အပိုင်း (၇၃)
Vol. 5 Ch. 73
ထျန်းကန်ဂိုဏ်းသည် ရောင်စဉ်အလင်းနတ်နယ်မြေသို့ ခိုလုံခဲ့၏။ သူတို့သည် အားကောင်းလှသည် မဟုတ်သော်လည်း လမ်းမှန်ဂိုဏ်းသားများ ဖြစ်ကြသည်ကိုတော့ မငြင်းပယ်နိုင်ချေ။ ထျန်းကန်ဂိုဏ်းတွင် ရှိနေသူများ အားလုံးတို့သည် မိမိကိုယ်ကိုယ် လမ်းမှန်ကျင့်ကြံသူများအဖြစ် သုံးသပ်ကြ၏။ သို့သော်ငြား အပြင်ဖက်သို့ လှည့်လည်သွားလာသည့် နေရာတွင် တရားမမျှသော ကိစ္စရပ်များစွာကို ပြုလုပ်ခဲ့၏။ နတ်ဆိုးမိစ္ဆာများ ကို သုတ်သင်ရှင်းလင်းသည် ဆိုသည်မှာ အနည်းငယ်သော အရေအတွက်မျှပင်။
လက်ရှိအချိန်မှာတော့ လမ်းမှန်ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံလျက် ရှိနေ၏။ ထိုအရာသည် အရှက်ရစရာ ကိစ္စပင် ဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းထဲတွင် ရှိနေသော တပည့်များ အားလုံးတို့သည် ထိုအရာကို လက်သင့်ခံလျက် ရှိနေ၏။
ဂိုဏ်းထဲတွင် ရှိနေသော တပည့်တစ်ယောက်ယောက်သာ ထိုအရာကို ပြုလုပ်သည်ကို သိရှိပါက ၎င်း၏ ကျင့်ကြံခြင်းများကို ဖျက်ဆီးပြီး ဂိုဏ်းမှထုတ်ကာ ပြဿနာကို ဖြေရှင်းရပေလိမ့်မည်။ သို့ပေမဲ့ ဂိုဏ်းချုပ် ဆိုသည်မှာ ခြားနားလွန်းလှ၏။ ဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းကို မည်သူက သွားရောက် ဖျက်ဆီးမည်နည်း။ ဂိုဏ်းထဲမှ ထုတ်ရန်အတွက်လား။ ဟာသပင်။
လက်ရှိအခြေနေမှာတော့ ထျန်းကန်ဂိုဏ်းသည် သူတော်စင်အဆင့် ကျင့်ကြံသူကို ပိုင်ဆိုင်နေပြီ ဖြစ်၏။ ဂိုဏ်းချုပ်သည် လာမည့်နှစ်ပေါင်းများစွာအတွင်း ပိုမိုကောင်းအောင် ဦးဆောင်နိုင်မည့် လူမျိုးဖြစ်သည်။
သူတို့အားလုံးသည် ဂိုဏ်းချုပ်ကို အမှီအခိုပြုကာဖြင့် ဆက်လက်လျှောက်လှမ်းရမည့် သူများ ဖြစ်ကြ၏။ ဂိုဏ်းချုပ်အနေဖြင့် နတ်ဆိုးနည်းစနစ်ကို ကျင့်ကြံသည်မဆိုနှင့် နတ်ဆိုးကျင့်ကြံသူအဖြစ် ပြောင်းလဲသွားခဲ့ လျှင်တောင်မှ အားလုံးက ဘာတစ်ခုမှ ပြောဆိုပုန်ကန်လိမ့်မည် မဟုတ်ချေ။
"ဂျူနီယာ ညီလေးတို့ …. တပည့်တွေကို သွားပြီးပြောလိုက်။ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သူမှ ထုတ်ဖော်မပြောဖို့။ ဂိုဏ်းချုပ် အဆင့်ချိုးဖျက်ပြီးနောက်မှာ သေသေချာချာ ဆွေးနွေးရမယ်" အဘိုးအို၏ မျက်နှာသည် ရေလိုပင်တည်ငြိမ်လျက် ရှိနေ၏။ သူသည် လျင်လျင်မြန်မြန်ပဲ အမိန့်ပေးလိုက်၏။
ဂိုဏ်းချုပ်တစ်ယောက် ဤကဲ့သို့သော ကိစ္စကြီးသည့် တားမြစ်ကိစ္စရပ်ကြီးကို ပြုလုပ်ထားသည် ဖြစ်သော်လည်း သူတို့သည် ကျိန်းသေပေါက် ထိုအရာကို ဖုံးကွယ်ထားရပေလိမ့်မည်။ ဤအရာသည် ထျန်းကန်ဂိုဏ်း၏ တားမြစ်ချက်ဖြစ်ရမည်။
သတင်းသည်သာ အပြင်ဖက်သို့ ပြန့်နှံ့သွားပါက ဂိုဏ်း၏ ဂုဏ်သိက္ခာတစ်ခုလုံး ပျက်စီးသွားမှာ သေချာ၏။ ဂိုဏ်းချုပ်သည် သူတော်စင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဖုံးကွယ်ကာ နေထိုင်နေပါ မည်သူမှ သိရှိမည် မဟုတ်ဘဲ ဂုဏ်သိက္ခာ ရှိရှိ နေထိုင်နိုင်ပေမည်။
"ကောင်းပါပြီ"
တခြားသော အကြီးအကဲ ခုနှစ်ယောက်တို့သည် ခေါင်းညိတ်လိုက်ကြ၏။ ၎င်းတို့သည် ထွက်ခွာသွားခဲ့ကြပြီး အားလုံးကို စုစည်းရန် ညွှန်ကြားလိုက်၏။ ပြီးသည့်နောက် ယနေ့ဖြစ်ပေါ်သည့် သတင်းအချက်အလက်များကို မပေါက်ကြားစေရန် မှာကြားရန်ပင်။
"ငါကျင့်ကြံနေတုန်း သူတို့ဘာလို့ ငါ့ကို ဆင့်ခေါ်ရတာလဲ"
"ငါလည်း မသိဘူးလေ။ အကြီးအကဲရှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်လို့ ကြားတာပဲ။ တပည့်တွေ အကုန်လုံးကို ဆင့်ခေါ်ထားတယ်။"
"ကိစ္စတစ်ခုခုကြောင့် ဂိုဏ်းချုပ် အဆင့်ချိုးဖျက်သွားတာများလား"
"အင်း အဲ့ကိစ္စလည်း ဖြစ်နိုင်တာပဲလေ။ အကြီးအကဲတွေ အကုန်လုံးက မျက်မြင်ကိုယ်တွေ့ တွေ့စေချင်တာလည်း ဖြစ်နိုင်တာပဲ။ ဂိုဏ်းချုပ်ရဲ့ အဆင့်ချိုးဖျက်မှုက ဝမ်းသာစရာ မဟုတ်လား။ ပြီးတော့ ထျန်းကန်ဂိုဏ်းမှာ သူတော်စင်တစ်ယောက် ရှိလာတယ်ဆိုတာ ဝမ်းသာစရာပဲလေ။ ဒါမှမဟုတ် ရောင်စဉ်အလင်း နတ်နယ်မြေက ကိုယ်စားပြုသူတွေ ပြန်ရောက်လာတာများလား "
"ရောင်စဉ်အလင်းနတ်နယ်မြေက ထွက်သွားတာ မကြာသေးဘူး။ ဘယ်လိုလုပ်ပြီး ပြန်ရောက်လာမှာလဲ ကျုပ်အထင် ခေါင်းဆောင် အဆင့်ချိုးဖျက်တာပဲ ဖြစ်ရမယ်"
ထျန်းကန်ဂိုဏ်း၏ လေ့ကျင့်ရေး ကွင်းပြင်မှာတော့ တပည့်ပေါင်း တစ်ထောင်ကျော်တို့သည် စုစည်းလျက် ရှိနေကြ၏။ ၎င်းတို့ အချင်းချင်း ဆွေးနွေးလျက် ရှိနေတုန်းမှာပဲ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ယောက်သည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။
ဆူညံနေသည့် အသံများသည် ချက်ချင်းပဲ တိတ်ဆိတ်သွားခဲ့သည်။
အကြီးအကဲသည် ဟန်ပါပါဖြင့် ပြောဆိုလိုက်၏။ "ဒီနေ့က ဂိုဏ်းချုပ် သူတော်စင်အဆင့်ကို တက်လှမ်းနိုင်တဲ့ နေ့တစ်နေ့ပဲ။ ဂိုဏ်းထဲမှာ ဖြစ်တဲ့အရာတွေ အားလုံးက ထျန်းကန်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာ၊ ထျန်းကန်ဂိုဏ်းရဲ့ အောင်မြင်မှုပဲ။ မင်းတို့ ဒီနေ့ဘာကိုပဲမြင်မြင် ဘာကိုပဲကြားကြား အပြင်လူတွေမသိအောင် ထိန်းသိမ်းထားရမယ်။ နားလည်ပြီလား"
အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုသည် အကူအညီမဲ့သလို ခံစားနေမိ၏။ ဂိုဏ်းထဲတွင် တပည့်ပေါင်းများစွာ တည်ရှိနေ၏။ သူသည် ဤကဲ့သို့ ကြေညာခဲ့သည် ဆိုလျှင်တောင်မှ ဂိုဏ်းချုပ်တစ်ယောက် နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံခဲ့သည်ဆိုသော အကြောင်းကိုတော့ တားဆီးနိုင်လိမ့်မည်ဟု သူ မထင်မိချေ။
"နားလည်ပါပြီ"
တပည့်ပေါင်းများစွာတို့၏ အသံတို့ ကောင်းကင်ယံဆီ ပဲ့တင်ထပ်သွားချိန်မှာပဲ ဂိုဏ်းချုပ်၏ အခန်းထဲမှ အမဲရောင် နေဝန်းကြီးတစ်ခုက ထွက်ပေါ်လာပြီး အရှိန်ပြင်းပြင်းနှင့် တောက်ပလာခဲ့၏။ နတ်ဆိုးစွမ်းအင်များနှင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်များသည် တည်နေရာ အနှံ့သို့ ပြန့်နှံ့လျက်ရှိနေ၏။ ခန့်မှန်း၍မရအောင် အားကောင်းလှသော အော်ရာများသည် သူတော်စင်အဆင့် အစီအရင်ကို ဖောက်ထွက်သွားပြီး ကောင်းကင်ယံဆီသို့ ရောက်ရှိသွား၏။
အမဲရောင် နေကြီးသည် အရှိန်ပြင်းပြင်းနှင့် တောက်ပလျက် ရှိနေပြီး နတ်ဆိုးစွမ်းအင်များကို ထုတ်ဖော်လျက် ရှိနေ၏။ ထိုစွမ်းအင်များသည် ထျန်းကန်ဂိုဏ်း တစ်ခုလုံးကို ဝါးမျိုတော့မည့် အတိုင်းပင်။
အကြီးအကဲနှင့် ရေတွက်၍မရသော တပည့်များသည် ကြောင်အသွားခဲ့ကြသည်။
"ဒါ နတ်ဆိုးစွမ်းအင်တွေ မဟုတ်လား။ ဂိုဏ်းချုပ်ဆီက ဘာလို့ ဒီလိုသန့်စင်တဲ့ နတ်ဆိုးစွမ်းအင်တွေ ထွက်ပေါ်နေရတာလဲ။ ဂိုဏ်းချုပ်က နတ်ဆိုးဂိုဏ်းကလား။”
ယန်ရှိုသည် ထိုင်လျက် ရှိနေ၏။ သူသည် ကျင့်ကြံခြင်း နည်းစနစ်များကို လှည့်ပတ်နေ၏။ သူ၏ခန္ဓာကိုယ်ဆီမှ နတ်ဘုရားအလင်းတန်းများသည် ပေါ်ထွက်လာခဲ့ပြီး အမဲရောင်နေကြီးသည် ပုံရိပ်တစ်ခုအဖြစ် ကောင်းကင်ယံ၌ မားမားမတ်မတ် ရပ်တန့်နေ၏။ နတ်ဆိုးလမ်းစဉ်ကို လျှောက်ပြီးသည့်နောက် သူသည် ကြီးမားလှသည့် နေမဲကြီးကို သရဖူအဖြစ် ဆောင်းကာ နတ်ဆိုးသူတော်စင် အဖြစ်သို့ ပြောင်းလဲခဲ့၏။
ယန်ရှို၏ အော်ရာများသည် တဖြည်းဖြည်နှင့် တိုးတက်လာခဲ့၏။ ပုံရိပ်ယောင်ကြီးမှာလည်း တဖြည်းဖြည်း ကြီးမားလာခဲ့၏။ အကန့်အသတ်မဲ့ များပြားလှသော နတ်ဆိုးစွမ်းအင်များသည် လေဟာနယ် တစ်ခုလုံးကို ပြန့်နှံ့သွားခဲ့ပြီး အားလုံးသောသူတို့ကို အသက်ရှုရန် ခက်ခဲ့သွားစေခဲ့၏။ တစ်ချို့ အားနည်းလှသော တပည့်များသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်ယင်နေကြသည်။
"ဒါ ဘယ်သူလဲ"
အကြီးအကဲသည် ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ ဤလူကို သူမသိချေ။
"ကျုပ်သူ့ကို တစ်ခါမှ မမြင်ဖူးဘူး"
တခြားသော အကြီးအကဲတစ်ယောက်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် ကောင်းကင်ယံတွင် ရှိနေသည့် သူကို ကြည့်ရှုပြီး မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် အားလုံးသောသူတို့၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာသည်။
ဤလူသည် မည်သူနည်း။ ထျန်းကန်ဂိုဏ်း၌ သူတော်စင်တစ်ပါး ပေါ်ပေါက်လာခဲ့သည်။ သို့ပေမဲ့ ထိုသူကို သူတို့မသိချေ။ ထို့အပြင် သူတို့၏ ဂိုဏ်းချုပ်သည် ဘယ်ရောက်သွားသနည်း။
"ဆိုးတာပဲ"
အဘိုးအို၏ မျက်နှာ၌ ရှက်ရွံ့မှုများနှင့် ပြည့်နှက်သွားခဲ့၏။ သူသည် အဓိကဟောခန်းဆီသို့ ပြေးသွားပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်၏။ "ဂိုဏ်းချုပ် "
ဂိုဏ်းချုပ်ဟူသော အော်သံသည် လေဟာနယ်တစ်ခုလုံးကို ပြန့်နှံ့သွားခဲ့ပြီးနောက် ထိုအသံတွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ပါဝင်လျက် ရှိနေသည်ကို ကောင်းကောင်း ကြားသိနိုင်သည်။