အခန်း (၄၁၈)
Vol. 28 Ch. 418
"ဒီကောင်လေးက ဘယ်သူလဲ.. ဘာလို့ ဒီလောက်တောင် မာန်တက်နေရတာလဲ"
"ဟားဟား... ရယ်ရလွန်းလို့ အူပါနာတယ်"
"ဆေးပင်ခူးပြီး တစ်ရက်ကို ဂုဏ်ကျက်သရေ အမှတ် နှစ်ထောင် ရနိုင်မယ်လို့ ထင်နေတာဆိုတော့ ဒီကောင်လေးရဲ့ ခေါင်းက မြည်းအကန်ခံထားရတာပဲ ဖြစ်ရမယ်"
".........."
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် သူ့ကို မသိသည့် တပည့်တချို့သည် လှောင်ပြောင်လိုက်ကြသည်။
သူ့အကြောင်း သိသည့် သူတွေကမူ မျက်လုံးမျက်ဆံများ ပြူးကုန်ကြ၏။
တစ်ရက်တည်းဖြင့် ဆေးပင်ခူး စံချိန်မှတ်တမ်းနှစ်ခုကို ချိုးခဲ့သော ဒီကောင်က ဤနေ့တွင်လည်း စံချိန်မှတ်တမ်း တင်ဦးပါမည်လော။
"ကျန်းချန်... မင်းက လေကြီးလေကျယ်နဲ့.. လက်တွေ့ ဘာလုပ်ပြနိုင်လို့လဲ"
ဖူယုံ၏ မျက်လုံးထဲတွင် မထီမဲ့မြင် အရိပ်အယောင်များ ပေါ်လာသည်။
သူက အေးစက်စက် ရေရွတ်လိုက်၏။
"မင်းမှာ အခု လာအပ်တဲ့ ဆေးပင် ရှိတယ်မလား...မင်းက ငါ့ကို ဘယ်လို အနိုင်ယူပြမလဲ ငါ ကြည့်ချင်တယ်"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
"ငါက မင်းထက် ဂုဏ်ကျက်သရေ အမှတ်ပိုရရင် မင်းက ဘာပြန်ပေးမှာလဲ"
"ဒါဆို မင်းနဲ့ ငါ ဂုဏ်ကျက်သရေ အမှတ် နှစ်ထောင် လောင်းကြေးထပ်မယ်"
ဖူယုံက မထီမဲ့မြင် အမူအရာဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်၏။
"မင်းနိုင်ရင် ငါ့ရဲ့ ဂုဏ်ကျက်သရေ အမှတ် နှစ်ထောင်က မင်းအပိုင်ပဲ.. မင်းရှုံးရင်တော့ ငါ့ကို ဂုဏ်ကျက်သရေ အမှတ် နှစ်ထောင် ပေးရမယ်.. ဘယ်လိုလဲ... လောင်းကြေးထပ်ရဲလား"
"ဟားဟား ဒီကမ္ဘာမှာ ငါ အလောင်းအစား မလုပ်ရဲတာ မရှိဘူး"
ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
သူ၏အကြည့်က ဖူယုံဘေးမှ ဖူထန့်ဆီကို ရောက်သွား၏။
"ဖူယုံက ငါနဲ့ လောင်းကြေးထပ်ဖို့ ဒီအမှတ် နှစ်ထောင်ကို သုံးချင်တယ်.. မင်း ဘယ်လိုသဘောရလဲ"။
"သူ့ဆန္ဒအတိုင်းပဲ လောင်းကြေးထပ်မယ်"
ဖူထန့်က ကျန်းချန်ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
ကျန်းချန်က တစ်ရက်တည်းဖြင့် ဆေးပင်ခူး မှတ်တမ်းနှစ်ခုကို ချိုးဖျက်ခဲ့မှန်း သူသိသည်။
ကျန်းချန်က ကံကောင်း၍ ပဥ္စမအဆင့် ဆေးပင် ဆယ့်တစ်ပင်ကို တွေ့ခဲ့၍သာ စံချိန်မှတ်တမ်းကို အလွယ်တကူ ချိုးနိုင်ခဲ့ခြင်းပင်။
ထိုဆေးပင်များကို ဖယ်လိုက်လျှင် ကျန်းချန် ကောက်ခဲ့သည့် ဆေးပင်များ၏ ဂုဏ်ကျက်သရေ အမှတ်သည် တစ်ထောင့်သုံးရာလောက်သာ ရှိ၏။
ယင်းက သူတို့၏ အမှတ် နှစ်ထောင်နှင့် အဝေးကြီးပင်။
ဤတစ်ခေါက်တွင် ကျန်းချန်၏ ကံတရားက ယခင်တစ်ခါလောက် ကောင်းနိုင်မည်ဟု ဖူထန့် မယုံကြည်ပေ။
"ဒါဆိုလည်း ကောင်းပြီ.. မင်းက ငါ့ကို အမှတ် နှစ်ထောင် ပေးမှာဆိုတော့ ကြိုပြီး ကျေးဇူးတင်ထားလိုက်မယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အလုပ်အပ်သည့် နေရာကို လျှောက်သွားလိုက်သည်။
"ညီနောင် ကျန်းချန်... အရင်အပ်ပါ"
အလုပ်အပ်ရန် တန်းစီနေသည့် တပည့်သစ် တချို့က ကျန်းချန်အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ်"
ကျန်းချန်က ခေါင်းညိတ်လိုက်၏။
သူက ကောင်တာဆီကို တိုက်ရိုက် လျှောက်သွားလိုက်ပြီး သိုလှောင်အိတ်ထဲမှ ဆေးပင် အပုံလိုက်ကို သွန်ချလိုက်သည်။
ဆေးပင်ကို ထုတ်လိုက်သည်နှင့် ခန်းမထဲရှိ လေထုသည် ချက်ချင်း ပြောင်းလဲသွားခဲ့၏။
"ဝိုး... တစ်ရက်တည်းနဲ့ မှတ်တမ်းနှစ်ခုကို ချိုးဖျက်ခဲ့တဲ့ စံချိန်ရှင် ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. ဆေးပင်တွေ အများကြီးပဲ"
"ဒီဆေးပင်တွေက သာမန် အဆင့် ဆေးပင်တွေ မဟုတ်ဘူး...ဖူညီနောင်တော့ ရှုံးဖို့များသွားပြီ"
"............."
လူတိုင်းက ကျန်းချန် ထုတ်ယူလိုက်သည့် ဆေးပင် အပုံလိုက်ကို ကြည့်ပြီး အံ့ဩတုန်လှုပ်နေကြ၏။
ကျန်းချန်ရှေ့မှ တာဝန်ခံက အံ့သြ တုန်လှုပ်သော အကြည့်ဖြင့် စတင် ရေတွက်လိုက်သည်။
"တတိယအဆင့် ဆေးပင် ငါးဆယ်"
"စတုတ္ထအဆင့် ဆေးပင် ဆယ့်ကိုးပင်"
"ပဥ္စမအဆင့် ဆေးပင် ရှစ်ပင်"
"ဆဋ္ဌမအဆင့် ဆေးပင် နှစ်ပင်"
"မင်း... မင်း စုစုပေါင်း ဂုဏ်ကျက်သရေ ရမှတ် နှစ်ထောင် ရှစ်ရာ့ ငါးဆယ် ရတယ်"
နှစ်ထောင် ရှစ်ရာ့ ငါးဆယ်။
တာဝန်ခံက အံ့ဩစရာ ကိန်းဂဏန်းကို ပြောလိုက်ရာ လူတိုင်းက အသက်ရှူပင် မှားသွားကြသည်။
ဆေးပင်ခူးအလုပ်နှင့် တစ်ရက်အတွင်း ဂုဏ်ကျက်သရေ အမှတ် သုံးထောင်နီးပါး ရနိုင်ပါသလော။
"နတ်ဆိုးပဲ.. ဒီကောင်က လုံးဝနတ်ဆိုးဆန်လွန်းတယ်"
အခန်း(၄၁၈) ပြီး၏