အခန်း (၄၁၁)
Vol. 28 Ch. 411
"ဒီကောင်လေးမှာ ထိုက်ရှလှေကား စာရင်းမှာတောင် ရပ်တည်နိုင်တဲ့ အရည်အချင်းမျိုး ရှိနေတာပဲ.. တကယ့်ကို နတ်ဆိုးဆန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ"
ကျန်းချန် ပြသခဲ့သော ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို ဖန်ဖျင်က ကြည့်ရှုရင်း သူ၏ မျက်လုံးများတွင် အံ့သြ တုန်လှုပ်သော အကြည့်တစ်ခု ပေါ်လာခဲ့သည်။
ထိုက်ရှဂိုဏ်း၏ တပည့်သစ်များထဲတွင် ထျန်းဝူ ကျောင်းဆောင် အတွင်း ပထမဆုံးအကြိမ် ဝင်ရောက်ချိန်၌ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို နားလည်သဘောပေါက်ခဲ့သည့်သူ မရှိသည်တော့ မဟုတ်ပေ။
သို့သော် ထိုသူများသည် ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
သူတို့က ဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပင် ထိုက်ရှဂိုဏ်း၏ သိုင်းသခင် နယ်ပယ် အဆင့် ကျင့်ကြံသူများက သူတို့ကို တပည့်အဖြစ် ခေါ်ယူသွားကြပြီး ဂုဏ်အရှိန်အဝါကြီးမားသည့် တိုက်ရိုက် တပည့်များ ဖြစ်လာကြသည်။
၎င်းတို့က ကျန်းချန်ကဲ့သို့ အပြင်စည်းတပည့်သစ် တစ်ယောက်အနေဖြင့် ထျန်းဝူ ကျောင်းဆောင် အတွင်း ပထမဆုံးအကြိမ် ဝင်ရောက်ချိန်တွင် ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို နားလည် သဘောပေါက်ခဲ့ကြသည်။
သို့ရာတွင် ထိုက်ရှဂိုဏ်း၌ နှစ်၂၀ ကျော် နေထိုင်ခဲ့သော ဖန်ဖျင် သည် ကျန်းချန် ကဲ့သို့သောသူကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်၏။
ဟုတ်ပါသည်။ ဖန်ဖျင်ကို အံ့အားသင့်စေခဲ့သော အရာမှာ ကျန်းချန်၏ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို နားလည်နိုင်စွမ်းသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခု အထိ ရောက်ရှိနေသောကြောင့်ပင်။
ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာ၏ နားလည်နိုင်စွမ်းကို စစ်ပွဲအရိပ်များ၏ အရေအတွက်ဖြင့် ခွဲခြားထားသည်။
အစောပိုင်းက ထိုက်ရှစစ်ပွဲအရိပ်ကိုယ်ခံပညာကို ကျန်းချန် ပြသခဲ့ချိန်တွင် စစ်ပွဲအရိပ်များ၏ အရေအတွက်သည် ဆယ်ခုထက် ပိုများခဲ့သည်။
ဤအရေအတွက်သည် ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာတွင် ကျန်းချန်သည် သေးငယ်သော အောင်မြင်မှုတစ်ခု ရရှိနေပြီဆိုသည်ကို သက်သေပြနေသည်။
သိထားရမည်မှာ ထိုက်ရှဂိုဏ်း၏ ကြယ်ကိုးပွင့် ပါရမီရှင် တပည့်တစ်ယောက်ပင် တစ်နာရီအတွင်း နားလည်ခဲ့သော ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာ၏ အရိပ် အရေအတွက်သည် ခြောက်ခု သို့မဟုတ် ခုနစ်ခုသာ ရှိခဲ့ခြင်းပင်။
"မဖြစ်နိုင်ဘူး"
"ဒီကောင်က ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို ဘယ်လိုလုပ် ဒီလောက်ထိ နားလည်သဘောပေါက်နိုင်မှာလဲ"
ဖူယုံက သူ့ရှေ့မှ အခြေအနေကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်ရှုလိုက်သည်။
သူက အရှက်တရားကြောင့် မျက်နှာထက်တွင် ပူလောင်သော နာကျင်မှုကို ခံစားလိုက်ရ၏။
သူက ဖူမိသားစု၏ ကျားရိုင်းသွေး အားသာချက်ကို အားကိုးပြီး ဤမျှ တိုတောင်းသော အချိန်အတွင်း တိုက်ရှုစစ်ပွဲအရိပ်ကိုယ်ခံပညာကို အနည်းငယ် ပြသနိုင်ခဲ့သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်း ကျန်းချန်က စစ်မှန်သော ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို ပြသလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ဤသည်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် မခြားချေ။
"ကျန်းချန်.. မင်းက ထျန်းဝူ ကျောင်းဆောင် အတွင်းကို ပထမဆုံးအကြိမ် ဝင်ရောက်ချိန်မှာ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို ဒီလောက်အထိ နားလည်သဘောပေါက်နိုင်ခဲ့တယ်"
"မင်းရဲ့ နားလည်နိုင်စွမ်းက ထိုက်ရှဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်တွေနဲ့ ယှဥ်ရင်တောင် နိမ့်ကျမနေဘူး"
ဖန်ဖျင်က ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
သူက လူတိုင်းကို တစ်ချက်ကြည့်ရှုပြီး မေးလိုက်သည်။
"ဘယ်သူ ပြသချင်သေးလဲ"
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်ကြသည်။
ဖူယုံကဲ့သို့ လူတစ်ယောက်ပင် ကျန်းချန်၏ စွမ်းရည်ပြမှုကို ခံရပြီး အမှိုက်ဖြစ်သွားခဲ့လျှင် မည်သူက ကျန်းချန်နှင့် ယှဉ်ပြိုင်ရဲပါမည်နည်း။
ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို ပြသရန် မည်သူမျှ ရှေ့ထွက် မလာသည်ကို မြင်လျှင် ဖန်ဖျင်သည် လူတိုင်း၏ အကြည့်များအောက်မှာပင် ကျန်းချန်ကို အမှတ်တစ်သောင်းဆု တိုက်ရိုက် ပေးအပ်ခဲ့သည်။
ကျန်းချန်က ထိုအမှတ်တစ်သောင်းကို လဲ့ဟောင်ခုံးတို့ကို လွှဲပေးကာ ထိုနေရာမှ တိုက်ရိုက် ထွက်ခွာလာခဲ့၏။
ကျန်းချန်က သူနေထိုင်သည့် နေရာသို့ မပြန်ဘဲ ထိုက်ရှဂိုဏ်း၏ အထူးလေ့ကျင့်ရေးနေရာ ဖြစ်သည့် ကျုံးယွဲ့တောင်ကြားသို့ သွားရောက်ခဲ့သည်။
ထိုက်ရှဂိုဏ်း၏ တပည့်များ လေ့ကျင့်ရန် အထူးနေရာများ မရေမတွက်နိုင်အောင် ရှိသည်။
သင်က ဂုဏ်ကျက်သရေ ရမှတ်အချို့ ပေးချေသ၍ ဤနေရာအတွင်း ဝင်ရောက်ပြီး ပြင်ပကမ္ဘာထက် အများကြီး ပိုမိုသော ကျင့်ကြံခြင်း အရင်းအမြစ်များကို ခံစားနိုင်ပေသည်။
ကျန်းချန် ကျုံးယွဲ့တောင်ကြားကို သွားရခြင်းမှာ ထိုနေရာက သူ၏ ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် အထူးနေရာတစ်ခု ဖြစ်သောကြောင့်ပင်။
မြေကြီးအဆင့် ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာသည် ခန္ဓာကိုယ်အပေါ်တွင် အလွန်တောင်းဆိုမှုများ ရှိသည်။
ကျန်းချန်က ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို အမြန်ဆုံး အပြည့်အဝ လေ့ကျင့်ရန်နှင့် ထိုက်ရှဂိုဏ်း၏ တစ်ခုတည်းသော ကောင်းကင်အဆင့် ထိုက်ရှ စစ်ပွဲခန္ဓာကိုယ်ကို နားလည်သဘောပေါက်ရန် အမြန်ဆုံးနည်းလမ်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုများကို တိုးတက်အောင် လုပ်ရန်ပင် ဖြစ်သည်။
ယခု ကျန်းချန်သည် မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ရေး နည်းစနစ်တွင် ဒုတိယအဆင့်တွင်သာ ရှိနေသည်။
ဆိုရလျှင် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုသည် သူ၏ ကျင့်ကြံမှု အဆင့်ထက် သိသိသာသာပင် နောက်ကျနေခဲ့၏။
ထို့ကြောင့် ကျန်းချန်က မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ရေး နည်းစနစ်ကို လေ့ကျင့်ရန် ကျုံးယွဲ့တောင်ကြားသို့ အရင် ဆုံးသွားရန် ဆုံးဖြတ်ခဲ့သည်။
မကြာမီ ကျန်းချန်သည် ကျုံးယွဲ့ တောင်ကြားသို့ ရောက်ရှိခဲ့သည်။
အဝင်ဝ၌ အံ့သြဖွယ်ရာ အရှိန်အဝါနှင့် အစောင့် နှစ်ယောက်သည် ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်ကြသည်။
သူတို့ထံမှ အေးစက်စက် အသံများသည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့၏။
"ကျုံးယွဲ့တောင်ကြားထဲ ဝင်ချင်ရင် တစ်နာရီကို ဂုဏ်ကျက်သရေ ရမှတ် သုံးရာ ကျသင့်မယ်.. အတင်းအကျပ် ကျူးကျော်လာရင်တော့ ညှာတာမှု မရှိဘဲ အသတ်ခံရမယ်"
အခန်း(၄၁၁) ပြီး၏