတို့သည် ပိုမိုကာ ယုံကြည်မှုကို ခံစားလာမိ၏။ သူတို့၏ စကားလုံးများသည်လည်း တစ်ကယ်ပင် ကြီးကြီးကျယ်ကျယ် ဖြစ်လာခဲ့၏။ ကောင်းကင်လျို့ဝှက် နန်းဆောင်ကိုသာ ဖျက်ဆီးနိုင်ပါက သူတို့၏ ဂုဏ်သိက္ခာသည် ပိုမိုကာ တိုးတက်လာပေလိမ့်မည်။ သူတို့ကို လာရောက်ကာ ရှုပ်ထွေး၍မရကြောင်း ကျင့်ကြံခြင်း လောကတွင် ရှိနေသော ဂိုဏ်းများကို သိစေရမည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ရောင်စဉ်အလင်းတန်းနယ်မြေမှ နတ်နယ်မြေမှ အကြီးအကဲ တစ်ယောက်သည် ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်ကို ရှုံးနိမ့်ခဲ့ကြောင်း သူတို့ သတင်းမရသေးချေ။ ဤအရာကိုသာ သိရှိပါက သူတို့၏ ယုံကြည်ချက်သည် ချက်ချင်းပျောက်ကွယ်သွားမှာ သေချာ၏။
“ဟမ် …”
ထိုအချိန်မှာပဲ တစ်ချိန်လုံး တိတ်ဆိတ်နေသော အကြီးအကဲသည် တစ်စုံတစ်ခု လွဲမှားနေသည်ကို အာရုံခံမိ၏။ သူက ပြောလိုက်သည်။ "စီနီယာအစ်ကိုတို့ … ခံစားမိလား။ ဂိုဏ်းချုပ်ရဲ့ အော်ရာတွေက ပြောင်းသွားပုံပဲ"
“ဟား ဟား ဟား”
အဘိုးအိုသည် ရယ်မောကာဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ်က သူတော်စင် ဖြစ်သွားပြီဆိုတော့ သူ့ရဲ့ အော်ရာတွေလည်း ပြောင်းသွားရမှာပေါ့။ အပိုတွေ စဉ်းစားမနေနဲ့"
"မဟုတ်သေးဘူး"
စကားဦး စခဲ့သော အကြီးအကဲသည် မျက်မှောင် ကြုံ့ကာဖြင့် မသေချာ၊ မရေရာသလို ပြောလိုက်သည်။ "ဒီအော်ရာတွေက နတ်ဆိုးနည်းစနစ်နဲ့ သက်ဆိုင်နေတယ်လို့ ခံစားရတယ်။ ကျုပ်တို့ ထျန်းကန်ဂိုဏ်းက အော်ရာတွေ မဟုတ်ဘူး။”
“ဟုတ်လို့လား။”
အဘိုးအိုသည် ထိုအချင်းအရာကို ကြားရသည့် အခါမှာတော့ တည်ငြိမ်သွား၏။ သူသည် အာရုံခံပြီးနောကိ သူ၏နတ်ဘုရား အသိများကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ "တကယ်ပဲဟ။ နတ်ဆိုးအော်ရာ အငွေ့အသက်တွေ ရနေတယ်။ ထူးဆန်းလိုက်တာ "
ရုတ်တရက် ၎င်းတို့ရှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ခြင်း ဖလှယ်လိုက်ကြ၏။ နှလုံးသားထဲတွင် အအဆင်မပြေသည့် ခံစားချက်များက တိုးဝင်လာ၏။ သူတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် တစ်ချက်ကို တွေးလိုက်မိကြ၏။ သူတို့၏ ဂိုဏ်းချုပ်သည် နတ်ဆိုးနည်းစနစ်တစ်ခုကို ကျင့်ကြံနေသည်လား။
ဖြစ်နိုင်၏။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် အဆင့်ချိုးဖျက်ရန်အတွက် ရုန်းကန်ခဲ့ရ၏။ ပုံမှန်လမ်းအတိုင်း လျှောက်လှမ်းလျှင် မအောင်မြင်နိုင်ကြောင်း သိရှိသောကြောင့် နတ်ဆိုးနည်းစနစ်များကို ကျင့်ကြံခဲ့ပုံပေါ်သည်။
"ဂိုဏ်းချုပ်က တကယ့်ကို ခက်ခဲ ခဲ့တာပဲ" အဘိုးအိုသည် သူ၏ရင်ဘတ်ကို ခပ်ကြမ်းကြမ်း ပုတ်ကာဖြင့် ဝမ်းနည်းသလို ပြောလိုက်မိ၏။