ကောင်းကင်ကျမ်းစာ
Vol. 4 Ch. 54
“မင်းအလဲအလှယ်လုပ်ချင်လား”
အမြင်အာရုံနှစ်မျိုးရှိနေသည့်ဖုန်ချင်အန်း သူ့အခန်းထဲမှ စာအုပ်အပြည့်ရှိနေသည့် စာအုပ်စင်ကို တစ်ချက်ကြည့်သည်။ ခဏတုံ့ဆိုင်းနေပြီးနောက် သူသဘောတူလိုက်သည်။
“လုပ်မယ်”
သူ့အကိုငယ်စဉ်က ရေးထးသည့်စာအုပ်တိုင်းက အတုမဲ့ရတနာဖြစ်နေသည်။ တောင်နက်သည် စာအုပ်ခုနစ်အုပ်တည်းဖြင့်ပင် တောင်တန်းပေါ် လှည့်လည်နိုင်ခဲ့သည်။
ထူးကဲလွန်းသည့်ရတနာများဖြစ်၍ သာမန်ပစ္စည်းများနှင့် တန်ဖိုးသတ်မှတ်၍မရ။
သို့သော် တောင်တန်းနတ်ဘုရားက အသက်ရှူကျင့်စဉ် ပေးမည်ဆိုလျှင် မျှတသည့်အပေးအယူဟု ဆိုနိုင်သည်။ ဖုန်ချင်အန်းလည်း ထိုကိစ္စတွင် အမြတ်ထွက်မည်။ သူအကိုချန်ခဲ့သည့်စာအုပ်များက စာအုပ်စင်တစ်ခုလုံး အပြည့်ရှိနေသည်။
“မဟာနတ်ဘုရားက အသက်ရှူကျင့်စဉ်နဲ့ အလဲအလှယ်လုပ်ဖို့ စာအုပ်ဘယ်နှစ်အုပ်လောက် လိုချင်တာလဲ”
တောင်တန်းနတ်ဘုရားက ချက်ချင်း လက်ကိုမြှောက်၍ လက်တစ်ချောင်းထောင်ပြသည်။
“တစ်ဆယ်လား”
ဖုန်ချင်အန်း အားတက်သရောမေးလိုက်သည်။ သူ့စိတ်ထဲ ပျော်နေသည်။ ထိုစာအုပ်အရေအတွက်လောကက သူ့အတွက်အဆင်ပြေသည်။ သူစာအုပ်စင်မှ အခန်းတိုင်းတွင် အနည်းဆုံး စာအုပ်နှစ်ဆယ်ဆီလောက် ရှိနေသည်။
“တစ်အုပ်ပါ”
နတ်ဘုရားက တည်ငြိမ်စွာ ပြောလိုက်သည်။
“တစ်အုပ်”
ဖုန်ချင်အန်း နည်းနည်းအံ့အားသင့်သွားသည်။
စကြာဝဠာလည်ပတ်ပုံကို နားလည်နိုင်သည့် အသက်ရှူကျင့်စဉ်ကို စာအုပ်တစ်အုပ်နဲ့ အပေးအယူလုပ်နေသည်။
“တစ်အုပ်ဆို လုံလောက်ပါတယ်”
နတ်ဘုရားထရပ်၍ တောင်နက်ထံ လျှောက်သွားသည်။ တောင်နက် နည်းနည်းစိတ်လှုပ်ရှားနေသည်။ စိုးရိမ်စိတ်လည်း ရှိနေသည်။ သူ့သခင်နှင့်နတ်ဘုရားတို့စကားကို တစ်ချိန်လုံး သူကြားနေခဲ့ရသည်။ ထို့ကြောင့် နည်းနည်းစိုရိမ်မကင်းဖြစ်မိသည်။
“ဒီစာအုပ်တွေထဲက ငါလိုချင်တဲ့စာအုပ်ကို ရွေးယူလို့ရလား”
“မဟာနတ်ဘုရား စိတ်ကြိုက်သာရွေးပါ”
ဖုန်ချင်အန်း အခုထိ မယုံနိုင်သေး။ အိပ်မက်ဟု ထင်နေသည်။
ထို့နာက် သူ့အကြည့်က တိမ်ကြားတွင် ထိုင်နေသည့် ဝံပုလွေဖြူထံ ရောက်သွားသည်။ ဖြူဖွေးသည့် အမွှေးများက တိမ်တိုက်နှင့် တစ်သားတည်းလိုဖြစ်နေသည်။ ထူးခြားသည့် သူ့အမူအရာကိုကြည့်၍ တစ်ခုခုမူမမှန်ကြောင်း ဖုန်ချင်အန်း သဘောပေါက်လိုက်သည်။
အထင်မကြီးခြင်း။
လျပ်တပြက်ပေါ်လာသည့် အမူအရာကို သူအကဲခတ်မိသည်။ သို့သော် ချက်ချင်း မူလအတိုင်း အပြုံးအရယ်မရှိသည့်မျက်နှာမျိုး ပြန်ပြောင်းသွားသည်။ ခံစားချက်လုံးဝမပေါ်။
“ဒါဆို “သူတော်စင်အဆုံးအမ”စာအုပ်ကို ငါယူလိုက်မယ်”
နတ်ဘုရားက အိတ်ထဲမှ စာအုပ်တစ်အုပ်ဆွဲယူသည်။ အညံ့စားအဝါရောင်စာအုပ်သည် သေမျိုးများအတွက် ဘာမှထူးဆန်းသည်မဟုတ်။ သို့သော် နတ်ဘုရားအတွက် အဖိုးဖြတ်မရသည့်ရတနာဖြစ်သည်။ ခဏလှန်လှောကြည့်ပြီးနောက် သူ့မျက်နှာတွင် စိတ်ကျေနပ်သည့်အရိပ်မျိုး ပေါ်လာသည်။ သူ့အင်္ကျီလက်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် စိုးရိမ်ပူပန်နေဟန်ရှိသည့် တောင်နက်ကို လှည့်ကြည့်သည်။ သူမျက်လုံးများက ကန်ရေပြင်ပမာ ကြည်လင်နေသည်။ သူ့အကြည့်ကြောင့် တောင်နက် ပို၍ဂဏာမငြိမ်ဖြစ်လာသည်။
နတ်ဘုရားက တောင်နက်ဦးခေါင်းပေါ် လက်တင်လိုက်သည်။ ဖုန်ချင်အန်းမှလွဲလျှင် တစ်ခြားသူစိမ်းတစ်ယောက်က သူ့ဦးခေါင်းကို မကိုင်ခဲ့ဖူးသဖြင့် သူအနေခက်သွားသည်။ သို့သော် သူ့အတွေးမဆုံးမီ ထူးဆန်းသည့်အင်အားတစ်ခုက သူ့ဝိညာဉ်ထဲသို့ စီးဝင်လာသည်။
လောကကြီးတစ်ခုလုံးကို မြင်နေရသလို သူခံစားရသည်။ ကြယ်များ ကောင်းကင်မှ ကျနေသလိုရှိသည်။ ရွှေကြာပန်းများ မြေပြင်တွင် ပွင့်လန်းနေသလိုရှိသည်။ စကြာဝဠာတစ်ခုလုံး သူ့မြင်ကွင်းသို့ရောက်လာသည်။ ထိုမြင်ကွင်းများ ပြန်လည်ပျောက်ကွယ်သွားပြီးနောက် ပြုံးနေသည့်ဖုန်ချင်အန်းမျက်နှာကို သူပြန်မြင်ရသည်။
“မဟာနတ်ဘုရား”
ဖုန်ချင်အန်း ဘာပြောရမှန်းမသိတော့။ အတောပျော်ရွှင်နေသည်။ ဝိညာဉ်စာချုပ်ကြောင့် တောင်နက်မြင်ကွင်းကို သူလည်းမြင်ခဲ့ရသည်။ ဝံပုလွေဖြူ၏ အထင်မကြီးသည့်အမူအရာကို သူသဘောပေါက်သွားသည်။
စကြာဝဠာတစ်ခုလုံးကို နားလည်နိုင်သည့် နတ်ဘုရား၏ အသက်ရှူကျင့်စဉ်သည် မကောင်းမရှိ။ အလွန်တရာ နက်နဲသည်။ ကောင်းကင်ကျမ်းစာတစ်အုပ်လိုပင်ဖြစ်သည်။
သာမန်လူစကားနှင့်ပြောလျှင် နားလည်ဖို့ခက်ခဲသည်။
တောင်နက်ခံစားချက်ကိုလည်း သူအာရုံခံမိသည်။ အံ့အားသင့်နေသည်။ ထို့အပြင် နည်းနည်းစိတ်ပျက်အားငယ်နေသည်။ အသက်ရှူကျင့်စဉ်ကို သူနားမလည်။ နားမလည်နိုင်။
ဖုန်ချင်အန်းလည်း ထိုခံစားချက်မျိုး ကြုံခဲ့ဖူသည်။ နေသာသည့် နေ့လည်ခင်းတစ်ခုတွင် သူ့စာရေးစုတ်တံ မတော်တဆ ပြုတ်ကျခဲ့သည်။ သူပြန်ကောက်ကိုင်လိုက်ချိန်တွင် သူနားမလည်သည့် ကောင်းကင်ကျမ်းစာ စကားလုံးတစ်ခု မြင်ခဲ့ရသည်။
ယခု တောင်နက်စိတ်ဓာတ်ကျသည်က ထိုထက်ပိုဆိုးသည်။ တောင်နက်သည် အက္ခရာများကိုပင် နားမလည်။ လူစကားကိုလည်း ယခုမှ နားလည်စဖြစ်သည်။ နတ်ဘုရားပေးသည် ကျင့်စဉ်ကို သူအားလုံးမြင်ရသည်။ သို့သော် လုံးဝနားလည်နိုင်စွမ်းမရှိ။
“စိုးရိမ်စရာမလိုပါဘူး။ ငါ့နည်းလမ်းကို နားလည်ဖို့ သုံးနှစ်ကနေ ငါးနှစ်အထိကြာလိမ့်မယ်။ သူအရွယ်ရောက်လာလို့ အတွေ့အကြုံရလာရင် အလိုလိုနားလည်လာမှာပါ။ တစ်ချက်တည်းနဲ့ ရုတ်တရက် အားလုံးနားလည်သွားတာမျိုးလည်း ဖြစ်ချင်ဖြစ်လာနိုင်တယ်”
ဖုန်ချင်အန်းနှင့်တောင်နက်ကိုကြည့်၍ နတ်ဘုရားက ရယ်လိုက်သည်။
“ပြီးတော့ မင်းအားမရသေးဘူးဆိုရင် ဝံပုလွေဖြူနဲ့လည်း အလဲအလှယ်လုပ်လို့ရပါသေးတယ်။ ဟိုအရင်က သူ့သွေးဆက်ဟာ ငါ့ထက်ပိုအဆင့်မြင့်တယ်။ သူ့ဘိုးဘေးတွေ သူတို့သွေးဆက်အတွက် အသက်ရှူနည်း တစ်ခုမက ချန်ခဲ့တယ်”
ဝံပုလွေဖြူ။
အသွင်ခံ့ညားသည့် ဝံပုလွေဖြူကို ဖုန်ချင်အန်း လှည့်ကြည်သည်။ ဝံပုလွေဖြူက အေးစက်စက်ငြင်းသည်။
“လူသားမျိုးနွယ်ရဲ့စာအုပ်တွေ ငါမလိုပါဘူး”
“မဟုတ်ဘူး၊ မင်းလိုတယ်”
နတ်ဘုရားက စကားဖြတ်ပြောသည်။
“ဟုတ်ပါတယ်သခင်၊ ကျုပ်လိုပါတယ်”
နတ်ဘုရားစကားကို သူမငြင်းပယ်နိုင်။ လေးလေးစားစား ဦးညွှတ်အရိုအသေပြုလိုက်သည်။ ခေါင်းပြန်မော့၍ ဖုန်ချင်အန်းကို ကြည့်သည်။
“ငါ့ဘိုးဘေးက အသက်ရှူနည်းသုံးခု ချန်ထားခဲ့တယ်။ စာအုပ်တစ်အုပ်နဲ့ အလဲအလှယ်လုပ်လို့ရမလား”
“ဟုတ်ကဲ့၊ ရပါတယ်”
ဖုန်ချင်အန်း တုံ့ဆိုင်းနေစရာမကြောင်းမရှိ။
သူသဘောတူသည်နှင့် ဝံပုလွေဖြူက တောင်နက်အနား တိုးကပ်သွားသည်။ အရွယ်အစားကွာဟမှုက ကြီးမားလှသည်။ တောင်နက်အရွယ်အစားက ဝံပုလွေဖြူ၏ လက်ဝါးလောက်ပင်မရှိ။
“မင်းအတော်ကံကောင်းတဲ့ကောင်ပဲ”
တောင်နက်ကိုကြည့်၍ ဝံပုလွေဖြူ ပြောလိုက်သည်။
တောင်တန်းပေါ်တွင် ရာစုနှစ်များစွာ နေထိုင်ခဲ့သည်။ တောင်နက်လို ဝံပုလွေရိုင်းများစွာ မြင်ဖူးသည်။ နတ်ဆိုးဝံပုလွေများ ရာချီ၍မြင်ဖူးသည်။ သို့သော် တောင်နက်လို ကံကောင်းသူမရှိခဲ့။ ပထမဆုံး တောင်တန်းနတ်ဘုရား၏ လမ်းညွှန်မှုရသည်။ ယခု သူ့အမွေကိုပါ ထပ်ရဦးမည်။
တောင်နက်ကြည့်နေသည့် သူ့မျက်လုံးများ ပြောင်းလဲသွားသည်။ နတ်ဆိုးများထဲတွင် ဘိုးဘေးသွေးဆက်အမွေခံထားသူများသည် အဆင့်အတန်းအမှန်ပင် မြင့်မားသည်။ သို့သော် သွေးဆက်အမွေသည် အရာအားလုံးတော့မဟုတ်။
ဥပမာ တောင်တန်းနတ်ဘုရားသည် အရင်က မြွေဖြူတစ်ကောင်သာဖြစ်သည်။ နတ်ဆိုးအဖြစ်ပြောင်းပြီးချိန်မှာပင် သွေးဆက်အမွေမရခဲ့။ သို့သော် တောင်တန်းအရှင်သခင်ဖြစ်လာသည်။
“ဒီအခွင့်အရေးကို ဖြုန်းတီးမပစ်နဲ့”
ထိုသို့ပြောပြီး ဝံပုလွေဖြူ ခေါင်းငုံ့လိုက်သည်။ တောက်ပသည့် ဝိညာဉ်အလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ တောင်နက်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ တိမ်မည်းများနောက်တွင် ပုန်းကွယ်နေသည့် လပြည့်ဝန်း ထွက်ပေါ်လာသည်။ ကျောက်စိမ်းသားကဲ့သို့ ကြည်လင်တောက်ပနေသည်။
တောင်နက် ထူးခြားချက်တစ်ခုကို ကြုံရပြန်သည်။ အလွန်တရာကြီးမားသည့် ဝံပုလွေတစ်ကောင် တောင်တန်းစိမ်းပေါ်တွင် ရှိနေသည်။ လဝန်းကိုကြည့်၍ အော်လိုက်သည်။
အဆုံးစမဲ့ ကြယ်လစွမ်းအင်များ ကောင်းကင်မှ မိုးရွာသလိုကျလာသည်။ ဝံပုလွေကြိး၏ ပါးစပ်ထဲသို့ ဝင်သွားသည်။ ညကောင်းကင်က ချက်ချင်းမှောင်ကျသွားသည်။
အပြင်မြင်ကွင်းတွင်လည်း ငွေချည်မျှင်နှင့်တူသည် ကြယ်အလင်းများ တောင်နက်ကိုယ်ထဲသို့ စီးဝင်သွားသည်ကို ဖုန်ချင်အန်း မြင်ရသည်။