← Chapters

တစ်ယောက်ပြီးတစ်ယောက်

Vol. 2 Ch. 18

တစ်ယောက်ပြီးတစ်ယောက်

Vol. 2 Ch. 18

ယန်စစ်မင်၏ဒဏ္ဍာရီများမှာ Zမြို့တွင်တော့ အဆုံးမရှိပေ။ ယန်စစ်မင်သည် သန်မာလွန်းသောနောက်ခံ၊ စွမ်းရည်နှင့် ကြည့်ကောင်းသည့်ရုပ်ရည်တို့ရှိသည်။ သူသည် အကြံများကာ မာနကြီးသည်က ဘုရင်တစ်ပါးနှယ်ပင်။ သူလက်တစ်ချက်ယမ်းလိုက်ရုံဖြင့် ကုမ္ပဏီကြီးတစ်ခုကိုပင် ချက်ချင်းနိဂုံးချုပ်စေနိုင်သည်။

စီးပွားရေးလောကတွင်တော့ လူတိုင်းလက်ခံထားသည့်သဘောတူညီမှုတစ်ခုရှိသည်။ ကိုယ့်အသက်ကိုတန်ဖိုးထားသူတိုင်း သခင်လေးယန်ကို သွားမရှုပ်သင့်ပေ။ အကြောင်းကတော့ ထိုလူက သူတို့မိသားစုများကိုပင် တစ်ချက်တည်းနှင့်အပြတ်ရှင်းပစ်နိုင်သောကြောင့်ဖြစ်သည်။

သို့သော်လည်း သခင်လေးယန်၏ကောင်းမွန်သည့်ဘက်ခြမ်းနှင့်ကြုံကြိုက်သွားလျှင်တော့ တစ်ခါတည်း ကောင်းကင်သို့ရောက်သည်အထိ ဘဝကမြင့်တက်သွားနိုင်သည်။ သို့သော်လည်း ထိုသို့ကံကောင်းမှုမျိုးမှာ အလွန်တရာရှားပါးလှသည်။

ရှောင်လင်းယွီသည် ထိုရှားပါးလှသည့်ကံကောင်းမှုထဲတွင် ပါဝင်နိုင်ခဲ့သည်။ သခင်လေးယန်က ကုမ္ပဏီကြီးတစ်ခု၏ကံကြမ္မာကို သူနှင့်တစ်ညအိပ်ခဲ့သည့်အမျိုးသမီးတစ်ယောက်၏လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

ဒါက နောက်ပြောနေသေလိုခံစားရသော်လည်း အမှန်တရားဖြစ်နေသည်။

အမျိုးသမီးများသာမက အမျိုးသားများပါ ရှောင်လင်းယွီကို မနာလိုမှုများဖြင့်ကြည့်လာကြသည်။ သူတို့လည်း သူမလိုကံကောင်းပြီး သခင်လေးယန်ထံမှမျက်နှာသာပေးမှုရပါစေဟု ဆုတောင်းမိကြသည်။

သူမက တစ်ချက်တည်းဖြင့် လူသောင်းချီ၏ကံကြမ္မာကို ဆုံးဖြတ်နိုင်မည့်အခွင့်အရေးကိုရရှိသွားသည်။ တကယ်ကို ကြီးမြတ်လှသည့်ဂုဏ်သရေကို ရရှိလိုက်ခြင်းပင်။

တစ်ဖက်တွင်တော့ ရှောင်လင်းယွီသည် ထိုအရာက ဂုဏ်သရေတစ်ခုဟူ၍မတွေးမိပေ။ ဒါက ဘာမှဂုဏ်စရာမဟုတ်နေဘူး။ ထိုအစား ယန်စစ်မင်က သူမကိုတကယ်ကူညီနေခြင်းဟုတ်ပုံမရဟုသာ ရှောင်လင်းယွီခံစားမိသည်။ ဒါက စမ်းသပ်မှုတစ်ခုလိုပဲ။

သူ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ယန်စစ်မင်က သူမလက်ထဲသို့ ဓားရိုးကိုကမ်းပေးလာပြီဖြစ်တာကြောင့် သူမလည်း ထိုဓားရိုးကိုကိုင်ကာ သူမအတိတ်ဘဝတွင်ခံစားရသည်များအားလုံးအတွက် ပြန်လည်လက်စားချေဖို့သွားမည်ဖြစ်သည်။

သူမချစ်သူက သူမကို သစ္စာဖောက်ခဲ့သည်။ သူမကိုအကွက်ချ၊ဆေးခပ်ကာ နောက်ဆုံး ဂုဏ်သိက္ခာပျက်ပြားပြီး Zမြို့ကနေ ထွက်ပြေးစေခဲ့သည်။

ယခုလို အသစ်စတင်နိုင်သည့်အခွင့်အရေးရရှိလာချိန်တွင် သူမဘဝကို ထပ်ပြီးအလကားမဖြစ်စေဖို့ ရှောင်လင်းယွီဆုံးဖြတ်လိုက်သည်။ သူမ ရိုးသားအေးချမ်းသည့်ဘဝတွင်နေလိုသည်။ သို့သော်လည်း ဒါက သူမကို အနိုင်ကျင့်ရလွယ်ကူမည်ဟုတော့ မဆိုလိုပေ။ သူမကိုထိခိုက်စေသည့်လူတိုင်းကို ခွင့်မလွှတ်ပေးဖို့ရည်ရွယ်ထားသည်။

သူမ၏အတိတ်ဘဝတွင် သူမအချစ်ကြောင့်ကန်းခဲ့သည်။ ဒါကြောင့် သူမကြုံတွေ့ခဲ့ရသည်များက သူမကန်းခဲ့တာကြောင့်ဖြစ်၍ တာဝန်ယူခဲ့ရသည်။ သို့သော်လည်း ဒီဘဝမှာတော့ ထိုတာဝန်များကို ထိုခွေးစုံတွဲကိုပြန်ယူခိုင်းဖို့လိုအပ်သည်။ သူမလက်စားချေချင်သည်။

ရှောင်လင်းယွီ၏မျက်ဝန်းများမှာ လခြမ်းသဏ္ဍာန်ကွေးညွတ်နေကာ အလှပဆုံးပြုံးနေခဲ့သည်။ သူမ၏တဖြတ်ဖြတ်လက်နေသည့်မျက်လုံးဝိုင်းကြီးများက ယန်စစ်မင်အပါအဝင်လူတိုင်း၏စိတ်ဝိညာဉ်များကို စုပ်ယူပစ်တော့မည့် ဝဲကတော့တစ်ခုလိုပင်။

ယန်စစ်မင်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ချန်းယန်က ရှောင်လင်းယွီကို သူ့အနားတွင်ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဘာလို့လုပ်နိုင်သမျှအားလုံးလုပ်ခဲ့မှန်း သူနားလည်စပြုလာပေပြီ။

ရှောင်လင်းယွီ၏မျက်နှာအစိတ်အပိုင်းများမှာ ပြီးပြည့်စုံလွန်းသည်မဟုတ်သော်လည်း အားလုံးကိုပေါင်းစပ်လိုက်ချိန်မှာတော့ မျက်စိပဿဒဖြစ်လှသည်။ ထို့အပြင် ရှောင်လင်းယွီ၏အလှသည် အချိန်၏တိုက်စားမှုကိုခံနိုင်သည့်အလှမျိုးပင်။ ၎င်းက ဝိုင်ကောင်းတစ်ပုလင်းလိုပင်။ အချိန်ကြာလေ ပိုကောင်းလေဖြစ်သည်။

ရှောင်လင်းယွီကတော့ ဘယ်သူတွေဘာတွေးတွေးဂရုစိုက်မနေခဲ့ပေ။ သူမကပြုံးရုံသာပြုံးလိုက်ပြီး၊ “သခင်လေးယန်ရဲ့ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုဆိုမှတော့ ကျွန်မကလည်း အခွင့်အရေးကိုယူရတာပေါ့။”

ယန်စစ်မင်ကြားသည်နှင့် သူ့စိတ်ဝင်စားမှုများက အနည်းငယ်အောင့်သက်သက်ဖြစ်သွားသည်။ “ကောင်းပြီ၊ ဗျောက်အိုးလေး၊ မင်းသဘောပါပဲ!”

ယန်စစ်မင်အတွက်တော့ ဟွေ့ချင်အုပ်စုဆိုသည်မှာ အရုပ်တစ်ခုထက်မပိုပေ။ ရှောင်လင်းယွီတစ်ယောက် ထိုမျှ ကြီးမားသည့်အင်အားများဖြင့် ဘယ်လိုလုပ်မလဲဆိုသည်ကို သူအလွန်စိတ်ဝင်စားမိသည်။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမကိုအမုန်းတရားများဖြင့် စိုက်ကြည့်နေသည့် ကျောက်ဝမ်မန့်အနားသို့လျှောက်သွားကာ ပြုံးလိုက်ပြီး၊ “မစ္စကျောက်၊ ကျွန်မရှင့်မျက်လုံးထဲမှာ မြင်နေမိတာက မကျေနပ်ချက်တွေများလား?”

ကျောက်ဝမ်မန့်၏အမူအရာမှာ အေးခဲလို့သွားလေသည်။ ထို့နောက် သူမနှလုံးသားထဲမှ မီးခိုးများပင်အူလာသည်။ သူမပြန်တုံ့ပြန်တော့မည့်အချိန်တွင်ပဲ ရှောင်လင်းယွီက၊ “သခင်လေးယန်က ရှင့်ကိုလက်စားချေနိုင်မယ့် ဒီလိုပြည့်စုံတဲ့အခွင့်အရေးမျိုး ချီးမြင့်လာတယ်ဆိုတော့ ကျွန်မတကယ်ကံကောင်းတာပဲ။”

လူတိုင်း ရှောင်လင်းယွီ၏မျက်နှာကိုမြင်ကြရသည်။ ရှောင်လင်းယွီသည် အမှန်တရားကိုပြောနေသော်လည်း လူများကတော့ တစ်မျိုးခံစားနေရသည်။

ယန်စစ်မင် သူ့မျက်လုံးများကိုပင့်လိုက်သည်။ ရှောင်လင်းယွီက ဘုရင်မတစ်ပါးလိုတည်ရှိနေသည်ကိုမြင်ရသည်။ ရှောင်လင်းယွီက အစာကွင်းဆက်ထိပ်ဆုံးတွင်ရှိနေသလိုမျိုး ပြီးပြည့်စုံစွာ ဩဇာအပြည့်ပင်။

သို့သော်လည်း လူတိုင်းကတော့ ထိုသို့မြင်ကြသည်မဟုတ်ပေ။

“ရှောင်လင်းယွီ၊ နင်လွန်မလာနဲ့! ရွံစရာကောင်းလိုက်တာ!” လင်းရှန်းယွီက ရှောင်လင်းယွီကို အော်လိုက်သည်။ သူမသည် မနာလိုလွန်း၍ ရူးသွပ်သွားတော့မလိုပင်။ ‘ဘာလို့ရှောင်လင်းယွီပဲ အမြဲကံကောင်းနေရတာလဲ? ငါကျတော့ ဒီလိုယောက်ျားမျိုးတွေ ဘယ်နားကသွားရှာရမှာလဲ?’

ချန်းယန်ကတော့ ထားတော့၊ သခင်လေးယန်ဆီကနေတောင် မျက်နှာသာပေးခံရတာကြီးက ရှောင်လင်းယွီရဲ့ကံကဘယ်လောက်အထိတော့ ကောင်းနေလို့လဲ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ထိုအမျိုးသားမှာ ကျော်ကြားလှသည့်သခင်လေးယန်ဖြစ်ကြောင်း လင်းရှန်းယွီသိလိုက်ရသည်နှင့် ကြောက်ရွံ့တုန်လှုပ်သွားကာ အသံတစ်သံပင်ထပ်ထွက်မလာခဲ့ရဲတော့ပေ။ သို့သော်လည်း ရှောင်လင်းယွီ၏ လှောင်ပြောင်နေသည့်မျက်နှာထားကိုမြင်လိုက်ရချိန်မှာတော့ သူမကိုယ်သူမဆက်ထိန်းမထားနိုင်တော့ပေ။ သူမ၏မနာလိုမှုများနှင့်ဒေါသတို့ကို ဖြေဖျောက်နိုင်မည့်နေရာတစ်ခုကို ရှာလိုနေတော့သည်။

လင်းရှန်းယွီက နီရဲနေသောမျက်နှာဖြင့်၊ “မမလေးကျောက်က သခင်လေးယန်ကို တောင်းပန်ပြီနေပြီ၊ နင်ကဘာတွေထပ်လိုချင်နေသေးတာလဲ? ဟွေ့ချင်အုပ်စုတစ်ခုလုံး ဒေဝါလီခံသွားရမှ နင်ကျေနပ်နိုင်မှာလား? ဒီကုမ္ပဏီက ဝန်ထမ်းထောင်ပေါင်းများစွာရဲ့အသက်သွေးကြောဆိုတာ နင်မသိဘူးလား? နင့်ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တစ်ခုတည်းအတွက်နဲ့ ဒီလောက်လူတွေအများကြီးရဲ့အသက်သွေးကြောကို ဖျက်ဆီးတော့မလို့လား? ဒါနဲ့တောင် နင်ညဘက်ဆိုအိပ်ပျော်နိုင်ပါဦးမလား?”

လင်းရှန်းယွီက အမှန်တရားဘက်ကရပ်တည်ပုံဖြင့်ပြောဆိုနေသည်။ သူမက ရှောင်လင်းယွီကို တစ်ကိုယ်ကောင်းဆန်ကာ အသိစိတ်မရှိသည့်လူတစ်ယောက်အဖြစ် ပြောင်းလဲပစ်သည်။

အခုလိုအခြေအနေမျိုးမှာ ရုတ်တရက်ကြီး လင်းရှန်းယွီ ရှေ့ပြန်ထွက်လာသည်က ရည်ရွယ်ချက်ရှိနေ၍ပင်။ သူမက သူမကိုသခင်လေးယန်သတိထားမိသွားစေချင်နေသည်။ သူမ၏ရုပ်ရည်သွင်ပြင်သည် ရှောင်လင်းယွီထက်သာလေသည်။ ရှောင်လင်းယွီတောင် သခင်လေးယန်၏အလေးပေးမှုကိုရနိုင်မှတော့ သူကရော ဘာလို့မရနိုင်ရမှာလဲ?

တကယ်တော့ လင်းရှန်းယွီသည် သူမတွင် ရှောင်လင်းယွီထက်ပင် ပို၍အခွင့်အရေးများသည်ဟု ယုံကြည်မှုလွန်နေခြင်းဖြစ်သည်။

သို့သော်လည်း လူတွေအနေနှင့် နေ့ခင်းကြောင်တောင် အိပ်မက်မက်မနေသင့်ပေ။

လင်းရှန်းယွီက ဟွေ့ချင်အုပ်စုမှဝန်ထမ်းများ၏ကိုယ်စားပြုလိုလို ရှေ့ထွက်လာခဲ့သည်။ သူမတို့ အဓိကဇာတ်ဆောင်အရှိန်အဝါတွေလင်းလက်နေသလိုပင်။ သို့သော်လည်း ယန်စစ်မင်ကတော့ သူမကိုတစ်ချက်လေးပင် စောင်းကြည့်မလာခဲ့ပေ။

ရှောင်လင်းယွီက ကျွတ်ဆုပ်လိုက်ကာ၊ “အမှန်တရားဘက်တွေသားကြီးပေါ့၊ သရုပ်ဆောင်ကောင်းလိုက်တာ။ ဒါပေမယ့် လင်းရှန်းယွီ ဒီလိုစကားတွေက နင့်ပါးစပ်ကထွက်လာတယ်ဆိုသိလိုက်ရတော့ ဒီအတိုင်းဟာသကြီးလိုပဲ။”

“နံပါတ်တစ်၊ မစ္စကျောက်က သခင်လေးယန်ကို အာခံခဲ့တာလေ၊ အဲ့တော့ သူပြန်မတောင်းပန်သင့်ဘူးလား? နံပါတ်နှစ်၊ မစ္စကျောက် သခင်လေးယန်ကိုတောင်းပန်အောင်လို့ ငါဖိအားပေးခဲ့ဖူးလို့လား? နံပါတ်သုံး၊ သူ့ဘာသာ သခင်လေးယန်ကိုတောင်းပန်တာလေ အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲ? ကျောက်ဝမ်မန့်က ငါ့ကိုတောင်းပန်တာမလို့လား?”

ရှောင်လင်းယွီက လင်းရှန်းယွီကိုကြည့်လိုက်ကာ “လင်းရှန်းယွီ၊ နင်ပြောသလိုသာဆို နင် ဟွေ့ချင်အုပ်စုမှာဆက်နေချင်ရင် ငါ့ကိုအခုချက်ချင်းတောင်းပန်လိုက်တာ ပိုကောင်းမယ်!”

“ဘာ?” လင်းရှန်းယွီ အံ့ဩလွန်းလို့ မျက်လုံးပင်ပြူးသွားကာ ချက်ချင်းပင် ထိုအမိန့်ကိုငြင်းဆန်လိုက်သည်။ “ရှောင်လင်းယွီ၊ ငါဘာမှမမှားထားဘူး။ ဘာလို့နင့်ကိုတောင်းပန်ရမှာလဲ? အဓိပ္ပါယ်မရှိလိုက်တာ!”

“လင်းရှန်းယွီ၊ နင်ကငတုံးတစ်ယောက်မဟုတ်မှန်းငါသိတယ်။” ရှောင်လင်းယွီက ပြုံးလိုက်သည်။ “ဉာဏ်ရှိတဲ့လူတစ်ယောက်က အခြေအနေတွေကို လက်ခံနိုင်ရမယ်၊ အဲ့ဒါ နင့်ရဲ့ဘဝစည်းမျဉ်းမဟုတ်လား? ဒီလိုဆိုမှတော့ ဘာလို့အခုကျမှ ထုံထုံအအပုံစံဟန်ဆောင်နေတာလဲ?”

“ဟမ်?” လင်းရှန်းယွီ ဟန်ဆောင်နေခဲ့ခြင်းမဟုတ်ပေ။ သူမက တကယ်ကိုပင် ရှောင်လင်းယွီကို ဘာကြောင့် တောင်းပန်သင့်မှန်း မသိဖြစ်နေခြင်းပင်။ အတိတ်တုန်းက အလုပ်တွင် လင်းရှန်းယွီသည် ရှောင်လင်းယွီကို အများဆုံးအနိုင်ကျင့်ခဲ့သူဖြစ်သည်။ သို့သော်လည်း လင်းရှန်းယွီ၏စိတ်ထဲတွင် ရှောင်လင်းယွီက ထိုသို့အနိုင်ကျင့်ခံရသင့်သူဟု သတ်မှတ်ထားတာကြောင့် တောင်းပန်တယ်ဆိုတာ မရှိခဲ့ပေ။

ထိုအချိန်တွင် ရှောင်လင်းယွီက၊ “ကောင်းပြီလေ၊ လင်းရှန်းယွီ၊ ငါနင့်ကိုဒါလေးမေးကြည့်ရအောင်။ ငါဟိုတယ်မှာရှိနေတဲ့ဓာတ်ပုံကို နင်ဘယ်ကရခဲ့တာလဲ? အဲ့အချိန်မှ နင်လည်း ဟိုတယ်ကိုရောက်နေတာလို့တော့ မပြောနဲ့နော်။” ရှောင်လင်းယွီက ထေ့ငေါ့လိုက်သည်။ “အဲ့လိုအဓိပ္ပါယ်မရှိတဲ့အလိမ်အညာမျိုးကိုယုံရလောက်အောင် ငါ့ခေါင်းက ဝက်ခေါင်းမဟုတ်ဘူး။”

***

All Chapters