အခန်း (၄၀၆)
Vol. 28 Ch. 406
ထိုက်ရှဂိုဏ်း၏ နှလုံးသားသဖွယ် တည်ရှိသော ထျန်းဝူ ကျောင်းဆောင်သည် ဂိုဏ်း၏ အလယ်ဗဟိုတွင် ထီးထီးမားမား တည်ရှိနေသည်။
ဤခန်းမသည် ထိုက်ရှဂိုဏ်း၏ အပြင်စည်း နှင့် အတွင်းစည်းကြားရှိ နယ်နိမိတ်မျဉ်းအဖြစ်လည်း တည်ရှိနေ၏။
အပြင်စည်းတပည့်ဖြစ်စေ၊ အတွင်းစည်းတပည့်ဖြစ်စေ ဂုဏ်ကျက်သရေ ရမှတ်အချို့ကို ပေးချေလျှင် ထျန်းဝူ ကျောင်းဆောင် အတွင်းသို့ ဝင်ရောက်နိုင်သည်။
သို့သော် ထျန်းဝူ ကျောင်းဆောင် အတွင်းသို့ ဝင်ရောက်ရန် လိုအပ်သော ဂုဏ်ပြုအမှတ်များသည် အလွန်မြင့်မား၏။
အပြင်စည်းတပည့်တစ်ဦးသည် ထျန်းဝူ ကျောင်းဆောင် အတွင်းရှိ ကိုယ်ခံပညာကို နားလည်သဘောပေါက်လို၍ ဝင်ရောက်လိုသည့် အခါတိုင်းတွင် ဂုဏ်ကျက်သရေ ရမှတ် တစ်ထောင်ကို သုံးစွဲရသည်။
အပြင်စည်းတပည့် အများစုအတွက်မူ ဤအရာသည် တွေးပင် မတွေးနိုင်သော အရာတစ်ခု ဖြစ်သည်။
ယေဘုယျအားဖြင့် ဆိုရသော် ထိုက်ရှဂိုဏ်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်သော ဤအချိန်မှလွဲ၍ အပြင်စည်း တပည့်အများစုသည် ထျန်းဝူ ကျောင်းဆောင် အတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေး မရှိကြပေ။
ထို့ကြောင့် ဤအချိန်ကို တပည့်သစ် အားလုံးနီးပါးသည် သဘာဝကျကျ အလွန်ပင် တန်ဖိုးထားကြသည်။
ထျန်းဝူ ကျောင်းဆောင်သို့ ကျန်းချန် ရောက်ရှိလာသောအခါတွင် တပည့်သစ် တစ်ရာကျော် နီးပါးသည် ထျန်းဝူ ကျောင်းဆောင်၏ တံခါးဝတွင် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။
သူနှင့် ရင်းနှီးသော လဲ့ဟောင်ခုံး နှင့် အခြားသူများအပြင် သူနှင့် ပဋိပက္ခများ ရှိခဲ့ဖူးသော ဖူယုံ အပါအဝင် အားလုံးသည် ဤနေရာသို့ ခပ်စောစော ရောက်ရှိနေကြသည်။
"ညီနောင် ကျန်းချန်.. မင်းလည်း ရောက်လာပြီပေါ့"
ကျန်းချန် လျှောက်လာသည်ကို မြင်လျှင် လဲ့ဟောင်ခုံးတို့ လူစုသည် ကျန်းချန်ကို အလျင်အမြန် နှုတ်ဆက်လိုက်ကြသည်။
"အင်း"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ထျန်းဝူ ကျောင်းဆောင်ထဲမှာ ဘာကို လေ့လာရမလဲဆိုတာ မင်းတို့ သိလား"
"ငါ သိသလောက် ဂိုဏ်းထဲကို ဝင်တဲ့ တပည့်အသစ်တိုင်း ထျန်းဝူကျောင်းဆောင်မှာ လေ့လာရတာက ထိုက်ရှဂိုဏ်းရဲ့ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာပဲ"
"ထိုက်ရှ စစ်ပွဲ အရိပ် ကိုယ်ခံပညာကို အောင်မြင်စွာ နားလည်သဘောပေါက်နိုင်သ၍ ထိုက်ရှဂိုဏ်းရဲ့ တစ်ခုတည်းသော ကောင်းကင် ကျင့်စဥ်ဖြစ်တဲ့ ထိုက်ရှ စစ်ပွဲ ခန္ဓာကိုယ် ကျင့်စဥ်ကို နားလည်သဘောပေါက်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်"
လဲ့ဟောင်ခုံးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မြေကြီးအဆင့်ကျင့်စဥ် ဖြစ်သည့် ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာဖြစ်စေ၊ ကောင်းကင်အဆင့်ကျင့်စဥ် ဖြစ်သည့်ထိုက်ရှ စစ်ပွဲခန္ဓာကိုယ် ကျင့်စဥ်ဖြစ်စေ၊ ဤကျင့်စဥ်များသည် သူတို့ မထိတွေ့ဖူးသော ကျင့်စဥ်များ ဖြစ်၏။
သူတို့အနေဖြင့် အနည်းငယ်မျှ နားလည်သဘောပေါက်နိုင်လျှင်ပင် သူတို့အတွက် အဆုံးမဲ့ အကျိုးရှိစေမည်မှာ သေချာသည်။
[ကောင်းကင်အဆင့် ကျင့်စဥ်၊ ထိုက်ရှစစ်ပွဲ ခန္ဓာကိုယ်.. အခွင့်အရေး ရှာပြီး ငါသေချာပေါက် လေ့လာရမယ်]
ကျန်းချန်၏ မျက်လုံးများက တောက်ပသွားသည်။
သူက သူ့ရှေ့မှ ထျန်းဝူ ကျောင်းဆောင်ကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ထျန်းဝူ ကျောင်းဆောင်။
ယင်းက အလွန် မှော်ဆန်သော ခန်းမတစ်ခု ဖြစ်သည်။
ဂိုဏ်းတပည့်များ အနေဖြင့် ခန်းမထဲကို ဝင်ရောက်ပြီး အလွယ်တကူ လေ့လာနိုင်စေရန် ထျန်းဝူကျောင်းဆောင်၏ တံခါးကို တစ်နှစ်ပတ်လုံးနီးပါး ဖွင့်လှစ်ပေးထားခဲ့သည်။
သို့သော် ထျန်းဝူ ကျောင်းဆောင် ထဲသို့ ဝင်ရောက်ရန် တံဆိပ်ပြားပေါ်တွင် ဂုဏ်ကျက်သရေ အမှတ် အနည်းဆုံး တစ်ထောင် ရှိရပေမည်။
ဂုဏ်ကျက်သရေ အမှတ် တစ်ထောင်ထက် နည်းပါးသည့် တပည့်များကို ထျန်းဝူ ကျောင်းဆောင်၏ လျှို့ဝှက်ဆန်းကြယ်သော အင်အားက ပိတ်ဆို့လိမ့်မည် ဖြစ်သည်။
ထျန်းဝူ ကျောင်းဆောင် ထဲသို့ ဝင်ရောက်ပြီးသည်နှင့် ထျန်းဝူ ကျောင်းဆောင်သည် ဂိုဏ်းတပည့်များ ထံမှ ဂုဏ်ကျက်သရေ ရမှတ် တစ်ထောင်ကို အလိုအလျောက် နုတ်ယူလိမ့်မည် ဖြစ်၏။
ထျန်းဝူ ကျောင်းဆောင် ထဲတွင် တစ်နာရီထက် ပိုနေပါက နောက်ထပ် ဂုဏ်ကျက်သရေ အမှတ် တစ်ထောင်ကို နုတ်ယူပေလိမ့်မည်။
ဂုဏ်ကျက်သရေ ရမှတ် နည်းနေလျှင် ထျန်းဝူကျောင်းဆောင်သည် ရက်စက်စွာ နှင်ထုတ်လိမ့်မည် ဖြစ်သည်။
ကျန်းချန်က ထျန်းဝူ ကျောင်းဆောင်ကို ကြည့်နေသည့် အချိန်တွင် မွန်းကျပ်စေသည့် ဖိအားတစ်ခုသည် ကောင်းကင်မှ ချက်ချင်းဆိုသလို ဆင်းသက်လာခဲ့၏။
ကျန်းချန်၏ အကြည့်က ရုတ်တရက် ဆင်းသက်လာသည့် ပုံရိပ်ပေါ်သို့ ချက်ချင်း ကျရောက်သွားခဲ့သည်။
ရုတ်တရက် ပေါ်လာတဲ့ ပုံရိပ်က တခြားသူ မဟုတ်ပေ။
ကျန်းချန်တို့ကို ဂိုဏ်းထဲသို့ ခေါ်ဆောင်လာသည့် ကြီးကြပ်ရေးမှူး ဖန်ဖျင် ဖြစ်၏။
"ကောင်လေးတို့.. ငါ ဒီနေ့ မင်းတို့ကို ဒီခေါ်လာတဲ့ ရည်ရွယ်ချက်ကို မင်းတို့ သိပြီးသား ဖြစ်မယ် ထင်တယ်"
"ထိုက်ရှဂိုဏ်းထဲကို ဝင်လာတဲ့ တပည့်အသစ်တိုင်းက ထျန်းဝူကျောင်းဆောင်ထဲ တစ်နာရီ အခမဲ့ ဝင်ရောက်နိုင်ပြီး ခန်းမထဲက ထိုက်ရှ စစ်ပွဲ အရိပ် ကိုယ်ခံပညာကို လေ့လာနိုင်ခွင့် ရှိတယ်"
"မင်းတို့တွေ ဘယ်လောက်ထိ နားလည် သဘောပေါက်နိုင်လဲ ဆိုတာကတော့ မင်းတို့ရဲ့ ကံတရားနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်း အပေါ်မှာပဲ မူတည်တယ်"
ဖန်ဖျင်၏ ခံ့ညားသော အသံက ထွက်ပေါ်လာသည်။
သူက ထူးဆန်းသော တံဆိပ်ပြား တစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ချီစွမ်းအင် ထည့်သွင်းလိုက်သည်။
ခဏအကြာမှာပင် တံဆိပ်ပြားက ထူးဆန်းစွာ တောက်ပလာပြီး ထျန်းဝူ ကျောင်းဆောင်ထဲ ပျံသန်းသွားသည်ကို အားလုံးက မြင်လိုက်ရ၏။
တစ်ချိန်တည်းမှာပင် ဖန်ဖျင်၏ လေးနက်သော အသံက လူတိုင်းရဲ့ နားထဲတွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"ထျန်းဝူ ကျောင်းဆောင်ကို ဖွင့်ထားပြီးပြီ.. အမြန်ဝင်ပြီး ထိုက်ရှ စစ်ပွဲ အရိပ်ကိုယ်ခံပညာကို လေ့လာကြတော့"
အခန်း(၄၀၆) ပြီး၏