← Chapters

အခန်း (၄၁၅)

Vol. 28 Ch. 415

အခန်း (၄၁၅)

Vol. 28 Ch. 415

"ဝိုး"

ကျန်းချန်၏ စကားသံများကြောင့် ပတ်ဝန်းကျင်မှ လူအများအပြားသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"ဒီကောင်လေးက ဒီလောက် မိုက်ရူးရဲဆန်ဖို့ လိုအပ်လို့လား"

"ဂိုဏ်းအတွင်းကို မကြာသေးခင်ကမှ ဝင်ရောက်လာတဲ့ တပည့်အသစ်တစ်ယောက်က အပြင်စည်းစာရင်းရဲ့ နံပါတ် ၁၀ နေရာမှာရှိတဲ့ ကျောင်းနန်ကို စိန်ခေါ်နေပါလား"

"ဒီကောင်လေး ရူးနေပြီလို့ ငါထင်တယ်"

"ကောင်းကင်က ကျူးလွန်တဲ့ အပြစ်တွေကနေ ရှောင်တိမ်းနိုင်ပေမဲ့ ကိုယ့်ဘာသာရှာထားတဲ့ အပြစ်တွေကနေတော့ ရှင်သန်နိုင်ဖို့မလွယ်ဘူး"

"မင်း... မင်း ဘာစကားပြောလိုက်တာလဲ.. တဖန် ထပ်ပြောလိုက်စမ်း"

ကျောင်းနန်က မယုံကြည်နိုင်သော အမူအရာဖြင့် ကျန်းချန်အား ကြည့်ရှုလိုက်၏။

သူက မှားယွင်းစွာ ကြားမိသလားဟုပင် သံသယ ဖြစ်နေမိသည်။

သူက အပြင်စည်းကျောင်းသား​ထဲတွင် ထိပ်တန်း ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။

ထို့အပြင် အဆင့်သတ်မှတ်မှုသည် လွန်ခဲ့သော နှစ်လ သို့မဟုတ် သုံးလက အဆင့်သတ်မှတ်မှုသာ ဖြစ်သည်။

မကြာသေးခင်က ကျောင်းနန်သည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်၆ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့၏။

ယခုအခါတွင် သူသည် အပြင်စည်းကျောင်းသားများ၏ ထိပ်ဆုံး ငါးယောက်ကို တိုက်ခိုက်ရန်ပင် အင်အား ရှိနေပြီ ဖြစ်သည်။

သို့သော် ဂိုဏ်းအတွင်းသို့ မကြာသေးခင်ကမှ ဝင်ရောက်လာသည့် ကောင်လေးသည် သူ့ကို စိန်ခေါ်လိုခဲ့သည်။

ဒီကောင်လေးကို ဘယ်သူက သတ္တိတွေ ပေးခဲ့သလဲဟု သူတကယ် မသိပေ။

"မင်းရဲ့ လည်ပင်းကို ဆေးကြောပြီး အဆင်သင့် ပြင်ထားလိုက်.. နောက်သုံးရက်ကျရင် ငါ မင်းကို စိန်ခေါ်မယ်"

ကျန်းချန်က ကျောင်းနန်အား ကြည့်ကာ ပြောလိုက်သည်။

"မင်း အခုငါ့စကားကို နားလည်ပြီလား"

"ကောင်းတယ်...သိပ်ကောင်းတယ်"

"သုံးရက်အတွင်း မင်း စိန်ခေါ်လာတာကို ငါ စောင့်နေမယ်.. ပြီးရင် နောင်တဆိုတာ ဘယ်လိုမျိုးလဲ မင်းကို သိစေမယ်"

ကျောင်းနန်က မထီတရီ ပြုံးလိုက်သည်။

သူက ကျန်းချန်အပေါ် ပြင်းထန်သော စကားလုံးများ ပြောဆိုလိုက်ပြီး နောက်လိုက်များနှင့် အတူ ထွက်ခွာသွားခဲ့သည်။

ကျောင်းနန်တို့လူစု ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်သည် မစ်ရှင်ခန်းမသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

ဆေးပင်ခူး အလုပ်အား လက်ခံပြီးနောက် ကျန်းချန်သည် မစ်ရှင် ခန်းမက ထုတ်ပေးသော ဆေးပင် သိုလှောင်အိတ်အား ယူဆောင်ကာ ဆေးတောင် အတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်ခဲ့သည်။

ယခင်က ဆေးပင်ခူးဖူးသော အတွေ့အကြုံကြောင့် ကျန်းချန်သည် ဤတစ်ခေါက်တွင် ဆေးတောင်နှင့် ပိုမို ရင်းနှီးကျွမ်းဝင်လာသည်မှာ သံသယဖြစ်ဖွယ်ရာ မလိုပေ။

နေ့တစ်ဝက်သာ ကြာမြင့်သည်။

ကျန်းချန်က ဆေးပင် ရာပေါင်းများစွာကို ရိတ်သိမ်းရန် သူ၏ အားကောင်းသော အာရုံခံနိုင်စွမ်းကို အားကိုးခဲ့သည်။

ထိုအထဲတွင် ဆဋ္ဌမအဆင့် ဆေးပင်နှစ်ပင်ကိုပင် ကျန်းချန်က ရိတ်သိမ်းနိုင်ခဲ့သည်။

"ဒီဆေးပင်တွေက ဂုဏ်ကျက်သရေ ရမှတ် နှစ်ထောင် ဒါမှမဟုတ် သုံးထောင်လောက် လဲလှယ်နိုင်မယ် ထင်တယ်.. ဒါပေမဲ့ ဒါက လုံးဝ မလုံလောက်သေးဘူး"

သိုလှောင်အိတ်အတွင်းမှ ဆေးပင်များကို ရေတွက်ပြီးနောက် ကျန်းချန်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

တစ်ရက်လျှင် ဂုဏ်ကျက်သရေ အမှတ် နှစ်ထောင်မှ သုံးထောင်သာ ရရှိသော်လည်း ဤသည်မှာ အပြင်စည်း တပည့် အများစုအတွက် ချီးကျူးစရာ ပုံရိပ်တစ်ခု ဖြစ်နေပြီ ဖြစ်၏။

သို့သော် ကျန်းချန်၏ မျက်လုံးများတွင် ဤဂုဏ်ကျက်သရေ အမှတ်များသည် လုံးဝ မလုံလောက်ပေ။

ထိုက်ရှဂိုဏ်းက ကျင့်ကြံခြင်း အရင်းအမြစ်များ ကြွယ်ဝသော်လည်း အသုံးပြုရန် လိုအပ်သော ဂုဏ်ကျက်သရေ အမှတ်များသည် မနည်းလှချေ။

အထူးသဖြင့် ကျန်းချန်သည် ထိုက်ရှစစ်ပွဲဝင် ခန္ဓာကိုယ်ကျင့်စဥ်ကို ကျင့်ကြံရန် စိတ်ဝင်စားနေခဲ့၏။

ထိုက်ရှစစ်ပွဲဝင် ခန္ဓာကိုယ်ကို လေ့လာလိုလျှင် တစ်ကြိမ်လျှင် ဂုဏ်ကျက်သရေ အမှတ် သုံးသောင်း သုံးစွဲရမည်ဟု ဆိုကြသည်။

ကျန်းချန်ပင်လျှင် ဤမျှလောက် မြင့်မားသည့် ဂုဏ်ကျက်သရေ အမှတ် ပမာဏအား မတတ်နိုင်ပေ။

"နောက်တစ်ကြိမ် ရှာဖွေကြည့်မယ်.. ဆဋ္ဌမအဆင့် ဆေးပင်အနည်းငယ် ထပ်ရှာတွေ့ရင် ကောင်းမှာပဲ"

ကျန်းချန်က တီးတိုးရေရွတ်ပြီးနောက် အဆင့်မြင့် ဆေးပင်များကို ဆက်လက် ရှာဖွေခဲ့သည်။

ကျန်းချန်က ဆေးတောင် ပတ်ဝန်းကျင်ကို အာရုံခံ၍ ရှာဖွေခဲ့သည်။

ရုတ်တရက် သူ၏ အသိအာရုံ အကွာအဝေး အတွင်း၌ စွမ်းအင် အပြောင်းအလဲတစ်ခု ပေါ်လာခဲ့သည်။

ကျန်းချန်က တုန်လှုပ်သွားပြီး သူ၏ မျက်လုံးများက စွမ်းအင် အပြောင်းအလဲ ဖြစ်ပေါ်နေသည့် ဦးတည်ရာသို့ မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ဤစွမ်းအင် အပြောင်းအလဲသည် သာမန် ဆဋ္ဌမအဆင့် ဆေးပင်များထက် အဆပေါင်းများစွာ ပိုမိုကြီးမားသည်။

ဟုတ်ပါသည်။ ကျန်းချန်ကို အံ့အားသင့်စေခဲ့သော အရာမှာစွမ်းအင်အ​ပြောင်းအလဲသည် လှိုင်းကဲ့သို့ အဆက်မပြတ် ရွေ့လျားနေခြင်းပင် ဖြစ်သည်။

"ဒီလောက် အားကောင်းတဲ့ စွမ်းအင် အပြောင်းအလဲကို ပိုင်ဆိုင်ပြီး ကိုယ်တိုင် ရွေ့လျားနိုင်တဲ့ စွမ်းရည်လည်းရှိတယ် ဆိုတော့ ဒါက သတ္တမအဆင့် သက်ရှည်ဂျင်ဆင်းများ ဖြစ်နေမလား"

ကျန်းချန်၏ မျက်လုံးများက တောက်ပသွားသည်။

သူက လေဆန္ဒကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး စွမ်းအင် အပြောင်းအလဲ၏ ဦးတည်ရာဆီသို့ သွားရောက်ခဲ့သည်။

မကြာမီမှာပင် ကျန်းချန်သည် မတ်စောက်သော တောင်တစ်ခုပေါ်၌ ပေါ်လာခဲ့သည်။

သူ၏ အကြည့်က တောင်၏ ချောက်ကမ်းပါး အနီး၌ရှိသော ဧရာမ ကျောက်ဆောင်တစ်ခုပေါ်သို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့၏။

"ဒါက... သတ္တမအဆင့် သက်ရှည် ဂျင်ဆင်းဆေးပင်ပဲ"

ကျောက်ဆောင်ပေါ်မှ အခြေအနေကို ရှင်းလင်းစွာ တွေ့ရသောအခါ ကျန်းချန်က တအံတသြ ရေရွတ်လိုက်သည်။

အခန်း(၄၁၅) ပြီး၏

All Chapters