အခန်း (၄၂၀)
Vol. 28 Ch. 420
"သူ... သူ တကယ်ပဲ သတ္တမအဆင့် သက်ရှည်ဆေးပင်ကို ရလာခဲ့တာလား"
ဖူညီအစ်ကိုတွေက ထိတ်လန့်တကြားဖြင့် ကျန်းချန်၏ လက်ထဲမှ ဂျင်ဆင်းပင်ကို ကြည့်နေခဲ့ကြ၏။
သူတို့က နှလုံးသားကို ပြင်းပြင်းထန်ထန် ဆွဲညှစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
အသက်ရှူနှုန်းပင် မမှန်ချင်တော့ပေ။
ဤသည်က သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများပင် လိုချင်တပ်မက်သည့် သတ္တမအဆင့် သက်ရှည်ဆေးပင် ဖြစ်သည်။
ဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်လာသည့် တပည့်သစ် တစ်ယောက်သည် ပထမနေ့မှာပင် စံချိန်မှတ်တမ်း နှစ်ခုကို ချိုးဖျက်ခဲ့ပြီး စံချိန်သစ်တင်ကာ ဒဏ္ဍာရီထဲမှ သတ္တမအဆင့် သက်ရှည် ဂျင်ဆင်းကိုတောင် ရှာဖွေနိုင်ခဲ့သည်။
ဤကောင်လေး၏ ဆေးပင် ရှာဖွေသည့် နည်းလမ်းသည် မည်မျှအထိ ဆန်းကြယ်နေပါသနည်း။
"ကြီးကြပ်ရေးမှူး... ဒီဂျင်ဆင်းပင်ကို ဂုဏ်ကျက်သရေ အမှတ်အဖြစ် ပြောင်းလဲပေးပါ"
လူတိုင်း တုန်လှုပ်နေစဥ် ကျန်းချန်၏ ခပ်တိုးတိုး အသံသည် ခန်းမထဲတွင် ပဲ့တင်ထွက်လာခဲ့၏။
"မင်း... မင်း ခဏလေး စောင့်ဦး.. ငါ... ငါ အကြီးအကဲကို သွားပြောလိုက်ဦးမယ်"
အလုပ်လက်ခံတဲ့သူက သတိပြန်ဝင်လာသည်နှင့် ကျန်းချန်ကို ခဏစောင့်ခိုင်းကာ အလျင်အမြန် ထွက်သွားခဲ့၏။
ထိုက်ရှဂိုဏ်းကို တည်ထောင်ကတည်းက စ၍ ဂိုဏ်းတပည့်များသည် သတ္တမအဆင့် သက်ရှည်ဂျင်ဆင်းကို စုဆောင်းခဲ့ဖူးခြင်း မရှိပေ။
ထို့အပြင် သတ္တမ အဆင့်ဆေးပင်ကို ဂုဏ်ကျက်သရေ ရမှတ် မည်ရွေ့မည်မျှ ဟူ၍ မသတ်မှတ်ထားပေ။
သို့သော်လည်း ဤကောင်လေး ကျန်းချန်သည် သတ္တမအဆင့်ဆေးပင်ကို အမှန်တကယ် ကောက်ယူလာခဲ့သည်။
တာဝန်ခံက ဤကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ ဘာလုပ်ရမည်မှန်း မသိတော့၍ ဂိုဏ်း၏ အကြီးအကဲကို မေးရုံသာ တတ်နိုင်တော့သည်။
မကြာခင်မှာပင် တာဝန်ခံသည် အစိမ်းရောင် ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက်ကို ခေါ်ကာ မစ်ရှင်ခန်းမဆီ အမြန် ပြန်လာခဲ့၏။
အစိမ်းရောင် ဝတ်ရုံနှင့် အဘိုးအိုသည် သာမန်ရုပ်ရည်သာရှိပြီး အရပ် ပုကာ ပိန်သည်။
သူ၏ ရင်ဘတ်ပေါ်တွင် ကြယ်ခုနစ်ပွင့် တံဆိပ်သည် ရွှေရောင်အလင်းဖြင့် တောက်ပနေခဲ့၏။
သတ္တမ အဆင့် အဂ္ဂိရတ်သခင်။
ကျန်းချန်က အနည်းငယ် ရှိန်သွားခဲ့သည်။
သူ့ရှေ့မှ သာမန်ပုံစံသာ ပေါက်သည့် အစိမ်းရောင် ဝတ်ရုံနှင့် အဘိုးအိုသည် စစ်မှန်သော နဂါးနိုင်ငံ၏ ဆေးနန်းတော် အရှင်သခင် ဖျင်ရီရှန်းထက် မနိမ့်ကျသောသူ ဖြစ်နေ၏။
ဤအချိန်တွင် ခန်းမထဲရှိ တပည့်များသည် အသံပင် မထွက်ရဲကြပေ။
ခန်းမထဲကို ရောက်နေသည့် တပည့်ထဲတွင် အဘိုးအို မည်သူမည်ဝါမှန်း မသိသည့်သူများ ရှိသော်လည်း အဘိုးအို၏ သတ္တမ အဆင့် အဂ္ဂိရတ်သခင် အဆင့်အတန်းကြောင့် တိတ်ဆိတ်နေကြ၏။
"ကျန်းချန်.. မင်းကို မိတ်ဆက်ပေးမယ်...ဒါက ငါတို့ ထိုက်ရှဂိုဏ်း ဆေးခန်းမရဲ့ လက်ထောက် အကြီးအကဲ ချင်ကျူပဲ"
တာဝန်ခံပ အဘိုးအိုနှင့် ကျန်းချန်ကို မိတ်ဆက်ပေးလိုက်သည်။
ကျန်းချန်က အံ့ဩသွား၏။
ဆေးခန်းမသည် ထိုက်ရှဂိုဏ်း၏ အရေးကြီးဆုံး အစိတ်အပိုင်းများထဲမှ တစ်ခု ဖြစ်သည်။
ဆေးခန်းမ အကြီးအကဲသည် သိုင်းသခင် နယ်ပယ်အဆင့် ဂိုဏ်းအကြီးအကဲများနှင့် တန်းတူ အဆင့်အတန်း ရှိသူဖြစ်၏။
ချင်ကျူက ဆေးခန်းမ၏ လက်ထောက် အကြီးအကဲ ဖြစ်သော်လည်း သူ၏ အဆင့်အတန်းမှာ အတော်လေး ကြီးမားသည်။
"သေချာတယ်...ဒါက သတ္တမအဆင့် သက်ရှည် ဂျင်ဆင်းပင်ပဲ"
ကျန်းချန်က ချင်ကျူကို ကြည့်နေစဥ် ချင်ကျူသည် ကျန်းချန်လက်ထဲမှ ဂျင်ဆင်းပင်ကို ကြည့်ကာ ပြုံးလိုက်သည်။
"ကောင်လေး... မင်းက တော်သားပဲ.. ဒီလိုဖမ်းရခက်တဲ့ ဆေးပင်ကိုတောင် ရအောင် ယူနိုင်တယ်"
ကျန်းချန်က ပြုံး၍ ပြန်ဖြေလိုက်သည်။
"ဒီတပည့်က ကံကောင်းသွားလို့ပါ"
"ကောင်လေး... နှိမ့်ချမနေပါနဲ့"
ချင်ကျူက ရယ်လိုက်၏။
သတ္တမ အဆင့် အဂ္ဂိရတ်သခင် ဖြစ်သည့် ချင်ကျူသည် သတ္တမအဆင့် သက်ရှည်ဂျင်ဆင်း၏ ဂုဏ်သတ္တိကို ကောင်းစွာ သိသည်။
ဤဂျင်ဆင်းပင်ကို ကံကောင်းခြင်း တစ်ခုတည်းဖြင့် မည်ကဲ့သို့ ရရှိနိုင်ပါအံ့နည်း။
သို့သော် ကျန်းချန်က ထင်ပေါ်လိုပုံမရ၍ ချင်ကျူက ထပ်မေးဖို့ မရည်ရွယ်တော့ပေ။
သူက ခဏလောက် စဥ်းစားပြီးမှ တိုးတိုးလေး ပြောလိုက်တယ်။
"ကောင်လေး... မင်းက သတ္တမအဆင့် သက်ရှည်ဆေးပင်ကို စုဆောင်းနိုင်ခဲ့ပြီး ဆေးပင်ခူး အလုပ်အတွက် မှတ်တမ်းအသစ်ကို တည်ဆောက်နိုင်ခဲ့တယ်"
"ဒီဂျင်ဆင်းပင်အတွက် မင်းကို အမှတ် နှစ်သောင်း လဲပေးမယ်.. ဒါ့အပြင် မင်းကို ဆုလဒ်အဖြစ် အမှတ် နှစ်သောင်းပေးမယ်.. ဘယ်လိုလဲ"
အခန်း(၄၂၀) ပြီး၏