တာအိုရှင် ယင်ရှန်း
Vol. 4 Ch. 52
လွန်ခဲ့သည့်နှစ်အနည်းငယ်က သူ့ရှေ့မှကောင်လေးနှင့် ရုပ်ချင်းဆင်သည့် လူငယ်တစ်ယောက်မျက်နှာကို သူပြန်သတိရမိသည်။
တောင်တန်းကို နှစ်ငါးရာကြာအောင်စောင့်ကြည့်ခဲ့သည်။ ကာကွယ်ခဲ့သည်။ စောင့်ရှောက်ခဲ့သည်။
မြွေစိမ်းတောင်၏ အသိအမှတ်ပြုမှုရခဲ့သည်။ မိုးမြေက လက်ခံခဲ့သည်။ ဤတောင်တန်း၏ နတ်ဘုရားဖြစ်ခဲ့သည်။
အမွှေးတိုင်မလို။ ပူဇော်ပွဲမလို။ လူသားအသိအမှတ်ပြုချက်မလိုခဲ့။ သူ့ကို မိုးမြေကလက်ခံထားပြီးဖြစ်သည်။
တောင်တန်း၏အစိတ်အပိုင်းဖြစ်လာခဲ့သည်။ သူသည် တောင်တန်းတစ်ခုထက်ပိုသည်။
အစက တောင်တန်းနတ်ဘုရားဖြစ်လာသည်နှင့် မိုးမြေကောင်းချီးခံလူနည်းစုထဲတွင် ပါဝင်လာမည်။ ဘာမှကြောက်စရာမလိုတော့ဟု ထင်ခဲ့သည်။
သို့သော် လွန်ခဲ့သည့်သုံးနှစ်က လူငယ်တစ်ယောက် သူ့အိပ်မက်ထဲလာပြီး အလင်းပြခဲ့သည်။ မိုးနှင့်မြေ မည်မျှကျယ်ပြန့်သည်ကို သူနားလည်ခဲ့သည်။ သူ့တည်ရှိမှုသည် မိုးမြေနှင့်ယှဉ်လျှင် မထင်မရှား။
ဤလောကသို့ စရောက်ချိန် မျက်လုံးဖွင့်ကြည့်ချိန် စကြာဝဠာကို သူမြင်ရသည်။ မြေဖြူက သူ့ကိုလှုပ်နှိုးခဲ့ချန် ထိုသားရဲ၏ ကံမကောင်းသည့်အတွေ့အကြုံကို ကြားရသည်။ တော်ဝင်ချီ၏ရင်းမြစ်ကို နားလည်ခဲ့သည်။ မြွေဖြူပိုင်ချီကြုံရသည့်အဖြစ်ကို သူမအံ့ဩမိ။ ဖြစ်သင့်သည်။
သို့သော် တော်ဝင်ချီကို တောင်တန်းထဲသယ်လာသူမှာ ထိုလူငယ်၏ညီဖြစ်သည်။ သွေးဆက်နှင့် ဝိညာဉ်စွမ်းအင်ရောင် အတော်တူညီသည်။ အခြေအနေက သိပ်မသေချာ။
မည်သို့ပင်ဆိုစေ တောင်တန်းနတ်ဘုရားတစ်ယောက်အနေဖြင့် တောင်တန်း၏မျှခြေကို ထိန်းရမည်။ တောင်တန်းပေါ်တွင်တော်ဝင်ချီပေါ်မလာသင့်။ တောင်တန်း၏ သဟဇာတဖြစ်မှု ပျက်စီးသွားနိုင်သည်။ ထို့ကြောင့် တမန်တော်လွှတ်၍ ဝံပုလွေငယ်ကို ဆင့်ခေါ်ခဲ့သည်။ ဖုန်ချင်အန်းသိစိတ်ကို အာရုံခံမိခဲ့သည်။
.....................
တင့်တယ်ခံ့ညားသည့် စိမ်းပြာရောင်ဝတ်ရုံရှင်ကို ဖုန်ချင်အန်း ကြည့်နေသည်။ မြင့်မားသည့်ဩဇာရိပ်လွှမ်းနေသည်။ ထိုလူစကားဆက်အပြောကို သူစောင့်နေသည်။ သို့သော် နတ်ဘုရားက စကားလမ်းကြောင်းပြောင်းလိုက်သည်။
“မင်းကို ဖိတ်ခေါ်လို်တာ မင်းအကိုအကြောင်းပြာဖို့မဟုတ်ဘူး။ သူက ငါအကဲဖြတ်နိုင်တဲ့လူမျိုးမဟုတ်ပါဘူး”
တောင်တန်းနတ်ဘုရား ပြုံးလိုက်သည်။ ထို့နောက် အင်္ကျီလက်ကို ဖျတ်ခနဲဝှေ့ယမ်းလိုက်သည်။ ကျောက်စိမ်းစားပွဲတစ်ခု ပေါ်လာသည်။ သလင်းသားကဲ့သို့ ကြည်လင်နေသည့် ဖက်လရည်အိုးနှင့်ခွက်တစ်စုံပေါ်လာသည်။
“တောင်တန်းကနေ လက်ဖက်ရည်ကြမ်းနဲ့ ဧည့်ခံပါတယ်”
ဖုန်ချင်အန်းစိတ်ထဲ သံသယများပြည့်နေသော်လည်း ဝင်ထိုင်လိုက်သည်။
လက်ဖက်ရည်ကြမ်းသည် တောင်တန်းနတ်ဘုရား၏ ဧည့်ဝတ်ကျေပွန်မှုဖြစ်သည်။ ထိုလက်ဖက်ရည်မျိုးသည် မကောင်းသည့်အရာမဖြစ်နိုင်။ ဝိညာဉ်ရတနာမဟုတ်လျှင်ပင် ထိုအရည်အသွေးနည်းနည်းတော့ ပါလိမ့်မည်။
သို့သော် ကောင်းမကောင်းက အရေးမကြီးလှ။ လက်ရှိသူ့အခြေအနေသည် လေပြေလေညှင်းပင် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားနိုင်သည်။ လက်ဖက်ရည်သောက်နိုင်စရာအကြောင်းမရှိ။
ထို့ကြောင့် စိတ်ထဲတွင် မကျေမနပ်ရေရွတ်လျက် တည်ခင်းသည့်လက်ဖက်ရည်ကို အလိုက်တသိကြည့်နေရသည်။ နတ်ဘုရားတစ်ယောက်က လက်ဖက်ရည်ဧည့်ခံနေခြင်းသည် မျက်စိပသာဒဖြစ်စရာပင်ဖြစ်သည်။
တောင်တန်းနတ်ဘုရား၏ ပေါ့ပါးညင်သာသည့်အပြုအမူများကိုသာ အတူတူတောသားတစ်ယောက်လို သူကြည့်နေသည်။ ထို့နောက် နတ်ဘုရားက သူ့ရှေ့မှကြည်လင်နေသည့် လက်ဖက်ရည်စိမ်းကို ခွက်အပြည့်ဖြည့်ပေးသည်။
“အရသာဘယ်လိုနေလဲ မြည်းကြည့်ပါဦး။ ငါလက်ဖက်ရည်ပွဲမပြင်ဆင်တာ နှစ်တစ်ရာကြာပြီ”
“ကျုပ်လက်ရှိအဆင့်နဲ့ လက်ဖက်ရည်သောက်လို့ရလား”
ဖုန်ချင်အန်း မေးလိုက်သည်။ အလင်းပေါက်မြင့်နေရသည့် သူ့လက်ဝါးက လက်ဖက်ရည်ခွက်ကို တကယ်ထိနိုင်သည်။
လက်ဖက်ရည်ခွက်၏ ထူးခြားသည့်အထိအတွေနှင့် အနွေးဓာတ်ကို သူခံစားရသည်။
သူတအံ့တဩ ငုံ့ကြည့်လိုက်သည်။ လက်ဖက်ရည်ခွက်ကို မ,လိုက်သည်။ ထို့နောက်လက်ဖက်ရည်ကို တိတ်ဆိတ်စွာ သောက်နေသည့် နတ်ဘုရားကိုကြည့်၍ မေးလိုက်သည်။
“ကျုပ်ရဲ့လက်ရှိအနေအထားက ဘာလဲ”
လက်ရှိသူ့ပုံစံကို သူနားလည်နိုင်စွမ်းမရှိ။ ခန္ဓာကိုယ်က တိတ်ဆိတ်ငြိမ်းချမ်းသည် ရွာထဲတွင် ထိုင်နေသည်။ ကြက်အော်သံ ခွေးဟောင်သံများကို ကြားနေရသည်။ သူ့အခန်းထဲမှ အရာအားလုံးကိုမြင်နေရသည်။ သို့သော် တစ်ချိန်တည်းမှာပင် နတ်ဘုရားနှင့် မျက်နှာချင်းဆိုင်ထိုင်နေသည်။ လက်ဖက်ရည်သောက်နေသည်။
“ငါမသိဘူး”
နတ်ဘုရားက တည်ကြည်သည့်မျက်နှာဖြင့် ဖြေသည်။
“ဘယ်လိုလုပ် ခင်ဗျားမသိနိုင်ရမှာလဲ”
တမင်လိမ်နေသည်ဟု သူထင်လိုက်သည်။
“ငါက မင်းရဲ့သိစိတ်ဝိညာဉ်တစ်စကို ဆွဲထုတ်လိုက်ရုံပါ။ မင်းဒီလိုဖြစ်နေတာက မင်းရဲ့ကိုယ်ပိုင်ကျင့်ကြံမှုအစွမ်းပဲ။ ငါဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ဒီလိုထူးခြားတဲ့ ကျင့်စဉ်နည်းကို ငါပထမဆုံးမြင်ဖူးတာပဲ”
နတ်ဘုရားက ရှင်းပြသည်။
ဖုန်ချင်အန်းင်အန်း အသံတိတ်သွားသည်။ အဆင့်မြင့်တောင်တန်းနတ်ဘုရားက ချီးကျူးရသည့် ကျင့်ကြံနည်းသည် အထင်ကြီးစရာပင်ဖြစ်သည်။ သို့သော် ထိုကျင့်စဉ်ကို သူလည်း နားမလည်။ နတ်ဘုရား၏စကားအရ ထိုကျင့်စဉ်၏စွမ်းဆောင်ရည်ကို သူအပြည့်အဝအသုံးချနိုင်သေးပုံမပေါ်။
“မင်းတောင်နားမလည်ရင် ငါကဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ဒါပေမယ့် ငါ့အမြင်ပြောရရင် မင်းရဲ့ဝိညာဉ်ပုံရိပ်ဟာ တာအိုရှင်ယင်ရှန်းနဲ့တူတယ်။ ဒါပေမယ့် အတော်လည်း ကွဲပြားနေတယ်”
“ဘာကွဲပြားတာလဲ”
“အားနည်းလွန်းတယ်”
“ဟမ်”
“ငါမြင်ဖူးတဲ့ တာအိုရှင်ယင်ရှန်းဟာ လူသားခန္ဓာအစစ်လို သက်ဝင်လှုပ်ရှားနေတယ်။ အရေပြားပေါ်က အရေးအကြောင်းတိုင်းကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ ဒါပေမယ့် မင်းက...”
နတ်ဘုရားက ဆက်မပြောတော့။ ဖုန်ချင်အန်း ကောင်းကောင်းသိပါသည်။ လေတစ်ချက်ဝှေ့ရုံဖြင့်ပင် သူလွင့်ပါသွားသည်။ သို့မဟုတ် ယခုအခြေအနေက လေပင်တိုက်စရာမလို။
သို့သော် သူ့စိတ်ထဲ ကျေနပ်မိသည်။ သူနှိုင်းယှဉ်ပြောခံရသည့်လူက တာအိုရှင်ယင်ရှန်း။ နတ်တစ်ပါး၏ ဝိညာဉ်စွမ်းအားအဆင့်မျိုး ရှိသူဖြစ်သည်။
“လက်ဖက်ရည် အေးတော့မယ်။ မြည့်ကြည့်ပါဦး။ အေးသွားရင် အရသာက သိပ်မကောင်းတော့ဘူး။ မင်းရဲ့ကျင့်ကြံနည်းကို ငါအပြည့်အဝနားမလည်ပေမယ့် ဝိညာဉ်ကိုလေ့ကျင့်တဲ့နည်းလမ်းဖြစ်မှာ သေချာပါတယ်။ ငါ့လက်ဖက်ရည်က ဝိညာဉ်ကိုအားဖြည့်ပေးနိုင်တယ်။ မင်းအတွက် နည်းနည်းတော့ အကျိုးရှိမှာပါ”
ဖုန်ချင်အန်းမျက်လုံးများ အရောင်လက်လာသည်။ တုံ့ဆိုင်းမနေတော့ဘဲ လက်ထဲမှခွက်ကို မော့ချလိုက်သည်။ နွားငတ်ရေကျပုံစံမျိုးဖြစ်သည်။
လက်ဖက်ရည်က လည်ချောင်းထဲမှ ဆင်းသွားပြီး နူးညံ့သည့် ရေခိုးရေငွေ့အဖြစ်ပြောင်းသွားပြီး တစ်ကိုယ်လုံးစိုစွတ်သွားသည်။ ပေါ့ပါးလန်းဆန်းသွားသည်။ ခံစားရသည့်အရသာ ကောင်းလွန်းသဖြင့် အော်ညည်းမိမတတ်ပင် ဖြစ်သည်။
သို့သော် တိမ်တိုက်များပေါ်တွင် နတ်ဘုရားတစ်ပါး၊ နတ်ဆိုးတစ်ကောင်နှင့် သူ့သားရဲခွေး ရှိနေသည်ဖြစ်၍ ဣန္ဒြေထိန်းထားသည်။
“အရသာဘယ်လိုလဲ”
နတ်ဘုရားက ပြုံး၍မေးသည်။
“နောက်တစ်ခွက်လောက်ရနိုင်မလား”
ခဏတုံ့ဆိုင်းနေပြီးနောက် အားမနာလျှာမကျိုး သူ့ကျောက်စိမ်းခွက်ကို နတ်ဘုရားရှေ့သို့ ထိုးပေးလိုက်သည်။