အခန်း (၄၁၀)
Vol. 28 Ch. 410
ဖူယုံသည် သူနားလည် သဘောပေါက်ထားသော ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို ပြသခဲ့သည်။
ပတ်ဝန်းကျင်မှ ချီးကျူးသံများကို ကြားလိုက်ရသည်နှင့် သူ၏ မျက်လုံးများတွင် အောင်နိုင်သူ တစ်ဦး၏ မာန်မာနထောင်လွှားသော အမူအရာများ ပေါ်လာခဲ့သည်။
သို့သော် ဖူယုံ၏ ပြသမှုကို ကြည့်ရှုနေသော ဖန်ဖျင်ထံတွင် အံ့အားသင့်ဟန် မတွေ့ရပေ။
သူက ယခင်အတိုင်း တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။
သူက လူအားလုံးကို ဝေ့ကြည့်ကာ မေးလိုက်သည်။
"ဘယ်သူ နောက်ထပ် ပြသချင်သေးလဲ"
လူတိုင်းက ငြိမ်သက်စွာသာ ရပ်နေခဲ့ကြသည်။
မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့သို့ မထွက်ဝံ့ကြပေ။
ဖူယုံ၏ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို မြင်ပြီးနောက်တွင် အားလုံးက အံ့အားသင့်သွားကြသည်မှာ ထင်ရှားနေသည်။
"ဟားဟား... ဘယ်သူ နောက်ထပ် ပြသချင်သေးလဲ"
"မရှိရင် ဂုဏ်ကျက်သရေ ရမှတ် တစ်သောင်းဆုကို ငါပဲ ယူလိုက်တော့မယ်"
ထုတ်ဖော်ပြသမည့်သူ မရှိသည်ကို မြင်လျှင် ဖူယုံက ကျေနပ်သော အမူအရာဖြင့် ရယ်မောလိုက်သည်။
"ဟက်.. ဒီကောင်က သူ့ကိုယ်သူ တော်တော် အထင်ကြီးနေတာပဲ"
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
သူက ဘေးနားမှ သွမ့်ရှင်းကို လှမ်းကြည့်ကာ မေးလိုက်၏။
"မင်းရဲ့ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို နားလည်နိုင်စွမ်းက သူ့ထက် မညံ့လောက်ဘူးလို့ ငါထင်တယ်.. မင်းက ဒီအမှတ်တစ်သောင်းကို မလိုချင်ဘူးလား"
ကျန်းချန်အတွက်မူ ဂုဏ်ကျက်သရေ ရမှတ်များ ရယူရန်မှာ ခက်ခဲသော အလုပ်မဟုတ်ပေ။
ထို့ကြောင့် သူက သူ့ပတ်ဝန်းကျင်ရှိ လူများကို ဂုဏ်ကျက်သရေ အမှတ် တစ်သောင်းဆုအား ရစေချင်ခဲ့သည်။
"ငါက နားလည်နိုင်စွမ်းမှာ ဒီကောင်ထက် ပိုကောင်းတယ်လို့ ယုံကြည်တယ်.. ဒါပေမဲ့ သူ့ဘေးမှာ ဖူထန့်ရှိနေတယ်.. ဖူထန့်ကို အနိုင်ရဖို့က မသေချာဘူး"
သွမ့်ရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ကောင်းပြီ.. ဒါဆို ငါပဲ သွားလိုက်မယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးပြီး ရှေ့ထွက်လာခဲ့သည်။
ကျန်းချန် ထွက်လာသည်ကို မြင်လျှင် ဖူယုံ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။
သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"ကျန်းချန်.. မင်းက ဒီအမှတ်တစ်သောင်း အတွက် ယှဉ်ပြိုင်ချင်တယ်လား"
"မင်းထုတ်ဖော်လိုက်တဲ့ စစ်ပွဲအရိပ်က မူရင်းနဲ့ နည်းနည်းလေးပဲ တူတယ်.. ဒီလောက်က ဘာမှ အရေးမပါဘူး"
"မင်းရဲ့ နားလည်နိုင်စွမ်းက ငါ့မျက်လုံးထဲမှာတော့ အမှိုက်ပဲ.. ငါ့ရှေ့မှာ ဝင့်ကြွားနေတာ မရှက်ဘူးလား"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
"မင်း ဒီအမှတ်တစ်သောင်းကို လိုချင်ရင် ငါ့သဘောတူညီချက်ကို မေးရမယ်"
"ကျန်းချန်... ငါ့ရှေ့မှာ လူပါးလာမဝနဲ့"
ဖူယုံ၏ မျက်လုံးများက အေးစက်သော အလင်းရောင်ဖြင့် တောက်ပသွားသည်။
သူက ကျန်းချန်ကို မထီတရီပြုံး၍ စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းဒီလောက်တောင် ယုံကြည်မှု ရှိနေမှတော့ မင်း နားလည်သဘောပေါက်ထားတဲ့ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို ပြသလိုက်လေ"
ထိုက်ရှ စစ်ပွဲအရိပ် ကိုယ်ခံပညာ။
၎င်းသည် အလွန်အဆင့်မြင့်သော ကိုယ်ခံပညာ ဖြစ်သည်။
ယင်းက မြေကြီး အဆင့် ခန္ဓာကိုယ် နည်းစနစ်သာမက အလွန်ထိုးစစ်ဆန်သော ကိုယ်ခံပညာလည်း ဖြစ်သည်။
ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို အသုံးပြုရန် အဓိကသော့ချက်မှာ ခန္ဓာကိုယ်၏ ပေါက်ကွဲနိုင်သော အင်အားကို အားကိုးရန် ဖြစ်သည်။
သူတို့ ဖူမိသားစု၏ ကျားရိုင်းသွေးတွင် ဤကိစ္စနှင့် ပတ်သက်ပြီး သဘာဝကျကျ အားသာချက် ရှိသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ထို့ကြောင့် ကျန်းချန်က သူ့ထက် ပိုမိုမြန်ဆန်စွာ နားလည်သဘောပေါက်မည်ဟု သူ မယုံကြည်ခဲ့ပေ။
"ဒါဆို မင်းရဲ့ မျက်လုံးတွေကို ပြူးနေအောင် ဖွင့်ထားလိုက်"
"စစ်မှန်တဲ့ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာက ဘာလဲဆိုတာ မင်းကို ငါပြပေးမယ်"
ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။
စကားဆုံးသည်နှင့် သူ့တစ်ကိုယ်လုံးက ရုတ်တရက် ပြောင်းလဲသွားသည်။
နောက်ထပ် တစ်ခဏတွင် အရိပ် တစ်ဒါဇင်ထက် ပိုသော ပုံရိပ်များသည် လေထဲတွင် မုန်တိုင်းကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
လေထဲမှ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် ပတ်ဝန်းကျင်မှလူများသည် အသက်ရှူရကြပ်သလိုပင် ခံစားခဲ့ရ၏။
"ဝိုး.. မြတ်စွာဘုရား.. ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အင်အားလဲ"
"မယုံနိုင်စရာပဲ...ဒါကမှ စစ်မှန်တဲ့ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာပဲ"
"ကျန်းချန်နဲ့ ယှဉ်ရင် ဖူယုံရဲ့ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာ အပေါ် နားလည်နိုင်စွမ်းက အမှိုက်ပဲ"
".............."
ကျန်းချန် ပြသသော ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို မြင်လျှင် လူတိုင်းက အံ့အားသင့်သွားကြသည်။
ကျန်းချန်ကို ကြည့်နေသော သူတို့၏ မျက်လုံးများတွင် အံ့သြ တုန်လှုပ်မှုများက ဖုံးဖိမရစွာ ထွက်ပေါ်လာ၏။
ကျန်းချန်က တစ်နာရီအတွင်း ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို ဤမျှအထိ နားလည်နိုင်မည်ဟု သူတို့ မည်သည့်အခါမျှ မတွေးခဲ့ပေ။
"ဒီကောင်လေးရဲ့ ထိုးထွင်းဥာဏ်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ"
အခန်း(၄၁၀) ပြီး၏