← Chapters

သခင်လေးယန်၏ကမ်းလှမ်းချက်

Vol. 2 Ch. 17

သခင်လေးယန်၏ကမ်းလှမ်းချက်

Vol. 2 Ch. 17

ချန်းယန်သည် အမျိုးသမီး နှစ်ယောက်လုံး၏ ဒေါသဆုံမှတ် ဖြစ်လာခဲ့တာကြောင့် သူသည်လည်း သူ့ဒေါသကို ဆက်ပြီး မထိန်းသိမ်းထားနိုင်တော့ပေ။

သူက လက်ကိုမြှောက်လိုက်ပြီး ကျောက်ဝမ်မန့်ကို ပြန်ရိုက်ချလိုက်ကာ၊ “ခွေးမ၊ မင်းကမှ ငါ့ကိုဆွဲဆောင်ခဲ့တဲ့လူလေ။ မင်းကသာ ဥက္ကဌရာထူးနဲ့ကမ်းလှမ်းခဲ့တာ!”

ကျောက်ဝမ်မန့်မှာ အလွန်အရှက်ရသွားကာ မျက်နှာတစ်ခုလုံးအရောင်မျိုးစုံပြောင်းလဲလာတော့သည်။ သူမက အံတင်းတင်းကြိတ်ပြီး ချန်းယန်ကိုကျိန်ဆဲတော့သည်။ “ချန်းယန်၊ အရှက်မဲ့တဲ့အမှိုက်ကောင်! နင်သာ ရှောင်လင်းယွီကို တကယ်ချစ်တယ်ဆိုရင် ငါဆွဲဆောင်ရုံနဲ့ ကျဆင်းလာစရာအကြောင်းကိုမရှိဘူး။ တကယ်တော့ နင်ကသာ သူတော်ကောင်းယောင်ဆောင်နေတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့လောဘသမားပဲ! ဒါကိုတောင် နင်ကဘယ်သူ့ကိုလာအပြစ်တင်နေတာလဲ?”

လူတိုင်း၏အကြည့်များက ချန်းယန်နှင့်ကျောက်ဝမ်မန့်အပေါ်စုပုံနေကြသည်။ ထိုစုံတွဲတစ်ယောက်နဲ့တစ်ယောက် ကိုက်နေကြပြီပင်။

“ဘယ်လောက်တောင်အံ့ဩဖို့ကောင်းတဲ့ရှိုးပွဲလေးလဲ!” မီးတောက်က လုံလောက်အောင်မတောက်လောင်သေးသလိုမျိုး ယန်စစ်မင်က အပြုံးတစ်ပွင့်ဖြင့် ချဉ်းကပ်လာပြန်သည်။ ထို့နောက် သူက ရှောင်လင်းယွီ၏ပုခုံးများကို သိုင်းဖက်လိုက်သည်။ ရှောင်လင်းယွီရုန်းချင်သော်လည်း တစ်ဖက်လူကို နည်းနည်းလေးတောင်မှ မလှုပ်ရှားသွားစေနိုင်ပေ။ ထို့ကြောင့် နောက်ဆုံးရှောင်လင်းယွီလည်း ယန်စစ်မင်ကို လွှတ်ပေးထားလိုက်ရတော့သည်။

ယန်စစ်မင်က ရှောင်လင်းယွီ၏နားနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။ သူ့နှုတ်ခမ်းမှထွက်လာသည့် လေပူငွေ့များကြောင့် ရှောင်လင်းယွီ၏မျက်နှာကိုပင် အနည်းငယ်နီမြန်းသွားစေခဲ့သည်။

ယန်စစ်မင်က ရှောင်လင်းယွီ၏မျက်နှာနီနီကိုမြင်လိုက်ရတာကြောင့် သူ့အကြည့်များက ပိုမိုနက်ရှိုင်းလာပြီး နှုတ်ခမ်းစွန်းများအသာကော့တက်သွားကာ သူ့နှုတ်ခမ်းများကို ရှောင်လင်းယွီနား ပိုလို့တိုးကပ်သွားလေသည်။ သို့သော်လည်း သူ့မျက်လုံးများကတော့ ချန်းယန်နှင့်ကျောက်ဝမ်မန့်ကိုကြည့်နေစဲဖြစ်သည်။ “ကိုယ့်ရဲ့ဗျောက်အိုးလေး၊ မင်းရော ဒီရှိုးကိုသဘောကျရဲ့လား?”

ရှောင်လင်းယွီ အေးစက်စက်ပြုံးလိုက်ပြီး၊ “ဒါပေါ့၊ သဘောမကျစရာအကြောင်းရှိလို့လား?” ရှောင်လင်းယွီ၏နဂိုအစီအစဉ်မှာ ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့ကြားမှ လျှို့ဝှက်ဆက်ဆံရေးကို ဖော်ထုတ်ရန်ဖြစ်သည်။ သူမ လမ်းမှကြုံရာဆွဲခေါ်လာသည့်အမျိုးသားမှာ Zမြို့မှ အင်အားအကြီးဆုံးအမျိုးသားဖြစ်နေမည်ကိုတော့ မမျှော်လင့်ထားခဲ့ပေ။ ဒါကြောင့်ပဲ အဖြစ်အပျက်တွေက သူမမျှော်လင့်ထားသည်ထက်ပို၍ဆိုးသည့်အခြေအနေသို့ ရောက်ရှိသွားလေသည်။

သူမ၏နဂိုအစီအစဉ်အရဆိုလျှင် ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့အကြောင်း ဖော်ထုတ်လိုက်ခြင်းက ဟာသတစ်ခုသာဖြစ်သွားမည်မှန်း ရှောင်လင်းယွီသိနေသည်။ သို့သော်လည်း အခုလက်ရှိမှာတော့ သူမမျှော်လင့်ထားသည့် အကြမ်းဆုံးအခြေအနေထက်ပင် ကျော်လွန်သွားခဲ့သည်။

ရှောင်လင်းယွီသည် ဟွေ့ချင်အုပ်စု ဒေဝါလီခံဖို့ရော ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့ ပြတ်ဆဲသွားဖို့ရော အာရုံမထားပေ။ သူမအဓိကလိုချင်သည်က အတိတ်ဘဝမှ သူမကိုယ်သူမ နှစ်သိမ့်ပေးလိုခြင်းသာဖြစ်သည်။ သူမက လူတိုင်းကို အမှန်တရားအား သိသွားစေချင်သည်။ သို့သော်လည်း အခုချိန်မှာတော့…

ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့ တစ်ယောက်နှင့်တစ်ယောက်အပြစ်ရှာနေကြသည်ကိုမြင်ပြီး ရှောင်လင်းယွီသည် ခန့်ညားလှသည့်ယန်စစ်မင်ဘက်လှည့်လိုက်ကာ စိတ်ရင်းဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။ “သခင်လေးယန်၊ ရှင့်ကိုကျေးဇူးတင်ပါတယ်!”

သို့ပေမယ့် ယန်စစ်မင်သည် အနည်းငယ်ကလိမ်ကညစ်ဉာဏ်ဆင်တတ်သည့်မြေခွေးပင်။ သူက ပြုံးလိုက်ပြီး၊ “ကိုယ့်ရဲ့ဗျောက်အိုးလေး၊ မင်းသာ ကိုယ့်ကိုကျေးဇူးတင်ချင်ရင် ကိုယ့်ရဲ့မိန်းကလေးဖြစ်လိုက်လေ!”

ရှောင်လင်းယွီ မျက်လုံးအသာလှိမ့်လိုက်ကာ ခိုင်ခိုင်မာမာပြန်ပြောလိုက်သည်။ “အိပ်မက်မက်နေလိုက်!” ထို့နောက် ရှောင်လင်းယွီက ယန်စစ်မင်၏နား,နားသို့ကပ်နိုင်ရန် ခြေဖျားအသာထောက်လိုက်ကာ၊ “သခင်လေးယန်၊ ကျွန်မရှင့်ကို ကျွန်မရဲ့တစ်ညတာအဖော်အဖြစ်ဟန်ဆောင်ပေးဖို့ ယွမ်၂၀၀၀နဲ့ကမ်းလှမ်းထားတာနော်။ ကျွန်မတို့ရဲ့အပေးအယူက ဒီအထိပဲ။ သခင်လေးယန်ကလည်း စီးပွားရေးသမားကောင်းတစ်ယောက်ပဲ။ ရိုးသားမှုနဲ့တိကျတဲ့အပေးအယူက စီးပွားရေးတစ်ခုမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ ရှင်သိမှာပါ!”

ရှောင်လင်းယွီ ထိုစကားများကိုပြောနေချိန် အတော်လေးစိတ်လှုပ်ရှားနေခဲ့သည်။ ယန်စစ်မင်က သူမကိုအတင်းအကျပ်လက်ခံခိုင်းနေမည်ကို အမှန်တကယ်စိုးရိမ်မိပေသည်။ ဘာပဲဖြစ်ဖြစ် သူ့လိုယောက်ျားမျိုးက မိန်းမတစ်ယောက်ဆီက တစ်ခါမှအငြင်းမခံရလောက်ဘူးလေ…

သို့သော်လည်း ရှောင်လင်းယွီကတော့ သူမတွင် ယန်စစ်မင်ကို ဆွဲဆောင်နိုင်လောက်သည့် ဆွဲဆောင်မှုမျိုးတစ်ခုမှမရှိဟု ထင်မိသည်။ ဒါ့အပြင် ရှောင်လင်းယွီသည် သာမာန်လူတစ်ယောက်အဖြစ်သာနေလိုသည်။ ငွေကြေးကိုရော အာဏာကိုပါ စိတ်မဝင်စားပေ။

အငြင်းခံလိုက်ရပြီးနောက်တွင်တော့ ယန်စစ်မင်၏မျက်လုံးများထဲတွင် စိတ်ပျက်မှုများရှိမနေဘဲ ထိုအစား ရှောင်လင်းကိုကို စိတ်ဝင်စားစိတ်က ပိုလို့ပင်နက်ရှိုင်းလာသည်။

သူက ခေါင်းငုံ့ကာ ရှောင်လင်းယွီကို ခပ်တိုးတိုးပြောလိုက်သည်။ “မိန်းမတွေက ရဖို့ခက်ခဲသလိုကစားရတာသဘောကျမှန်း ကိုယ်သိတာပေါ့။ တခြားမိန်းမတစ်ယောက်သာ ဒီလိုလုပ်လာရင် ကိုယ်တကယ်ငြီးငွေ့သွားမှာ။ ဒါပေမယ့် မင်းကတော့… ဗျောက်အိုးလေး မင်းကတော့ ကိုယ့်ရဲ့စိတ်ဝင်စားမှုကို ပိုလို့တောင်မြင့်တက်လာစေသေးတယ်။ ဘာလို့ ကိုယ့်ရဲ့မိန်းကလေးမဖြစ်ချင်ရတာလဲ? စိတ်မပူပါနဲ့။ မင်းကိုမတရားမဆက်ဆံပါဘူး။ ရွှေငွေရတနာ၊ အိမ်တွေ၊ ကားတွေ မင်းလိုချင်တာမှန်သမျှ ကိုယ်ပေးနိုင်တယ်။”

တကယ့်သခင်ငယ်လေးတစ်ယောက်လို ငွေနှင့်အရာရာကိုဝယ်နိုင်သလိုမျိုး ပြောနေခြင်းပင်။ သူ့စိတ်ထဲတွင်တော့ ထိုအရာများသည် မိန်းမတစ်ယောက်အမြဲလိုချင်နေသည့်အရာများဟု တွေးနေလေသည်။ သူ ရှောင်လင်းယွီကို စိတ်ဝင်စားမိမှတော့ သူမအတွက် ထိုအရာများကိုပုံအောပေးနိုင်ပေသည်။ သာမာန်မိန်းမတစ်ယောက်အနေနှင့် သူ့ကမ်းလှမ်းချက်များအပေါ် နည်းနည်းလေးမှစိတ်မလှုပ်ရှားဘဲနေမည်ဟု ယန်စစ်မင် မယုံကြည်ပေ။

ယန်စစ်မင်သည် ထိုပစ္စည်းများကိုအသုံးချကာ ရှောင်လင်းယွီကို သူမငြီးငွေ့မချင်း သူ့ရဲ့အထက်တန်းလွှာလှောင်အိတ်ထဲသို့ ဖမ်းထားရန် စီစဉ်နေခြင်းပင်။

အရိုးသားဆုံးပြောရလျှင် ရှောင်လင်းယွီသာ သူမအရင်ဘဝကဆိုလျှင် ထိုအရာများကို မက်မောမိလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Zမြို့၏အင်အားအကြီးဆုံးအမျိုးသားဆီမှ မျက်စိကျခံရမှုမျိုးမှာ နေ့တိုင်းရနိုင်သည့်အရာမျိုးမဟုတ်ပေ။ ဒါက သူမဘဝကိုပြောင်းလဲပေးနိုင်မည့် အခွင့်အရေးကြီးဖြစ်သည်။ ရှောင်လင်းယွီသည်လည်း ကမ္ဘာပေါ်ရှိအမျိုးသမီးများထဲမှ တစ်ဦးသာဖြစ်သည်။

သို့သော်လည်း ပြန်လည်မွေးဖွားလာပြီးနောက်တွင်တော့ ရှောင်လင်းယွီ၏ဘဝခံယူချက်မှာပြောင်းလဲသွားသည်။ သူမ ရှောင်ထုန်ကိုမွေးဖွားပြီး ကောင်းကောင်းပျိုးထောင်ကာ သာမာန်ဘဝလေးတစ်ခုရရှိဖို့သာ လိုချင်တော့သည်။

ရှောင်လင်းယွီ ဘေးပတ်လည်ကိုကြည့်လိုက်ရာ သူမကိုကြည့်နေသည့် မနာလို၊ ဒေါသထွက်ကာ အံ့ဩနေသည့်အကြည့်များဖြင့် ပြည့်လို့နေသည်။ ရှောင်လင်းယွီက စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး အသံကိုနှိမ့်ကာ၊ “သခင်လေးယန်၊ ဒီရှိုးကြီးပြီးသွားမှ ကျွန်မရှင့်ကိုအဖြေပေးမယ်လေ။ ဘယ်လိုသဘောရလဲ?”

သူမသာ ယန်စစ်မင်ကိုဆက်ငြင်းနေမည်ဆိုလျှင် ထိုသူက ဆက်ပြီးဖိအားပေးနေမည်မှန်း ရှောင်းလင်းယွီသိနေသည်။ သူမက ရဖို့ခက်ခဲသလို ကစားပြနေခြင်းမဟုတ်သော်လည်း ယန်စစ်မင်အပေါ်တော့ ထိုသိုသဘောရောက်သွားပုံပင်။ လူတွေက သူတို့မရနိုင်သည့်အရာကိုမှ ပိုလို့လိုချင်စမြဲဖြစ်သည်။

ရှောင်လင်းယွီသည် သူမများများငြင်းလေ ရလဒ်က ဆန့်ကျင်ဘက်သို့ပြောင်းလဲသွားလေဖြစ်မည်ကို စိုးသောကြောင့် လောလောဆယ်တော့ အဖြေပေးဖို့အချိန်ဆွဲလိုက်သည်။

ယန်စစ်မင်က သူမစကားကြောင့် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူ့မျက်လုံးများထဲတွင် အထင်သေးသည့်အကြည့်များဖြတ်ပြေးသွားလေသည်။ ‘ငါသိသားပဲ။ မိန်းမတွေအားလုံး ကြောင်သူတော်တွေချည်းပဲ။ အစောကလေးတင် ငါ့ကိုငြင်းနေပြီးတော့ အခုကျ ပြန်စဉ်းစားချင်နေပြီလား? အရင် ငါ့မိန်းကလေးဖြစ်ဖို့လက်ခံခဲ့ကြတဲ့ မိန်းမတွေနဲ့ သူလည်း ဘာမှမကွာနေဘူးပဲ။’

ကျောက်ဝမ်မန့်နှင့် ချန်းယန်သည်တော့ မီးတောက်နေသည့်မျက်လုံးများဖြင့် အချင်းချင်းကြည့်နေကြသည်။ ထို့နောက် သူတို့က ယန်သခင်လေးနှင့် ကလူနေသည့် ရှောင်လင်းယွီဘက်လှည့်သွားသည်။ ကျောက်ဝမ်မန့်သည် ထုထည်ကိုပင် ထိတွေ့စမ်းသပ်လို့ရသည့်အမုန်းတရားမျိုးဖြင့် ရှောင်လင်းယွီကို စိုက်ကြည့်လို့နေသည်။

ကျောက်ဝမ်မန့်၏စိတ်ထဲတွင်တော့၊ ‘ရှောင်လင်းယွီ၊ ငါဒီနေ့အရှက်ကွဲခဲ့တာရဲ့ အဆတစ်ထောင်လောက်ကို အနာဂါတ်မှာ နင့်ကိုပြန်ပေးဆပ်ခိုင်းမယ်! စောင့်ကြည့်နေလိုက်!’

ကျောက်ဝမ်မန့်၏အမုန်းတရားအငြှိုးများကို ခံစားမိသည့်အလား ယန်စစ်မင်က သူမကိုလှည့်ကြည့်လာသည်။ သူ့မျက်လုံးများက တောက်ပလာကာ နှုတ်ခမ်းများမြင့်တက်သွားပြီး ရှောင်လင်းယွီကို ပြောလိုက်သည်။ “ကိုယ့်ရဲ့ဗျောက်အိုးလေး၊ ဒါက မင်းရဲ့ရှိုးပဲ။ ဒီတော့ လက်စားချေနိုင်မယ့်အခွင့်အရေး ကိုယ်မင်းကိုပေးမယ်ဆို ဘယ်လိုလဲ?”

ကျောက်ဝမ်မန့်၏မျက်နှာမှာ မကောင်းသည့်ခံစားချက်များကြောင့် မဲမှောင်လာခဲ့သည်။ နောက်တစ်စက္ကန့်မှာပဲ သူမကြားလိုက်ရသည်က…

“ယန်လုပ်ငန်းစုက ဟွေ့ချင်အုပ်စုနဲ့ ဆက်ပူးပေါင်းဖို့ မပူးပေါင်းဖို့ကိစ္စကို မင်းကိုဆုံးဖြတ်ခွင့်ပေးမယ်ဆိုရင် ဘယ်လိုလဲ? မင်းတစ်ခွန်းပြောလိုက်ရုံနဲ့ ကိုယ်ချက်ချင်း ကုမ္ပဏီနှစ်ခုကြားက ပူးပေါင်းမှုကိစ္စကို ဖုန်းတစ်ချက်ကောက်ဆက်လိုက်ရုံပဲ!”

လူအုပ်ကြီးမှာ သူတို့ကြားလိုက်ရသည်ကို မယုံနိုင်ဖြစ်သွားသည်။ ကုမ္ပဏီရဲ့ကံကြမ္မာက ကုမ္ပဏီကလူတိုင်း အနိုင်ကျင့်ခဲ့ကြသည့်လူတစ်ယောက်၏လက်ထဲသို့ ကျရောက်သွားပြီတဲ့လား။ ရှောင်လင်းယွီတစ်ယောက်တည်းက ကုမ္ပဏီတွင်လုပ်ကိုင်နေကြသည့်လူတိုင်း၏ကံကြမ္မာကို ဆုံးဖြတ်တော့မည်လား။

ကျောက်ဝမ်မန့်လည်း ထိုစကားကိုကြားလိုက်သည်နှင့် နှစ်လှမ်းမျှနောက်သို့ဆုတ်မိသည်အထိ ဒယိမ်းဒယိုင်ဖြစ်သွားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။

***

All Chapters