ရွေးချယ်မှု
Vol. 2 Ch. 16
ရှောင်လင်းယွီပြောပြီးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ထပ်ပြီးတိတ်ဆိတ်သွားကာကာ လူတိုင်းတွင်မတူညီသည့်အမူအရာကိုယ်စီရှိနေကြသည်။
ရှောင်လင်းယွီသာ သူမဘေးတွင် သခင်လေးယန်မရှိဘဲ ထိုကြေညာချက်ကိုလုပ်ခဲ့မည်ဆိုလျှင် ဘယ်သူကမှဂရုစိုက်ကြလောက်မည်မဟုတ်ပေ။ ဒီတော့ ချန်းယန်နဲ့ကျောက်ဝမ်မန့်ကြားမှာ ဆက်စပ်မှုတွေရှိနေတယ်ဆိုရင်ရော? ဘယ်သူကများ ကျောက်ဝမ်မန့်ကို လက်ညှိုးထိုးရဲမှာလဲ? သူမက ဥက္ကဌရဲ့သမီးလေ!
တကယ်တော့ ဝန်ထမ်းအများစုက ကျောက်ဝမ်မန့်ဘက်တွင်သာရပ်တည်ပြီး ရှောင်လင်းယွီကို သူမချစ်သူကိုသူမ ကောင်းကောင်းမထိန်းသိမ်းနိုင်သည့်အတွက် ဝိုင်းဝန်းလှောင်ပြောင်ကြလိမ့်မည်သာ။ ကျောက်ဝမ်မန့်ကို မယှဉ်နိုင်ခဲ့သည်က ရှောင်လင်းယွီ၏အမှားဟုသာ သတ်မှတ်ကြပေမည်။
သို့သော်လည်း ရှောင်လင်းယွီတွင် သခင်လေးယန်၏ထောက်ပံ့မှုရှိနေချိန်မှာတော့ အရာအားလုံးလုံးဝကွဲပြားသွားပေပြီ။ ရှောင်လင်းယွီမှာ သခင်လေးယန်နှင့်ဆက်နွယ်မှုရှိသည်မရှိသည်ကိုအသာထား လောလောဆယ်မှာတော့ သူ့ထောက်ပံ့မှုကိုရရှိနေတာကြောင့် သူမစကားတွေကို သာမာန်ကာလျှံကာသတ်မှတ်၍မရတော့ပေ။
ရှောင်လင်းယွီက ချန်းယန်ကိုစွန့်ပစ်လိုက်ပေပြီ။ ချန်းယန်သည်လည်း သူသာ ရှောင်းလင်းယွီ၏ခွင့်လွှတ်မှုကို မတောင်းခံနိုင်ပါက သူ့ဘဝက ဘာမှအဖက်ဆယ်မရဘဲနေတော့မည်ကိုသိနေသည်။ သူ့အစီအစဉ်ဖြစ်သော ကျောက်ဝမ်မန့်နှင့်လက်တွဲနေရင်း ရှောင်လင်းယွီနှင့်ပါဆက်ချစ်နေနိုင်မည့် တောက်ပသည့်အနာဂါတ်ကြီးကိုလည်း ရတော့မည်မဟုတ်ပေ။
ထိုအချိန်တွင် တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ကို ယန်စစ်မင်က လက်ခုပ်သံများဖြင့် ဖြိုခွဲလိုက်သည်။ သူက ပြုံးပါပြုံးလိုက်သေးကာ၊ “ကိုယ့်ရဲ့ဗျောက်အိုးလေး၊ သူတို့အချင်းချင်း ဒီလောက်ခံစားချက်တွေရှိနေကြပြီဆိုမှတော့ မင်း သူတို့ကိုအတူရှိခွင့်ပေးလိုက်သင့်တာပေါ့။ မင်းရဲ့ဆုံးဖြတ်ချက်ကို ကိုယ်သဘောတူတယ်။ မင်းကအရမ်းသဘောထားကြီးတာပဲ။ မင်းက သူတို့ရဲ့မင်္ဂလာပွဲဖိတ်စာကိုတောင် လက်ခံနိုင်ဖို့ အရည်အချင်းပြည့်မှီတာပဲ။ မင်းတို့ရောသဘောတူလား?”
ထို့နောက် သူက လှောင်ပြောင်သည့်စကားအနည်းငယ်ကိုပါ ထည့်ပြောလိုက်သေးသည်။ “ဘာပဲဖြစ်ဖြစ်၊ မင်းသာ သူတို့လမ်းကြောင်းမှာ ဆက်ပြီးခံနေရင် သူတို့ကလည်း မင်းကိုအနိုင်ကျင့်နေကြဦးမှာပဲ။ မင်းကိုအကွက်ဆင်တဲ့အတွက် သူတို့ကိုအပြစ်တင်ချင်တာလား? မင်းကမှ အချစ်ငှက်နှစ်ကောင်ကြားမှာရှိနေတဲ့ အတားအဆီးကြီးလေ!”
လူအုပ်ထဲမှတစ်ယောက်၏ရယ်သံက မထိန်းနိုင်တော့ဘဲ ထွက်လာခဲ့သည်။
ယန်စစ်မင်က ထေ့ငေါ့ပြောနေခြင်းပင်။ သူက ချန်းယန်နှင့် ကျောက်ဝမ်မန့်တို့၏ အရှက်မဲ့ကာသစ္စာမရှိမှုအပေါ် ဝေဖန်နေခဲ့သည်။
ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့၏မျက်နှာမှာ အရှက်ရမှုကြောင့် လောင်ကျွမ်းတို့မလိုဖြစ်နေပြီး ခန္ဓာကိုယ်များသည်လည်း တုန်ရီလို့နေသည်။
ချန်းယန်က နောက်ဆုံးအံကြိတ်လိုက်ကာ၊ “သခင်လေးယန်၊ တော်လောက်ပြီ!”
ယန်စစ်မင်က မျက်ခုံးပင့်လိုက်ပြီး ဆိုးသွမ်းသည့်အပြုံးတစ်ပွင့်ဖြင့်၊ “တော်လောက်ပြီတဲ့လား? မန်နေဂျာချန်း၊ ငါပြောသွားတဲ့ထဲ ဘာမှားတာပါလို့လဲ? မင်းနဲ့မစ္စကျောက်တို့က တစ်ယောက်ကိုတစ်ယောက် လေးနက်တဲ့ခံစားချက်တွေရှိနေကြတာမဟုတ်ဘူးလား? ငါ့ရဲ့ဗျောက်အိုးလေးက အခုဆို မင်းတို့လမ်းမှာဝင်မနေချင်တော့ဘူးလေ။ ဘာများမှားနေလို့လဲ? ဘာလို့မင်းက ဒီလောက်ဒေါသထွက်နေရတာလဲ? ငါအမှန်တရားကိုပဲပြောပြနေတာမဟုတ်ဘူးလား?”
လူတိုင်း “…” ဒါပေါ့၊ သူကအမှန်တရားကိုပြောနေတာလေ။ ဒါ့အပြင် သခင်လေးယန်ပြောသမျှကလည်း အမှန်တရားဖြစ်လာမှာပဲကို။
ချန်းယန်မျက်လုံးလှန်ကာ ရှောင်လင်းယွီကိုအကဲခတ်လိုက်သည်။ ယန်စစ်မင်က သူမဘေးတွင် အကာအကွယ်အပြည့်ပေးနေခဲ့သည်။ ထို့နောက် သူက ယန်စစ်မင်ကို တောင်းပန်ရန်ဖိအားပေးခံရတာကြောင့် မျက်နှာတစ်ခုလုံးနီရဲနေသည့် ကျောက်ဝမ်မန့်ကိုလည်း ကြည့်လိုက်သည်။ ယန်စစ်မင်က ကျောက်ဝမ်မန့်ကို အကြည့်ကလေးတစ်ချက်ပင် မစွန့်ကျဲပေ။ ထိုအစား သူက ရှောင်လင်းယွီကိုသာ စနောက်နေခဲ့သည်။ ထိုအချိန်မှာပဲ ချန်းယန်၏မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားကာ သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်သည်။
သူယခင်က ကြုံတွေခဲ့ဖူးသည့်အခက်အခဲတစ်ခုနှင့် ပြန်လည်ရင်ဆိုင်လိုက်သည်။ ပေါင်မုန့်နဲ့အချစ်ကြားရွေးချယ်ရမယ့်အခြေအနေမျိုးကိုပေါ့။ အတိတ်တုန်းကတော့ သူ အချစ်ထက်ပေါင်မုန့်ကိုရွေးချယ်ခဲ့သော်လည်း အခုတော့ ပေါင်မုန့်က မှိုတက်သွားပြီဖြစ်တာကြောင့် ရွေးချယ်စရာကသိသာနေသည်။
ချန်းယန်အနေနှင့် ယန်စစ်မင်ကိုတော့ ဘာမှမလုပ်နိုင်တာကြောင့် သူ့အာရုံအလုံးစုံကို ရှောင်လင်းယွီပေါ်သို့ ပုံအပ်လိုက်သည်။ သူက ရိုးသားမှုအပြည့်ဖြင့်၊ “ယွီအာ၊ ကိုယ်မှားသွားပါတယ်။ ကိုယ့်အမှားကိုယ်သိပါပြီ။ ဒါပေမယ့် ကိုယ်မင်းကိုချစ်နေသေးတာကိုတော့ ကျေးဇူးပြုပြီးယုံကြည်ပေးပါ။ အဲ့ဒါကျောက်ဝမ်မန့်ကြောင့်၊ သူက ကိုယ့်ကိုဖျားယောင်းခဲ့တာ။ သူက အနာဂါတ်မှာ ဒီကုမ္ပဏီရဲ့ဥက္ကဌရာထူးကို ကိုယ့်ကိုပေးပါ့မယ်ဆိုပြီး ကမ်းလှမ်းခဲ့တာ။ ကိုယ်…ကိုယ်ကလည်း ယောက်ျားတစ်ယောက်ပဲလေ။ သူ့ဖျားယောင်းမှုအောက်မှာ ကျရှုံးသွားရတာပေါ့။”
ချန်းယန်က ဦးပါညွှတ်လိုက်ကာ စိတ်ရှည်စွာဖြင့်ဆက်ပြောသည်။ “ယွီအာ၊ ကိုယ်က ယောက်ျားတိုင်းမှားတတ်တဲ့အမှားတစ်ခုကိုလုပ်ခဲ့မိရုံပါ။ မင်းလည်း ကိုယ့်ရဲ့အခက်အခဲကိုနားလည်ပေးနိုင်မှာပါနော်?”
ရှောင်လင်းယွီက လူတိုင်း၏အမူအရာ အထူးသဖြင့် ကျောက်ဝမ်မန့်၏အမူအရာကို လှမ်းကြည့်လိုက်သည်။
“နင့်ရဲ့အခက်အခဲကိုနားလည်ရမယ်? ငါ့ကိုလာနောက်နေတာလား!” ရှောင်လင်းယွီအော်ဟစ်လိုက်တော့သည်။ “ဒါဆိုလည်း ဘာလို့ငါ့ကိုဆေးခပ်ပြီး ရုပ်ဆိုးဆိုးနှာဘူးလက်ထဲထည့်ပေးလိုက်ရတာလဲ?”
ချန်းယန်၏အမူအရာမှာတောင့်တင်းသွားကာ၊ “အဲ့ဒါ ကျောက်ဝမ်မန့်အကြံပဲ။ သူက ကိုယ် မင်းကိုချစ်ခဲ့တာကို လက်မခံနိုင်ဘူး။ မင်းကို မကောင်းတဲ့အညစ်အကြေးတစ်ခုလို ရွံစရာကောင်းတယ်လို့လဲပြောသေးတယ်။ ဒါကြောင့် မင်းကို သူ့မြင်ကွင်းကပျောက်သွားစေချင်နေတာ။ သူက မင်းကို Zမြို့ကနေ နှင်ထုတ်ချင်တာ။ အားလုံး ကျောက်ဝမ်မန့်ရဲ့အစီအစဉ်တွေချည်းပဲ။ ဆေးရော လူရှာတာရော၊ မင်းဂုဏ်သတင်းကိုဖျက်ဆီးပစ်မယ့် ဓာတ်ပုံတွေဗီဒီယိုတွေရော အကုန်သူချည်းပဲလုပ်ခဲ့တာ။ အားလုံးသူ့အမှားတွေချည်းပဲ!”
ရှောင်လင်းယွီ ဘယ်လိုမှဆက်သည်းမခံနိုင်တော့ဘဲ ချန်းယန်ကို ထပ်ပြီးပါးရိုက်လိုက်ပြန်သည်။ သူမက “ချန်းယန်၊ နင်ယောက်ျားတစ်ယောက်ရောဟုတ်သေးရဲ့လား? ဘယ်လိုလုပ်တာဝန်တွေမှန်သမျှ မစ္စကျောက်အပေါ်ပုံချနိုင်ရတာလဲ?”
တကယ်တော့ အရိုးသားဆုံးပြောရလျှင် ရှောင်လင်းယွီသည် ချန်းယန်အပေါ် အမှန်တကယ်စိတ်မဆိုးပေ။ သူမက သူမကိုယ်တိုင်ကိုသာ စိတ်ဆိုးနေခြင်းဖြစ်သည်။ သူမသည် ချန်းယန်၏ချစ်သူအဖြစ် ဆယ်နှစ်တာနေထိုင်ခဲ့ပြီး ဒီလူ ဘယ်လောက်တစ်ကိုယ်ကောင်းဆန်ပြီး သွေးအေးလည်းဆိုသည်ကို သတိမထားမိခဲ့ပေ။
ချန်းယန်သည် သူ့အနာဂါတ်ပိုကောင်းမွန်ရေးအတွက် ဆယ်နှစ်တာချစ်ခဲ့သည့်ချစ်သူကောင်မလေးကို အကွက်ဆင်ခဲ့သည်။ အခုတော့ သူအနာဂါတ်ကို ကျောက်ဝမ်မန့် မပံ့ပိုးနိုင်တော့တာကြောင့် ချန်းယန်က မျက်တောင်တစ်ချက်ပင်မခတ်ဘဲ တုံ့ဆိုင်းခြင်းမရှိ ကျောက်ဝမ်မန့်အပေါ်အပြစ်အားလုံးပုံချလိုက်ပြန်သည်။
ချန်းယန်၏ တစ်ကိုယ်ကောင်းဆန်မှု၊ ရက်စက်မှုနှင့် သွေးအေးမှုတို့က ရှောင်းလင်းယွီကို အလွန်ကြောက်ရွံ့မိစေသည်။ အတိတ်ဘဝက သူမကိုယ်သူမအတွက်လည်း စိတ်မကောင်းဖြစ်မိသည်။
ချန်းယန်ကြောင့်သာ ရှောင်လင်းယွီသည် ရှောင်ထုန်ကို မုန်းခဲ့ခြင်းဖြစ်သည်။ ရှောင်ထုန်ကိုမွေးပြီးနောက် ရှောင်ထုန်သည် သူမနှင့်ချန်းယန်တို့၏ဆက်ဆံရေးကို အမဲစက်စွန်းထင်းစေခဲ့သည်ဆိုသည့် အကြောင်းပြချက်ကြောင့် တစ်ကြိမ်တစ်ခါမှ ဂရုမစိုက်ဘဲနေခဲ့သည်။
ရှောင်လင်းယွီသည် ရှောင်ထုန်ကိုရှောင်ရန်အတွက် အိမ်ကနေ ၅နှစ်တောင်မှထွက်ပြေးနေခဲ့သည်။ အခုတော့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်များက ရှောင်လင်းယွီကို ဖိနှိပ်ထားတော့သည်။ သူမ ရှောင်ထုန်အပေါ် အကြွေးတွေအများကြီးတင်ခဲ့သည်။ ဒါတွေအားလုံးရဲ့လက်သည်က သူမ၏ဆယ်စုနှစ်ကြာချစ်ခဲ့ရသည့် ချစ်သူကြောင့်သာဖြစ်သည်။
ရှောင်လင်းယွီသည် ချန်းယန်ကို အလွန်မုန်းကာ တစ်ခါတည်းနေရာမှာတင် သေသွားဖို့ပါ မျှော်လင့်မိသည်အထိပင်။ “ချန်းယန်၊ နင်က တကယ်ကိုအမှိုက်ပဲ! နင့်လိုဆန်ကုန်မြေလေးကိုကြိုက်ခဲ့မိတဲ့ငါက ကန်းနေလို့ပဲဖြစ်မယ်!”
တစ်ချိန်တည်းမှာပဲ ကျောက်ဝမ်မန့်သည်လည်း ချန်းယန်၏စကားများကြောင့် ရုတ်တရက်ခေါင်းမော့လာကာ သူမအမူအရာမှာ ထိတ်လန့်ကာမယုံကြည်နိုင်မှုများဖြင့် ပြည့်လို့နေသည်။
လူအုပ်ကြီးကလည်း တုံးအနေသည်မဟုတ်တာကြောင့် ချန်းယန်က အပြစ်အားလုံး ကျောက်ဝမ်မန့်အပေါ် ပုံချချင်နေကြောင်း နားလည်လိုက်ကြသည်။ ချက်ချင်းဆိုသလို ချန်းယန်၏သစ္စာရှိသူငယ်ချင်းနှင့်ချစ်သူတစ်ယောက်ဟူသော ပုံရိပ်မှာ တစစီပြိုကွဲသွားပြီး ရှောင်လင်းယွီဘက်တွင်နေသည့်လူများ ပိုပိုများလာတော့သည်။
ချန်းယန်က တကယ့်အမှိုက်ကောင်ပဲ။
ထိတ်လန့်ပြီးနောက် ကျောက်ဝမ်မန့်အသိပြန်ကပ်သွားသည်။
ထို့နောက် ချန်းယန်ထံသို့ လျှောက်သွားကာ သူမလက်ကို အမြင့်ကြီးထိမြှောက်လိုက်ပြီး အပြင်းဆုံးအရှိန်ဖြင့် ချန်းယန်၏ပါးကို ရိုက်ချလိုက်တော့သည်။ “ချန်းယန်၊ နင် ကိစ္စအားလုံး ငါ့အပေါ်ပုံချလို့ရမလား! ငါသာပြိုလဲရင် နင့်ကိုပါ တစ်ခါတည်းငါနဲ့အတူဆွဲချသွားမှာ!”
ကျောက်ဝမ်မန့်က နှာခေါင်းရှုံ့လိုက်ကာ၊ “နင်မှန်တယ်… ငါက ရှောင်လင်းယွီကိုဆေးခပ်ဖို့လူစီစဉ်ပြီး သူ့ကိုမဒိမ်းကျင့်ဖို့ရုပ်ဆိုးဆိုးလူကိုပါ ရှာခဲ့တဲ့သူပဲ။ ဒါပေမယ့် နင့်ရဲ့ခွင့်ပြုချက်သာမပါရင် ငါဘာမှမလုပ်နိုင်ဘူး ချန်းယန်! ငါလုပ်သမျှအားလုံး နင်ခွင့်ပြုထားတာချဉ်းပဲ! အခုမှ အပြစ်အားလုံးကိုရှောင်ချင်တယ်ပေါ့? အိပ်မက်သာမက်နေလိုက်!”
***