အခန်း (၄၁၃)
Vol. 28 Ch. 413
"ဝိုး.. ဒီကောင်လေးက ဆေးပင်ခူး စံချိန်ရှင် အသစ်လား"
"ကျောင်းနန်က သူ့ကို လာရှာတာ အံ့သြစရာ မဟုတ်တော့ဘူး.. ကြည့်ရတာ ဒီကောင်လေးရဲ့ ဂုဏ်ကျက်သရေ အမှတ်တွေကြောင့် ဖြစ်နိုင်တယ်လို့ ငါထင်တယ်"
"စံချိန်မှတ်တမ်းကို ချိုးဖျက်လို့ ရခဲ့တဲ့ ဂုဏ်ကျက်သရေ အမှတ်တွေက တခြားသူတွေ အတွက် ဖြစ်သွားမှာ ငါစိုးရိမ်မိတယ်"
"............."
ထိုက်ရှဂိုဏ်းသည် မကြာသေးခင်က တစ်ရက်တည်းဖြင့် စံချိန်မှတ်တမ်းနှစ်ခုကို ချိုးဖျက်ခဲ့သည့် တပည့်အသစ် တစ်ယောက်အကြောင်းကို ထုတ်ပြန်ခဲ့သည်။
ဒီသတင်းက ထိုက်ရှဂိုဏ်း၏ အပြင်စည်း ဂိုဏ်းသားများကြားတွင် ပျံ့နှံ့ပြီးသား ဖြစ်သည်။
ကျန်းချန်လို ကြီးကျယ်သည့် လူတစ်ယောက် ထွက်ပေါ်လာသည်ကို လူအများအပြား သိကြသော်လည်း ကျန်းချန်က မည်သူမှန်း သူတို့ မသိကြပေ။
အပြင်စည်းကျောင်းသား ကျောင်းနန်က ကျန်းချန်ဆီသို့ချဉ်းကပ်လာသည်ကို မြင်လျှင် သူတို့က ကျန်းချန်ကို ကရုဏာ သက်ခဲ့ကြသည်။
ဤကောင်လေးက ဆေးပင်ခူး မှတ်တမ်းနှစ်ခုကို ချိုးဖျက်ခဲ့ပြီး ဂုဏ်ကျက်သရေ ရမှတ် အများအပြားကို ရရှိခဲ့သည်။
သို့သော်လည်း သူသည် ထိုက်ရှဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာသည့် လူသစ်တစ်ယောက် ဖြစ်သည်။
လုံလောက်သည့် အင်အားမရှိလျှင် ဤဂုဏ်ကျက်သရေ အမှတ်များသည် တခြားသူ၏ အိတ်ကပ်ထဲကို ရောက်ရန် အခွင့်အလမ်း အတော်များ၏။
"ငါက ကျန်းချန်ပဲ"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူက ကျောင်းနန်ကို တည်ကြည်စွာ ကြည့်၍ ပြောလိုက်သည်။
"မင်း ဘယ်သူလဲ.. မင်းကို ငါ မသိဘူးထင်တယ်"
"ကျန်းချန်... မင်းရှေ့က တစ်ယောက်က ထိုက်ရှဂိုဏ်းရဲ့ အပြင်စည်း ကျောင်းသားတွေထဲမှာ နာမည်ကျော်ကြားတဲ့ ပါရမီရှင် စီနီယာ ကျောင်းနန်ပဲ"
"စီနီယာ ကျောင်းနန်က ထိုက်ရှဂိုဏ်းကို ရောက်တာ တစ်နှစ်ပဲရှိသေးပေမဲ့ အပြင်စည်း ကျောင်းသားတွေရဲ့ ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲမှာတောင် ပါဝင်နေပြီ...မင်းလိုကောင်က ဘာမို့လို့ စီနီယာ ကျောင်းနန်ကို မလေးမစား ပြောနေရတာလဲ"
ကျောင်းနန် ပြန်မဖြေခင် ကျောင်းနန်၏ နောက်မှ ရင်းနှီးသော ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုလူက တခြားသူ မဟုတ်ဘဲ ကျန်းချန်၏ ရိုက်နှက်မှုကို ခံခဲ့ရသည့် ချန်လန် ဖြစ်သည်။
"မင်းကို ငါ မေးနေတာ မဟုတ်ဘူး.. မင်းလို အမှိုက်က ဘာလို့ ကိုယ်စား ဝင်ဖြေနေရတာလဲ "
ကျန်းချန်က သူ့ကို အေးစက်စက် ကြည့်လိုက်သည်။
"ထပ်အရိုက်မခံချင်ရင် ထွက်သွားစမ်း"
"မင်း.."
ချန်လန်၏ ဒေါသအိုးသည် ချက်ချင်းပင် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။
သူက တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း ကျောင်းနန်က လက်ဆန့်ထုတ်ကာ သူ့ကို တားဆီးလိုက်၏။
"ဟားဟား... ဒီက ညီလေးရဲ့ စိတ်နေစိတ်ထားက တော်တော်လေး ရန်လိုတတ်တဲ့ပုံပဲ"
ကျောင်းနန်က ပြုံးပြီး ကျန်းချန်ကို ကြည့်လိုက်သည်။
"ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်.. ငါ့နာမည်က ကျောင်းနန်.. လက်ရှိ အပြင်စည်းကျောင်းသား စာရင်းမှာ နံပါတ်၁၀ နေရာမှာရှိတယ်"
"မင်းဘာသာ ဘယ်သူဖြစ်ဖြစ် ငါနဲ့ မသက်ဆိုင်ဘူး.. ငါ သိလည်း မသိချင်ဘူး"
ကျန်းချန်က စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။
"မင်းမှာ ပြောစရာရှိရင် တည့်တည့် ပြောပါ.. ငါ့အချိန်တွေကို မဖြုန်းတီးနဲ့"
မျက်နှာသာ အနည်းငယ်မျှ မပေးသည့် ကျန်းချန်၏ စကားများကြောင့် ကျောင်းနန်၏ မျက်လုံးတွင် ဒေါသရိပ်များ တောက်ပလာသည်။
သို့တိုင် သူ၏ မျက်နှာကမူ ခပ်ပြုံးပြုံး ရှိနေဆဲပင်။
"ညီလေးက ဆေးပင်ခူး စံချိန်မှတ်တမ်း နှစ်ခုကို ချိုးဖျက်ခဲ့ပြီး ဂုဏ်ကျက်သရေ ရမှတ် နှစ်သောင်း ချီးမြှင့်ခံရတယ်လို့ ကြားတယ်"
"ငါအနေနဲ့က လက်ရှိအချိန်မှာ ထျန်းဝူ ကျောင်းဆောင်ထဲ ဝင်ဖို့အတွက် ဂုဏ်ကျက်သရေ အမှတ်အချို့ အရေးပေါ် လိုအပ်နေတယ်.. ညီလေးက ငါ့ကို ဂုဏ်ကျက်သရေ အမှတ် တစ်သောင်း ငှားပေးနိုင်မလား"
ထိုစကားကိုကြားလျှင် ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
သူက အေးဆေးတည်ငြိမ်သော အပြုံးဖြင့် ကျောင်းနန်ကို ကြည့်ကာ ပြောလိုက်၏။
"မင်းက ဂုဏ်ကျက်သရေ အမှတ်တွေ ငါ့ဆီက ငှားချင်တာလား.. အဆင်ပြေပါတယ်"
ကျန်းချန်၏ စကားကို ကြားလျှင် ကျောင်းနန် အံ့အားသင့်သွားသည်။
ကျန်းချန်ကို လာမရှာခင်ကတည်းကပင် သူသည် အကြမ်းဖက်သည့် နည်းလမ်းကို သုံးရန် အဆင်သင့် ပြင်ထားခဲ့၏။
သူ ငှားရမ်းဖို့ ပြောရသည့် အကြောင်းပြချက်မှာ ကျန်းချန်၏ ငြင်းပယ်မှုကို စောင့်မျှော်ပြီး ကျန်းချန်၏ ဂုဏ်ကျက်သရေ အမှတ်များကို လုယူရန် ဖြစ်သည်။
သို့သော် ကျန်းချန်က သဘောတူလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
"ဒါဆို ငါက ညီလေးကို ကျေးဇူး အထူးတင်ရှိပါတယ်"
ကျောင်းနန်၏ မျက်လုံးများက တောက်ပသွားသည်။
ဤကောင်လေးက သူ့ကို ဂုဏ်ကျက်သရေ အမှတ် တစ်သောင်း ငှားရမ်းမည် ဖြစ်ရာ ကျောင်းနန်သည် သဘာဝကျကျ ပျော်ရွှင်သွားခဲ့သည်။
"ငါ့ကို ကျေးဇူးတင် မစောနဲ့ဦး.. မင်းက ဂုဏ်ကျက်သရေ အမှတ်တွေ ငှားချင်ရင်တော့ အဆင်ပြေပါတယ် ဒါပေမယ့် မင်းကို အခမဲ့ ငှားရမ်းတာတော့ မဟုတ်ဘူး"
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်၏။
သူ၏ အေးစက်စက် အသံသည် ကျောင်းနန်၏ နားထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
"မင်းကို ဂုဏ်ကျက်သရေ အမှတ် တစ်သောင်း ငှားပေးရမယ် ဆိုရင် မင်းအနေနဲ့ ငါ့ကို ဂုဏ်ကျက်သရေ ရမှတ် တစ်သိန်း ပြန်ပေးဖို့တော့ လိုအပ်တယ်"
အခန်း(၄၁၃) ပြီး၏