အပြန်အလှန်အားကျခြင်း
Vol. 4 Ch. 53
“ရတာပေါ့”
ဖုန်ချင်အန်း၏ ပွင့်လင်းသည့်အမူအရာကြောင့် တောင်တန်းနတ်ဘုရား ရယ်လိုက်သည်။ လက်ဖက်ရည်အိုးကို ဖုန်ချင်အန်းရှေ့သို့ ထိုးပေးလိုက်သည်။
“မင်းကြိုက်သလောက် ထည့်သောက်ပါ။ ဒါပေမယ့် နောက်ဆုံးခွက်သောက်တဲ့အချိန်ကျရင်တော့ အရသာခံပြီးသောက်ပါ”
“ကျေးဇူးပါ၊ မဟာနတ်ဘုရား”
ဖုန်ချင်အန်း အပျော်လုံးဆို့သွားသည်။ အရသာခံဖို့ကိုတော့ သူသိပ်အရေးမစိုက်။ ဝိညာဉ်လက်ဖက်ရည်သည် ဝိညာဉ်စွမ်းအားကို အဟာရပြုသည်။ နတ်ဘုရားက လက်ဖက်ရည်ကြမ်းဟုသာ သတ်မှတ်သည်။ ထို့ကြောင့် အာနိသင်ထက် အနံ့အရသာကို ပိုအရေးစိုက်ဟန်ရှိသည်။
“ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ မင်းသဘောမပါဘဲ ငါကဖိတ်ခေါ်ထားတာလေ။ ဧည့်ဝတ်ကျေမှဖြစ်မှာပေါ့”
ဒုတိယတစ်ခွက်သောက်ပြီးဖြစ်သည့် ဖုန်ချင်အန်း မျက်နှာတောင့်တင်းသွားသည်။ အကြောင်းရှိ၍သာ နတ်ဘုရားက ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
“မင်းနဲ့ ဆွေးနွေးချင်တာ တစ်ခုရှိတယ်”
“ပြောပါ မဟာနတ်ဘုရား”
သူရှင်းပြဖို့ စိတ်ကူးမိသည်။ သို့သော် နတ်ဘုရာဟန်ပန်က ဖေါ်ရွေသည့်ပုံစံဖြစ်၍ သူနည်းနည်းစိတ်သက်သာရာရသွားသည်။
“မင်းမွေးထားတဲ့ သတ္တဝါလေးပေါ်က စာအုပ်တွေ ပြန်ယူသွားလို့ရမလား။ တောင်တန်းဆိုတာ ကိုယ်ပိုင်အစီအစဉ်နဲ့ သွားနေတာ။ တော်ဝင်ကျမ်းစာ ဒီမှာပေါ်မလာသင့်ဘူး
နတ်ဘုရားက သူ့ဘေးတွင် ရိုရိုကျိုးကျိုးရှိနေသည့် တောင်နက်ကို တစ်ချက်ကြည့်သည်။ ထို့နောက် ကြိုးပြတ်နေသည့် လွယ်အိတ်ထဲမှ စာအုပ်များကိုကြည့်သည်။ စာအုပ်မှထွက်နေသည့် စွမ်းအင်ရောင်ကို သူရှင်းလင်းစွာမြင်နေရသည်။ သို့သော် သူ့အပေါ် သက်ရောက်မှုမရှိ။ သူသည် မြင့်မြတ်သည့်နတ်ဘုရားဖြစ်သည်။
“ရပါတယ်”
ဖုန်ချင်အန်း အမြန်ခေါင်းငြိမ့်လိုက်သည်။ မြွေဖြူနတ်ဆိုးကု စနောက်ပြီးနောက် သူရပ်တန့်သင့်ပြီဟု ခံစားခဲ့ရသည်။ တောင်တန်းနတ်ဘုရားကို စော်ကားသလိုဖြစ်သွားမည်ဟု မထင်ခဲ့။
သူတကယ်မျှော်လင့်မထား။ ရွာထဲတွင် ဤနတ်ဘုရားအကြောင်း ဒဏ္ဍာရီမရှိ။ တစ်ယောက်မှ မပြောဖူး။
“ဒီစာအုပ်တွေ တောင်နက်ကိုယ်ပေါ်မှာ ချည်ပေးလိုက်တာက တောင်တန်းပေါ်တက်တဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ပါ”
“ကိုယ့်ကိုယ်ကို ကာကွယ်ဖို့”
နတ်ဘုရားမျက်နှာတွင် ထူးဆန်းသည့်အရိပ်တစ်ခု ဖြတ်သွားသည်။
“နတ်ဆိုးကြီးတစ်ကောင်ရဲ့နေရာကို သူပြေးသွားတယ်။ ဝိညာဉ်သစ်သီးတွေ စားတယ်။ အကြေးခွံကို လက်သည်းနဲ့ခြစ်တယ်လေ”
“ဒါက...”
ဖုန်ချင်အန်း နည်းနည်းရှက်သွားသည်။ မူလရည်ရွယ်ချက်က တောင်နက်ကိုကာကွယ်ဖို့ဖြစ်သည်။ သို့သော် သူ့စိတ်တွင် အခဲမကျေသောကြောင့်လည်း ပါသည်။ ဝိညာဉ်ရတနာအရသာကိုသိပြီးနောက် သူစိတ်မထိန်းနိုင်ဖြစ်လာသည်။
“ဟုတ်ပါတယ်၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ပါ”
သူမျက်နှာပြောင်တိုက်လိုက်သည်။
“တော်ဝင်ကျမ်းစာကို တောင်တန်းပေါ်သယ်လာတာ မသင့်တော်မှန်းသိပါတယ်။ ဒါပေမယ့် ကျုပ်ခွေးက သုံးစားမရဘူးလေ။ ကျမ်းစာအကာအကွယ်မရှိရင် တောင်တန်းနတ်ဆိုးတွေက တိုက်ခိုက်ကြမှာပေါ့။ သူ့ကို တောင်တန်းပေါ်မှာ အသေမခံနိုင်လို့ပါ။ ဒီတော့ ကျမ်းစာကိုပဲ အားကိုးပြီး စွမ်းအားအမြန်တိုးအောင် လုပ်ပေးရတယ်။ ဒါကြောင့်လည်း စွန့်စားပြီး မြွေဖြူသားရဲဆီ သွားခိုင်းတာပါ”
“ဒါဆိုအခု မင်းရဲ့ခွေး တောင်တန်းပေါ်မှာ ဘေးကင်းပြီလို့ ခံစားရသလား”
“မခံစားရပါဘူး”
ဖုန်ချင်အန်း ခေါင်းခါသည်။
“ဘယ်လို၊ မင်းဝံပုလွေလေးက အချိန်တိုအတွင်း သာမန်သားရဲတွေနှစ်တစ်ရာလောက်ကျင့်ရမယ့် အဆင့်ကို ခုန်တက်သွားပြီလေ။ ဒါတောင် မလုံလောက်သေးဘူးလား။ သူ့အသက်ကို ခြိမ်းခြောက်နိုင်တယ့် သားရဲဆိုတာ ဒီတောင်တန်းမှာ များများစားစားမရှိပါဘူး”
“ဒါပေမယ့် မြွေဖြူနတ်ဆိုးကို ရန်သွားစခဲ့ပြီမဟုတ်လား”
ဖုန်ချင်အန်း မချိပြုံးပြုံး၍ပြောသည်။
“သဘောပေါက်ပြီ။ မင်းက ပိုင်ချီကိုပြောတာလား။ သူ့ကို အဲလောက်အထင်မသေးပါနဲ့။ သိက္ခာကျခံပြီး နတ်ဆိုးလေးတစ်ကောင်ကို သူအညှိုးထားနေမှာမဟုတ်ပါဘူး”
“ဘယ်သူအာမခံနိုင်မှာလဲ”
ဖုန်ချင်အန်း သူ့ဘာသာခပ်တိုးတိုးရေရွတ်သည်။ တောင်နက်လုပ်ရပ်က အတော်လွန်သွားသည်။ မြွေဖြူနေရာတွင် သူသာဆိုလျှင် ထိုလုပ်ရပ်မျိုးကို သည်းခံနိုင်မည်မဟုတ်။
“ဒါဆို မင်းဝံပုလွေ တောင်တန်းပေါ်မှာ ဘေးကင်းရင် ကျမ်းစာကို ပြန်ယူသွားမှာလား”
“ဟုတ်ကဲ့”
နတ်ဘုရားကို သူမျှော်လင့်တကြီးကြည့်နေသည်။
“အဲလိုဆိုရင် ငါအာမခံပါတယ်။ သူသာ ရန်မစရင် ဘယ်နတ်ဆိုးမှ သူ့ကိုအန္တရာယ်မပေးစေရပါဘူး။ ငါ့ကြေးခွံ သူ့ကိုပေးထားပါ့မယ်”
တောင်တန်းနတ်ဘုရား၏ အကြေးခွံများက စိမ်းပြာရောင်အလင်းအဖြစ်ပြောင်း၍ တောင်နက်နဖူးထဲသို့ စိမ့်ဝင်သွားသည်။
“စေတနာထားပေးတာ ကျေးဇူးတင်ပါတယ် မဟာနတ်ဘုရား။ ဒါပေမယ့်...”
“တစ်ခြား ဘာများတောင်းဆိုချင်သေးလို့လဲ”
နတ်ဘုရားက ပြုံး၍မေးလိုက်သည်။
“ခင်ဗျားလည်း မြင်တာပဲ။ ကျုပ်ခွေးလေးက ဝိညာဉ်ရတနာတွေစားပြီး ဒီအဆင့်ကိုရောက်လာတာ။ ဒါပေမယ့် နတ်ဆိုးတွေကို မတိုက်ခိုက်ရဘူးဆိုရင် နောက်ထပ်ဝိညာဉ်ရတနာတွေမရဘဲ ဒီအဆင့်မှာပဲ ရပ်နေရမှာမဟုတ်လား”
ဖုန်ချင်အန်း နည်းနည်းတော့မျက်နှာပူသည်။ တောင်နက်အသက်ကို အာမခံရုံဖြင့် သူမကျေနပ်။ ယခု တောင်နက်စွမ်းရည်က ဂျင်နရယ်အဆင့်သာရှိသေးသည်။ ဆက်တိုးမလာသေး။ ဝိညာဉ်ရတနာများ စားစရာမရှိလျှင် ဤအဆင့်တွင်သာ အချိန်အကြာကြီး ရပ်နေလိမ့်မည်။
“ဪ အဲဒါပဲလား။ ဝိညာဉ်ရတနာတွေက ကောင်းတယ်ဆိုပေမယ့် ရေရှည်အားကိုးလို့မရဘူး။ ဒီလောကမှာ ဝိညာဉ်ရတနာအရေအတွက်ဆိုတာကလည်း အကန့်အသတ်ရှိတယ်။ ကိုယ့်ဘာသာ ကြိုးစားပြီးကျင့်ကြံမှပဲ အောင်မြင်မှုရနိုင်တယ်”
“ကျုပ်ကို လမ်းပြဘေးပါ မဟာနတ်ဘုရား”
ဖုန်ချင်အန်း အခက်တွေ့နေသည်။ ရွေးစရာမရှိ။ တောင်နက်သည် အခြေခံမှ စကျင့်ခဲ့ရသည်။ သူ့အတွက် တစ်ခြားရွေးစရာမရှိခဲ့။ သို့သော် တောင်နက်သည့် သူ့ပထမသားရဲဖြစ်သည်။ ပိုအဆင့်မြင့်သည့် သားရဲမျိုး သူရှာနိုင်လျှင်ပင် တောင်နက်ကို မစွန့်ပစ်နိုင်။
ယခု အဆင့်မြင့်နတ်ဘုရားက သူ့ရှေ့တွင်ရျိနေသည်။ စိတ်သဘောထားကောင်းသည်။ ထိုအခွင့်အရေးကိုအသုံးချ၍ တစ်ခုခုသူမတောင်းဆိုနိုင်လျှင် ဤတွေ့ဆုံမှုသည် ဘာမှအကျိုးမရှိ။
“သာမန်သားရဲတွေ ဝိညာဉ်အဖြစ်ပြောင်းတဲ့အခါ ထူးခြားတဲ့ဘိုးဘေးမျိုးဆက်ရှိရင် အဲဒီမျိုးဆက်သွေးကနေ အသက်ရှူနည်းလမ်းကို ရနိုင်တယ်”
ဖုန်ချင်အန်း တောင်နက်ကို လှည့်ကြည့်လိုက်သည်။ တောင်နက်က ခေါင်းခါပြနေသည်။ ဘာအသက်ရှူနည်းလမ်းမှ မရခဲ့သည့်သဘောဖြစ်သည်။
“မဟာနတ်ဘုရား၊ မြင်တဲ့အတိုင်းပဲ။ ကျုပ်ခွေးရဲ့ မျိုးရိုးသွေးဆက်က ညံ့ပါတယ်။ ဘာအသက်ရှူနည်းလမ်းမှမရှိဘူး”
“ဒါက သိပ်တော့လည်း အရေးမကြီးပါဘူး။ အရင်က ငါလည်း ဒီတောင်တန်းပေါ်က မြွေလေးတစ်ကောင်ပါပဲ။ ဝိညာဉ်အဖြစ်ပြောင်းပြီးတာတောင် အသက်ရှူနည်းလမ်းမရခဲ့ဘူး။ နေတွေလတွေ ကြယ်တာရာတွေလည်ပတ်ပုံကို ဒီတောင်တန်းပေါ်ကနေကြည့်တယ်။ ရာသီဥတုပြောင်းလဲပုံတွေကိုကြည့်တယ်။ ဒီလိုနဲ့ စကြာဝဠာသဘောတရားကို နးလည်လာတာပဲ။ စွမ်းအားကျင့်ကြံတဲ့အသက်ရှူနည်းလမ်းတစ်ခု နားလည်ဖို့အတွက် နှစ်ခြောက်ဆယ်လောက် ကြာခဲ့တယ်”
နတ်ဘုရားက အေးဆေးတည်ငြိမ်သည့်လေသံဖြင့် ပြောသည်။ သူ့မျက်လုံးများက အတိတ်တစ်ချိန် သူခက်ခဲစွာ ကျင့်ကြံခဲ့သည့်အဖြစ်များကို ပြန်တွေးမိနေဟန်ရှိသည်။
ဖုန်ချင်အန်း အသံတိတ်နေသည်။ သူ့ရှေ့ခွက်ထဲသို့ လက်ဖပ်ရည်ထပ်ဖြည့်၍ သောက်သည်။ ပေါ့ပါးကြည်လင်သည့် ခံစားချက်ပေါ်လာပြန်သည်။ စိတ်ငြိမ်သွးပြီးနောက် သူစပြောသည်။
“မဟာနတ်ဘုရား၊ ကျုပ်ခွေးကို အဲလောက်အထင်ကြီးနေတာလား။ နှစ်ခြောက်ဆယ်လောက် သူကြိုးစားရင်တောင် ဘာအသက်ရှူနည်းမှ နားလည်လာမှာမဟုတ်ဘူး”
နှစ်ခြောက်ဆယ် မဆိုထားနှင့် နှစ်သုံးဆယ်လည်း သူမစောင့်နိုင်။ နှစ်သုံးဆယ်ကြာလျှင် သူ့ကျင့်စဉ်စွမ်းအား တိုးတက်နေပြီးဖြစ်ချင်သည်။ တောင်နက်ကိုအားထား၍ သူ့စွမ်းအားကို မြှင့်ချင်သည်။
“ဒါဆို တတိယနည်းလမ်းရှိပါတယ်။ သင်ပေးဖို့ပေါ့”
“ကျေးဇူးတင်ပါတယ်”
ဖုန်ချင်အန်း သဘောပေါက်သည်။
“ငါ့ကို ကျေးဇူးမတင်နဲ့ဦး။ ငါက တပည့်လက်ခံဖို့ စိတ်ကူးမရှိဘူး။ ဒီတော့ ငါ့နည်းလမ်းကိုသင်ချင်ရင် ဒါနဲ့ညီမျှတဲ့အရာတစ်ခု ပြန်ပေးရမယ်”
“ညီမျှတဲ့အရာ”
ဖုန်ချင်အန်း ကြက်သေသေသွးသည်။ သူ့ကိုယ်သူ့ ပြန်ကြည့်သည်။ ငွေလည်းမရှိ။ နတ်ဘုရားက သူ့ထံမှ ဘာကိုပြန်လိုချင်သည်မသိ။
“မဟာနတ်ဘုရား။ ကျုပ်ဆီမှာ အဲဒါနဲ့ညီမျှတဲ့အရာ ဘာရှိနိုင်မှာလဲ”
“အဲလိုလည်းမဟုတ်ပါဘူး။ ငါ့အတွက်တော့ မင်းအကိုရေးထားတဲ့ ကျမ်းစာတွေဟာ တန်ဖိုးဖြတ်လို့မရဘူး”
ဖုန်ချင်အန်း သဘောပေါက်သွားသည်။ တောင်တန်းနတ်ဘုရား၏ တည်ကြည်သည့်မျက်နှာကို သူစိုက်ကြည့်နေသည်။
သူထင်မထား။
တောင်တန်းနတ်ဘုရား၏ကျင့်စဉ်ကို သူလိုချင်သည်။ နတ်ဘုရားက တောင်နက်ကျောပေါ်မှ ကျမ်းစာအုပ်များကို သဘောကျနေသည်။ သို့သော် အတင်းမတောင်းဆိုခဲ့။ အလဲအလှယ်သဘောသာ ကမ်းလှမ်းသည်။