အခန်း (၄၀၉)
Vol. 28 Ch. 409
"အို... အချိန်တွေ ဒီလောက်မြန်မြန် ကုန်သွားတာလား.. ငါကတော့ နည်းနည်းလေးပဲ နားလည်လိုက်တယ်"
"ဟုတ်ပါ့ကွာ... တစ်နာရီဆိုတာ တကယ်ကို တိုတောင်းလွန်းတာပဲ"
"ငါတော့ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာရဲ့ အခြေခံသဘောတရားကို နားလည်သွားပြီ.. နောက်ထပ် တစ်နာရီလောက် အချိန်ပေးရင် ငါ အပြည့်အဝ နားလည်နိုင်မှာပဲ"
လူအားလုံးသည် ထျန်းဝူ ကျောင်းဆောင်မှ ထွက်ခွာရမည့်အချိန်ကို ရောက်သောအခါ သက်ပြင်းမချဘဲ မနေနိုင်ကြပေ။
သူတို့က ခေါင်းများကို ခါယမ်းလိုက်ကြ၏။
"ဟားဟား... အချိန်နည်းနည်းပဲ လေ့လာရလို့ စိတ်ပျက်နေကြပြီလား"
"ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာက အဆင့်မြင့် ကိုယ်ခံပညာတစ်ခုပဲ... အခမဲ့ လေ့လာခွင့် ပေးတာကို မင်းတို့တွေ ကျေးဇူးတင်ရမယ်"
"နောက်တစ်ခါ ဒီကျောင်းဆောင်ထဲ ဝင်ချင်ရင်တော့ ကိုယ့်အားကိုယ်ကိုးမှပဲ ရတော့မယ်"
လူအုပ်ကြီး စိတ်ပျက်လက်ပျက် ဖြစ်နေစဉ် ဖန်ဖျင်၏ ရယ်မော၍ ပြောလိုက်သောအသံက ထွက်ပေါ်လာသည်။
"တစ်နာရီအတွင်း အတော်လေး နားလည်သွားလို့ တော်သေးတယ်"
"အချိန်က နည်းလိုက်တာ.. စိတ်ပျက်စရာပဲ"
"ထိုက်ရှဂိုဏ်းက မြောက်ပိုင်းတောရိုင်း ဒေသရဲ့ ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်းထဲက တစ်ဂိုဏ်း ဖြစ်ဖို့ ထိုက်တန်ပါတယ်"
ဖူယုံက တစ်နာရီအတွင်း အတော်လေး နားလည်လိုက်သည်ဟု ပြောဆိုလိုက်သည်ကို ကြားလျှင် လူအုပ်ကြီးထံမှ တီးတိုး ရေရွတ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
"ကောင်လေးတို့.. မင်းတို့ရဲ့ နားလည်နိုင်စွမ်းကို ပြသဖို့ အချိန်တန်ပြီ"
"ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို နားအလည်ဆုံးသူက ဂုဏ်ကျက်သရေ ရမှတ် ၁၀၀၀၀ကို ဆုအဖြစ် ရရှိမယ်"
"ဘယ်သူက ဒီဆုကို ယူနိုင်မယ်ထင်လဲ... မင်းတို့ရဲ့ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာ နားလည်နိုင်စွမ်းကို ပြကြည့်ပါ"
ဖန်ဖျင်က လက်ပိုက်ပြီး လူအုပ်ကြီးကို မျှော်လင့်ချက်ပြည့်ဝသော မျက်လုံးများဖြင့် ပြုံး၍ ကြည့်နေခဲ့သည်။
တပည့်အသစ်များထဲတွင် အလားအလာကောင်းသူ အနည်းငယ် ရှိသည်။
အထူးသဖြင့် ထိုက်ရှလှေကားမှ တက်ရောက်လာသော ကျန်းချန်သည် ထိုက်ရှလှေကားပေါ်တွင် တည်ငြိမ်စွာ နေနိုင်သည်အထိ အင်အားရှိသည်။
သူ၏ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို တစ်နာရီအတွင်း နားလည်နိုင်မည့် အဆင့်အား လူတိုင်းက အမှန်တကယ် စိတ်ဝင်စားနေကြ၏။
ဖန်ဖျင်၏ စကား ဆုံးသွားသောအခါ ထိုက်ရှစစ်ပွဲအရိပ်ကိုယ်ခံပညာကို အတိုင်းအတာ တစ်ခုအထိ နားလည်ခဲ့သော တပည့်သစ်များ၏ မျက်လုံးထဲတွင် လောဘ အရိပ်အယောင်များ တရိပ်ရိပ် တောက်လောင်လာခဲ့သည်။
အားလုံးသည် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။
ဂုဏ်ကျက်သရေ ရမှတ် တစ်သောင်းဆု။
ဤပမာဏမှာ သူတို့အနေဖြင့် အနည်းဆုံး နှစ်လမှ သုံးလအတွင်း တာဝန်ထမ်းဆောင်မှသာ ရရှိနိုင်သည့် ပမာဏဖြစ်သည်။
ဤဆုကို ရရှိပါက ထိုက်ရှဂိုဏ်းအတွင်း ကျင့်ကြံခြင်း အရင်းအမြစ်များကို လွယ်ကူစွာ ရရှိမည်မှာ သေချာပေသည်။
သို့သော် ဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်သည့် ကိုယ်ခံပညာကို သာမန်လူတစ်ဦး အနေဖြင့် တစ်နာရီအတွင်း နားလည်နိုင်မည် မဟုတ်ပေ။
တစ်ခါတရံ အနည်းငယ် နားလည်သည်ဟု ထင်ရလျှင်ပင် တကယ်တမ်း ထုတ်ဖော် ပြသလိုက်သောအခါ ထိုက်ရှစစ်ပွဲ အရိပ် ကိုယ်ခံပညာနှင့် မကိုက်ညီသည်ကို တွေ့ရသည်။
"ဟားဟား... မင်းတို့ရဲ့ အစွမ်းအစလေးနဲ့ ဒီဂုဏ်ကျက်သရေ ရမှတ် တစ်သောင်းကို ရရှိချင်သတဲ့လား"
"ဂုဏ်ကျက်သရေ ရမှတ် တစ်သောင်းဆုက ငါဖူယုံအတွက်ပဲ ဖြစ်ရမယ်"
ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို နားလည် သဘောပေါက်ထားသော ဖူယုံက နောက်ဆုံးတွင် မနေနိုင်တော့ပေ။
ခပ်ထေ့ထေ့ ရယ်မောသံ တစ်သံက ဖူယုံထံမှ ထွက်ပေါ်လာ၏။
ထိုခဏတွင် သူ၏ပုံရိပ်သည် လင်းလက် တောက်ပသွားပြီး ဖန်ဖျင် ရှေ့တွင် ပေါ်လာခဲ့သည်။
ခဏအကြာတွင် သူက ခြေဖဝါးများကို ရွေ့လျားလိုက်၏။
သူ့တစ်ကိုယ်လုံးက ပြင်းထန်စွာ တုန်ခါသွားပြီး အနက်ရောင် နောက်ဆက်တွဲ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဖူယုံ ထုတ်ဖော်လိုက်သော ပုံရိပ်တွင် သလင်းကျောက်၏ အလင်းနံရံထဲမှ အလွန် စိတ်ကူးယဉ်ဆန်သော ထိုက်ရှ စစ်ပွဲအရိပ် ကိုယ်ခံပညာ အရိပ်အယောင်များ အနည်းငယ် ပါဝင်နေသည်။
"ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာ"
"ဒီကောင်က အမှန်တကယ် နားလည်လိုက်တာပဲ"
"စစ်မှန်သော နဂါးနိုင်ငံတော်ရဲ့ ဖူမိသားစု ပါရမီရှင်က မျှော်လင့်ထားတဲ့ အတိုင်းပါပဲလား.. တကယ်ကို နားလည်နိုင်စွမ်း မြင့်မားတယ်"
".........."
ဖူယုံ ထုတ်ဖော်လိုက်သော ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို မြင်တွေ့ရလျှင် အားလုံးက အံ့အားသင့်ကာ တုန်လှုပ်သွားကြသည်။
အခန်း(၄၀၉) ပြီး၏