အခန်း (၄၁၉)
Vol. 28 Ch. 419
"မဖြစ်နိုင်ဘူး"
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ဖူယုံတစ်ယောက် တည်ငြိမ်သည့် မျက်လုံးများနှင့် ထိုမြင်ကွင်းကို စိုက်ကြည့်နေရင်း မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။
ကျန်းချန်၏ ဆေးပင်ခူး စွမ်းရည်က ဤမျှလောက် နတ်ဆိုးဆန်သော အဆင့်အထိ ဖြစ်မည်ဟု သူ မတွေးခဲ့ပေ။
ဤအောက်ခြေအလုပ်က သူတို့၏ ကြယ်ပွင့်အဆင့် မစ်ရှင်ထက် အမှတ်ပိုရဖို့ အားကိုးနိုင်ပါသလော။
သူ အပင်ပန်းခံ ရထားသည့် ဂုဏ်ကျက်သရေ အမှတ် နှစ်ထောင် ကျန်းချန်ဆီ ပေးရတော့မည်ဟု တွေးမိလျှင် ဖူယုံတစ်ယောက် နှလုံးသွေးထွက်မတတ် ခံစားလိုက်ရသည်။
ထို့အပြင် ဖူယုံဘေးက ဖူထန့်၏ မျက်နှာကလည်း အတော်လေး အကျည်းတန် နေခဲ့၏။
ဤတစ်ခေါက်တွင် သူ့ တွက်ကိန်း မှားသွားမှန်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
သူက ကျန်းချန်၏ ဆေးပင်ခူး စွမ်းရည်ကို လျှော့တွက်မိခဲ့သည်။
ကျန်းချန်က တစ်ရက်ထဲဖြင့် ဆေးပင်ခူး စံချိန်မှတ်တမ်း နှစ်ခု ချိုးဖျက်နိုင်ခဲ့သည်မှာ ကံကောင်း၍ မဟုတ်ဘဲ အမှန်တကယ် စွမ်းရည်ရှိ၍ ဖြစ်၏။
"ကျန်းချန်... မင်းက ဂုဏ်ကျက်သရေ အမှတ် နှစ်ထောင် ရှစ်ရာ့ ငါးဆယ် ရတယ်.. အမှတ်တွေ ထည့်ပေးရအောင် မင်းရဲ့ သက်သေခံ ကတ်ပြားကို ထုတ်ပေးပါ"
တာဝန်ခံက အံ့သြ တုန်လှုပ်မှုကနေ သက်သာရန် အချိန် ခဏလောက် ယူလိုက်ရ၏။
ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ကျန်းချန်၏ စွမ်းရည်ကို မည်သို့သော စကားလုံးဖြင့် ဖော်ပြရမလဲ သူ မသိတော့ပေ။
အရင်တစ်ခါကလည်း ကျန်းချန်သည် အမှတ် တစ်ထောင် သုံးရာကျော်ဖြင့် စံချိန် မှတ်တမ်း နှစ်ခုကို ချိုးခဲ့သေးသည်။
ထိုစံချိန်ကပင် ကောင်းကင်ကို ဆန့်ကျင်ဖို့ လုံလောက်နေပြီ ဖြစ်၏။
ဤတစ်ခေါက်တွင် ကျန်းချန်က ပို၍ အစွမ်းပြလိမ့်မည်ဟု မည်သူသိနိုင်ပါမည်နည်း။
သူက ဆေးပင်ခူးစံချိန်၏ နှစ်ဆကိုပင် လုပ်ဆောင်နိုင်ခဲ့သည်။
ယင်းက တကယ်ကို မယုံနိုင်စရာပင်။
ကျန်းချန်က တာဝန်ခံ၏ စကားကို ကြားလျှင် ပြုံးလိုက်သည်။
"နေပါဦး.. ဒါအကုန် မဟုတ်သေးဘူး"
ကျန်းချန်က ထိုစကားကို ပြောလိုက်ရာ လူတိုင်း၏ အကြည့်သည် ကျန်းချန်၏ လက်ထဲရှိ အိတ်ဆီသို့ ရောက်ရှိသွားခဲ့သည်။
ကျန်းချန်၏ အိတ်ထဲတွင် ဆေးပင်များ ကျန်ရှိသေးပါသလော။
"နောက်... နောက်ထပ် ရှိသေးလို့လား"
တာဝန်ခံက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အင်း"
ကျန်းချန်က ခေါင်းညိတ်ကာ ပြုံးလိုက်၏။
"ဒီဆေးပင်က သူ့ဘာသာ ရွေ့လျားနိုင်တဲ့ အထူး ဆေးပင် ဖြစ်နေတာကြောင့် အစောပိုင်းက မထုတ်ခဲ့တာပါ"
"ရွေ့လျားနိုင်တဲ့ ဆေးပင်လား"
လူတိုင်းက ခဏမျှ မှင်တက်သွားကြသည်။
"ဆေးပင်က ဘယ်လောက်ပဲ အထူးဆေးပင် ဖြစ်ပါစေ၊ သူ့ဘာသာသူတော့ မရွေ့လျားနိုင်ဘူးလေ"
"ဒါ နောက်ပြောင်နေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား"
လူတချို့က မဖြစ်နိုင်ဟု ထင်နေကြသော်လည်း ခန်းမထဲရှိ ဆေးပင်အကြောင်း ကျွမ်းကျင်သူများ၏ မျက်လုံးတွင်မူ မယုံကြည်နိုင်လောက်အောင် အံ့သြသော အရိပ်အယောင်များ ပေါ်လာသည်။
ကျန်းချန်ရှေ့မှ တာဝန်ခံကလည်း အံ့သြတုန်လှုပ်သွားခဲ့၏။
"မင်း... မင်း ဘာပြောလိုက်တာလဲ.. သူ့ဘာသာ ရွေ့လျားနိုင်တဲ့ ဆေးပင်ကို ရလာတယ်လို့ ပြောလိုက်တာလား"
ကျန်းချန်က ဘာမှ ပြန်မပြောဘဲ ပြုံးလိုက်ပြီး အိတ်ထဲကို လက်နှိုက်လိုက်၏။
ခဏအကြာတွင် သူက ခရမ်းရောင် အလင်းတန်း ထုတ်လွှတ်နေသည့် ဧရာမ ဂျင်ဆင်းပင် တစ်ပင်ကို ထုတ်ယူလိုက်သည်။
"ဝိုး.. ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအင် အပြောင်းအလဲပါလား"
"ကြည့်စမ်း...ဂျင်ဆင်းပင်ရဲ့ အမြစ်တွေက တကယ်ပဲ လှုပ်ရှားနေတယ်ဟ"
"ဒါ... ဒါ မယုံနိုင်စရာပဲ"
"........."
ကျန်းချန် အိတ်ထဲကနေ ဆွဲထုတ်လိုက်သည့် ဧရာမ ဂျင်ဆင်းပင်ကို မြင်လျှင် လူတိုင်း တုန်လှုပ်ကုန်ကြသည်။
"သတ္တမအဆင့် သက်ရှည်ဂျင်ဆင်းပင်"
"မင်း... မင်းက သတ္တမအဆင့် ဆေးပင်ကို ရခဲ့တာလား"
တာဝန်ခံက ကျန်းချန်လက်ထဲမှ ဧရာမ ဂျင်ဆင်းပင်ကို မျက်လုံးမခွာနိုင်အောင် စိုက်ကြည့်နေခဲ့၏။
ခဏအကြာတွင် သူထံကနေ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သောအသံသည် ခန်းမထဲတွင် ပဲ့တင်ထွက်လာခဲ့သည်။
"ဘာ.. ဒါ... ဒါက ဒဏ္ဍာရီလာ သတ္တမအဆင့် သက်ရှည်ဂျင်ဆင်းလား"
တာဝန်ခံ၏ အော်သံကို ကြားလျှင် မစ်ရှင်ခန်းမ တစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက စကားပင် မပြောနိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
"သတ္တမအဆင့် သက်ရှည်ဆေးပင်တဲ့လား"
"ကျန်းချန်က ဒဏ္ဍာရီထဲက သတ္တမအဆင့် သက်ရှည်ဂျင်ဆင်းကို ကောက်ခဲ့တယ်တဲ့လား. ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
အခန်း(၄၁၉) ပြီး၏