ဂျင်နရယ်အဆင့်
Vol. 4 Ch. 48
"ဖျောင်း”
ဖုန်ချင်အန်း အတွေးနက်နေစဉ် တောင်နက်ကာ လက်သည်းများဆန့်ထုတ်၍ မြွေဖြူ၏ခါးပိုင်းကို ကုတ်ခြစ်လိုက်သည်။ စပ်စုလိုခြင်းဖြစ်သည်။ မီးပွားများ မျဉ်းဖြောင်းအတိုင်း ပေါ်လာသည်။ ညအမှောင်တွင် တောက်ပသွားသည်။
ဖုန်ချင်အန်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ မြွေဖြူကြေးခွံများသည် သတ္တုသားလို မာကျောဟန်ရှိသည်။ ထိုထက်ပင် ပိုမာကျောနိုင်သည်။
“လျှောက်လုပ်မနေနဲ့။ သစ်ပင်ဆီသွားပြီး သစ်သီးကောက်တော့”
မြွေဖြူဒေါသ ပိုပြင်းထန်လာတော့မည်ကို သူသိသည်။ အရွယ်အစားကြည့်ဖြင့် လူသားအသိဉာဏ်ထက် သာမည်မှာ သေချာသည်။ သက်တန်းရင်နတ်ဆိုးဖြစ်မည်.
ပုံမှန်ဆိုလျှင် ထိုသတ္တဝါမျိုးကို ရန်စဖို့ ဘယ်သူမှတွေးရဲမည်မဟုတ်။ သို့သော် ဖုန်ချင်အန်း လုံးဝမကြောက်။ စာအုပ်ခုနစ်အုပ်ဖြင့် နှိပ်ကွပ်နိုင်သည်။ တောင်နက်ပင် လက်သည်းသွေးနိုင်သေးသည်။
မြွေဖြူဒေါသက ဘာမှအရေးမပါ။ တောင်ဝင်ဝိညာဉ်စွမ်းကြောင့် မြေပေါ်တွင် ရိုကျိုးစွာ လှဲနေရသည်။
“အူး...”
တောင်နက် သစ်ပင်ကို မော့ကြည့်သည်။ သစ်သီးများက အမှောင်ထဲတွင် အနီရောင်သန်းနေသည်။
“အကဲဖြတ်မယ်”
(မြွေဝိညာဉ်သစ်သီး)
(မြွေနတ်ဆိုးဆီက ပြန့်ကျဲထွက်လာတဲ့ စွမ်းအင်သန္ဓေကိုအဟာရပြုပြီး ဖြစ်တည်လာတယ်။ မြွေမျိုးနွယ်ဝိညာဉ်တွေကို ဝိညာဉ်ချီနိုးထဖို့ ကူညီနိုင်တယ်။ သွေးဆက်သန့်စင်နိုင်တယ်။ စွမ်းရည်အများကြီး တိုးစေတယ်။ မြွေမျိုးနွယ်မဟုတ်တဲ့ ဝိညာဉ်တွေအတွက်တော့ အာနိသင်ပိုနည်းတယ်။ အတိုင်းအတာတစ်ခုထိတော့ အကျိုးရမဘ်)
“စွမ်းအားမြင့်နတ်ဆိုးပဲ”
ဝိညာဉ်သစ်သီးအချက်အလက်များကိုကြည့်၍ မြွေဖြူကို ဖုန်ချင်အန်း ပြန်ကြည့်မိသည်။ အမြင်သစ်ဖြင့် အကဲဖြတ်မိသည်။
အရင်က တောင်နက် တွေ့ခဲ့သည့် ဝိညာဉ်ရတနာများသည် မြေစွမ်းအင်ဖြင့်သာ မွေးဖွားကြသည်။ နတ်ဆိုးသားရဲများက အမှတ်မထင်တွေ့ခဲ့သည်။ ယခုသူ့ရှေ့မှသစ်ပင်က များစွာအဆင့်အတန်းမြင့်သည်။ ဤမြွေကြီးရှိနေသည့်အတွက် မွေးဖွားလာခြင်းဖြစ်သည်။
“ဒါကြောင့်လည်း စွမ်းအားမြင့်ဖြစ်တည်မှုတွေဘေးမှာ ဝိညာဉ်ရတနာတွေ ဝိုင်းနေတာပဲ။ ဒီလိုပစ္စည်းမျိုးတွေက အရည်အသွေးလည်းမြင့်သလို ပေါလည်းပေါများတယ်”
ဖုန်ချင်အန်း သုံးသပ်ကြည့်နေသည်။
“ဒီသစ်သီးက မြွေတွေအတွက် ပိုအကျိုးထူးတဲ့အချက်က ဆိုးတာပဲ။ ဒါပေမယ့် တောင်နက်လည်း အကျိုးထူးမှာပါ။ များများပိုစားရုံပဲပေါ့”
“သွားတော့ တောင်နက်”
သစ်သီးအကြောင်းသိပြီးသည်နဲ့ သူ့ချက်ချင်းအမိန့်ပေးလိုက်သည်။
“အူး..”
တောင်နက် သစ်ပင်ပေါ်တက်သည်။ အခက်အခဲမရှိ။ မြွေကြေးခွံဖြင့် ပွတ်တိုက်ထားမှုကြောင့် မာကျောသည့် ဝမ်းပွတ်ရာများလမ်းကြောင်းများ ကျန်ခဲ့သည်။ မြွေဖြစ်နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံထားရသည့် လက္ခဏာဖြစ်သည်။
တောင်နက် ခြေလှမ်းနည်းနည်းခုန်တက်လိုက်ရုံဖြင့် သစ်ပင်ထိပ်သို့ ရောက်သွားသည်။ ကျယ်ပြန့်သည့် ပင်စည်ပေါ်တွင်ရပ်လျက် အနီရောင်သစ်သီးကို ချက်ချင်း ကိုက်ဆွဲဝါးမျိုလိုက်သည်။
ထိုခဏမျှာပင် သူအော်ဟစ်လိုက်ရသည်။ ဆိတ်အရွယ်ခန္ဓာကိုယ် သစ်ပင်ထက်တွင် လဲကျသွားသည်။ ထူထဲသည့်အမွှေးများကို ထိုးဖေါက်၍ အနီရောင်အလင်းများ တစ်ကိုယ်လုံးတောက်ပလာသည်။ ဝိညာဉ်သစ်သီးမျိုမိသည်နှင့်မတူ။ မီးသွေးခဲမျိုချမိသလို ဖြစ်နေသည်။
တကယ်လည်း သူထိုသို့ခံစားနေရသည်။ ရဲရဲနီနေသည့် မီးခဲကို မျိုချရသလို ပြင်းထန်သည့်အပူလှိုင်းက တစ်ကိုယ်လုံးပျံ့နှံ့နေသည်။
ကြွက်သားနှင့်အသွေးအသားကို ထိုစွမ်းအားက ထပ်တလဲလဲချေဖျက်၍ အသစ်ပြန်မွမ်းမံနေသည်။ သူ့စွမ်းအား ဖြေးဖြေးမှန်မှန်တိုးတက်လာသည်ကို ခံစားမိသည်။ မမြင်ရသည့်အတားအဆီးတစ်ခု တဖြေးဖြေးကျိုးပျက်လာသည်။
တောင်နက်ထံမှ အကျိုးသက်ရောက်မှုကို ဖုန်ချင်အန်းလည်း ခံစားရသည်။ သို့သော် တောင်နက်နှင့်တော့မတူ။ သူ့ငယ်ထိပ်မှ အပူလှိုင်းလေးတစ်ခု စီးဝင်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ အတော်ပူနွေးသည်။ ဆောင်းရာသီတွင် ရေပူစိမ်နေရသလို သက်တောင့်သက်သာရှိသည်။ စိတ်ရောကိုယ်ပါ အတော်လန်းဆန်းလာသည်။ ကြည်နူးစရာဖြစ်စဉ်မျိုး ဖြစ်သည်။
သားရဲထိန်းသခင်တို့၏ ကျင့်စဉ်နည်းလမ်းများကို သူချီးကျူးမိသည်။ သားရဲကောင် ကျင့်ကြံနိုင်သည့်စွမ်းတိုးတက်အောင် လုပ်နေခြင်းဖြင့် သားရဲထိန်းသခင်များ နေရင်းထိုင်ရင်း ပိုသန်မာလာသည်။
သာမန်ဝိညာဉ်တို့အတွက် ဝိညာဉ်ရတနာအကူအညီယူခြင်းသည် အကြမ်းတမ်းဆုံး အနာကျင်ဆုံးနည်းလမ်းဖြစ်သည်။ အကျိုးသက်ရောက်မှုလည်း အနည်းဆုံးဖြစ်သည်။
သူ့ကိုယ်သူနှိပ်စက်ရန် ဖုန်ချင်အန်း စိတ်မဝင်စား။ တောင်တန်းပေါ်တွင်ပေါက်နေသည့် ဝိညာဉ်သစ်ပင်တစ်ချို့ကို ထိုအတိုင်းထားသည်။ နောက်တစ်ချိန် ပိုကောင်းအောင်အသုံးချသည့်နည်းလမ်းတွေ့မှ ဆွဲယူသုံးမည်ဟု တွေးသည်။
တောင်နက်အတွက်တော့ ရွေးစရာမရှိ။ လောလောဆယ် ဒုက္ခခံရမည်။ နတ်ဆိုးသားရဲဖြစ်သည်။ ကျင့်စဉ်နည်းလမ်းလည်း မရှိ။ ပင်ကိုယ်ဗီဇစွမ်းရည်ဖြင့် ဝိညာဉ်ချီရှူသွင်းနည်းကိုသာ အားကိုးနေလျှင် ဂျင်နရယ်အဆင့်ရောက်အောင် မည်မျှကြာမည်မသိ။
ယခု တော်ဝင်ချီအကူအညီဖြင့် တောင်တန်းပေါ်မှ နတ်ဆိုးများနေရာသို့ စိတ်ထင်သလို ပြေးလွှား၍ စွမ်းအင်သန္ဓေအဟာရပြုထားသည့် ဝိညာဉ်ရတနာများကို ဝါးမျိုခွင့်ရသည်။
“အူး...”
တောင်တန်းအရှေ့ဘက်ဆီ အနီရောင်နေလုံးပေါ်လာချိန်တွင် ဝိညာဉ်သစ်သီးကို အစာချေဖျက်မှုပြီးဆုံးသွားသဖြင့် တောင်နက်ထရပ်လာသည်။
သစ်ကိုင်းတစ်ခုပေါ်ရပ်လျက် သစ်ရွက်များကြားမှ နေလုံးကိုလှမ်းကြည့်၍ အော်ဟစ်လိုက်သည်။ ပြင်းထန်သည့် နတ်ဆိုးစွမ်းအင်များ သူ့ကိုယ်မှ ထိုးထွက်လာသည်။လာသည်။ အမွေးပွများ လူးလွန့်လှုပ်ရှားနေသည်။
သူ့ခန္ဓာကိုယ်လည်း နည်းနည်းပိုကြီးထွားလာသည်။ ခန္ဓာကိုယ်တွင်ရစ်ပတ်ထားသည့် လွယ်အိတ်ကြိုးများပြတ်သွားသည်။ စာအုပ်များ သစ်ပင်ခြေရင်းသို့ ပြုတ်ကျကုန်သည်။
“ဖတ်”
မြွေဖြူ ကံဆိုးခြင်းလားမသိ။ စာအုပ်တစ်အုပ်က သူ့ကိုယ်ပေါ်ကျသွားသည်။ ခေါင်းထောင်၍ ဝံပုလွေများကို ခြိမ်းခြောက်နေခဲ့သည့်မြွေဖြူ ချက်ချင်း မလှုပ်မယှက်ဖြစ်သွားသည်။
တောင်နက် လန့်ဖျတ်သွားသည်။ သို့သော် စာအုပ်များ ရေထဲသို့ကျမသွားဘဲ သစ်ပင်ရင်းမြက်ပြင်ပေါ် ပြန့်ကျဲနေသည်ကိုတွေ့ရမှ သူသက်ပြင်းချလိုက်သည်။ မည်သို့ပင်ဆိုစေ ချက်ချင်းသစ်ပင်ပေါ်မှဆင်း၍ စာအုပ်များကို တစ်အုပ်ချင်းကောက်လိုက်သည်။
ချက်ချင်းထွက်သွားရန် မစဉ်းစားသေး။ အရင်အတွေ့အကြုံများအရ စွမ်းအားမြင့်သည့် သစ်သီးမျိုးသည် ငါးကြိမ်ထက်ပိုစားမှသာ အာနိသင်မဲ့သွားကြောင်း သူသိသည်။ ထို့ကြောင့် ဤနေရာတွင် ခဏနေရန် စီစဉ်သည်။ မြေပြင်မှ ကံဆိုးသည့်မြွေဖြူလည်း ခဏဒုက္ခခံ၍ လှဲနေရုံသာရှိသည်။
တောင်တန်းပေါ်တွင် မကြာခဏမိုးရွာလေ့ရှိသည်။ တောင်နက်အတွက် အတော်အန္တရာယ်ကြီးသည့် အနေအထားဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ် ပိုကြီးမားလာပြီဖြစ်၍ မိုးရွာတော့မည်မှန်း သိသည်နှင့် စာအုပ်များကို သူ့ဝမ်းဗိုက်အောက်တွင် ဖုံးကာထားလိုက်သည်။
ထို့ကြောင် ရက်အတော်ကြာအောင် သစ်ပင်ထက်တွင် သူနေနိုင်ခဲ့သည်။ ဝိညာဉ်သစ်သီးများကို စားသည်။ ဒုတိယတစ်လုံးစားပြီးချိန်တွင် အဆင့်တစ်ခုတက်သွားသည်။
(ပထမဝိညာဉ်စာချုပ် - တောင်နက်)
(မျိုးစိပ် - ခွေးဝံပုလွေ)
(ဗီဇ - နတ်ဆိုး၊ သားရဲ)
(စွမ်းရည် - ဂျင်နရယ်၊ ထိပ်တန်းအဆင့်)
(တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ အခြေခံအဆင့်)