← Chapters

မတန်မရာမှန်းသူ

Vol. 4 Ch. 60

မတန်မရာမှန်းသူ

Vol. 4 Ch. 60

“ခွေးနတ်ဆိုးတဲ့လား။ တော်ဝင်စွမ်းအင်ရောင်ကို မကြောက်ဘူးတဲ့လား။ ဒါက ဘယ်လိုခွေးနတ်ဆိုးမျိုးလဲ”

“ရှီလီရွာနယ်မြေမှာ နေ့ရောညရော စောင့်ကြည့်နေတဲ့ ဝိညာဉ်တွေအဆိုအရ ဒီခွေးဟာ ကြောက်စရာနတ်ဆိုးစွမ်းအင် ပိုင်ဆိုင်တယ်တဲ့။ နတ်ဆိုးသားရဲဆိုတာတော့ အသေအချာပဲ”

“ဒါပေမယ့် ဒီနေ့အထိ တော်ဝင်စွမ်းအင်ရောင်ကိုမကြောက်တဲ့နတ်ဆိုးဆိုတာ ငါမကြားဖူးသေးဘူး”

“ဒါဆိုရင် ဒီနေ့ အမြင်သစ်တစ်ခု ငါတို့ရလိုက်တာပဲ”

“လောကကြီးက ကျယ်ဝန်းတယ်လေ။ ငါတို့အသိက အင်းဆက်ပိုးမွှားလေးတစ်ကောင်လောက်ပါပဲ။ ဘာအံ့ဩစရာရှိလဲ”

“ဒီခွေးကိစ္စ ဘယ်လိုဖြေရှင်းကြမလဲ။ ချက်ချင်းသတ်ပစ်ကြမှာလား”

“နောက်နေတာလားကွာ၊ ဒီခွေးက တော်ဝင်မင်းသားရဲ့ခွေးပါ။ ဟဲဇီရေကန်တွေကလို သာမန် ခွေးအရိုင်းအစိုင်းမဟုတ်ဘူး။ စိတ်ထင်တိုင်းသတ်ပစ်လို့ရမလား”

“ဒါပေမယ့် မှတ်တမ်းတွေအရ ဒီခွေးဟာ ဖုန်မိသားစုအိမ်တော်နဲ့ မြွေစိမ်းတောင်တန်းကြားမျာ ကူးချည်သန်းချည်လုပ်နေတယ်တဲ့။ သိပ်တော့ အခြေအနေမကောင်းဘူး”

“ဒီကိစ္စကို သတင်းပို့ရမယ်။ ငါတို့ဆုံးဖြတ်နိုင်တဲ့ကိစ္စမဟုတ်ဘူး”

တောင်တန်းအပြင်ဘက်တွင် ဂယက်ထနေသည်။ ယုန်နင်ကောင်တီနှင့် အနီးအနားနယ်မြေများကို ဒုက္ခပေးနေသည့် ဝိညာဉ်နတ်ဆိုးများ တောကြီးမျက်မည်းတွင် သွားရောက်ပုန်းအောင်းကြသည်။ လူသားများကို ဒုက္ခပေးသည်ဆိုလျှင် မည်သည့်လျှို့ဝှက်အစွမ်းသုံး၍ မည်သို့လှည့်စားသည်ဖြစ်စေ အားလုံးကို တစ်‌ကောင်ချင်းတစ်ယောက်ချင်း သတ်ဖြတ်ခံရမည်သာဖြစ်သည်။

လူသားမဟုတ်သည့် ဝိညာဉ်များရှင်းလင်းရေး လှုပ်ရှားမှုကြောင့် ယုန်နင်မြို့ထဲနှင့် အနီးအနားရွာများတွင် ပုန်းခိုနေသည့် နတ်ဆိုးများ တောင်တန်းပေါ်ထွက်ပြေးကြသည်။ တောင်တန်းပေါ်သို့ ထိုသတင်းရောက်လာသည်။

“တောင်တန်းနတ်ဘုရားသခင်၊ ဒီနတ်ဆိုးတွေ တောင်တန်းပေါ်ရောက်လာတဲ့ကိစ္စ ဘယ်လိုဖြေရှင်းကြမလဲ။ လူသားတွေ တောင်တန်းပေါ်တက်လာရင် ဘယ်လိုလုပ်မလဲ”

ဝံပုလွေဖြူဘုရင်က အပြင်ဘက်မှအပြောင်းအလဲများနှင့် ရောက်လာမည့်အန္တရာယ်ကို အာရုံခံမိသဖြင့် နတ်ဘုရားကို လာမေးသည်။

“စိတ်မပူပါနဲ့”

နတ်ဘုရားက တိမ်တိုက်ပေါ်တွင်ရပ်လျက် တောင်တန်းများဆီ ငုံ့ကြည့်သည်။ ခဏကြာပြီးနောက် ခေါင်းမော့၍ တောင်တန်းအပြင်ဘက်ဆီ ကြည့်သည်။ တိမ်တိုက်များက သူ့မြင်ကွင်းကို မတားဆီးနိုင်ပေ။ သူ့အမူအရာက အပြောင်းအလဲမရှိ။

နတ်ဆိုးများကို လူများက သတ်ဖြတ်နေလျှင် တောင်တန်းများအပေါ် သက်ရောက်မှုရှိလာမည်။ သို့သော် သူစောင့်ကြည့်သည့်သက်တမ်း နှစ်တစ်ထောင်ကြာခဲ့ပြီဖြစ်သည်။ အားလုံးကို ထိုင်ကြည့်နိုင်သည့် အဆင့်အတန်းမျိုး ရှိနေသည်။

“လူသားမျိုးနွယ်တွေဟာ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကလိုပါပဲလား”

သူဘာကိုမြင်လိုက်မှန်းတော့ ဝံပုလွေဖြူမသိ။ နတ်ဘုရားက သက်ပြင်းချလျက် တိမ်ပင်လယ်ထဲသို့ ပျောက်ကွယ်သွားသည်။ ဝံပုလွေဖြူဘုရင် ဦးညွှတ်အရိုအသေပေး၍ ပြန်ဆင်းလာရသည်။

...........................

“တောင်နက်၊ မင်းနည်းနည်းလေး အားပိုစိုက်လို့မရဘူးလားကွာ”

တောင်နက်အမြင်အာရုံဖြင့်ကြည့်နေသည့် ဖုန်ချင်အန်း စိတ်ပျက်လက်ပျက် အော်ငေါက်လိုက်သည်။

ယခု လှပခံ့ညားသည့် ဝံပုလွေဖြူတစ်ကောင် တောင်တန်းကျောက်ဆောင်ထက်တွင်ရပ်လျက် နေလစွမ်းအင်များ ရှူသွင်းနေသည်ကို သူမြင်နေရသည်။

ဤတောင်တန်းဝိညာဉ်ဝံပုလွေဖြူသည် တောင်နက်မြင်ကွင်းတွင် ငြိမ်သက်စွာ ရှိနေသည်။ တောင်နက်က မလှုပ်မယှက် ဝပ်စင်းလျက် ကြည့်နေသောကြောင့်ဖြစ်သည်။

တောင်နက်၏ လေးစားမှုနှင့်တမ်းတစိတ်ကို အာရုံခံမိသဖြင့် ထိုဝံပုလွေဖြူသည် အမဖြစ်ကြောင်း ဖုန်ချင်အန်း နားလည်လိုက်သည်။ အကဲခတ်ရန် လွဘ်ပါသည်။

တောင်နက်သည် သူ့အမိန့်အတိုင်း တောင်တန်းများပေါ်မှ အလားအလာကောင်းသည့် နတ်ဆိုးသားရဲပေါက်စများကို ရှာဖွေနေခဲ့သည်။ ယခုလို ဤဝံပုလွေမကို ရွာခွေးတစ်ကောင်လို အရိပ်ထဲတွင်ပုန်းကွယ်၍ လာကြည့်သည်မှာ တတိယအကြိမ်ဖြစ်သည်။

“အကဲဖြတ်မယ်”

(မျိုးစိတ် - ဝိညာည်ဝံပုလွေ)

(ဗီဇ - ဝိညာဉ်၊ သားရဲ)

(စွမ်းရည် - သခင်၊ ထိပ်တန်းအဆင့်)

(တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ - အခြေခံအဆင့်)

ဝိညာဉ်ဝံပုလွမသည် အရွယ်မရောက်သေးသော်လည်း တောင်နက်ထက် အဆင့်များစွာ သာလွန်နေသည်။ သူ့စွမ်းရည်ကို ဖုန်ချင်အန်း မက်မောမိသည်။

သို့သော် တမ်းတရုံသာ သူတပ်နိုင်သည်။ ထိုမျှအဆင့်မြင့်သည့် ဝိညာဉ်သားရဲမျိုးနှင့် သူမဆက်သွယ်နိုင်သေး။ နေလသန္ဓေစွမ်းအားကိုစုပ်ယူရန် မွေးဖွားလာကြသည်။ တော်ဝင်စွမ်းအင်ဖြင့် ထိခိုက်အောင်မလုပ်နိုင်။

ထို့အပြင် စာချုပ်ချုပ်နိုင်ခွင့်ရှိလျှင်ပင် ထိုဝိညာဉ်ဝံပုလွေက အညံ့ခံမည်မဟုတ်။ သူတို့ကြားတွင် အဆင့်ကွာဟလွန်းနေသည်။ ဝိညာဉ်စာချုပ်ပင် ပျက်စီးသွားနိုင်သည်။

“ကဲ၊ မင်းအဲဒီမှာနေပြီး အခါတစ်ရာလောက်ကြည့်လည်း သူကမင်းအပိုင်ဖြစ်မလာနိုင်ဘူးကွ”

တောင်နက်ခံစားချက်ကို သူနားလည်သည်။ တောင်နက်သည် မျိုးပွားနိုင်သည့်အရွယ် ရောက်လာပြီဖြစ်သည်။ မိတ်လိုက်သည့်ကိစ္စမျိုးကို နားမလည်သော်လည်း သူ့ဝံပုလွေအုပ်ထဲမှ ဝံပုလွေမများကို အနားကပ်မခံခဲ့။

ယခု စတင်မိတ်ရှာသည့်အရွယ် ရောက်လာသည်။ တောင်နက်၏အကြိုက်က ကောင်းသော်လည်း ပထမဆုံးရွေးချယ်သည့်မိတ်က ဝိညာဉ်ဝံပုလွေတစ်ကောင် ဖြစ်နေသည်။

အကောင်းကြိုက်လည်း ဘာမှထူးလားမည်မဟုတ်။ အပြင်အကူအညီမပါဘဲ တောင်နက်၏ကိုယ်ပိုင်အစွမ်းအစဖြင့် သန့်စင်နည်းလမ်းဖြင့် နှစ်ပေါင်းရှစ်ရာ ကျင့်ကြံလျှင်ပင် ထိုဝံပုလွေမကို မှီနိုင်မည်မဟုတ်။

“ငါ့စကားနားထောင်မယ်ဆိုရင် နှစ်တစ်ရာမဟုတ်ပါဘူး။ လပေါင်းတစ်ရာ အလွန်ဆုံးပါပဲ။ အဲဒီ ဝံပုလွေအလှလေး မင်းမိတ်ဖက်ဖြစ်လာစေရမယ်လို့ ငါအာမခံတယ်”

အချစ်ဆိပ်တက်နေသည့် တောင်နက်ကို မက်လုံးတစ်ခုပေးလိုက်သည်။

ထိုဝံပုလွေဖြူကို တောင်နက် မိတ်ဖက်အဖြစ်တွဲနိုင်လျှင် ကောင်းသည်သာဖြစ်သည်။ ဖုန်ချင်အန်းအတွက် ထိန်းချုပ်နိုင်သည့် ဝိညာဉ်သားရဲတစ်ကောင် ထပ်တိုးလာမည်။ ဝံပုလွေဖြူဘုရင်ခေါင်းဆောင်ကိုပင် သွယ်ဝိုက်သည့်နည်းဖြင့် သူလွှမ်းမိုးနိုင်စွမ်းရှိလာမည်။ သို့သော် ဝိညာဉ်စာချုပ်မချုပ်နိုင်သေး။

တောင်နက်နှင့်ဝံပုလွေဖြူကြား အဆင့်ကွာလွန်းသည်။ လက်ရှိအနေအထားဖြင့် မိတ်ဖက်မဖြစ်နိုင်ပေ။

အဆင့်တိုးမြှင့်ဖို့ကိစ္စက ယခုပိုအရေးကြီးလာပြီဖြစ်သည်။

အဆင့်ချင်းမညီသည့် သတ္တဝါတို့အတွက် ခန္ဓာကိုယ်အရွယ်အစားတစ်ခုတည်းကပင် အနှောက်အယှက်ဖြစ်နေပြီဖြစ်သည်။

ဝံပုလွေဖြူလေးသည် အသွင်တင့်တယ်သော်လည်း အရွယ်အစားက အိမ်ငယ်တစ်လုံးစာခန့်ရှိသည်။ တောင်နက်သာ အနားကပ်သွားလျှင် သူ့ခြေထောက်အမြင့်လောက်သာ ရှိမည်။

“အူး...”

ဖုန်ချင်အန်းဆူပူတိုက်တွန်းမှုကြောင့် တောင်နက်အလျှော့ပေးလိုက်ရသည်။ စိတ်မပါလက်မပါဖြင့် လှည့်ထွက်လာသည်။ သို့သော် သံယောဇဉ်မပြတ်သေးဟန်ဖြင့် သမင်လည်ပြန် ကြည့်နေသည်။

တောင်နက်ပျောက်သွားပြီးနောက် တောင်တစ်လုံးစာအရွယ်အစားရှိသည့် သတ္တဝါတစ်ကောင် တိမ်ပေါ်မှဆင်း၍ ဝံပုလွေဖြူမလေးဘေးတွင်ပေါ်လာသည်။

ဝံပုလွေဖြူဘုရင်ဖြစ်သည်။

တောင်တန်းအသိအမှတ်ပြုရထားသည့် ဝံပုလွေဖြူသခင်သည် အမဲလိုလို တည်ကြည်အေးချမ်းသည့်အသွင်မျိုးရှိသည်။ သို့သော်ယခု သူ့မျက်လုံးများမှေးစင်းလျက် တောင်နက်ထွက်သွားရာဘက်ဆီ ကြည့်နေသည်။ မျက်လုံးတွင် လူသတ်ရိပ်တစ်ချို့ ပေါ်နေသည်။

ထိုအဆင့်နိမ့်နတ်ဆိုးဝံပုလွေ ဤနေရာတွင်ပေါ်လာသည်မှာ တစ်ကြိမ်မကတော့။ သူအာရုံခံမိသည်။

ဝံပုလွေအထီးတစ်ကောင်က ဝံပုလွေမအနားသို့ ကပ်လာခြင်း၏ရည်ရွယ်ချက်က ရှင်းနေပါသည်။ ထို့ကြောင့် သူအလွန်တရာ ဒေါသထွက်နေသည်။ ဝံပုလွေနတ်ဆိုးလေးတစ်ကောင်က သူ့သမီးကို လာပိုးပန်းရဲသည်။

“ဝံပုလွေနတ်ဆိုးလေးတစ်ကောင် မင်းကိုကြည့်နေတာ မင်းအာရုံမခံမိဘူးလား။ ဘာလို့မောင်းမထုတ်လိုက်တာလဲ”

ဝံပုလွေဘုရင်က သူ့သမီးကိုငုံ့ကြည့်၍ မေးခွန်းထုတ်သည်။

“သူ့ဆီမှာ နတ်ဘုရားသခင်ရဲ့စွမ်းအင်ရောင် ရှိနေတယ်လေ”

ဝံပုလွေမက ခေါင်းမော့၍ ခပ်အေးအေးပြန်ဖြေသည်။

“တောင်တန်းနတ်ဘုရားသခင်က ဘာလို့များ ဒီလိုပမွှားကောင်ကို ဒီလိုအခွင်ထူးပေးထားတာလဲ။ သူက ဒါကိုအားကိုးပြီးတော့...

ဝံပုလွေဘုရင် တစ်ပိုင်းတစ်စဖြင့် စကားရပ်လိုက်သည်။

“ဘာရယ်”

ဝံပုလွေမက သူ့အဖေကို တအံ့တဩပြန်ကြည့်၍ မေးသည်။

“ဘာမှမဟုတ်ပါဘူး။ နောက်တစ်ခါ မင်းကျင့်ကြံနေချိန် ဒီနတ်ဆိုးဝံပုလွေ လာချောင်းရင် မောင်းသာထုတ်လိုက်ပါ။ သူအသက်မသေရင်ပြီးရော”

ဝံပုလွေဘုရင်ညွှန်ကြားလိုက်သည်။

“ဘာလို့သမီးက မောင်းထုတ်ရမှာလဲ”

ဝံပုလွေမက အံ့အားသင့်နေဟန်ဖြင့် ပြန်မေးသည်။

“သူများချောင်းကြည့်ခံရတာကို မင်းမုန်းမဟုတ်လား”

“မုန်းပါတယ်။ ဒါပေမယ့် ဒီဝံပုလွေလေးကိုတော့ မမုန်းဘူး။ သူက အတော်စိတ်ဝင်စားစရာကောင်းတယ်”

“ဘာပြောတယ်”

ဝံပုလွေဘုရင် ချက်ချင်း မျက်လုံးပြူးသွားသည်။ တည်ငြိမ်နူးညံ့သည့်ဟန်ပန်မျိုး လုံးဝမရှိတော့။ သူ့ခြေထောက်အောက်မြေအောက်ဘုံပြင်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။ သူ့နားသူပင်မယုံနိုင်။ သူပုံအောပြီးချစ်ရသည့် သမီးဖြစ်သူက အဆင့်နိမ့်ဝံပုလွေနတ်ဆိုးတစ်ကောင်ကို စိတ်ဝင်စားနေသည်။

************************************************

All Chapters